Tuesday, June 25, 2013

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၃)


လူ့ဘောင်တစ်ခုတွင် ရွေးချယ်ပိုင်ခွင့်တို့ အထင်အရှား ရှိနေသည့်တိုင်အောင် ဘာမှ ရွေးချယ်စရာ မရှိသလို ဟန်ဆောင်တတ်ကြ ပါသည်။ ချင့်နိုးဆင်ခြင်ခြင်းကို သုံးစွဲရမည့် နေရာတွင် ဘယ်လောက်တောင် လက်မခံဖွယ် ကိစ္စဖြစ်နေသည့်တိုင် မစဉ်းစား မဝေဖန်ဘဲ အများလုပ်တာကို ရောယောင် လိုက်နာလက်ခံသော အကျင့်စရိုက်တို့ ဖြစ်ထွန်းတတ်သည်။ ယျေဘုယျအားဖြင့် အများလုပ်တာကို ရောယောင်လိုက်နာသော အကျင့်သည် လက်ရှိတည်ရှိနေသော ရိုးရာအဆောက်အဦများကို ထိန်းသိမ်းရမည်ဟု ယူတတ်သော သဘောလည်း ပါနေတတ်ပြီး ဓလေ့ဟောင်းများ နှင့် အလေ့အထဟောင်းများကို  ထက်မြက်လှသော လွှသွားနှင့် တိုက်သလို မေးမြန်းစူးစမ်းတတ်သော သန္နိဌိက ဥာဏ်အလင်း မျိုးကို ဒိုင်းထောင်၍ ကာတတ်ကြ လေ၏။ အသေအချာ ပါပဲ၊ လိင်ကိုကြည့်ပြီး ခွဲခြမ်းနှိမ်ချလေ့ရှိသည့် လူ့ဘောင်တို့တွင် အမျိုးသမီးတို့ကို တန်းတူနေရာမပေးဘဲ ဆက်ဆံမှုမျိုး (ဒါ့ထက်တောင် အကြမ်းဖက်မှုမျိုး) ကဲ့သို့သော  ရိုးရာ၏ တစ်ဖက်စောင်းနင်း ကိစ္စမျိုး ၊ သို့မဟုတ်လည်း (ရှေးရိုးစဉ်ဆက်ကိုက အောက်တန်းကျတဲ့ လူတွေဟု) တခြား လူမျိုးစုများကို ကျောနှိမ်ခွဲခြမ်းမှုမျိုး တို့သည် ထိုလူ့ဘောင်မျိုးတို့တွင် သက်ဆိုးရှည် ပလွှားနိုင်ရခြင်း ၏ အကြောင်းရင်းသည်ကား ထိုလူ့ဘောင်မျိုးက လူတို့သည် အာရုံတွင် အမွေရ စွဲထင်နေသော ယုံကြည်မှုတို့ကို မမေးမြန်း မစောကြောဘဲ ချီးပလက်ခံခြင်းကြောင့် ပေတည်း။ စင်စစ် အတိတ်၏ မိုက်မဲသော အကျင့်အကြံများ နှင့် အနုမာန စွဲယူထားသော အနှစ်လက္ခဏာတို့ ဟူသည် “ပု ပုစ္ဆာရေယျ မေးရာ၏ ၊ ဝိ ဝိစာရေယျ စူးစမ်းရာ၏” အက္ခရာစွဲသုံး ထိုနှစ်လုံးကို ထို လူ့ဘောင်တို့ သုံးစွဲ လာလိုက်ရုံနှင့်ပင် ဗုံးဗုံးမြေသို့ ပြိုလဲရလိမ့်မည် သာတည်း။ ပြန်လည် အမှတ်ရထိုက် စကောင်းသည်မှာ ၁၈၇၄တွင် ပုံနှိပ်သော ဂျွန် စတူးဝပ် မေးလ်၏ မိန်းမတွေကို နှိမ်ထားမှု ပြဿနာ ကို များစွာသော သူ့ ဗြိတိသျှ စာဖတ်ပရိသတ်တို့က သူ၏ မကောင်းသင်းကွဲ စရိုက်ကို လစ်ဖော်သော သက်သေ အထောက်အထား ဟု ယူဆကြကုန်၏။ တကယ်မှာလည်း အဲသည် အချိန်တုန်းက အင်္ဂလန် လူ့ဘောင်တွင် သည်သို့ မိန်းမတွေကို ခွဲခြားနှိမ်ချသော ပြဿနာကို စိတ်ဝင်စားမှုမှာ အလွန်နဲပါးရကား ထိုစာအုပ်သည် မေး၏ လက်ရာအားလုံးတွင် ထုတ်ဝေသောသူ အရူံးပေါ်ခဲ့သော တစ်ခုတည်းသော စာအုပ်ပေတည်း
            ဤသို့ ဆိုခဲ့သော်ငြားလည်းပဲ လူမှု အနှစ်လက္ခဏာတစ်ခုကို မစူးစမ်း မဆင်ခြင်ဘဲ လက်ခံမှုသည် အမြဲဆိုသလို ရိုးရာသမား ဖြစ်လို့သာ ဆိုသော သဘောမျိုးချည်းသည်လည်း မဟုတ်တတ်။ ပိုဆိုးဝါးတတ်သည်မှာ အဲသလို မစူးစမ်းဘဲ လက်ခံမှုမျိုးက နေပြီး ‘အနှစ်လက္ခဏာတစ်ရပ်’ ဆိုသည်ကို အရေးအရာ ပေါ်လာပြီဟု အသစ်တဖန် ဝါးလုံးထိုး ပြန်ဦးတည်မှုမျိုး၊ ဒို့မှာ ဒို့အရေးသစ်တို့ ပေါ်လာပြီဆိုကာ ဆင်ခြင်မှုကင်းမဲ့စွာနှင့် ရွေးချယ်ထားသော ပြန်ဦးတည်မှုမျိုးကို  “ထွန်းလင်း ရှာဖွေတွေ့ရှိခြင်း” ဟု ညာဝါးပြီး လူတွေကို ရောင်းစားနိုင်လာခြင်း တို့သည်လည်း ပါဝင်တတ် ပါသည်။ ထိုသို့သော ကိစ္စမျိုးသည် မဟားတရား အကြမ်းဖက်မှုတို့ကို ဆွပေးရာတွင် ခွန်အားကြီးသည့် မိစ္ဆာတန်ခိုးအား ပေတည်း။ အထက်တွင် ကျွန်တော် ဖော်ပြခဲ့သည့် ၁၉၄၀ နှစ်များက အိန္ဒိယတွင် ဖြစ်ပေါ်ခဲ့သော ဟိန္ဒူ - မူဆလင် ရုန်းရင်းဆန်ခတ် ရန်ပွဲတို့် ကျွန်တော်၏ စိတ်ပျက်စဖွယ် မှတ်ဥာဏ်တွင် ထင်လာသည်မှာ — ကလေးငယ် တစ်ဦး၏ ရူပ်ထွေးကြောက်ရွံ့နေသော မျက်လုံးများ အကွဲအပြဲ နိုင်ငံရေးတွင်  လူထုကြီးသည် အုံလိုက်ကျင်းလိုက်ကို အနှစ်လက္ခဏာ ရွှေ့ပြောင်းစောင်းနင်း သွားမှုများ ။ များမြောင်ကြီးမားလှသော လူထုသည် အိန္ဒိယသား ဟူသော သွင်ပြင်လက္ခဏာမှ၊ ကုန်းမြေမကြီးသား ဟူသော သွင်ပြင်လက္ခဏာမှ၊ အာရှတိုက်သား ဟူသော သွင်ပြင်လက္ခဏာမှ သို့မဟုတ်လည်း လူမျိုးနွယ် လူသားဟူသော သွင်ပြင်လက္ခဏာမှ ထိုလက္ခဏာ တို့ကို လွှင့်ပစ်လိုက်ပြီးလျှင် — နေ့ချင်းညချင်း ဆိုသလို — (အမုန်းပင့်တင်) သင်းကွဲ  လက္ခဏာများ ဖြစ်သော ဟိန္ဒူ ၊ မူဆလင် နှင့် ဆိ တည်းဟူသည့် အသိုင်းအဝိုင်း အနှစ်လက္ခဏာများ ဖြင့်သာ ကိုယ့်ကိုကိုယ် ပိုင်းခြားလာကြပါသည်။ အဲသည် နောက်ကလိုက်လာသည့် လူသတ်ပွဲသည်ကား လူထုသည် ထိုမုန်းတီးရန်စောင်နေသော အနှစ်လက္ခဏာတို့ကို သွားပြီး ရှာဖွေသွားမိစေရန် သွေးထိုးလှုံ့ဆော်ခံရခြင်း၊ နွားအုပ်ဝှေ့သလို အုပ်လိုက်ဝှေ့လိုသော အခြေခံ တိရစ္ဆာန်အုပ်စု အမူအကျင့်မျိုး ပြန်လည်ဖြစ်ပေါ်လာခြင်း တို့ ဖြစ်ပြီး ယင်းသို့သော တိရစ္ဆာန် အုပ်စုစရိုက် မင်းမူနိုင်ခဲ့ခြင်းမည်သည် လူထုသည် ထိုသို့ မုန်းတီးရန်စောင်နေသော အတုအယောင် အနှစ်လက္ခဏာတရား တို့ကို အစစ်အမှန် တရားဓမ္မ၏ ဂုဏ်ရည် = လုပ်ငန်းစဉ် ဖြစ်သည့် သန္နိဌိက စူးစမ်းဝေဖန်မှု အောက်တွင်ထားပြီး စစ်မေးစောဒနာပြု ရမည်ကို မသိပျက်ကွက်ခဲ့ခြင်းကြောင့် ပေတည်း။

စာချပ်။ ။ ကျွန်တော်တို့တွင် တရားဓမ္မ၏ သန္နိဌိက ဝေဖန်စူးစမ်းသောဂုဏ်ရည်ကို ရာစုနှစ်ဝက်နီးပါး စစ်အာဏာရှင်စနစ်က ချိုးနှိမ်ခံခဲ့ရခြင်းကို သတိချပ်ကြပါကုန်။ စစ်အစိုးရခေတ်တွင် ပေါက်ခဲ့သော ယနေ့ မြန်မာဘုန်းကြီး ပညာရှိဆိုသူတို့သည် ပဒေသရာဇ် စနစ်ဖြစ်ပေမယ့်လည်း နိုင်းစာကြည့်လျှင် ယျေဘုယျအားဖြင့် လွတ်လပ်သော ပညာရေးဖြစ်သည့် အင်းဝခေတ်က ဗုဒ္ဓဘာသာ ပညာရေးမျိုးတွင် ကြီးပြင်းခဲ့သည့် ရှင်မဟာသီလဝံသ ၊ ရှင်မဟာရဌသာရ စသည့် ဆရာတော်များ၏ ကြားနာခဲ့မှု၊ ကြံစည်ခဲ့မှု ၊မေးမြန်းခဲ့မှု ၊ စူးစမ်းဆင်ခြင်ခဲ့မှု (သုစိပုဘာ) အလေ့အကျင့်မျိုးတို့နှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိ ၊ သူတို့သည် အာဏာရှင်ခေတ်မှာ ပေခေါက်ချောင်ပိတ်ပြီး အလွတ်မှတ်စာမျိုးကိုသာ သင်အံခဲ့ရသလို အမျိုး၊ ဘာသာ၊ သာသနာ စသော “အတုအယောင် အနှစ်လက္ခဏာ” မှိုင်းလုံးတို့ တိုက်ခံခဲ့ရသည်မှာ အထင်းပါတည်း။
ဟုတ်ကဲ့၊ ညောင်ရမ်းခေတ်သည် ပဒေသရာဇ် ခေတ်ဖြစ်ပေမယ့်လည်း မမိညိုသည် “တောင်တွင်မြင်းမိုရ် ကျွနု်ပ်ဆိုသား” ဟု လွတ်လပ်စွာ ကြွေးကျော်နိုင်ခဲ့ပါ၏ ။ ထို့အတူ မမိဖြူ သည်လည်း သူနှင့်အပြိုင် “ကျွန်းတွင်ဇဗ္ဗူ ကျွနု်ပ်ဟူသား” ဟု သောင်းတိုက်ကကြားစေခဲ့သလို ရဟန်းသံဃာများကိုပါ ဆရာနေရာကနေပြီး စာပြပေးနိုင်ခဲ့ပါသည်။ ဘောက်မဲ့ကြောင့် ကနေ့ဒီမိုကရေစီခေတ်တွင် ဘုန်းကြီးခေါင်းဆောင်ဆိုသူတို့က သင်္ဂါယနာတင်သလို အစည်းအဝေးတွေလုပ်ပြီး “သည်မိန်းမတွေ လင်ယူမတတ်လို့ သာသနာ ညှိုးနွမ်းမှာမို့လို့ ထောင်ချပစ်ရမည်” ဟု မျိုးစောင့်ဥပဒေကို ပြဌာန်းရမည် ဆိုပြီး ဗုဒ္ဓဘာသာ အမျိုးသမီးတွေကို လာပြီး နှိမ်နေတာမျိုးသည် ခေတ်နောက်ပြန်ဆွဲနေသည်လို့ပင် မမည်၊ မိမိတို့တွင် တရားဓမ္မ၏ ဂုဏ်ရည်ကို မကျင့်ကြံမှု၊ နားမလည်မှု၊ ဗုဒ္ဓတရားဆိုင်ရာ အစစ်အမှန် အသိတရား ခေါင်းပါးနေမှုကို မသူတော်သည် ကိုယ့်ကိုကိုယ်ဖော်နေခြင်း ပါတည်း။
ဗုဒ္ဓတရားဆိုင်ရာ အစစ်အမှန် အသိတရား ခေါင်းပါးနေမှု ဆိုတာကို ဆိုပါဦးမည်။ ထိုသို့ “ဗုဒ္ဓဘာသာမများ” အတွက်ဟု ဆိုကာ ၄င်းတို့၏ နှိမ်ချသေးသိမ်သော အမြင်ကို အခြေပြု၍ မျိုးစောင့်ဥပဒေ ပြုလိုသူ ဘုန်းကြီး (ဆိုသူ) တို့သည် သကျသီဟစသော စစ်အစိုးရက ပုံသွင်းခဲ့သည့် ၏သည်မရွေး ကြက်တူရွေးစာအံ စာမေးပွဲများကိုသာ အောင်လာတတ်ပါ၏။ လေ့လာသုံးသပ်ပြီး ထိုးထွင်းသင်ယူနိုင်မှုဘက်မျိုးမှာမူ လွန်စွာ ချို့ငဲ့မွဲတေရကား တကယ့် ဗုဒ္ဓဘာသာ၏ အစဉ်အလာတွင် “ဗုဒ္ဓဘာသာ အမျိုးသမီး” တို့သည် မည်သို့ ဘာသာခြား လင်ယောင်္ကျား တို့အပေါ် ကျယ်ဝန်းမြင့်မြတ်စွာကျင့်ကြံခဲ့သလဲ ဆိုတာကို တွေးခေါ်စဉ်းစား ဝေဖန်သင်ယူတတ်သူ သာမန် လူဝတ်ကြောင်တို့ လောက်မှပင် နားမလည်တတ်ကြကုန်။
ပမာအားဖြင့် ပြရလျှင် ဘုရားရှင်လက်ထက်တော် အခါက မေတ္တာအရာတွင် ဧတဒင်္ဂဘွဲ့ရ သာမာဝတီ မင်းသမီးသည် ဘာသာခြားဖြစ်သော လင်ဖြစ်သူ ဥတေနမင်းဖြင့် ပေါင်းသင်းပါ၏ ။ ထိုသို့ ပေါင်းသင်းပေမယ့်လည်း လင်ဖြစ်သူ ဘာသာခြားကို ဗုဒ္ဓကို ကိုးကွယ်ပါဟု မတိုက်တွန်းခဲ့။ လင်လည်း သူ ကိုးကွယ်ချင်သောသူကို ကိုးကွယ်၊ သူမလည်း သူမ ကိုးကွယ်လိုသည့် ဘုရားအမှူးရှိသည့် သံဃာတော်တို့ကို လွတ်လပ်စွာ ကိုးကွယ်သည်သာတည်း။ နောက်ဆုံးတွင် လင်ဖြစ်သူယောင်္ကျားက မလိုဂုံးချောသော မယားငယ်ကြောင့် သူမကို အမြင်မှားပြီး သူမနှင့်တကွသော မောင်းမ ဗုဒ္ဓဘာသာအမျိုးသမီးတို့ကို သတ်ဖြတ်ရန် လေးတော်တင်ပြီးပစ်ရာတွင် ထိုဗုဒ္ဓဘာသာ အမျိုးသမီးအားလုံးသည် ဗုဒ္ဓရှင်တော်၏ အဆုံးအမဖြစ်သည့် မေတ္တာကို မပြတ်ပို့သသောအားဖြင့် မျှားတို့သည် မေတ္တာရှင် အမျိုးသမီးတို့အား မခခဲ့။ ထိုအံ့ဘွယ်သရဲကို မြင်သောအခါ ဥတေနမင်းသည် သာမာဝတီ ခြေရင်းတွင် ရှိခိုးတောင်းပန်ပြီးလျှင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ပါ၏ ။ သည်မှာ မှတ်ရန်မှာ ငါတို့ ဗုဒ္ဓဘာသာသည် ‘သည်းခံခြင်းဖြင့်သာ’ သာသနာပြုခြင်း ဆိုသည်ကို အထူး သိမှတ်စေလိုပါသည်။ လူတစ်ဦး၏ ပုဂ္ဂလိက အဝန်းအဝိုင်းကို ထိပါးစော်ကား၍ ဗုဒ္ဓဘာသာသို့ ကူးပြောင်းရမည်ဟု ‘ခြိမ်းခြောက်အကြပ်ကိုင်မှု’ ကို ကျင့်သုံးမှုမျိုးသည် “သွာက္ခာတော” (ဝါ)
အစအလယ်အဆုံး ကောင်းသော မြတ်သော တရားဓမ္မ၏ ဂုဏ်ရည်ဖြင့်သာ တည်ထောင်ထားသည့် ဗုဒ္ဓသာသနာတွင် ဘယ်ခါမှလည်း မရှိခဲ့၊ဘယ်ခါမှလည်း မရှိနိုင်။ ခြိမ်းခြောက်အကြပ်ကိုင်မှု အာဏာကို သုံးကာ ဗုဒ္ဓဘာသာခံခိုင်းခြင်းသည် ငါတို့၏ ဗုဒ္ဓတရားကိုယ်တိုင်ကိုက မကောင်းညံ့ဖျင်းလို့ အဲသလို လုပ်ရတာလား ဆိုတာကို အဲသည် ဘုန်းကြီးညံ့ဖျင်းတွေကို အင်မတန်မှကို မေးချင်စရာ ပါတည်း။ အင်း၊ သေးသိမ်ညံ့ဖျင်းသော ဒေဝဒတ်ဆိုတာဟာလည်း မြတ်စွာဘုရားကဲ့သို့ ကောင်းမွန်ကျယ်ပြောသော တရားဓမ္မ၏  ကြန်အင်လက္ခဏာသက်သက်နဲ့ သူ့မှာ မရပ်တည်နိုင်တဲ့အခါ အာဏာရှိတဲ့ ဘုရင်နဲ့ သွားပလူးရတာ မျိုးပေပဲ ၊ ဟုတ်ကဲ့ မဟုတ်လား။
သည်မှာ သည်ဘုန်းကြီးတွေက သူတို့၏ ရည်ရွယ်ချက်ကို “ ဟေ့၊ ငါတို့က ဗုဒ္ဓဘာသာ အမျိုးသမီးတွေရဲ့  ပုဂ္ဂလိက အဝန်းအဝိုင်းကို သည်ကောင်တွေ လာပြီး မထိပါးရလေအောင် စောင့်ရှောက်ဖို့ရည်ရွယ်တာ ။ ခြိမ်းခြောက်အကြပ်ကိုင်မှုဆိုတာ သည်လိုစောင့်ရှောက်ဖို့ အတွက် လုပ်ရတာ” ဆိုကာ လုံးထွေးလီဆည်ပြီး ထပ်ပြောနိုင်ပါသည်။ ဟုတ်ကဲ့ ၊ ဒါမျိုး ပြောလာခဲ့လျှင် ကျွန်တော်ပြန်ဆိုထားသော အကြွင်းမဲ့ လွတ်လပ်သော အခြေခံ ဥပဒေ မှ နှစ်ဆယ်ရာစုခေတ် ကမ္ဘာ္ဗထိပ်တန်း ဥပဒေတွေးခေါ်ပညာရှင် ဟိုင်းရက်က ဆိုမိန့်ခဲ့သော ဂန္တဝင် စာသားတစ်ပိုဒ် ကို ကိုးကား၍ ကျွန်တော် တုံ့ပြန်ပါရစေ။

“ခြိမ်းခြောက်အကြပ်ကိုင်မှုကို လုံးဝ ရှောင်လွဲ၍ရသည်ကား မဟုတ်။ အဘယ်ကြောင့်ဆိုသော် ခြိမ်းခြောက်အကြပ်ကိုင်မှုကို ဟန့်တားနိုင်ရန် တစ်ခုတည်းသော နည်းလမ်းသည် ခြိမ်းခြောက်အကြပ်ကိုင်မှု နှင့်ပင် ခြိမ်းခြောက်ထားရသောကြောင့် ပါတည်း။ လွတ်လပ်သော လူ့ဘောင်တို့သည် ဤပြဿနာကို ဖြေရှင်းကြသည်မှာ ခြိမ်းခြောက်အကြပ်ပိုင်ခွင့်ကို လက်ဝါးကြီး အုပ်ပိုင်ခွင့်ကို နိုင်ငံတော်ကိုသာ အပ်နှင်းထားလိုက်ပြီး အဲသည် နိုင်ငံတော်အာဏာဆိုသည်ကို သီးသန့်ပုဂ္ဂိုလ်တို့၏ ခြိမ်းခြောက်အကြပ်ကိုင်မှုမှ ကာကွယ်ရန် လိုအပ်လာသော ကိစ္စတို့တွင်သာ ကျင့်သုံးစေရန် ထိန်းချုပ်ကန့်သတ်ထားဖို့ (ကြိုပြီးတောက်လျှောက်) ကြိုးပမ်းထားခြင်းဖြင့် ပေတည်း။ ဤသို့ အကောင်အထည် ဖော်နိုင်ဖို့ကို ဖြစ်နိုင်ခြေမှာ တစ်မျိုးတစ်စားတည်းသာ ဖြစ်ပါ၏။ ယင်းသည် နိုင်ငံတော်ကနေပြီး လူတစ်ဦးချင်းက သိမြင်ပြီးသော သူ့တစ်သီး ပုဂ္ဂလိက စက်ဝန်းကို တပါးသူတို့ လာရောက်မထိပါးစေရန် ကာကွယ်စောင့်ရှောက်ပေးခြင်း ဖြစ်ပြီး သူ့တစ်သီး ပုဂ္ဂလိကစက်ဝန်း ဆိုသည်ကို ကန့်သတ်ခြင်းမရှိ ဖွင့်ထားပေးခြင်း ပေတည်း။ ထိုနှင့် ဆန့်ကျင်ဘက်သိရမည်မှာကား လူတစ်ဦးချင်း၏ တစ်သီးပုဂ္ဂလ စက်ဝန်း ဆိုသည်မှာ ဒါဘဲ ဖြစ်ရမည်ဟု နိုင်ငံတော်မှ သီးသန့်သတ်မှတ်ပေးပြီး ကာကွယ်စောင့်ရှောက်ခြင်းမျိုးမှာ မူကား မဟုတ်မဟပ် လုပ်ရပ် မုချစင်စစ် ပေတည်း”

ညိုထွန်း

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၂)



ပထမအခန်းတွင် ဆွေးနွေးခဲ့သလို ဤစာအုပ်သည် လက်ရှိ ထိပ်တိုက်ရင်ဆိုင်မှုများကို နားလည်စဉ်းစားနိုင်ဖို့ရန် အသိသညာ အခြေခံစနစ်ဘောင် (framework) ကို ဖော်ဆောင်ပေးရန် ရည်သန်ပါသည်။ လူတွေကို တစ်ဖုံတစ်စားတည်း ခွဲခြားမှုသည် ယခု လက်ရှိသိနေကြသော အသိသညာစနစ်ဘောင်တို့တွင် တစ်ခန်းတစ်ကဏ္ဍ မင်းမူနေပြီး ဤသဘောသည် ကိစ္စတို့ကို ပိုမိုရူပ်ထွေးစေသော အကြောင်းရပ်လည်း ဖြစ်ပါသည်။ ဤရူပ်ထွေးမှုသည် ကျွန်တော်တို့နေသော ကမ္ဘာမြေကို မီးလောင်တိုက်ထဲ မောင်းချနေပါ၏။ သည်မှာ ကျွန်တော် ညွန်ပြမည့် ပြဿနာသည် အနောက်တိုင်းက လူတွေက တခြား ယဉ်ကျေးမှုများကို ဆီမစွတ်ဘဲ သေးသိမ်စွာ မြင်လိုသည့် အမြင်ကြမ်း အမြင်ရိုင်းတို့ထက် များစွာ သိမ်မွေ့နက်နဲလှလွန်း ပါ၏။ (လူတွေက ဥာဏ်ရှိသည် ယဉ်ကျေးသည် မှန်ကန်သည်ဟု မှတ်ယူကြသော - moral relativism) အနောက်၏ အမြင်သည် ဘယ်လို ရိုင်းတတ်သလဲဆို အမေရိကန် စစ်တပ်မှ ထိန်းမရအောင် မြှောက်သော လက်ဖတင်နင် ဗိုလ်ချုပ် ဝီလျံ ဘွိုင်းကင်း၏ ပြောပုံကို ကြည့်ပါ (သင်းက ဆိုသော ငါ့ဘုရားဟာ သည်ကောင်တွေ ဘုရားထက် ကြီးတယ် ဆိုတာကို ပထမ အခန်းတွင် ပြန်ရူပါလေ) ။ အဲသလို ဦးနှောက်မရှိ ပုစွန်ခေါင်းနှင့် ကြည့်မြင်သော အမြင်မျိုးတို့ကို ကနေ့ကမ္ဘာတွင် ကြုံတွေ့မိဖို့ရန် ခက်လှသည် မဟုတ်ပါ။
            ဒါမျိုး ဦးနှောက်မရှိတာတွေထက် ပိုမိုကြီးမား၍ ပိုလည်းယျေဘုယျကျသော ပြဿနာ တစ်ခုကို ငါတို့မြင်ရမည်မှာ (လူတွေကို လူဆိုးငပွေးဆိုပြီး ဗြောင်ကင်ပွန်းတပ်နေခြင်း မရှိသည့်တိုင်အောင်) လူတွေကို ဘာသာရေး အမှတ်လက္ခဏာဖြင့်သာ တစ်မျိုးတစ်စားတည်း ပိုင်းဖြတ်ကြည့်မြင်ရာမှ ဆက်လက် ဖြစ်ပေါ်လာသော ကြောက်စရာကောင်းသည့် အကျိုးဆက်တို့ကို ဖြစ်ပါသည်။ ဤကိစ္စသည် မျက်မှောက်ကမ္ဘာတွင် ပေါ်ထွန်းလာသော ကမ္ဘာလုံးဆိုင်ရာ မဟားတရားလုပ်မှု နှင့် အကြမ်းဖက်ဝါဒတို့၏ သဘာဝ နှင့် ရွှေ့လျားလည်ပတ်နေပုံကို နားလည်ဖို့ရန် အသည်းအသန် အရေးပါသည့် အမှတ်နေရာ ဖြစ်ပါ၏။ ကမ္ဘာကြီးကို ဘာသာရေးလက္ခဏာတို့ဖြင့် တံတိုင်းထရံကာပြီး အုပ်စုခွဲခြားခြင်းသည် ကမ္ဘာအနှံ့အပြားမှာ ရှိသည့် လူတွေနှင့် ၄င်းတို့ကြား ရှိသည့် စုံလင်ကြွယ်ဝသော နွယ်ဆက်မှုများကို အလွန်တရာ ချွတ်ချော်လွဲမှားစွာ နားလည်နေခြင်း ဖြစ်ရုံသာမက ယင်းသည် လူတစ်ဦးတစ်ယောက်ကို ၄င်း၏ သီးသီးသန့်သန့်  လက္ခဏာတစ်မျိုးတည်းကိုသာ ထင်းကွက်ပြီး မြင်နေတာဖြစ်ပြီးလျှင် ထိုသူတစ်ဦးတွင် ရှိသော အခြား အရေးပါသည့် လက္ခဏာ အရေးအရာ မှန်သမျှကို အပြီးဝကွက် ပစ်ပယ်ထားခြင်းမျိုး ဖြစ်သည်။
            အစ္စလမ် အကြမ်းဖက်ဝါဒကို ကိုင်တွယ်ဖို့ ကြိုးစားကြရာတွင် မူဆလင်တစ်ဦး ဖြစ်ခြင်းသည် ထိပ်တိုက်ရင်ဆိုင်လိုသော စစ်သွေးကြွဝါဒကို ကိုင်စွဲထားရန် တောင်းဆိုထားပါသလား ဆိုတာနှင့် စပ်ပြီး စကားငြင်းခုံပွဲများ ဖြစ်ပေါ်ခဲ့ပါသည်။ သို့မဟုတ်လည်း များစွာသော ကမ္ဘာ့ခေါင်းဆောင်တို့က နွေးထွေး ― စိတ်အားတက်ကြွဖွယ်ရာ  ငြင်းပြုသလိုပင် “မူဆလင် အစစ်အမှန်” တစ်ဦးသည် သည်းညှင်းခံသောသူ ဖြစ်သည် ဆိုတာမျိုးလည်း တင်ပြကြပါသည်။ အစ္စလမ်လို့ ဖြစ်ခဲ့လျှင် မဖြစ်မနေ ထိပ်တိုက်ရင်ဆိုင်ရမည် ဟူပြီး ဖတ်ရူဘာသာပြန်နေခြင်း မျိုးကို ငြင်းပယ်ခြင်းသည် မုချ သင့်လျော်မှန်ကန် သလို ကနေ့လိုမျိုး အချိန်အခါတွင် အင်မတန် အရေးကြီးသော ကိစ္စလည်း ဖြစ်ပြီး သည်အရေးကိစ္စမျိုးအတွက် အထူးသဖြင့် တိုနီဘလဲ၏ ဆောင်ရွက်ချက်များသည် ချီးမွမ်းသြဘာပေးဖို့ရန် ထိုက်တန်ပါပေ၏ ။ သို့သော် ဘလဲက ခဏခဏ ကိုးကားသည့် “အစ္စလမ်၏ အလယ်အလတ် သဘောထား ထင်ဟပ်ပေါ်လွင်နေသော စစ်မှန်သည့် အသံ” ဆိုသော သဘောမျိုးကိုတော့ ငါတို့ မေးခွန်း ထုတ်ရမည်မှာ ―  မူဆလင် အစစ်အမှန် ဆိုတာကို ထိပ်တိုက်ရင်ဆိုင်ခြင်း နှင့် သည်းညှင်းခံခြင်း စသည့် လူမှုရေး နှင့် နိုင်ငံရေးရာ ကိစ္စတို့တွင် လာပြီး ပိုင်းခြားသတ်မှတ်လို့ရသလား ဆိုတာနှင့် ငါတို့ရှေ့တွင် ဆွေးနွေးခဲ့သလို သမိုင်းတွင်လာသည့် မူဆလင်ပေါင်းစုံတို့၏ မတူကွဲပြားသည့် ကျင့်ကြံပြုမူဟန်များကို ကြည့်ခြင်းအားဖြင့် ― အဲသလို သတ်မှတ်ဖို့ တကယ်ကော လိုပါသလား ၊ ဤသို့ ပိုင်းခြားသတ်မှတ်လို့ကော လုံးဝ ရလို့လား ဆိုတာကို ပေတည်း။
            အဟုတ်အသေအချာ ပါပဲ၊ သွင်ပြင်လက္ခဏာ တစ်မျိုးတစ်စားတည်းကိုသာ စွဲယူနေသော အသိတရားဆိုင်ရာ ပြဿနာသည် မူဆလင်တို့ကိုသာ ရည်ညွှန်းမတ္တဖြစ်သော ပြဿနာ သီးသန့်ထူးခြား မဟုတ်ပါ။ ၄င်း အသိတရား ပြဿနာသည် ခရစ်ယာန်၊ ဂျုး ၊ ဟိန္ဒူ နှင့် ဆိ စသော ဘာသာတရား သက်ဝင်ယုံကြည်သူ လူမျိုးစုံ၏ နိုင်ငံရေးအမြင် နှင့် လူမှုရေးပိုင်းဆိုင်ရာ ပိုင်းဖြတ်ဆောင်ရွက်ချက်များကို မှန်ကန်စွာ နားလည်ဖို့ရန် ကြီးမားစွာ ဖုံးအုပ်ထားသော အယူအစွဲ ဖြစ်ပါသည်။ ယင်းသို့သော (ဇာတ်တူသား) အယူအစွဲ တစ်ခုတည်းပေါ် မူတည်ပြီး သိမြင်ခြင်းကြောင့်လည်း ဘာသာရေးခေါင်းဆောင်ဟု ကိုယ့်ကိုကိုယ် ညွှန်းဆိုသူတို့သည် (သို့မဟုတ်လည်း မီဒီယာတို့မှ မြှောက်ပင့်ခံရသူတို့သည်) ငါ့ရဲ့ “တိရစ္တာန်အုပ်” အတွက် ငါသည် ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်ဟု ကြော်ငြာမောင်းလည်ခြင်းတို့သည် ဖြစ်ပေါက်လာကုန်ကြ၏ ။ သည်လို တစ်ဇာတ်တူသား တစ်ဖုံတစ်စားချည်းတည်း ဟု ခွဲခြမ်းကြည့်မြင်သော အသိကြောင့် ဘာသာရေး အသီးသီးတွင်  အာဏာကို အဆင့်ဆင့် ကျောက်တိုင်ပမာ ကေသရာသို့ မိုးမတ်စိုက်ထူသူတို့၏  အမိန့်ပေးသော အသံမျိုးသည် ကျယ်လောင်လာတတ်သလို တစ်ခြားသော လူ့ဘဝမျက်နှာစာတို့သည် ဘာသာရေးနှင့် နိုင်းစာလျှင် သေးသိမ်သည့် သဖွယ် ၊ အရေးလုပ်ဖွယ် မလိုသည့်သဖွယ် ဖြစ်ပျက်လာကုန်ကြ ပေသည်။
            ကနေ့တွင် စိုးရိမ်ကြသလို ― အံအားလည်းသင့်ကြသည့် အချက်မှာ ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်ရန် ဆိုပြီး အနောက်ကမ္ဘာသည် မူဆလင် ဘာသာရေးအုပ်စုတို့ နှင့် ခရစ်ယာန်မဟုတ်သော ဘာသာရေးအုပ်စုတို့၏ ခေါင်းဆောင်ဆိုသူ တို့ကို အပြန်အလှန် စကားဆွေးနွေးပွဲများတွင် ဆွဲသွင်းပါဝင်လာစေပေမယ့်လည်း ဘာသာရေးအစွန်းရောက် ဝါဒ နှင့် စစ်သွေးကြွ လူခန့်အပ်မှု တို့သည် ယင်းအနောက်နိုင်ငံတို့တွင် သာပြီးတော့တောင် ဆိုးလာခြင်း ဖြစ်ပါသည်။ ဟုတ်ပါ၏ ၊ ဤသည်မှာ အဆန်းတကျယ် ဖြစ်ပြီး ပေါ်ပေါက်လာတာ မဟုတ်ပါ။ ဘာသာရေး ခေါင်းဆောင်ဆိုသူတို့နှင့် ဘုန်းကြီးများကို နိုင်ငံရေး ရည်ရွယ်ချက်တွေကို ထောက်ခံရန် နှင့် နောင်ပြီး  လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးရာ လူမှုရေးရာ သဘောထားတွေနှင့် ကိုက်ညီရန်ဆိုပြီး ဘာသာတရားဆိုတာကို ပြန်လည် သတ်မှတ်ဖွင့်ဆိုရန် ကြိုးပမ်းနေခြင်းသည် လူတွေမှာရှိသော ဘာသာရေး နှင့် မဆိုင်သည့် တန်ဖိုးများ၏ ထင်ရှား အရေးပါပုံ နှင့် ယင်း တန်ဖိုးများသည် လျောက်ပတ်သလို သူ့ အပိုင်းကဏ္ဍနှင့်သူ ရှိကြောင်းတို့ကို သေးသိမ်စေခြင်း ဖြစ်ပါ၏။
            ဗလီဆရာ နှင့် သင်းအုပ်ဆရာတွေကို ၄င်းတို့ နှီးရင်းသည့် ဘာသာရေးလောက၏ အပြင်ဘက်ကမ္ဘာတွင် တစ်ခန်းတစ်ကဏ္ဍ ပါဝင်ကပြစေခြင်းသည် ဗလီတွေ နှင့် ဘုရားကျောင်းတွေမှာ ဟောပြောပုံတွေကို အကျိုးခြားနား သက်ရောက်မှု တစ်စုံတစ်ရာ ရှိနိုင်ပါသည်။ သို့ပေမယ့် သည်လိုမျိုး လုပ်တာဟာ သဘောသဘာဝကိုက နိုင်ငံရေး နှင့် လူမှုရေးဖြစ်သည့် ပြဿနာများကို မူဆလင်ဘာသာဝင် ပြည်သူလူထုမှ အရပ်ဘက်ဆိုင်ရာ စဦးဆောင်ရွက်မှုများဖြင့် သူတို့ကိုယ်တိုင် (အများသူငါတို့နှင့်တကွ) ရွှေ့လျား ဖြေရှင်းလိုသော သဘောကို သေးသိမ်နူတ်နယ် စေပါ၏ ။ နောက်ထပ်လည်း ဤသို့ ဘာသာရေးဆရာတွေကို ပွဲတွေလုပ်ပေးပြီး အားပေးအားမြှောက်လုပ်ခြင်းသည် ထို မတူညီသော ဘာသာတရားတို့မှာ ရှိသည့် လူအပေါင်းကို ပိုမိုဝေးကွာသွားစေသော အာရုံမျိုးကို ဖြစ်ပေါ်စေပါသည်။ မည်သို့နည်းဟူမူ ထိုလူအပေါင်းတို့၏ သီးသန့် ထင်ရှားကွဲပြားသည့် ဘာသာတရား အမှတ်လက္ခဏာတို့သည်သာလျှင်  ပေါ်လွင်လာစေတတ်ပြီး ထိုသူတို့၏ ဘာသာရေးမဟုတ်သည့် လူမှုကိစ္စလက္ခဏာ အဝဝကို (ဥပမာအားဖြင့် တစ်နိုင်ငံတည်းသား ဖြစ်ခြင်း၊ တစ်မြို့တည်းသား ဖြစ်ခြင်း၊ တစ်စကားတည်းကိုပဲ ပြောသူဖြစ်ခြင်း၊ လွှတ်တော်အမတ်တွေကို မကြိုက်တာကတော့ အတူဖြစ်ခြင်း၊ အေးမြတ်သူကို သဘောကျတာကတော့ အတူဖြစ်ခြင်း စသည်ကို) ကွယ်ကာ၍ ထားတတ်ပါသည်။ စင်စစ် ဘာသာရေး မဟုတ်သည့် ထို အခြား လူမှုသွင်ပြင်လက္ခဏာ ပေါင်းစုံတို့သည် လူ့ဘောင်တစ်ခုတွင် လူတို့အား သဘောညီမျှ ရှိစေမှုကို ပိုမို၍ ဆောင်ကြဉ်းနိုင်အားပါ၏ ။ မူဆလင်ဖြစ်သည့် ဗြိတိသျှ နိုင်ငံသားတစ်ဦးသည် သူ့ လူတစ်ဦးချင်းကို မတော်မတရားလုပ်လာမှုတို့မှ ကာကွယ်စောင့်ရှောက်ခံရရန် အရေးကို ကြောင့်ကြသောအားဖြင့် နိုင်ငံတော် ဝန်ကြီးချုပ်ကြီး တိုနီဘလဲ နှင့် စကားပြောချင်ပါသော်လည်း ထိုဝန်ကြီးချုပ်ကြီး တိုနီဘလဲသည် ဘာသာရေး ခေါင်းဆောင်ကြီး ဆိုသူတွေနဲ့ပဲ စကားပြောရန် သီးသန့်တိပ စိတ်အားထက်သန် နေခဲ့ပါသော် ထိုမူဆလင်ပြည်သူသည် ဝန်ကြီးချုပ်ကို အကြောင်းကြားရန် ခေါင်းဆောင်ဆိုသူ မူဆလင် ဗလီဆရာတွေကို အားကိုးအားထား လုပ်နေရပါမည်လော။

စာချပ်။ ။ မူဆလင် နေရာမှာ ဗုဒ္ဓဘာသာ၊ ဗလီဆရာ နေရာမှာ ဘုန်းကြီးဟု မြန်မာပြည် လက်ရှိပြဿနာ နှင့် အစားထိုးပြီး မြင်တတ်ပါလေ။ စင်စစ် လူမှုရေး နှင့် နိုင်ငံရေး ပြဿနာတို့ ဆိုသည်မှာ လူ့ဘဝ လူမှုလူဘောင်၏ ပြဿနာသာ ဖြစ်၏ ။ ဘုန်းကြီး၏ ပြဿနာ မဟုတ်။ ဘုန်းကြီးဆိုသည်မှာ ယျေဘုယျအားဖြင့် လူမှု လူ့ဘောင်ဘဝ ဆိုတာမျိုးကို ရုန်းကန်လှုပ်ရှားခဲ့သော ဘဝအတွေ့အကြုံမျိုး ၊ ခံစားတတ်မှုမျိုး နှင့် နောင်ပြီး နားလည်တတ်ခြင်းမျိုး ရှိသည် မဟုတ် ။ ကိုယ်တော်တို့တွင် ထိုကိစ္စတို့နှင့်စပ်၍ စာသဘော လေ့လာမှုအားကြောင့် သုတမယဥာဏ် တမူကား ရှိနိုင်ပါ၏ ။ သို့သော် တကယ့် လူ့ဘဝတွင် ကျင်လည်ကျက်စားဖြတ်သန်းရသည့် လူဝတ်ကြောင် ပြည်သူတစ်ဦးချင်းတို့၏ ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ရသော လူမှုဘဝ အတွေ့အကြုံမှ လာသော ပြဿနာ၏ အတိမ်အနက်ကို ထွင်းဖောက်မြင်နိုင်သော ဝိဇ္ဖာမယဥာဏ်၊ ထို့ထက် အခက်အခဲတို့ကို လက်တွေ့စွမ်းဆောင် ကျော်လွှားနိုင်ရန် ကြပ်ကြပ်တည်းတည်း ကြံစည်ရသော စိန္တာမယဥာဏ်မျိုးသည်ကား ထိုကိုယ်တော်တို့တွင် မရှိနိုင် ။ ထို့ကြောင့် လူ့ဘဝ လူ့ဘောင်၏ “နိုင်ငံရေးရာ ၊လူမှုရေးရာ ပြဿနာတွေကို ကိုယ်တော်တို့ ပါဝင်ဦးဆောင် ဖြေရှင်းပါ” ဆိုသော မူဝါဒမျိုးသည် လုံးဝလွဲမှားသော မူဝါဒဖြစ်သည့် အပြင် ယင်းသို့ ဘာသာရေးအာဏာကို လူမှုကိစ္စတို့တွင် ရှေ့ကို ပွဲထုတ်လာခြင်းသည် ပြခဲ့သလို ပေါကြွယ်စုံလင်သော လူမှုလက္ခဏာ များစွာ၏ ဖြည့်ပါဝင်မှုကို တံခါးဟင်းလင်းဖွင့်လှစ်ထားသော လူ့ဘောင် (Open Society) မြန်မာပြည်တွင် ပေါ်ထွန်းဖို့ရာ အရေးကိစ္စကို သေးသိမ်နိမ့်ကျ စေခြင်းပေတည်း။ အမေရိကန် ပြည်ထောင်စု ၏ လွတ်လပ်ရေးကြေငြာစာတမ်းရှင် သောမတ် ဂျက်ဖာဆန်က သည်သို့ ချို့ယွင်းကျဉ်းမြောင်းသော အယူအဆနှင့် စပ်၍ ပြောခဲ့သည်မှာ

“သမိုင်းဟူသည်တွင် ငါယုံကြည်မိသည်မှာကား ဘုန်းကြီးစီးသည့် လူထုဟူသည် လွတ်လပ်သော အရပ်သားအစိုးရကို ထိန်းသိမ်းထားနိုင်သည့် ဥပမာဟူ၍ လုံးဝမရှိ ။ ဘုန်းကြီးစီးသည့် လူ့ဘောင်မျိုးကို လိုချင်ခြင်းသည်  မိုက်မဲပိတ်ဖုံးသည့် အနိမ့်ကျဆုံး အသိတရား၏ လက္ခဏာမျိုးဖြစ်သလို ဒါမျိုး အမိုက်တရား ထွန်းကားသည့် နိုင်ငံသည် အရပ်ဖက်ခေါင်းဆောင် တို့မှရော ဘာသာရေး ခေါင်းဆောင်တို့ပါမကျန် သူ့တို့ စီးပွားအမြတ်ထွက်ရဖို့သာ လိုက်ရှာနေမည့် လူ့ဘောင်မျိုးပေတည်း”

ညိုထွန်း

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၁)



ပမာအားဖြင့် အင်ဒိုနီးရှားကို လုပ်ကြံလာသော ရှာရီရာပြုခြင်း (အစ္စလမ် ဓမ္မသတ် ရှာရီရာကျမ်းမှ ကျင့်ထုံးတို့ကို လူမှု ဥပဒေအဖြစ် ကျင့်သုံးခြင်း) ကို အင်ဒိုနီးရှား မူဆလင် ဘာသာရေးပညာရှင် ဆီရဖိ အန်ဝါက သတိပေး ဖော်ပြရာတွင် ဤလုပ်ဆောင်ချက်သည် ဘာသာရေးကျင့်ထုံးကို ပြန့်ပွားဖို့ရာ မျှော်မှန်းသည့် ရည်ရွယ်ချက်ရိုးရိုး ဟု ယူဆ၍ မရ၊ ၄င်းလုပ်ရပ်သည် ခက်ထန်ရန်လိုသော လူမှုရေး၊နိုင်ငံရေး ရူဒေါင့်တစ်ခုကို အစဉ်အလာတွင် သည်းညှင်းခံမှုကို ကျင့်သုံးသလို ယဉ်ကျေးမှုတို့ ကြွယ်ဝစုံလင်သည့် ဤနိုင်ငံတွင် အကောင်အထည် ပေါ်လာစေရန် တိကျစွာ ကြံစည်ခြင်း ဖြစ်သည် ။ အလားတူ ကိစ္စမျိုးကို နိုင်ငံတော်တော်များများတွင် တွေ့ရရာ ယင်းတို့ထဲမှ တစ်နိုင်ငံမှာ မလေးရှား ဖြစ်ပြီး သမိုင်းအားဖြင့် ဤနိုင်ငံသည် ယဉ်ကျေးမှုမျိုးစုံ နှင့် အလှမ်းကျယ်သည့် နိုင်ငံရေးဖြစ်စဉ်တို့ ပေါကြွယ်ခဲ့သည့်တိုင် အစ္စလမ်အမည်ကို သုံး၍ ထိပ်တိုက်ရင်ဆို်င်မှုကို လိုလားသော ယဉ်ကျေးမှုမျိုး ဖြစ်ထွန်းလာအောင် တဟုန်ထိုး မြှင့်တင်ပေးမှုတို့ ပေါက်ပျက်လာခဲ့ပါသည်။ ဤသို့ နိုင်ငံရေး အစွန်းရောက် ကိစ္စတို့ကို ငါတို့တတွေ ခုခံရမည့် အရေးတွင် ဦးစွာ ထင်ရှားသိမြင်ရမည့် အခြေခံအချက်မှာ ယင်းနိုင်ငံရေး ကျားကွက်တို့သည် (အင်ဒိုနီးရှား နှင့် မလေးရှား ကိစ္စတို့တွင်) အစ္စလမ်ဘာသာ ဟူသော အမှတ်လက္ခဏာကို ခုတုံးလုပ်ကြခြင်းသာ ဖြစ်ပြီးလျှင် ထိုသို့ ခုတုံးလုပ်ခြင်းသည် ရင်ဆိုင်မှု ပဋိပက္ခတို့ ဖြစ်ပွားလာအောင် အစီအစဉ်တကျ ကြံစည်စုစည်းသော လုပ်ရပ်တို့တွင် ကြီးမားသော အစိတ်အပိုင်း ဖြစ်နေသည် ဆိုသည်ကို ပေတည်း။

စာချပ်။ ။ ထို့အတူသာပင် မြန်မာပြည်က ၉၆၉ လမ်းစဉ်တို့ ဟူသည်မှာလည်း ဘာသာရေး လမ်းစဉ် လုံးဝ မဟုတ်။ ကျွန်တော်တို့ ကြည့်တတ်ဖို့ လိုသည်မှာ  ရန်လိုခက်ထန်သော ယဉ်ကျေးမှု တစ်ခု မြန်မာပြည်တွင် ပေါ်ပေါက်လာစေရန် တိတိပပထားရှိပြီး အလားတူ လုပ်ဆောင်နေသည့် ၉၆၉ ၏ ရည်ရွယ်ချက် စေတနာမျိုးကို ဖြစ်၏။ လွန်လေပြီးသော အမရပူရမြို့  မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ရှင်ဇနကာဘိဝံသက ၄င်း၏ ထေရုပတ္တိတွင် ရေးသားခဲ့သည်မှာ “ ဒို့မြန်မာတွေ ဘာသာရေးအသိ မိုက်မဲနုံနဲ့တာဟာ ဘုရားပင်လည်း ထင်ရှားရှိလျက် ဆင်းတုဖျက်တယ်။ တရားပင်လည်း ထင်ရှားရှိလျက် ကျမ်းဂန်ဖျက်တယ်။ သံဃာပင်လည်း ထင်ရှားရှိလျက် ဘုန်းကြီးဖျက်တယ်” ။  အတုအယောင် အမှတ်လက္ခဏာ တို့မည်သည် စစ်မှန်သော (ပရမတ္တ) ဘုရား၊ တရား၊ သံဃာတို့ကို ကိုယ်စားမပြု။ ထို မစစ်မှန်သည့် အမှတ်လက္ခဏာတို့သည် နဂိုကတည်းက တရားဓမ္မ၏ အမွန်မြတ်ဆုံး ဂုဏ်ရည်မျိုးဖြစ်သော သန္နိဌိက (အဖန်တလဲလဲ ချင့်နိုးစူးစမ်း ဝေဖန်အပ်ခြင်း) စသည့် ဂုဏ်ရည်မျိုးကို ပိတ်ဖုံးကာထားတတ်ပါ၏။ ပြခဲ့သည့် မကောင်းသော စေတနာမျိုးကို တိတိကျကျထားရှိပြီး ဖြန့်ဖြုးပြန့်ပွားစေသည့် ၉၆၉  လို အမှတ်လက္ခဏာမျိုးမူကား ဆိုဖွယ်ရာ မရှိ။ ကိုးကွယ်ရန်လည်း မဟုတ်၊ ကာကွယ်ရန်လည်း မဟုတ်။ အထူးသိမှတ်အပ်သည့် သဘောမှာ လောကသုံးပါး၏ အထွတ်ဖြစ်သည့် ဘုရား၊တရား၊သံဃာ အစစ်အမှန်တို့၏ အမြတ်ဆုံးသောဂုဏ်ရည်တို့ ဟူသည် မည်သို့သော ဘာသာရေး အမှတ်လက္ခဏာကမှ စိုးစဉ်းမျှပင် ကိုယ်စားမပြုနိုင်ကြောင်း ဆိုသည်ကို ပေတည်း။

ဝီရသူက ပြောသော အင်ဒိုနီးရှား နှင့် မလေးရှားတို့ သည်လို သူတို့ အစ္စလမ်ဘာသာတရားအတွက်လုပ်လို့ တုံ့ပြန်တဲ့ အနေနဲ့ ငါလည်း လိုက်လုပ်တယ် ဆိုသော ပရိယာယ်၏ နောက်ကွယ်တွင် ဖုံးအုပ်ထားသော နိုင်ငံရေး လက်မည်းကြီးကို မြင်တတ်ပါလေ။ တကယ်ကတော့
တုံ့ပြန် သော အနေဖြင့် လိုက်လုပ်ခြင်း မဟုတ်၊ ယင်းနိုင်ငံတို့တွင် ပြဆိုခဲ့သလို ဘာသာရေးကို နိုင်ငံရေးကျားကွက်ထဲ ဝင်လာအောင် တုပပြီး ဖန်တီး လိုက်လုပ်ခြင်းသာ ဖြစ်ပါ၏ ။ နောက်တစ်ချက်မှာ ယင်းနိုင်ငံတို့၏ အသေးစိတ်သော အတွင်းကျကျ နိုင်ငံရေး ဖြစ်စဉ်သဘောတို့ကို ယခုလေးတင်ကမှ ထောင်မှ လွတ်လာသလို လောကီဖက် ပညာအရည်အချင်းအားဖြင့် အင်မတန်အားနည်းသော ဤသူသည် ဘယ်လိုမျိုး ဖတ်မှတ်သိရှိပါ သနည်း။ နိုင်ငံရေး ဖြစ်စဉ် သီအိုရီ စာပေမျိုး ဆိုသည်မှာ အင်္ဂလိပ်စာ အတော်အတန်ကောင်းသူ တို့ပင် အတော်အတန် အားစိုက်ဖတ်ရသော ကိစ္စမျိုး ဖြစ်ပါ၏ ။ ပြီး နိုင်ငံငယ်များ ဖြစ်သော မလေးရှား နှင့် အင်ဒိုနီးရှားတို့မှ နိုင်ငံရေး ဖြစ်စဉ် ဆိုသည်မှာ ယင်းနိုင်ငံတို့၏ အပေါ်ယံကိစ္စတွေသည်ပင် ကမ္ဘာ္ဗမီဒီယာတွေမှာ တခမ်းတနား ပေါ်ပြုလာဖြစ်ပြီး ပါနေတာမျိုးလည်း မဟုတ်။ ဒါကို ကြည့်ခြင်းအားဖြင့် သည်ဇာတ်လမ်းတွင် ဝီရသူကို နောက်ကွယ်တွင် ပံ့ပိုးထားသော ရည်ရွယ်ချက် ရှိရှိဖြင့် ကြံဆောင်ထားသည့် မိစ္ဆာပညာရှင် တစ်ဦး (သို့မဟုတ်) အုပ်စုလိုက် နောက်မှာရှိကြောင်းကို ခန့်မှန်း၍ ရလောက်ပါသည်။ အချုပ်အားဖြင့် ၉၆၉  ဟူသည်မှာ အင်ဒိုနီးရှား နှင့် မလေးရှားမှ နိုင်ငံရေးစစ်တုရင်ကွက်ကို တုပပြီး ထိုစစ်တုရင် ကစားကွက်မျိုးကို မြန်မာပြည်တွင် ကစား၍ ရစေရန် ငွေကြေးအင်အားတောင့်တင်းသော နိုင်ငံရေး အင်အားစုတစ်စုမှ အကွက်ကျကျ လုပ်ဆောင်ဖန်တီးနေခြင်းသာတည်း။ ထိုဖြစ်စဉ်ကို နောက်ကွယ်က လုပ်ကြံသူတို့၏ မူလ မဟာဗျုဟာတွင် ရှိသည့် စေတနာမူကား သင်းကွဲအုပ်စု အမုန်းတရား ဖြစ်ထွန်းရေးခေါင်းဆောင် ဝီရသူကဲ့သို့ အစ္စလမ် ဘာသာကို တုံ့ပြန်ခြင်း မဟုတ်ရေးချ မဟုတ်နိုင်ပါသတည်း။

ညိုထွန်း။ ။ ခေါင်းစည်းနာမည်ကို နေ့သစ်မီဒီယာ http://www.naytthit.info မှ ပံ့ပိုးပါသည်။