Saturday, September 21, 2013

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၁၀)




သေချာလွန်းပါ၏၊ တခြားသောသူတို့က ငါတို့ကို ပိုင်းခြားသတ်မှတ်ထားသော ပုံစံသည် တို့ကိုယ်တို့ မြင်မိသော ပုံစံနှင့်  ခြားနားတတ်သည်ကို ငါတို့ သတိမမူမိတတ်ကြ ။ အီတလီ ပုံပြင်ဟောင်း တစ်ပုဒ်တွင် စိတ်ဝင်စားဖွယ် သင်ခန်းစာ တစ်ခုကို တွေ့မိပါရဲ့  ၁၉၂၀ နှစ်များက ဖက်ဆစ်နိုင်ငံရေးသည် အီတလီ နိုင်ငံအဝှမ်း အုတ်အော်သောင်းတင်း လူထုထောက်ခံမှုကို ရယူ အရှိန်ကောင်းလာလေရာ ဖက်ဆစ်ပါတီအတွက် လူစုဆောင်းသော နိုင်ငံရေး အရာရှိသည် တောသား ဆိုရှယ်လစ်တစ်ဦးနှင့် ထိုတောသားသည် ဆိုရှယ်လစ်ပါတီ အစား ဖက်ဆစ်ပါတီကိုသာ ပူးပေါင်းပါဝင်သင့်ကြောင်း သူတို့နှစ်ဦး ငြင်းခုံကြလေ၏ ။ “ကျုပ်တော့ဖြင့်” ဖက်ဆစ်ပါတီဝင် အလောင်းအလျာ ဖြစ်လာနိုင်သော တောသားက ဆိုလေ၏  “နင့်ပါတီထဲ မဝင်နိုင်ပေါင်။ ကျုပ်အဖေသည် ဆိုရှယ်လစ် ။ ကျုပ်အဘိုးသည်လည်း ဆိုရှယ်လစ် ။ မေးနေဖို့တောင် မလို။ ဖက်ဆစ်ပါတီထဲ ကျုပ်ဝင်မှာ မဟုတ်” ဟု  ငြင်းဆန်လေရာ ဖက်ဆစ်သမားခန့် အရာရှိက “ကလိုမျိုးတော့ နင်ငြင်းလို့ မရပါ” ဟု စိတ်ရှည်လက်ရှည် နှင့် ဖြောင်းဖြလေသည် ။ “ဆိုပါစို့ ၊ သည်လိုကိစ္စမျိုး ဖြစ်ခဲ့ရင် နင်ဘာလုပ်မလဲ”  ဟု သူက တောသားဆိုရှယ်လစ်ကို မေးလေ၏ ။ “နင့် အဖေဟာ လူသတ်သမား (ရာဇဝတ်ကောင်) တစ်ဦး ဖြစ်ခဲ့ရင်၊ နောက် နင့်အဖိုးဟာလည်း လူသတ်ကောင် ရာဇဝတ်သား တစ်ဦး ဖြစ်ခဲ့ရင်” ။ “ဗျာ၊ ဒါဆိုရင်” ဖက်ဆစ် ပါတီဝင်လောင်းက ပြောရှာသည်မှာ “ အဟုတ်အမှန်ပါပဲ ခင်ဗျ၊ ကျွန်တော် ဖက်ဆစ်ပါတီထဲ ဝင်ရပါလိမ့်မယ်” ဟူသတည်း။
            ဒါမျိုးဆိုတာ လူ့စိတ်မှာ ပုံမှန်ဖြစ်ပျက်နေကျ အမြင်အစွဲ တစ်ခုဖြစ်ပါသည်။ ဤအမြင်အစွဲသည် ညစ်ပတ်တတ်သည်မှာ မျိုးရိုးဆိုသည်ကို နှိမ့်ချသော အမြင်ဖြင့် ကြည့်တတ်၍ မျိုးနဲ့ရိုးနဲ့ ဆိုးတဲ့သူဟု လူဆိုးကင်ပွန်း တပ်ပစ်လိုက်သူအား မတော်မတရား နှိပ်ကွပ်ပြုကျင့်ဖို့ရန် မိမိကိုယ်ကိုရော ပတ်ဝန်းကျင်ကလူတွေကိုပါ မြှောက်ပင့်ပေးတတ်ခြင်း ပေတည်း။  “ဂျုးသည် လူတစ်ယောက် ဖြစ်၏” ။ ဂျန်ပေါ ဆပ်တရာက သူ့ ဂျုးမုန်းတီးရေးသမား ၏ ရုပ်လုံး တွင် ငြင်းခုံ ပါသည်။ “ပြဿနာက တခြားသူတွေက ဂျုးတစ်ယောက်ကို ဘယ်လို မျက်လုံးမျိုးတွေနဲ့ ကြည့်တာလဲ ဆိုတာပါ…ဂျုးကို ဖန်တီးတာဟာ ဂျုးမုန်းတီးရေး သမား (ကိုယ်တိုင်) ပါပဲ” ။ အပွေးမြင်အပင်သိ၊ အသွေးမြင်အသွင်သိ ဟု မျိုးရိုးချီပြီး စွပ်စွဲမှုမျိုးသည် ထင်ရှားသလောက် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ဖြစ်ပေါ်သည့် မကောင်းကျင့်မကောင်းကြံ အကုသိုလ် နှစ်ခုကို လုပ်ဆောင်စေပါသည်။ ပထမ အကုသို်လ်မှာ မိမိက ပစ်မှတ်ထားသော လူတန်းစားတစ်ရပ်တွင် ပါဝင်သည့် လူတို့ကို မမှန်မကန် သရုပ်ဖော်ခြင်း ဖြစ်ပြီး ဒုတိယ အကုသိုလ်မှာ ထိုကဲ့သို့ မိမိ  သရုပ်ဖော်ထားသော မကောင်းသည့် သွင်ပြင်လက္ခဏာ သက်သက်တွေပဲ ဤလူတန်းစားတွင် ရှိသည် ဆိုပြီး အတင်း ပုံချယိုးစွပ်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် ပတ်ဝန်းကျင်ရှိလူတွေက သူ့ကို ထိုကဲ့သို့ သီးသန့် မကောင်းသော သွင်ပြင်လက္ခဏာတို့ ဖြင့် အတင်းအကြပ် ပုံဖော်ယိုးစွပ် ခံရတတ်ပြီး ဒါကို ချေဖျက်ဖို့ရန် နည်းလမ်းမှာမူ သူသည် ထိုသူတို့အား လူတစ်ယောက်မှာ တခြား သွင်ပြင်လက္ခဏာများစွာ ရှိသေးကြောင်းကို လက်တို့ပြရပါလိမ့်မည် ။ ရှိတ်စပီးယား၏ ပြောင်မြောက်သလောက် သောသောညံ လူအုပ်တို့ဖြင့် ရူပ်ထွေးသော ဗင်းနစ်မြို့က ကုန်သည် ပြဇာတ်တွင် (လောဘကြီးသော ကုန်သည်) ရိုင်းလော့က ပြောသလိုပင် “ဟယ်၊ ဂျုးတစ်ယောက်မှာလည်း မျက်လုံးရယ်လို့ မရှိဘူးလား၊ သူ့မှာ လက်တွေ၊ ကလီစာတွေ၊ အတိုင်းအထွာတွေ၊ အာရုံတွေ၊ ကရုဏာတွေ၊ ကြေကွဲမှုတွေ မရှိဘူးလား။ နင်တို့လိုပဲ အစာကို စား၊ လက်နက်နဲ့ နာကျင်၊ ရောဂါနဲ့ မကင်းနိုင်၊ သက်သာပျောက်ကင်းတဲ့ အကြောင်းရင်းခံတို့ သည်လည်း အတူတူ၊ (သူ့အသားရော နင့်အသားပါ) ဆောင်းရာသီမှာ တုန်ချမ်းပြီး နွေရာသီမှာ နွေးထွေး၊ ခရစ်ယာန် တစ်ယောက်လိုပဲ မဟုတ်ပေလား”

* သမိုင်းနောက်ခံ နှင့် ပစ္စုပ္ဗန် အဖြစ်အပျက်တို့ကို နိုင်းယှဉ်လေ့လာချက် *
ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီ ဆယ်စုနှစ် ဝန်းကျင်တွင် ပထမ အီတလီ၊ ပြီးတော့ ဂျာမဏီတို့သည် ဖက်ဆစ်စနစ် အောက်သို့ ဆိုးဝါးစွာ ကျရောက်သွားခဲ့ပါသည်။ သည်မှာ ကျွန်တော်တို့ သွေးနုနု သားနုနု ဒီမိုကရေစီ မြန်မာပြည်မှ ရောင်းရင်းတို့ အထူး သတိပြုဖွယ် အချက် တစ်ခု ရှိပါသည်။  ဖက်ဆစ်ခေါင်းဆောင်များ ဖြစ်သော အီတလီမှ မူဆိုလီနီ နှင့် ဂျာမဏီမှ ဟစ်တလာတို့သည် သူတို့နိုင်ငံတွေ၏ နိုင်ငံတော်အာဏာကို မြန်မာပြည် ဗိုလ်ချုပ်နေဝင်းကဲ့သို့ စစ်တပ်ကိုသုံးကာ လက်နက်အားကိုးဖြင့် အနုကြမ်းစီးကာ သိမ်းပိုက်ရယူခဲ့ခြင်းကြောင့် မဟုတ်။ အီတလီရော ဂျာမနီ နှစ်နိုင်ငံလုံးသည် လူထုကိုယ်တိုင်က ဤအယုတ်တမာ ခေါင်းဆောင်နှစ်ဦးကို ဒီမိုကရေစီစနစ်ဖြင့် မဲပေးတင်မြှောက်ခဲ့ရုံသာမက ၄င်းခေါင်းဆောင်တို့မှ ကျင့်သုံးလာသော ဖက်ဆစ်စနစ် ယန္တရားကို လိုလိုလားလား ထောက်ခံပါဝင် ခဲ့ခြင်းကိုပေတည်း။ ဤသို့ ဖက်ဆစ်စနစ်ကို လိုလားထောက်ခံခြင်းသည် နိုင်ငံသေးကလေးဖြစ်သော အီတလီတွင် ရာနူန်းပြည့် နီးပါးဖြစ်၍ (ရှေ့ဆုံးက ပုံပြင်ကို ကြည့်ပါ) မူဆိုလီနီသည် ၄င်း၏ ဖက်ဆစ်စနစ်ကျင့်သုံးမှုကို အီတလီ ပြည်သူလူထုမှ ခုခံတွန်းလှန်မှုကို စိုးစဉ်းမှ မတွေ့ကြုံခဲ့။ တစ်ဖက်တွင်မူ ဂျာမဏီလို နိုင်ငံကြီးက ဟစ်တလာမှာ ကြီးမားလှသော အတိုက်အခံ ခုခံအင်အား၏ စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရပြီး  ကမ္ဘာ့ဂန္တဝင် ထိပ်တန်း ဂျာမဏီ ပညာရှင်တို့ အပါအဝင် ၅၀ ရာခိုင်နူန်းမကသော ဂျာမန်ပြည်သူလူထုက အတိအလင်းကို ဖက်ဆစ်စနစ်ကို တုံ့ပြန်ချေဖျက်ခြင်းကို ၄င်းသည် နည်းမျိုးစုံဖြင့် အသည်းအသန် နှိမ်နင်းခဲ့ရပါ၏။
မဂျုးဒစ်ပိုဂါ သည် ဒုတိယကမ္ဘာစစ် ကာလအတွင်း ဂျာမဏီတို့က သိမ်းပိုက်ပြီး သိန်းနှင့်ချီသော ဂျုးဘာသာဝင်တို့ကို မရဏ စခန်းတို့သို့ ပို့ခဲ့သော ဟန်ဂေရီ နိုင်ငံ ဘူဒါပက်မြို့၌ သည်ဘက်ခေတ် ၁၉၇၆ တွင် မွေးဖွားလာခဲ့သူ ဂျုးနွယ်ဝင် အမျိုးသမီး တစ်ဦး ဖြစ်ပါသည်။ ခုအခါ ကလေးနှစ်ယောက်၏ မိခင်ဖြစ်နေပြီ ဖြစ်သော သူမသည် ကမ္ဘာ့စစ်တုရင် သမိုင်းတစ်လျှောက်လုံးတွင် ပြိုင်ဖက်မရှိသူ ကမ္ဘာ့ နံပါတ်တစ် ထိပ်သီး အမျိုးသမီး စစ်တုရင် ကစားသမား ပေတည်း။ မကြာသေးမီ လပိုင်းက ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့စစ်တုရင်ချန်ပီယံကြီး အလက်ခိုင် အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲတွင် သူမသည် တိုက်ရိုက်ထုတ်လွှင့်ကစားပွဲ ဝေဖန်ရေးဆရာမ အဖြစ် တင်ဆက်ထမ်းဆောင်ရာ သူမနှင့် အတူ တင်ဆက်မှုအစီအစဉ်တွင် တာဝန်ထမ်းနေသူ ပုဂ္ဂိုလ်က “နင်ဟာ စစ်တုရင် အကွက်တွေကို သည်နေရာက ဆက်ပြီး ဘာတွေဆက်ဖြစ်လာမလည်း ဆိုတာ တယ်လည်း မြင်တာပဲ ။ အဲဒါ ဘာကြောင့်လဲဟင်” ဟု မေးပါလေတော့၏ ။ မဂျုးဒစ်က “ I have  a feel at a ceratain position. I don’t know what it is it. But I have a feel what will happen” အဓိပ္ဗာယ်မှာ - “အနေအထား တစ်ခုခုကို ရောက်လာတဲ့အခါမှာ ကျွန်မမှာ ထူးခြားလေးနက်တဲ့ သယမ္ဘူ ဥာဏ် ဆိုတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်လာတတ်ပါတယ် ။ အဲသည် ခံစားမှုဟာ ဘာလဲဆိုတာ မသိပါဘူး။ ဒါပေမယ့် သည် ခံစားမှု သယမ္ဘူ ဥာဏ် ဟာ ကျွန်မကို (စစ်တုရင်ခုံပေါ်မှာ) ဘာတွေ ဆက်ဖြစ်လာလိမ့် မလဲဆိုတာကို ဆက်လက်သိမြင်စေပါတယ်” ။ လက္ခဏာ ပညာဖြင့် ပြောလျှင် ဤကဲ့သို့ တွေ့ကြုံနေရသော အနေအထား တစ်ခုသည် “တစ်ခုခုတော့ တစ်ခုခုပဲ” ဟု အာရုံရနိုင်သည့် ထူးခြားစွမ်းရည်ကို ပြသော လက္ခဏာရေးကို “လခြမ်းလကြောင်း” ဟု ခေါ်ပါသည်။ သည်လို ဖီလင်မျိုးရှိသော လူတွင် ဗုဒ္ဓဟူး ဂြိုလ်ခုံ (ပါးနပ်လိမ္မာမှု) ပေါ်သို့ တနင်္လာဂြိုလ်ခုံ (ခံစားမှု)  မှနေ၍ လခြမ်းပုံ ကွေးတက်သော လမ်းကြောင်းမျိုး ရှိလိမ့်မည်ဟု ရှေးဂန္တဝင် လက္ခဏာ ကျမ်းတို့က ဖွင့်ဆိုပါသည်။ လူတစ်သိန်းတွင် တစ်ယောက်မရှိနိုင်သော လက္ခဏာမျိုး ဟုလို့လည်း ဆိုပါ၏။
ဟုတ်ကဲ့၊ ဂမ္ဘီရ လက္ခဏာကျမ်းတို့က ပြသော လက္ခဏာမျိုး မဂျုးဒစ်တွင် ရှိမရှိ ဆိုတာကတော့ မသေချာပါ။ သို့ပေမယ့် မဂျူးဒစ်လို အလွန်ထူးခြားသော အမျိုးသမီးတို့သည် ပတ်ဝန်းကျင် အနေအထားတစ်ခုခုတွင် သူတို့ ဘာမှန်းမသိပေမယ့် ကျယ်ဝန်းလေးနက်သော သယမ္ဘူဥာဏ် ခံစားမှုတို့ ဖြစ်တတ်ပါ၏ ။ ထို “တစ်ခုခုတော့ တစ်ခုခုပဲ” ဟု အာရုံရသော
ခံစားမှု သယမ္ဘူဥာဏ်ကို စစ်တုရင်ခုံပေါ်တွင် ဘာသာပြန်သော အလုပ်သည် မဂျုးဒစ်၏ အသက်မွေးဝမ်းကျောင်း ပါတည်း။ ဟုတ်ကဲ့၊ အလားတူ သည်ဘက်လပိုင်းတွင် အဲသလို “တစ်ခုခုတော့ တစ်ခုခုပဲ” ဟု ထူးခြားစွာ အာရုံရလာသော မိမိ၏ သယမ္ဘူ ဥာဏ်မျိုးကို ဘာသာပြန်ထားခြင်းကို ကျွန်တော် တွေ့လိုက်သည်မှာ စာနယ်ဇင်း ပညာဖြင့် အသက်မွေးဝမ်းကျောင်းသော မဟန်နဘိ၏ ကမ္ဘာကျော် တိုင်းမဂ္ဂဇင်း ဆောင်းပါး “ခြောက်ခြားစက်ဆုပ်စဖွယ် အကြမ်းဖက်မှု နှင့် ဗုဒ္ဓဘာသာဝင်၏ မျက်နှာ” နောက်ဆုံးပိုဒ်တွင် ဖြစ်ပါ၏။ မဟန်နဘိ၏ ထူးခြားအာရုံကို ကျွန်တော်တို့  တစ်ချက်လောက် ပြန်ပြောင်းလေ့လာကြည့်ကြပါစို့ လား။

မူဆလင်ဆိုရင် လူယုတ်မာပဲ ဆိုသော အဲသလို စိတ်ခံစားမှုမျိုးသည် မြန်မာဘင်လာဒင်က သြဘာပေးထောက်ခံ၍ လူထုကြားမှာလည်း လှုပ်ရှားလူးလွန့်စေလိုသော စိတ်ခံစားမှု ဖြစ်ပါသည်။ ဗုဒ္ဓ၏ ငြိမ်းချမ်းသော သုတ္တန်ဒေသနာတွေနဲ့ မူဆလင်တွေကို အကြမ်းဖက်သောကိစ္စ မြန်မာအများစု နေသည့် သူ့မြေတွင် အနှံ့အပြားဖြစ်ပေါ်နေခြင်းကို ဘယ်လို ညှိနိုင်းလို့ ရမှာလဲ ဟု ကျွန်မ ဝီရသူကို မေးပါသည် (ဘွဲ့ရှေ့တွင်ရှင်မထည့်သည်ကို သတိပြုပါ) ဗုဒ္ဓတရားအရ ငါတို့ဟာ ရန်စောင်လို့ မရပါဘူး”  ကလေးတစ်ယောက်ကို သူ လက်ချာပေးနေရသည့်နှယ်မျိုး သူက ပြောပါသည် (ကျွန်မသည် ဗုဒ္ဓကျမ်းဂန်ပါ သဘောတွေကို လေ့လာထားပါတယ်။ ကလေးလို ညာလို့ရတယ်လို့ သူထင်နေပုံ ရပါ၏ ) ဒါပေမယ့် ဒို့ဟာ ဒို့အသိုင်းအဝိုင်းကို ကာကွယ်ဖို့ ဘာမဆိုလုပ်ပိုင်ခွင့် ရှိတယ်” (နာဇီဝါဒ - moral relativism ကို တိုက်ရိုက်ဖော်ပြသော စာသားဖြစ်ပါ၏ ဒါကို ကမ္ဘာကြီးကို မဟန်နသည် အသိပေးလိုခြင်းပါတည်း) နောက်ညနေတွင် သူလူအုပ်ကို တရားဟောသောအခါ ကျွန်မလိုက်နားထောင်ပါသည်။ ပြုံးနေကြတဲ့ အိမ်ရှင်မတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေ၊ အဘွားအိုတွေ နှင့် ကျန်သူတို့ကို သူဆိုတာကို နောက်ကလိုက်ဆိုခိုင်းပါ၏ဗမာလူမျိုးတို့ အတွက် ငါတို့ကိုယ် ငါတို့ အနစ်နာခံ (စတေး)ပါအံ့ ဗုဒ္ဓရှင်တော်သည် (စက်ဆုပ်ကြောက်ရွှံ့ဖွယ်)   ဤတရားကို ကောင်းချီးပေးလိမ့်မည်လို့တော့ ထင်မိဖို့ ခက်လှပါ၏။

သေချာလှပါ၏ ။ မဟန်န တစ်ယောက် စစ်တုရင် ကစားတတ်သလား မကစားတတ်သလား ကျွန်တော် မသိပေမယ့် အကယ်၍ တစ်စုံတစ်ဦးသည် သူမသည် ဤနောက်ဆုံးစာကြောင်း သုံးလေးကြောင်းကို “နင်ဘယ်လိုမျိုး ရေးနိုင်ပါသလဲ” ဟု အင်တာဗျုးခဲ့ပါလျှင် မဟန်နသည် ဂျုးဒစ်ဖြေသလို “ I have  a feel at a ceratain position. I don’t know what it is it. But I have a feel what will happen” အဓိပ္ဗာယ်မှာ - “သည် လျှို့ဝှက်ဆန်းကျယ် သင်္ကန်းနောက်ကွယ်က လူနဲ့ စကား ပြောနေတဲ့ အခါမှာ ကျွန်မမှာ ထူးခြားလေးနက်တဲ့ သယမ္ဘူ ဥာဏ် ဆိုတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်လာတတ်ပါတယ် ။ အဲသည် ခံစားမှုဟာ ဘာလဲဆိုတာ မသိပါဘူး။ ဒါပေမယ့် သည် ခံစားမှု သယမ္ဘူ ဥာဏ် ဟာ ကျွန်မကို (မြန်မာပြည်မှာ) ဘာတွေ ဆက်ဖြစ်လာလိမ့် မလဲဆိုတာကို ဆက်လက်သိမြင်စေပါတယ်”  ဟုပင် ဖြေပါအံ့။ “စီလို့သာကုံးရတယ် စာလုံးတယ်မလှပေဘူး၊ မိန်းမလက်ရေး” ဟု ဆိုပင်ငြားလည်း မဟန်နလို ထူးခြားသော အမျိုးသမီးတို့၏ လင်းလက်အာရုံရလာသော သယမ္ဘူဥာဏ်သည် ထူးခြားဆန်းကျယ် ယုတ်မာလာသည့် ယောင်္ကျားယုတ်မာတို့၏ အကြံကို (သူမသည်ပင် ဘာမှန်းမသိပေမယ့်) သူမတွင် ရိပ်စားမိလာသော အာရုံကို ကမ္ဘာကြီးအား ဘာသာပြန် တင်ပြထားနိုင်သည် သာတည်း။

            ဟုတ်ကဲ့၊ မဟန်န၏ နောက်ဆုံး စာသုံးလေးကြောင်းသည် ဖက်ဆစ်စနစ် တစ်ခုလုံးကို ထင်ဟပ်ထားခြင်းပါတည်း။ “ဖက်ဆစ်သမား ၊ ဖက်ဆစ်နိုင်ငံနှင့် ဖက်ဆစ်စိတ်” တို့ အစဉ်အဆက် မြန်မာပြည်တွင် ပေါက်ပွားလာစေရန် အကွက်ကျကျ ကြံစည်နေသော ဝီရသူနှင့် တကွ ၄င်းနောက်ကွယ်က အင်အားကြီးစွာ ပံ့ပိုးထားသော နိုင်ငံရေး အင်အားစု၏ “မရဏအကြံ” သည် မဟန်နက “တစ်ခုခုတော့ တစ်ခုခုပဲ” ဟု သိလိုက်သလို ဖန်တီးမှုမပါ အလိုအလျောက်သာ သူမ ဘာသာပြန်ထားသော ဤစာသုံးလေးကြောင်းတွင် ပေါ်လွင်နေပါသည်။ အကယ်၍ ငါတို့သည် အီတလီ နှင့် ဂျာမဏီတွင် ဒီမိုကရေစီမဲထည့် စနစ်မှသည် လူထုကိုယ်တိုင်က လိုလားသည့် ဖက်ဆစ်စနစ်ပေါ်ပေါက်လာခဲ့ကြောင်းကို သမိုင်းတွင် သင်ခန်းစာ ကြီးတောင့်ကြီးမား ရှိခဲ့သည်ဟု သိမြင်နိုင်ခဲ့ပြီ ဆိုပါလျှင် ခုအခါ ငါတို့၏ မြန်မာပြည်ကို သည်ကိစ္စသည်လည်း ခြိမ်းခြောက်နေပြီဟု သိမြင်နိုင်ပြီး ဒါကို ငါတို့ သေချာစွာ စူးစမ်းလေ့လာ ကြပါစို့။ သည်သို့ စူးစမ်းရင်းမှပင် လောကတွင် အလယ်အလတ် အမျိုးသားရေးဝါဒ ဟူ၍ မရှိကြောင်း ၊ အမျိုးသားရေး ဝါဒ မှန်သမျှသည် ယုတ်မာသော အစွန်းရောက် ဝါဒချည်းသာ ဖြစ်ကြောင်း၊ ယင်း အမျိုးသားရေးဝါဒ သို့မဟုတ်လည်း ဗုဒ္ဓဘာသာ သန့်စင်တည်တံ့ရေး ဝါဒတို့သည် (နာမည်မရှိသော) ဖက်ဆစ်ဝါဒကို နာမည်ပြောင်းထားသော ဝါဒတို့သာ ဖြစ်ကြောင်း ငါတို့သည် ခိုင်မာစွာ သိမှတ်လာနိုင်ပါအံ့။
            ဖက်ဆစ်စနစ်ကို မြန်မာတို့ အမှတ်မှားကြသည်မှာ ကျွန်တော်တို့ကို ကျုးကျော်ခဲ့သော ဂျပန်ဖက်ဆစ်ကို ကြည့်ပြီး ရက်စက်ကြမ်းကြုတ်သော အမူအရာမှန်သမျှတို့ကို ဖက်ဆစ်ဟု ခေါ်သည်ဟု ထင်ကြပါသည်။ စင်စစ် အဲသည် အမြင်နှင့် လုံးလုံးတလွဲ ဖက်ဆစ်စနစ်ဟူသည် “မဟာကရုဏာ၊ မဟာပညာဖြင့် ပြီးပြည့်စုံသော”  အန္တိမ အစုအပေါင်း အခြေအနေ (ဝါ) တရားမျှတမှုအပေါင်းနှင့် ပြည့်စုံသော နိုင်ငံတော်ကြီး တစ်ခု  ဆိုသည်ကို အခြေခံမူတည်ကာ တည်ဆောက်ထားခြင်း ပေတည်း။ ၄င်း ‘သန္တိသုခ နိုင်ငံတော်’ ဟူသည် ၄င်းနိုင်ငံတော်အောက်က နိုင်ငံတော်သား အားလုံး၏ ဦးထိပ်ပန်ရာ အထွတ်အမြတ်ဖြစ်ရပြီး ၄င်း “သန္တိသုခ နိုင်ငံတော်” ၏ လောကသင်္ခါရ သဘောအတိုင်း ပြောင်းလဲရွှေ့လျားမှုကို နိုင်ငံတော်သား အားလုံးသည် လိုက်ပါစတေး ဆောင်ရွက်ရမည် ဆိုသည်လျှင် ဖက်ဆစ်စနစ်၏ အသက်ဝိဥာဉ် ပေတည်း။ အရေးကြီးလှသော အချက်မှာ ဖက်ဆစ်စနစ်တွင် “နိုင်ငံသား”ဟူ၍ မရှိစေရ၊  အားလုံးသည် “နိုင်ငံတော်သား” သန့်သန့်စင်စင်ကလေးတွေသာ မုချ ဖြစ်ရမည် ဟူသတည်း။
            ဤသည်ကို သိရှိပြီ ဆိုပါလျှင် ရှေ့တွင် ကျွန်တော်ဆိုခဲ့သလို မြန်မာဘုန်းကြီး လူမိုက်တွေက ခု မျိုးစောင့်ဥပဒေ ဆိုပြီး လုပ်လာသော “ဗုဒ္ဓဘာသာ သန့်စင်ဝါဒ” ၊သို့မဟုတ်လည်း မြန်မာ အစိုးရက သည်ဘက်နှစ်ပိုင်းများတွင် လုပ်လာသော “မြေမြို၍ လူမျိုးမပြုတ်” စသော “လူမျိုးသန့်စင်” ၊ ဒါမှမဟုတ်လည်း “တိုင်းရင်းသားသန့်စင် ဝါဒ” တို့သည် ရာနူန်းပြည့် ဖက်ဆစ်အခြေခံ သဘောတရားတွေ ဖြစ်ကြောင်း အကဲဖြတ်နိုင်ပြီ ဖြစ်ပါ၏ ။ ဟုတ်ကဲ့ ၊ နောက်တစ်ချက်လည်း ရှိပါ၏။  မြန်မာသောက်ပေါတွေ လုပ်သော သောက်ပေါအလုပ်တို့ဟု ထင်ရသော  ချေးလူးချွေးလူး ခန္ဓာကိုယ်ကို “ကိုယ်တော်” ၊ လူအစုအပေါင်း အသိုင်းအဝိုင်း သက်သက်သာ ဖြစ်သော “နိုင်ငံ” ကို “နိုင်ငံတော်” ၊ သည်ဘက်ခေတ် နောက်ပိုင်းမှာ တိုင်းရင်းသားကို (၁၉၈၂ ဥပဒေအရ) “တိုင်းရင်းသားတော်” ဆိုပြီး လုပ်လာသော အလုပ်တို့ကို သွား အထင်မသေးလိုက်ပါနှင့်။ ဒါတွေအားလုံးသည် ဖက်ဆစ်စနစ်၏ အခြေခံသဘောတရားတို့ အတိအကျ ဖြစ်ပါ၏။ လွယ်လွယ်ပြောမည် ဆိုပါလျှင် ဘာမှန်းမသိသော ဖြုသန့်စင်သည့် “တော်” ကြီးတစ်ခုကို အားလုံးအထက်မှာ ရှိသည်ဟု လူအားလုံးကို ဦးထိပ်ရွက်ကာ ကန်တော့ခိုင်းခြင်းသည် ဖက်ဆစ်စနစ်၏ မူလအခြေခံ သဘောပေတည်း။ ‘၉၆၉’  ကို ငြိမ်းချမ်းရေး သင်္ကေတဆိုပြီး အထွတ်အမြတ် လုပ်နေတာဟာလည်း ဖက်ဆစ်သဘော စစ်စစ်ပါပဲ။