Wednesday, October 16, 2013

"ဘုရား" "တရား" "သံဃာ" ဆိုတာ မရွှေ့လျား မပြောင်းလဲတဲ့ အနှစ်အခဲတွေ မဟုတ်ပါ



အဘိဓမ္မာ ကိုတည်ဆောက်တဲ့ အခါ သုတ္တန် ထဲ က ဓမ္မ ဝေါဟာရ တွေ ကို စာရင်းစု ကက်တလောက်လုပ် အနက်ဖွင့် အုပ်စုခွဲ အကြောင်း အကျိုး ဆက်စပ် စတာတွေ လုပ်ရတယ်။
လုပ်တဲ့ အခါမှာလည်း အားလုံး ကို စီတန်းချကြည့်တဲ့ နည်း Objective method နဲ့ လုပ်တာဖြစ်တယ်။

ရလာဒ် ကတော့ အဘိဓမ္မာ ရဲ့ ပရမတ္ထ၀ါဒ မွေးဖွား လာတာပဲ ဖြစ်တယ်။ မူရင်း သုတ္တန်တွေ မှာ သက်ဆိုင်ရာ context အလိုက် ထွေပြားချိန်ဆ ဟောတာတွေဟာ တရားသေသတ်မှတ်ထားတဲ့ အနက်တွေဖြစ်လာတာကို တွေ့ရတယ်။

ဘာသာစကားကို ပကတိသဘော လုပ်တာကြောင့် မူလလမ်းကြောင်းနဲ့ အံချော်သွားတာကို တွေ့ရပါတယ်။

ဓမ္မ " ဝေါဟာရ" တွေတင် မဟုတ်ပါဘူး။ "ရဟန်း သံဃာ" ဆိုတဲ့ ဝေါဟာရသည်ပင် Fluid အရည်ကဲ့သို့ ရွှေ့လျားနေတဲ့ ဝေါဟာရ ဖြစ်ပါတယ်။

ဥာဏ်စမ်း ပုစ္ဆာ တစ်ခု ဖြေကြည့်ကြရအောင်။ အနာဂဝံသ ကျမ်းအလိုအရ လူတွေ အဆုံးစွန်ရောက် တရားပျက်တဲ့ အခါကာလမျိုးမှာ လက်မှာ သင်္ကန်းစ ကလေးပတ်ထားတဲ့ သီလကြောင့် အကောင်တစ်ကောင်ကိုလှူရင်တောင် ရဟန္တာကို လှူတဲ့ အကျိုးနဲ့ အတူပဲတဲ့။နောက် ဘုရားဟော အဘိဓမ္မာ နိဒါန်းမှာလည်း ဖော်ပြထားတာက တစ်ဆယ့်နှစ်နှစ်ပတ်လုံး ဇမ္မူဒိပ်ကျွန်း တစ်ကျွန်းလုံးက လူတွေကို အဝကျွေးတာဟာ လှူတာ မင်္ဂဖိုလ် ကျေးဇူးရှိတဲ့ သံဃာတစ်ပါးကို တစ်ဇွန်းမျှသော အစာအာဟာရ လှူတာကို ခြေဖျားတောင် မမီပါဘူးတဲ့။

ဒီဥပမာ နှစ်ခုကို နက်နက်နဲနဲ မစဉ်းစား မဝေဖန်ခဲ့ပါရင် သီလကြောင်ဝီရသူနဲ့ သူ့တပည့် သင်္ကန်းရုံ ဒေဝဒတ် နောက်လိုက် သံဃာတစ်ပါးကို ပိုက်ဆံ တစ်ကျပ်လောက်လေး ထောက်ပံ့ပံ့ပိုးတာသည်ပင် မြန်မာပြည်မှာ ခုအင်မတန် အာဟာရချို့တဲ့နေတဲ့ လူဝတ်ကြောင် အဆင့် ဖြစ်ဖို့ ဆိုတာတောင် (အသက်မပြည့်သေးတဲ့) ကလေး သူငယ် အားလုံးကို အငတ်ဘေးက ကယ်ဖို့ ဝါဒမထုတ်သူ သူတော်ကောင်းတစ်ဦးဟာ အဲသည် ဝီရသူနောက်လိုက် ဒါယကာ၏ ခြေဖျားမှပင် မမှီဘူးလို့ ထင်မြင်ကောက်ချက် ဆွဲစရာပဲ။ ဒါဘယ်လိုမှ မှန်စရာ မရှိပါဘူး။ ဒါဆို ခုနက ဥပမာနှစ်ခုကို ပေးခဲ့တဲ့ သဗ္ဗေညုတ ဥာဏ်တော်ရှင် ဗုဒ္ဓဟာ အကြီးအကျယ် မှားနေသလို ဖြစ်နေပါတယ်။ ဒီပြဿနာကို ဖြေကြည့်ရအောင်။

ဗုဒ္ဓဟာ သင်္ကန်းစ ကလေး ပတ်ထားတဲ့ လူကြောင်လူပျက်ကို လှူတာတောင် ရဟန္တာကို လှူသော အကျိုးနဲ့ တူတယ်လို့ ရဲရဲကြီး ပြောနိုင်တဲ့ အကြောင်းရင်းက အသေအချာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ သည်လူကြောင်လူပျက်ဟာ လူသားအားလုံး သစ္စာတရားဆိုတာကို လုံးလုံး မသိတတ်တော့ဘဲ စားဖို့ ၊ Fuck ဖို့ နဲ့ မတည့်သူကို နှိပ်ကွပ်ဖို့ဆိုတဲ့ အောက်ကျတဲ့ ကျင့်သုံးမှုတွေကို အကြီးအကျယ် တရားဝင် တန်ဖိုးတွေအဖြစ် ကျင့်သုံးလာချိန်မှာ ဒါနဲ့ ဆန့်ကျင်ဘက် "ခြိုးခြံရောင့်ရဲ သည်းခံတဲ့" တန်ဖိုးတစ်ခုဟာလည်း မွန်မြတ်သော တန်ဖိုးတွေရှိကောင်း ရှိနေပါလိမ့်မယ်လို့ လူအားလုံးထဲက ဖောက်ထွက်ပြီး ခြားနားတဲ့ တန်ဖိုးတစ်ခုကို သူဘာမှန်းမသိ (အမှန်တကယ်လည်း မကျင့်သုံးပေမယ့်) သူ့စိတ် ဝိဥာဉ်က ဦးတည်လိုက်လို့ပါပဲ။

သို့မို့ကြောင့် အဲဒီ့ အချိန်ကာလ လောက အဝှမ်း တိရစ္ဆာန် သားရဲစိတ်တွေ ပထမတန်ဖိုးတွေ အဖြစ် လွှမ်းမိုးလာတဲ့ အခါမှာ လောကမှာသည် တိရစ္ဆာန်စိတ်တွေနဲ့ ဆန့်ကျင်ဘက် မွန်မြတ်သော သဘောတစ်ခုသည်လည်း ရှိတန်ရာပါ၏လို့ ဖောက်ထွက်တဲ့ သည်လူကြောင်၊ လူပျက်ဟာ ဘုရားခေတ်က ရဟန္တာ (ရဟန်းအစစ်နဲ့) နိုင်းယှဉ်မှုအားဖြင့်ဆို တန်ဖိုး တစ်ထပ်တည်း သွားကျတဲ့ သဘောပါပဲ။

သည်မှာ အရမ်းထင်ရှားသိသာတဲ့ အချက်က ရဟန္တာ (ဝါ) ပရမတ္တ သံဃာရဲ့ တန်ဖိုးနဲ့ သွားညီဖို့ အတွက် ပရိက္ခရာ ရှစ်ပါး ဆောင်ယူဆင်မြန်းဖို့တောင် မလိုသလို၊ ဘုရား တရား ဂုဏ်တော်တွေကို သိရှိနားလည်ဖို့တောင် မလိုပါ။

ဒါဆို သည် ယုတ္တိချိတ်ဆက်မှုကို ကျွန်တော်တို့ သေသေချာ ချာ နားလည် နိုင်လောက်ပါပြီ။ ဒါဟာ ဗုဒ္ဓအထင်အရှား ဘာကို တိတိကျကျ ညွှန်ပြ အသိပေးခဲ့တာလဲဆိုသည် ဇာတ်သွားနှစ်ခုကို ခုခါမှာ (အစဉ်တစိုက် ဆိုသလို လည်းပဲ) ပေါ့ပေါ့တန်တန် နားလည်နေကြသလို သင်္ကန်းရဲ့ တန်ဖိုးဟာ အနှိုင်းမသိ ဘာမဆိုထက် မြတ်တယ်လို့ ဗုဒ္ဓက ပြောတာ လုံးဝ လုံးဝ မဟုတ်ပါဘူး။

ရဟန္တာတန်ဖိုး (ရဟန်းတန်ဖိုး) နဲ့ ညီဖို့ ဘာသင်္ကန်းမှတောင် မလိုပါဘူးလို့ ပြောနေတာပါ။ မွန်မြတ်သော သစ္စာတရားရဲ့ တန်ဖိုးကို တစ်ခဏမျှ သတိရပါလျှင် ကြီးနိုင်ငယ်ညှင်း တိရစ္ဆာန် တန်ဖိုးတွေ ကြီးစိုးနေတဲ့ခေတ်ကြီးမှာ ထိုသူသည် အဲသည် တိရစ္ဆာန် တန်ဖိုးကို ကိုးကွယ်နေသူတွေနဲ့ ယှဉ်တဲ့ အခါမှာ ရဟန္တာ စစ်စစ်ဖြစ်နေလို့ပါပဲ။ ဒါဟာ ပြောရတာ ရှည်ဝေးပါတယ်။

စိန်သုတ္တမှာလည်း ဗုဒ္ဓက ဒါကို ရှင်းပြပြီးပါပြီ။ " သုဗုဒ္ဓိ နင်မြင်နေတဲ့ ဘုရားဆိုတာ နင့်စိတ်က ဘုရားလို့ မြင်နေတာပါ၊ ဒါဟာ (ဘုရားဗုဒ္ဓဟာ) ရေပွက်ပါ။ အိပ်မက်ပါ၊ လျှပ်စီးပါ။ နှင်းရည်စက်ပါ" တစ်ခဏတွေကိုပဲ နားလည်မှတ်ယူနိုင်တဲ့ သုဗုဒ္ဓိအတွက် ဗုဒ္ဓဟာ ဘုရား စစ်စစ်ပါပဲ။ ဒါပေမယ့် "ဘုရား" အတွက်တော့ ဗုဒ္ဓဟာ အတု စစ်စစ်ပါပဲ။

ဒုတိယဇာတ်လမ်း အဘိဓမ္မာ နိဒါန်းကိုလည်း သည်သဘောသွားအတိုင်း နားလည်နိုင်ပါတယ်။

သို့ဆိုလျှင် မွန်မြတ်သော သစ္စာတရားကို ရှေးရူမှု (ဝါ) သမ္ဗာပဓာန် တရား (ဝါ) infinite goodness ကို without any stop ကျင့်ကြံဖို့ စိတ်ဝိဥာဉ်က ဦးစိုက်မြတ်နိုးမှု ဆိုတာကို ပဲ "ရဟန်း" တန်ဖိုးအဖြစ် ကျွန်တော်တို့ သိမှတ်လာနိုင်ပါပြီး။

ရဟန်းတန်ဖိုးဆိုတာ ဆရာတော်ကြီး ဖြစ်တာ၊ ဘုရားဂုဏ်တော် တရားဂုဏ်တော်တွေကို ရွတ်ဖတ်တာမှ မဟုတ်ပါ။ ၉၆၉ ဘုန်းကြီးတွေလည်း ဘုရားဂုဏ်တော်ကို ဟောပြောတာပဲ၊ ရဟန္တာ အရှင်မြတ်ကြီး ရှင်ဝက္ကလိဟာလည်း ဘုရားဂုဏ်တော်တွေကို ချီးမွမ်းမှာပါပဲ။
သည် ဒေဝဒတ် သီလကြောင်တွေနဲ့ ရဟန္တာကြီး ရှင် ဝက္ကလိ ဘာကွာနေပါသလဲ ?

ဟုတ်ကဲ့၊ ရှင် ဝက္ကလိက ချီးမွမ်းသော ဗုဒ္ဓဟာ သူကိုယ်တိုင်လည်း ထို အပြည့်စုံဆုံး ဗုဒ္ဓကဲ့သို့ infinite goodness ကို ဦးတည်ထားတဲ့ ခုနက ဆိုခဲ့တဲ့ ရဟန်းတန်ဖိုး (ဝါ) သမ္ဗပဓာန်တရားကို ဦးတည်ထားမှု ရှိပါတယ်။ ၉၆၉ ဘုန်းကြီးတွေက ချီးမွမ်းတဲ့ ဘုရားဂုဏ်တော်ဆိုတာကတော့ သူတစ်ဖက်သား အားနည်းသူကို ညှင်းပန်းလိုတဲ့ တိရစ္ဆာန်စိတ်ကို တရားဂုဏ်တော်က အတည်ပြုပေးနေသယောင် ဦးတည်တဲ့ မိစ္ဆာစိတ် ဖြစ်ပါတယ်။

စိတ်သာရှင်ဇော ဘုရားဟောတဲ့။ ရဟန်းသံဃာတန်ဖိုးဟာ အသွင်သဏ္ဍန်မှာ မတည်နိုင်တာ ကလေးတောင် စဉ်းစားနိုင်ပါတယ်။ မေတ္တာ ခန္တီ ဆိုတဲ့ မင်္ဂလတရားတွေ အမြတ်ဆုံး တန်ဖိုးတွေ အဖြစ် လူတွေ သိနားလည်နေတဲ့ အချိန်မှာ ကြီးနိုင်ငယ်ညှင်း တိရစ္ဆာန်စိတ်ကို အမြတ်ဆုံး ဘုရားဂုဏ်တော်နဲ့ ထပ်တူလုပ်နေတဲ့ သင်္ကန်းဝတ်တွေကို လှူတာဟာ တိရစ္ဆာန်ကို ကျွေးမွေးတာထက် နည်းနည်းလေးပဲ သာတဲ့ ကုသိုလ် ကိုသာ ရနိုင်ပါတယ်။

ဒါတောင် ကိုယ်က ကျွေးချင် မွေးချင်တဲ့ စေတနာသက်သက်နဲ့ ကျွေးမွေးပါမှ အဲသည် ကုသိုလ်ပိစိကို ရနိုင်တာပါ။ အဲသည် စေတနာ သက်သက်မဟုတ်ပဲ သူတို့ရဲ့ ကြီးနိုင်ငယ်ညှင်း တိရစ္တာန်စိတ်ကို (အမျိုး ဘာသာ သာသာနာ) လို့ အားရဝမ်းသာ ချီးမြှောက်လိုတဲ့ စိတ်မျိုးနဲ့ လှူပါရင် မိမိမှာလည်း ထပ်တူမိုက်မဲတဲ့ မိစ္တာအဓမ္မစိတ်ဖြစ်တဲ့အတွက် ဤအလှူဟာ အကုသိုလ် စိတ်သာ ပဓာနဇောကျပြီး ငရဲကျနိုင်ပါတယ်။


အသိအမှတ်ပြုချက် ။ ။ နိဒါန်း အိုင်ဒီယာကို ကိုဆွေ၏ Facebook မှ တိုက်ရိုက် ကူးယူပါသည်။ ကျန် စာကိုယ်လာ စဉ်းစားပုံများမှာ ယောဂစာရ ဗုဒ္ဓဘာသာ ကျမ်းပြု ဆရာတော် ရှင် ဗီသျှုဗန္̕̕ဓူ Ven. Vasubandhu၊ ထေရဝါဒ ဗုဒ္ဓဘာသာ ကျမ်းပြုဆရာတော် ရှင် ဗုဒ္ဓဃောသ Ven.Buddhaghosa နှင့် နောက် (ဂျာမန်ဘာသာ အားဖြင့်) ကမ္ဘာ့ ထိပ်သီး နံပါတ်တစ် တွေးခေါ်ပညာရှင် အီမန်နွိုင့် ကန့် Immanuel Kant တို့မှ ဆင့်ပွားယူထား ပါသည်။

Tuesday, October 1, 2013

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၁၁)




ဖက်ဆစ်စနစ်အကြောင်းကို အသေအချာ သုတေသနပြု လေ့လာခဲ့သူ အက်တွန်က ပြောခဲ့သည်မှာ ဖက်ဆစ်စနစ်၏ အခြေခံဖြစ်သော “နိုင်ငံတော်တည်းဟူသော ဝိဥာဉ်” သည် ဘာနဲ့ ဆင်တူယိုးမှား သလဲဆို အရှေ့တိုင်း တရုတ်ပြည်မှာ ဘိုးဘွားဝိဥာဉ်တွေကို ကန်တော့ကိုးကွယ်တဲ့ အစဉ်အလာမျိုး နဲ့ သွားလို့ တူသည် ဟူသတတ်။ ခုစာရူသူ ဖတ်ရူနေသော ဘာသာရပ်ပိုင်းဆိုင်ရာ၏ ကမ္ဘာ့ထိပ်တန်း ပညာရှင် ကားပေါ့ပါးမှ သုံးသပ်ပြသည်မှာ ဖက်ဆစ်စနစ်ဟူသည် “လူ့သမိုင်းဟူသည် အတိအကျ ဦးတည်ရာ အဓိပ္ဗာယ်ပြည့်ဝစွာဖြင့် ရွှေ့လျားနေသော ဝိညဉ်ကြီး” ရှိသည် ဟု ယူဆသော သမိုင်းအနှစ်စဉ်လာ ဝါဒ (Historicism) ၏ အောက်တွင်ပင် ဖြစ်ပါ၏ ။ ပညာရှင်နှစ်ဦးတို့ ပြောခဲ့တာကို အနှစ်ချုပ်ပြမည် ဆိုပါလျှင် “ သီးသန့် အသိုင်းအဝို်င်း တစ်ခုတွင် အသိုင်းအဝိုင်း၏ အနှစ်ဝိဥာဉ်ဟူသည် ရှိ၏။ ယင်းဝိဥာဉ်ကြီးသည် အသိုင်းအဝိုင်းဝင် မည်သူမဆို၏ ကိုးကွယ်ရာ အထွတ်ဖြစ်ပြီး ယင်းဝိဥာဉ်ကြီး သန့်စင်သေချာ အနှစ်သာရပြည့်စွာ ဆက်လက်ရွှေ့လျားဖို့ရန် အတွက် အသိုင်းအဝိုင်းဝင် ပုဂ္ဂိုလ်တို့မှ စတေးအနစ်နာခံ ထမ်းဆောင်ခြင်းသည် လူ့ဘဝ၏ အနှစ်သာရ အဓိပ္ဗာယ် (ဝါ) လူသား၏ တရားမျှတမှု (ဝါ) လူသား မည်သူမဆိုက ကျင့်သုံးရမည့် အမြတ်ဆုံး ကရုဏာ နှင့် ပညာ ပေတည်း” ဟူသည်မှာ လွန်ခဲ့သော ရာစုနှစ်တွင် ကမ္ဘာကြီးကို အကြီးကျယ်ဆုံး ခြိမ်းခြောက်ခဲ့သည့် ဖက်ဆစ်ဝါဒ၏ အခြေခံ သဘောတရားတို့ ပေတည်း။ ဟုတ်ပေသပ၊ ကျွန်တော်တို့ ဗမာတွေ အမှတ်မထားမိပေမယ်လို့ မြန်မာ ဝေါဟာရတွေမှာ ထဲထဲဝင်ဝင် စွဲဝင်နေပြီ ဖြစ်တဲ့ ‘အမျိုးသားရေး စိတ်ဓာတ်’ ‘သမိုင်းပေးတာဝန်’ စသည်တို့သည် ဖက်ဆစ်ဝါဒကို တရွေးမလျှော့ ပြသနေတဲ့ စကားလုံးတွေ ဖြစ်ပါ၏။
အက်တွန်ရော ပေါ့ပါးကပါ ဖက်ဆစ်စနစ်ကို ပြောင်မြောက်စွာ ဥပမာပေးသည်မှာ ယင်းသည် Organic State (နိုင်ငံတော်ဟူသည် ခြေလက်အင်္ဂါတို့ဖြင့် ဖွဲ့စည်းထားသည်ဟု မြင်သော) ဝါဒပေတည်း။ ဆိုလိုသည်မှာ လူတစ်ဦးချင်းသည် နိုင်ငံတော်၏ အဝိဥာဏိက အသက်မရှိသော တန်ဖိုးနိမ့်ကျသည့် ခြေလက်အင်္ဂါ တို့သာဖြစ်ပြီး စုပေါင်းထားသော နိုင်ငံတော်သာလျှင် ဝိဥာဏိက အသက်ဝိဥာဉ် ရှိ၍ အထွတ်အမြတ် တရားဖြစ်သည်ဟု မြင်သော ဝါဒ ဖြစ်ပေသတည်း။ တကယ်တော့လည်း အရှေ့တိုင်း ဟိန္ဒူ ဗြဟ္မဏ ဝါဒ၏ ဗြဟ္မာကြီး၏ ကိုယ်လက်အင်္ဂါနေရာတို့မှ အမျိုးလေးပါးတို့ ပေါက်ပွားလာသည် ဆိုတာမျိုးနှင့်လည်း ဆင်ပါ၏ (အနောက်တိုင်း ဖက်ဆစ်စနစ် (ဝါ) နည်းစနစ်အားဖြင့် သမိုင်းစဉ်လာ ဖြုသန့်စင် ဝါဒစွဲသည် ဟိန္ဒူဗြဟ္မဏ ဝါဒကို အမွေခံခဲ့ကြောင်း သည်ဆက်စပ်မှုကို  နောက်ပိုင်းဆောင်းပါး တစ်နေရာတွင် ကျွန်တော် အကျယ်တဝင့် ရှင်းပြပါအံ့) ။ ဤတွင် ဖက်ဆစ်စနစ်က သွတ်သွင်းလိုက်သည်မှာ အထွတ်အမြတ်တရား ဖြစ်သော “အစုအပေါင်း ဝိဥာဉ်တော်ကြီး” အတွက် ကို်ယ်လက်အင်္ဂါတို့သည် ရုန်းကန် လှုပ်ရှား စတေးရမည် ဆိုသည်ကို ပေတည်း။ မူဆိုလီနီက လုပ်ဆောင်ခဲ့သည်မှာ ကလေးသူငယ် ဘဝ ကတည်းက သည် အစုအပေါင်း ဝိဥာဉ်တော်ကြီး အတွက်  စတေးရဲသည့် စိတ်ကို သွန်သင်ဆုံးမပေးရမည် ၊ ခုလူကြီး ဖြစ်နေသော သူတို့ကိုလည်း “အစုအပေါင်း ဝိဥာဉ်တော်ကြီး” ၏ ရူဒေါင့်အမြင်တို့နှင့်သာ ကြည့်မြင်လာတတ်စေရန် ၊ မိမိ၏ ကိုယ်ကျိုးအတ္တကို စွန့်ပယ်၍ အစုအပေါင်းတော်ကြီး အတွက် စတေးအနစ်နာခံ လုပ်ဆောင်စေရန် အဆက်မပြတ် လှုံ့ဆော်အားပေးရမည် ဟူ၏ ။ ဂျာမဏီက ဟစ်တလာ၏ နာဇီလူငယ် ဌာနချုပ်၏ အဝင်ပေါက်တွင် ရေးထွင်းထားသည်မှာ “ငါတို့သည် ဂျာမဏီ နိုင်ငံတော်အတွက် သေဖို့ရန် မွေးဖွားလာကြကုန်သည်”  ဟူသတည်း။
တကယ်တော့ စတေးမှုကို အထွတ်အမြတ် ကျင့်စဉ်အဖြစ် ဖက်ဆစ်ဝါဒ နိုင်ငံတို့သည် ကျင့်သုံးခဲ့သည်မှာ မဆန်းပါ။ စင်စစ် အထွတ်အမြတ် အသိုင်းအဝိုင်းဝိဥာဉ်တော်ကြီး (ဝါ) အမျိုးသားရေး စိတ်ဓာတ် ဟူသည်မှာ “လူစုလူဝေးသာ ပဓာန” (collectivism) သဘောတရား ဖြစ်ပြီး ၄င်း အမျိုးသားရေး စိတ်ဓာတ် ‘ဝိဥာဉ်’ (ဝါ) ‘အနှစ်လက္ခဏာ’ ဆိုတာကို နိုင်ငံတော်မူဝါဒ အဖြစ်ကျင့်သုံးလိုသော ဖက်ဆစ်တို့သည် များမြောင်လှသော လူတစ်ဦးချင်း၏ ကွဲပြားထင်မြင်သော အတွေးအခေါ် ပေါင်းစုံနှင့် မတူခြားနားသော ရသရည်ရွယ်ချက် မျိုးစုံ (individualism) ကို ဖျောက်ဖျက်ရမည် ဖြစ်ပါ၏ ။ သည်လို အမြောင်အမြား ကွဲပြားခြားနားသော အတွေးအခေါ် ရည်ရွယ်ချက် မျိုးစုံကို သိမ်းကြုံးပြီး ဖျောက်ဖျက်ပစ်ဖို့အတွက်ဆို ထိုသူတို့ကို “နိုင်ငံတော် (သို့မဟုတ်) အမျိုးသားရေး (ဝါ) အထွတ်အမြတ် သန့်စင်ဝိဥာဉ်တော်ကြီး တည်တံ့ရွှေ့လျားရေး အတွက် စတေးခြင်းသာ လူ့ဘဝ၏ ရည်ရွယ်ချက် (ဝါ) တရားမျှတမှု” ဟူပြီး သွန်သင်ရိုက်သွင်းတာလောက် ထိရောက်မြန်ဆန်မှု ကောင်းတာ မရှိလောက်ပါ။
သပ္ဗုရိသနွယ်ဝင် သူတော်ကောင်းတို့၊ ငါတို့ သတိချပ်ချပ် ထားကြပါစို့။ ဖက်ဆစ်ဝါဒကို အတိအလင်းပြသနေသော ၉၆၉ ၏ စတေးဆောင်ပုဒ် သည် ဝီရသူ၏ ကိုယ်ပိုင်ဥာဏ်သက်သက်ဖြင့် ရေးသည်ဟု ယုံကြည်ရန် ခက်ပါ၏ ။ သည် စတေးဆောင်ပုဒ်ကို မြန်မာပြည် နေရာတိုင်းတွင် လိုက်လံဖြန့်ဝေနေသော ၉၆၉ ၏ အပြုအမူသည်တို့သည်လည်း ငါတို့အား သံသယကြီးမားစွာ ဖြစ်ရပါသည်။ အဘယ်ကြောင့်နည်းဟူမူ မူဆိုလီနီ နှင့် ဟစ်တလာတို့က ဖက်ဆစ်ဝါဒကို ပြည်သူလူထု၏ ခေါင်းမှာ သံမှိုရိုက်သလို စွဲစေရန် လုပ်ကြံသတင်းဖြန့်ခဲ့မှု (propaganda) တို့တွင် “ ငါတို့သည် နိုင်ငံတော်အတွက် မိမိကိုယ်ကို စတေးပါအံ့” ဆိုတာသည် အဓိက စာသား နှင့် အမှန်တကယ် ရည်ရွယ်ချက်လမ်းကြောင်းလည်း ဖြစ်ခဲ့သောကြောင့်ပါတည်း။ တကယ်မြင်တတ်ပါလျှင်လည်း ရှေ့ပိုင်း ၉၆၉  လှုပ်ရှားမှု ၊ ခုအခါမှာ ပုံပြောင်းလာသော မျိုးစောင့် ဥပဒေ လှုပ်ရှားမှုတို့ဟူသည်မှာလည်း “အစုအပေါင်းကို ကိုးကွယ်သော ဖက်ဆစ်စနစ်” ငါတို့ ပြည်သူလူထုတွင် ပေါက်ပွားလာစေရန် စနစ်တကျ ကြံစည်စုရုံးထားသော လုပ်ကြံသတင်းဖြန့် လှုပ်ရှားမှုလုပ်ရပ် ဟူ၍ ကြည့်မြင်တတ်သောသူ တစ်ဦးသည် ကောင်းစွာ နားလည်နိုင်ပါပေသည်။ သည်နေရာတွင် ငါတို့အား များစွာ စိုးရိမ်မိသည်မှာ ဂျာမနီမှ ပြည်သူထက်ဝက်နှင့် အီတလီမှ ပြည်သူလူထု ရာနူန်းပြည့်သည် လုပ်ကြံသတင်းဖြန့်မှုတို့မှ လွှင့်သော ဖက်ဆစ်မှိုင်းတို့ မိခဲ့သလို ငါတို့ မြန်မာပြည်သူလူထု၏ ဂရုထားလောက်အောင် ကြီးမားနိုင်သော အစိတ်အပိုင်းသည်လည်း ဖက်ဆစ်မှိုင်းကို နာမည်ပြောင်းထားသည့် နိုင်ငံတော်မှိုင်း၊ အမျိုးသားရေးမှိုင်း၊ ဗုဒ္ဓသာသနာမှိုင်း စသည်တို့ဖြင့် အတိုက်ခံခဲ့ရပြီ ၊ လုပ်ကြံသူတို့က ကျွဲအုပ်နွားအုပ်လို သူတို့လိုချင်ရာကို မောင်းချပစ်သော လမ်းကြောင်းပေါ်သို့  ငါတို့ပြည်သူတို့သည် အစုအအုံလိုက် ရောက်လာခဲ့ပြီ ဖြစ်ကြောင်းကို ဖြစ်ပါ၏ ။
သည်မယ် တချို့က ဤသို့လည်း ဝေဖန်ရာ၏ “မောင်ရင် ညိုထွန်းရယ် ၊ စိုးရိမ်တတ်ရန်ကော။ ဒီမိုကရေစီခေတ်ကြီး က တို့ဗမာတွေ သည်လောက် မအပါဘူး။ ဖက်ဆစ်တွေ ရောင်းစားတဲ့ ချိန်ခွင်ပေါ် ငါတို့ မတက်လောက်ပါဘူး” ။ ဟုတ်ကဲ့၊ တစ်ခုခက်သည်မှာ ဖက်ဆစ်စနစ်သည် ကိုယ့်ကိုကိုယ် ဖက်ဆစ်စနစ်ဟု ကြေငြာလေ့ မရှိ။ မဟုတ်တမ်း တရား ဆင်ထားသည့် ချိန်ခွင်တစ်ခုတည်းကို သည်ကနေ့ ဆေးနီဆိုး ၊ နောက်တစ်ရက် ဆေးပြာဆိုးပြီး နည်းအမျိုးမျိုး နှင့် အများပြည်သူကို ညာစားတတ်ပါသည်။ အီတလီ ပြည်သူ တစ်ရာ ရာခိုင်နူန်းပြည့် နှင့် ဂျာမန်တိုင်းပြည် ထက်ဝက်ကို သိမ်းသွင်းနိုင်ခဲ့သည့် ဖက်ဆစ်စနစ်သည် နှယ်နှယ်ရရတော့ မဟုတ်ပါ။ သို့ဆိုလျှင် ငါတို့ မေးကြပါစို့ ၊ ဖက်ဆစ်စနစ်သည် မည်သို့သော အကြောင်းတို့ကို အခြေပြု၍ လူတွေကို သူ့ချိန်ခွင်ပေါ်တက်လာအောင် ဆွဲဆောင်သိမ်းသွင်း နိုင်ပါသနည်း။
ကျွန်တော်တို့ အရေးတကြီး သိမှတ်အပ်သည်မှာ ဖက်ဆစ်စနစ်၏ အောင်မြင်ကြောင်း အဓိကအခြေခံ အကြောင်း နှစ်ခုရှိပါသည်။ ပထမ တစ်ခုမှာ အစောတုန်းက ဆိုခဲ့သည် လုပ်ကြံဝါဒဖြန့် ခြင်း လုပ်ငန်းစဉ်ကို “ထပ်ခါတလဲလဲ” လုပ်ခြင်းနှင့် ဒုတိယ တစ်ခုမှာ ဖက်ဆစ်ယန္တရား ၏  “မြန်ဆန်စွာ ခုတ်ရှင်းမှု” ဖြစ်ပါ၏။ တကယ်တော့လည်း သည်နှစ်ကြောင်းသည် အညမည ဆက်စပ်နေပါ၏ ။ ပထမတစ်ခုဖြစ်သော ဖက်ဆစ်ဝါဒ၏ လုပ်ကြံဝါဒဖြန့်ခြင်း လုပ်ငန်းစဉ်ဟူသည် ဘာမှ ထူးထူးခြားခြား မဟုတ်၊ သင်းတို့က ကြွေးကျော်ဝါဒဖြန့်သော သတင်းအားလုံး၏ အနှစ်သည်ကား “ရန်များကိုယ် ကိုယ်ရှင်းမယ်၊ ခုတင်ကိုပဲကွယ် ၊ ချစ်သူမေကလေးရယ်” ဟု ဒုတိယတစ်ခု (ဝါ) သူတို့ အမှန်တကယ်ကိုလုပ်မည့် ပုံစံကို ပြန်ညွှန်းထားခြင်းပါတည်း။ လွယ်လွယ်မှတ်မည် ဆိုပါလျှင် ဖက်ဆစ်ဟူသည် ပြောလျှင်ပြောသည့်အတိုင်း လုပ်သည့် ဘီလူးတို့ ဖြစ်ပါသတည်း။
ဟုတ်ကဲ့၊ အလွန်တရာကို ထူးခြားလှသောအချက်မှာ ဖက်ဆစ်သမားတို့ဟူသည် ၄င်းတို့၏ လုပ်ကြံဝါဒဖြန့်စနစ်တွင် မည်သည့် ကျယ်ဝန်းစွာ အခြေခံထားသည့် ဝါဒ သဘောတရားမှ မပါပါ။ အဘယ်ကြောင့်ဆိုသော် ဖက်ဆစ်စနစ်၏ ဝါဒဟူသည် သူတို့လုပ်မည့် လုပ်ငန်းစဉ်ပင်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်သည် ပြဿနာမှန်သမျှ “ချက်ချင်း” ရှင်းပစ်မယ် ဆိုတာမျိုး ဖြစ်တတ်သဖြင့် လူအားလုံးလိုလိုက ကြိုက်နှစ်ခြိုက်တတ်လေ့ပင် ရှိပါ၏ ။ နောက် ထပ်မံထူးခြား အံ့သြဖွယ်ကောင်းသော တစ်ချက်မှာ ဖက်ဆစ်စနစ်ကို ဘယ် ဝါဒရေးရာ ပညာရှင်တို့ကမှ လက်တွေ့တွင် နိုင်အောင် မတိုက်နိုင်ပါ။ အဘယ်ကြောင့် ဆိုသော် ဝါဒရေးရာသဘော ပရိယာယ်တို့သည် အလွန်ကျယ်ဝန်းတတ်၍ နက်နဲသိမ်မွေ့စွာ စဉ်းစားရသလောက် လက်တွေ့အားဖြင့် ယင်းပရိယာယ်တို့ ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲ ဆိုတာကို ရှင်းပြဖို့ဆိုတာ အင်မတန် ခက်ခဲပါ၏။ သည်မှာ သကောင့်သားတို့က ဤကဲ့သို့ ဝါဒရေးရာတိုင်းမှာရှိသော ကျယ်ဝန်းသိမ်မွေ့မှုကို အသာစီးယူပစ်လိုက်သည်မှာ ဖက်ဆစ်သမားတို့သည် “လက်တွေ့” ရူဒေါင့် ဆိုသော အကျဉ်းမြောင်းဆုံး အဆင့် (ဝါ) ရယူရန်ဆိုသည့် ရုပ်ဝတ္ထု လောကမှာပဲ ကိုယ့်ကိုကိုယ် ထိုင်ထားလိုက်ခြင်း ဖြစ်ပါ၏။ ဘယ်တော့မှလည်း ဖက်ဆစ်တို့သည် ပညာရှင်အဆင့် သုံးသပ်ချက် ဖြစ်သော သမုဒ္ဒရာကြီးကဲ့သို့ ကျယ်ပြောနက်ရိုင်းသိပ်သည်းစွာ စဉ်းစားရသည့် လောကပါလ (ဝါ) သိမ်မွေ့နက်နဲမှု အဆင့်မြင့် သဘောတရားသို့လည်း တက်မလာတတ်။ ထိုအစား အငြင်းအခုံ ကစားပွဲတွင် ဖက်ဆစ်တို့သည် ပညာရှင်အားလုံးတို့ကို သူတို့ ဖင်ခုထိုင်ထားသည့် လက်တွေ့ရူဒေါင့် ပလ္လင်ပေါ်ကနေပဲ လှမ်းပြီး စိန်ခေါ်ပါသတတ်။  ဘယ်လောက်ပင် ကြီးကျယ်သည့် ပညာရှင်တစ်ဦးသည်ပင် ဖြစ်ပစေ ဖက်ဆစ်တစ်ဦးကို နိုင်အောင်တိုက်ဖို့ မရှိတတ်။ အဘယ်ကြောင့်ဆိုသော် ဖက်ဆစ်သမားဟူသည် ပညာရှင်ကို သူဖင်ထိုင်ထားသော “လက်တွေ့ ဖြစ်ပေါ်နေသည့် ပြဿနာတွေ” ဆိုပြီး သူလက်ညိုး အတင်းထိုးပြသော ရူဒေါင့်ထဲကိုပဲ လာပြီး အဲသည် ရူဒေါင့်ထဲကပဲ သုံးသပ်ရန် အတင်းလုပ်ခိုင်းခြင်းကြောင့် ပါတည်း။ ရိုးသားသော ပညာရှင် ဆိုသဟာ မျိုးဟာ ယင်းကဲ့သို့ ဖက်ဆစ်တို့၏ ဝါးလုံး တစ်ဖက်တည်းကပဲ ကြည့်မြင်နေသော ရူဒေါင့်မျိုးထဲကို (moral relativism) ငုံ့ဝင်ပြီး သုံးသပ်ဖို့ဟာ မဖြစ်နိုင်။ အဲသလို မငုံ့ဝင်သော ပညာရှင်ကို လက်တွေ့သမား ဖက်ဆစ်တို့က ငရဲပွက်သလို ရူတ်ချဆူပွက်ကြသည်မှာ “ကြောင်သူတော်” လို့ ကင်ပွန်းတပ်ပစ်ခြင်း ပေတည်း။ ဤသဘောကို အနှစ်ချုပ်ပြပါအံ့၊ ဖက်ဆစ်သမား၏ အငြင်းအခုံ ဝါဒ ကစားပွဲဟူသည် ကစားပွဲကို သူကစားချင်သည့် တစ်ဖက်သတ် စည်းမျဉ်းတို့နဲ့ပဲ ကစားနေခြင်း ပေတည်း။ ထို့ကြောင့် သီလသမာရှိသော ပညာရှင်တို့သည် ယျေဘုယျအားဖြင့် ဖက်ဆစ်တို့နှင့် ဆွေးနွေးစကားပြောလေ့ မရှိ၊ တစ်ဖက်တည်းသော ရူဒေါင့်ကနေပဲ သုံးသပ်ရမည်ဟူသော ဆွေးနွေးပွဲမျိုးကို အဘယ် ရိုးသားသောပညာရှင်သည် သူတို့ ဆင်ထားသည့် ချိန်ခွင်ပေါ် လာပြီး တက်ပါမည်နည်း။
စာရူသူကို ဥာဏ်စမ်းတစ်ခု ထုတ်ရပါအံ့။ လူထုတစ်ရပ်လုံးကို ထိန်းချုပ်ရန် လက်တွေ့ပြဿနာရူဒေါင့် ဆိုသည်မှာပဲ ဖင်ထိုင်ချင်သည့် ဖက်ဆစ်သမားသည် သူကပြောသော လက်တွေ့ပြဿနာ ဆိုသည်ကို ပြည်သူလူထုမှ လိုက်လံ နားလည်ကြည်ညိုစေရန် ဝါဒဖြန့်မည်ဆိုပါလျှင် မည်သို့သော လက်တွေ့ ပြဿနာမျိုးကို ဝါဒဖြန့်ပါမည်နည်း။ ၄င်းသည် လူထုတစ်ရပ်လုံးနှင့် ဆိုင်သော လက်တွေ့ပြဿနာဟူ၍လည်း ပြသရုံသာမက သူက ချက်ချင်းလက်ငင်း ဖြေရှင်းနိုင်သည့် ပြဿနာတို့ဖြစ်ကြောင်း လူထုကို ပြောရပါလိမ့်မည်။ သည်မှာ အဖြေကား ရှင်းပါ၏ ။ ဖက်ဆစ်သမားသည် “ရန်သူ ရန်သူ ရန်သူ…ရန်သူ…ဘုံရန်သူ ” ဟု တောက်လျှောက်ကို ပြည်သူလူထုကို အဆက်မပြတ် တပ်လှန့်ခြင်း ပေတည်း။ ဒါဆိုလျှင် ဘုံရန်သူ ဆိုတာ ဘယ်လိုမျိုးပါနည်းဟု ထပ်ပြီး ငါတို့ ဥာဏ်မြုးကြပါစို့။ ဘုံရန်သူအဖြစ် လက်ညိုးထိုးဖို့ အင်မတန် လွယ်တတ်သည်မှာ နိုင်ငံခြားတိုင်းပြည်တို့ နှင့် ပြည်တွင်းမှာဆို လာရောက်နေထိုင်နေသော နိုင်ငံခြားသားတို့ ပေတည်း။ ဒါကြောင့် ဖက်ဆစ်နိုင်ငံတို့တွင် ‘သစ္စာဖောက်တွေ’ ‘သူခိုးဂျပိုးတွေ’ ‘ရာဇဝတ်ကောင်တွေ’ ‘ငါတို့ နိုင်ငံကို လာပြီး ဂုတ်ခွစီးနေတဲ့ကောင်တွေ’  ‘ အကြံကြီး ကြံနေတဲ့ကောင်တွေ’ ‘ပြည်ပရန်စွယ်တွေ’ ဟူသော ဝေါဟာရတို့သည် နိုင်ငံတစ်ခုလုံး ပွက်လောရိုက်နေတတ်ပြီး ၄င်း ဝေါဟာရတို့သည် ဖက်ဆစ်တို့၏ လုပ်ကြံသတင်းဖြန့်မှုအပေါင်း၏ ပါလေရာ ပဲခူးဆားပင် ဖြစ်ပါသတတ်။ ဒါကို ပြည်သူတို့ကို အယုံသွင်းသလို သူတို့ အယုံသွင်းတာကို သူတို့ဟာ သူတို့လည်း အမှန်တကယ် ပြန်ယုံလာသည့် ဖက်ဆစ်သမားတို့သည် မျိုးဖြုတ်သတ်ခြင်း (Nazism) ကဲ့သို့သော လုပ်ရပ်မျိုးကို နောက်ဆုံးတွင် ကျုးလွန်လာကြ လေ၏ ။
 သည်ဘက်ခေတ်တွင် နီးနီးကပ်ကပ် ကြည့်မည်ဆိုပါလျှင် မြန်မာပြည်တွင် ၁၉၉၄ ရဝမ်ဒါ မှာ ဖြစ်ခဲ့သော မျိုးဖြုတ်သတ်ခြင်းမျိုး (genocide) မဖြစ်နိုင်ဘူးဟု မထင်ပါနှင့်။ ကျွန်တော့်တွင် ရဝမ်ဒါမှ သူငယ်ချင်းများစွာရှိရာ ၄င်း ဟူလူး၊တွတ်စီ လူမျိုးတို့သည် မြန်မာလူမျိုးတို့လိုမျိုး စိတ်ခက်ထန်ခြင်းမျိုးပင် မတွေ့ရတတ်။ တစ်နိုင်ငံလုံးကို ဖြန့်ကျက်လွှမ်းမိုးသည့် ခရစ်ယာန်ဘာသာကို ကြည်ညိုကိုင်းရိုင်းသည့် အခြေခံဟု ထင်ပါသည်။ ဒါပေမယ့် မြှောက်သူကမြှောက်ပေး၍ ယုံကြည်သူတို့ကလည်း ယုံကြည်လာသော အခါ ထိုဘာသာတရား ကိုင်းရိုင်းသူတို့သည်ပင် တစ်ဖက်လက်တွင် လက်ဝါးကပ်တိုင်ကိုမြှောက်၊ တစ်ဖက်လက်တွင် ရဲတင်းကို ကိုင်၍ တစ်နိုင်ငံလုံး အချင်းချင်း လက်ဖြတ်ခြေဖြတ် ခုတ်ထစ်ကုန်ကြ သတည်း။ ဒါကို ကျွန်တော်နောက်ပိုင်းတွင် ရှင်းပြပါဦးမည်။ ခုခါမှာတော့ ဖက်ဆစ်သမား ဋီကာကို ဆက်သွားရပါအံ့။
ရှေ့ဖက်တွင် ဆိုခဲ့သည်တို့ကို “ဖက်ဆစ်စနစ်ဆိုတာ ဝါဒရင်းမြစ် မရှိဘူး၊ လက်တွေ့ ပြဿနာတွေကို အကြမ်းပတမ်း ကိုင်တွယ်တာမျိုး” ဆိုပြီး မရောထွေးသွားပါနှင့် ။ ဖက်ဆစ်စနစ်သည် မျက်နှာနှစ်ဖက်ရှိသော ဘီလူးလို ဖြစ်ပါသည်။ ပညာရှင်တို့ကို ကိုယ်တွယ်ဖို့ အတွက်ဆို ၄င်းသည် ဝါဒသဘောတရား ဆိုတာကို စကားမဟတတ် - မျက်မှောက်ဖြစ်ပေါ်နေသော ပြဿနာတို့ကိုသာ တန်းစီပြီး ပြတတ်ပါ၏ ။ ဒါပေမယ့် ပညာရှင်နှင့် တကွသော ပြည်သူလူထုတစ်ရပ်လုံးကို သူတို့အောက်ရောက်လာအောင် ကိုင်တွယ်ဖို့အတွက် သူ့တွင် ဝါဒ တိတိပပ ရှိပါသည်။ ၄င်းသည် အခြားမဟုတ်၊ ပြခဲ့သလို “လူအစုအပေါင်းသည် လူတစ်ဦးချင်းထက် အနိုင်းမသိ သာလွန်သည့် အထွတ်အမြတ် ဖြစ်သည်” ဟူသော ဝါဒပေတည်း။ အဲသည်ကနေ ဆက်၍ သွားသည်မှာ လူအစုအပေါင်းတည်းဟူသော အသိုင်းအဝိုင်းအတွက် ဟူသော ရူဒေါင့်မှ ဆုံးဖြတ်ခြင်းတို့သည်သာလျှင် တရားမျှတမှုဟု အတင်းအကြပ် ယူလာခြင်း ပေတည်း။ လူအစုအပေါင်း၏ ကောင်းရာကောင်းကျိုးအတွက် လုပ်တာမှန်သမျှသည် လူတစ်ဦးချင်း၏ မျက်နှာကို ဘာမှထောက်စရာ မလိုဟု လုပ်လာကြခြင်း ပေတည်း။ ဒါဆိုလျှင် “အမျိုးသားရေး၊ အမျိုးသားလုံခြုံရေး” ဟူသော ရူဒေါင့်မှ ကြည့်မြင်မှသာလျှင် အမှန်တရား ရူဒေါင့်ဖြစ်သည်ဟု ဆိုလာခြင်းတို့သည့် ဖက်ဆစ်စိတ်ကို ဖင်ဖော်ကပြနေသော ကြွေးကြော်မှုတို့ ဖြစ်ကြောင်း ငါတို့ ကောင်းကောင်း ခန့်မှန်းနိုင်လောက်ပြီ ဖြစ်ပါ၏။ ဤ အမျိုးသားရေး ကြွေးကြော်မှုတို့သည် ဘယ်လိုသော ပုံစံမျိုးပင် တပ်သည်ဖြစ်ပစေ ( အမျိုးသားစီးပွားရေး၊ အမျိုးသားတိုးတက်ရေး စသဖြင့် နာမည်မျိုးစုံ ပြောင်းတပ်လို့ရပါ၏) ရည်ရွယ်ချက်မှာ တစ်မျိုးတစ်စားတည်း သာတည်း- ယင်းသည် ဖက်ဆစ်သမားတို့က အသိုင်းအဝိုင်း အပေါ် သစ္စာဖောက်ဟု ယူဆသော လူတစ်ဦးချင်းကို လိုလျှင်လိုသလို ကိုင်တွယ်ရန် ချိန်ရွယ်ထားသလို သူတို့လိုချင်သည့် လမ်းကြောင်းပေါ်ကို ပြည်သူလူထုတစ်ရပ်လုံးကို “တစ်သွေး၊ တစ်သံ၊ တစ်မိန့်” စိတ်ကြိုက်မောင်းချရန်လည်း ဖြစ်ပါသည်။
ထို့ကြောင့်လည်း ဖက်ဆစ်နိုင်ငံတို့တွင် ဖြစ်တတ်သည်မှာ “ဟိုမှာ ရန်သူ… သည်မှာလည်း…ရန်သူ … နေရာတိုင်းမှာ…ဘုံရန်သူ” ဟူပြီး တပ်လှန့်ခံထားရသော စစ်သွေးကြွ ပြည်သူလူထုတော့ ဖြစ်ပါ၏။ ဒါပေသိ အဲသည် စစ်သွေးကြွ ပြည်သူလူထုသည် အင်မတန်မှပင် ငြိမ်ဝပ်ပိပြားနေတတ် ပါ၏။ ဘာလို့လဲဆိုတော့ “တစ်သွေး တစ်သံ တစ်မိန့်” မှ တစ်လက်မကလေးပင် သူတို့ကိုယ်သူတို့ ခွဲထွက်မည်ဆိုပါလျှင် ကိုယ်ကကျုး ကိုယ့်ဒူးတောင် မယုံရဆိုသလို “နိုင်ငံတော်” ဆိုတာကြီးနဲ့ ကိုင်ပေါက်ခံရပြီး စီရင်ခံရမှာကို စိုးရွံ့နေရသောကြောင့် ပါတည်း။ ဖက်ဆစ်သမားတို့၏ နိုင်ငံသည် လစ်ဘရယ်နိုင်ငံတို့ထက် များစွာ ပိပြားငြိမ်သက်တတ်ပါ၏ ။ သို့သော် ယင်းငြိမ်သက်ခြင်းသည် ကိုယ့်ကိုကိုယ်ပင် မယုံကြည်ရသဖြင့် သိမ်ငယ်နေသော ငြိမ်သက်ခြင်းမျိုးပါတည်း။ တစ်ဖက်တွင်လည်း လူစုလူဝေးဆိုသော အပေါင်းအစုထဲမှာ ကိုယ်က ယိမ်းကလိုက်ပါနေပြီဆိုပါမှ ငြိမ်သက်နိုင်သော ငြိမ်သက်ခြင်းမျိုးပါတည်း။ လူစုလူဝေးမှ ၂+၂ = ၅ ဆိုတာကို လိုက်ပြောပါမှ မနက်ဖန် ဆက်ပြီး မျက်နှာသစ်နိုင်မည့် သီလပျက်ပြားနေသော ငြိမ်ဝပ်ခြင်း ပါတည်း။ ဟုတ်ကဲ့ ၊ အဲသလို ကိုယ့်ကိုကိုယ် ယုံကြည်မှု ပျက်ပြားနေသော စစ်သွေးကြွ ပြည်သူလူထု ဟူသည်မှာ မော်ဒန် မြန်မာဖက်ဆစ်သမားတို့က  အနာဂါတ်မြန်မာပြည်ကို မြင်ချင်သော မြင်ကွင်းစစ်စစ် ပါတည်း။
သမိုင်းတွင် ဤသို့ ဖက်ဆစ်သမားတို့က နိုင်ငံတော်သာလျှင် သီလသမာဓိ တရားမျှတမှု ချိန်ခွင်တော်ကြီး ဖြစ်သည်ဟု လူတွေကို သူတို့ထင်သလို သန်းနှင့်ချီကာ သတ်ဖြတ်နှိပ်စက်ခဲ့ခြင်းကြောင့်လည်း ဒုတိယကမ္ဘာစစ် အပြီး ၁၉၄၈ တွင် “လောကအဝှမ်း လူသားတို့၏ အခွင့်အရေးကို ကြေငြာခြင်း” Universal Declaration of Human Rights ဟု နိုင်ငံတော်လို့ ကိုယ့်ကိုကိုယ် လုပ်လာသူ မိစ္ဆာအစိုးရများနှင့် နိုင်ငံပေါင်းစုံက အစိုးရအားလုံးတို့ကို တန်ပြန်ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် လူ့အခွင့်အရေး ဟူသည် ပေါ်ထွန်းလာခဲ့ရခြင်း ဖြစ်ပါ၏။ လူ့အခွင့်အရေးဟူသည် စင်စစ်လည်း ဖက်ဆစ်သမားတို့လိုမျိုး သူတို့ထိုင်ထားသည့် လက်တွေ့ရူဒေါင့် တစ်ခုတည်းကိုပဲ လက်ညိုးထိုးပြပြီး ထင်သလို လုပ်မည့် ကိစ္စတို့ကို (ပြောခဲ့သလို) ငြင်းခုံနေလျှင်လည်း ဘယ်တော့မှပြီးမှာ မဟုတ်သည့်အတွက် တစ်ခါတည်းကို အဲသည် moral relativist မိစ္ဆာကောင်တွေကို ချည်တုပ်ထားလိုက်ခြင်း ပါတည်း။ အဲသမှာ ခက်သည်မှာ လည်ဝယ်ကောက်ကျစ်သော ဖက်ဆစ်သမားတို့က သူတို့ ကောက်ကျစ်ညဉ်ရိုး ရှိသည့်အတိုင်း  “ဟေ့ နိုင်ငံတကာမှာ ချမှတ်ထားတဲ့ လူ့အခွင့်အရေး စည်းမျဉ်းတွေ သတ်မှတ်တာလည်း သတ်မှတ်ပေါ့၊ ငါတို့ဘာသာ ငါတို့ ပိုင်နက်အတွင်း လုပ်တာကို ဘယ် နိုင်ငံတကာက လာပြီး အပြစ်ပေး အရေးယူလို့ ရမှာမို့လဲ” အီးပေါက်ပြတတ်ပါ၏။
ဤ လူ့ကလိန်ကကျစ်တို့ ကပေမယ့် သူတို့ ဆိုသည့်အတိုင်းလည်း နိုင်ငံတကာ အသိုင်းအဝိုင်းဟူသည် လူ့အခွင့်အရေးပို်င်းဆိုင်ရာကို အကောင်အထည်ဖော်ရန် လက်တွေ့ ပြဿနာ စိန်ခေါ်မှု ကြီးမားစွာ ရှိသည်ကိုတော့ ဝန်ခံရမည် ဖြစ်ပါ၏ ။ ဤသို့ နိုင်ငံတကာသည် ရာစုနှစ်၏ သုံးပုံနှစ်ပုံကျိုးကာလ ကြာရှည်လာသည့် တိုင်အောင် လူ့အခွင့်အရေးကို ဖော်ဆောင်မှု ပြဿနာ ကြီးမားစွာ ရှိနေမှု၏ အခြေခံအကြောင်းရင်းသည် နောင်အခန်းတွင် အမားတီးယားဆင်း၏ မူရင်းစာကို ကျွန်တော် ဆက်ပြီဆိုပါလျှင် ပေါ်လွင်လာပါလိမ့်မည်။ စကားကြီးတွေ ပြောတတ်သလောက် ကိုယ်တိုင် အမြင်ကျဉ်းနေသော နိုင်ငံကြီးတို့ဟူသည် နိုင်ငံငယ်တစ်ခုတွင် တရားမျှတမှုတို့ ဖြစ်ထွန်းအောင် ဝိုင်းဝန်းဖေးမမှုထက် နိုင်ငံငယ်အား မဟာဒုက္ခ တွင်းဆုံးကျအောင် ဝိုင်းနှိပ်စက်နေသလို ဖြစ်နေသည်ကို ယခုပြန်ဆိုနေသော ဒေါက်တာဆင်း ၏ မူရင်းကို ဘောဂဗေဒပိုင်းဆိုင်ရာ ပရိယာယ် အယူအဆတွေနှင့် ဆက်လက်ပြီး တို့ထိတွဲဆက် ဖွင့်ဆိုသွားပါဦးမည်။ အာရှဖွံ့ဖြိုးရေး ဘဏ်မှ စီးပွားရေးပညာရှင်တို့က မြန်မာပြည်တွင် တိုးတက်မှု အရိပ်အရောင်များစွာ ရှိသည်ဟု ပြောသည်မှာ ဝမ်းမြောက်စရာ ဖြစ်ရသည်ကား မှန်ပါ၏။  ဒါပေမယ့်လည်း တစ်ဖက်တွင်လည်း နိုင်ငံတစ်ခုလုံး ချောက်ထဲ တလိမ့်ကောက်ကွေး ကျသွားနိုင်သည့် ကိစ္စတွေကို ငါတို့တတွေသည် ချင့်နိုးဆင်ခြင်ထားအပ်သည် သာတည်း။