Sunday, February 23, 2014

ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၅)




ဗိုလ်ချုပ်ကြီး စစ်သွေး ငိုကြွေးစွန့်လွှတ်ခဲ့သော ကမ္ဘာ


“ကမ္ဘာလောက သည် ဘာလဲ” လို့ မေးကြကုန်၏ ။ တကယ်တော့ ‘ကမ္ဘာလောက’ ဟူသည် နင်တို့ ရွေးချယ် အာရုံခံနေမိပြီး ရွေးချယ် သိမြင်နေမိသည့် ကမ္ဘာသာ ဖြစ်သည်ဟု ငါတို့ဆရာ ဗုဒ္ဓရှင်တော်မှ ဖြေတော်မူခဲ့ပါ သတည်း။              
                                                                                                                   ညီတော် ရှင်အာနန္ဒာ'                                                                                                                                                                      
                                                                                                                                                
တစ်ခါက ယောဓဇီဝ ဟု အမည်ရသော စစ်ဗိုလ်ချုပ်ကြီး တစ်ဦးသည် ဗုဒ္ဓအပါးသို့ ချဉ်းကပ် ဂါရဝပြုပြီးလျှင် မေးခွန်းတစ်ခု မေးခဲ့ပါသည် “ အရှင်ဘုရား၊ တပည့်တော်တို့ စစ်သည်တော် ဟူသည့် အမျိုးမှာ စစ်ပွဲအတွက် မိမိအသက်ကို ပေးလှူထားကြသူများ ဖြစ်ပါသည်။ တပည့်တော်တို့ မျိုးရိုးစဉ်ဆက် သမိုင်းတွင် ရှေးရှေးကတည်းက စစ်ခေါင်းဆောင်ကြီးများ အစဉ်အဆက် ဆိုမိန့်ခဲ့သည့် စကား တပည့်တော်တွင် မှတ်သားကြားနာဖူးသည်မှာ တိုက်ပွဲတွင် ရွတ်ရွတ်ချွံချွံ တိုက်ခိုက်၍ ရန်သူ့လက်ချက်ကြောင့် အသက်ပေး ကျဆုံး ခဲ့ရသော စစ်သည်တော်တို့သည် ကျဆုံး သူတို့ သီးသန့်အထူး ပျော်စံရာ ဒေဝနတ်ဘုံတွင် ပြန်လည် မွေးဖွားလာရသည် လို့ ဆိုပါသည်။ အရှင်ဘုရားသည် ဤ အဆိုအမိန့် နှင့် စပ်၍ ကန့်ကွက်ဖွယ်ရာ ရှိပါသလား” ။
“ဗိုလ်ချုပ်ကြီး ၊ တိုက်ပွဲတွင် ရွတ်ရွတ်ချွံချွံ တိုက်သော စစ်သည်ဟု (အပြင်ပန်းတွင်) နင်က ဆိုသော်လည်း (အခြေခံတွင်) စစ်တိုက်သူ၏ စိတ်သည် ယုတ်မာလျက် ရှိ၏။ ပျက်ပြားလျက် ရှိ၏ ။ သည်ကောင်တွေကို “ထိုးနှက်ပစ်၊ အပိုင်းပိုင်း ခုတ်ဖြတ်ပစ်၊ အစမကျန်အောင် ချေမှုန်းပစ်၊ အပြီး ဖျက်ဆီးပစ်၊ အသေသတ်ပစ်” ဟူသော ထိတ်လန့်စက်ဆုတ်သည့် ဗျာပါဒ တရားတို့သည် စစ်တိုက်နေသူ၏ အာရုံတွင် လွှမ်းမိုးလျက်ရှိ၏ ။ ဤအာရုံဖြင့် တိုက်ပွဲတွင် သေဆုံးသွားသောသူသည် ငရဲပြည်တွင် ပြန်လည်မွေးဖွားလာရ ပါလိမ့်မည်။ နင်တို့ မျိုးရိုးသမိုင်းက ရှေးစစ်ခေါင်းဆောင်ကြီးများ အစဉ်အဆက် ဆိုမိန့်ခဲ့သည့် ‘ရဲဘော်မသေ၊ သေသော် နတ်ရွာစံ’ အဆိုအမိန့်သည် မှားယွင်းသော အယူဖြစ်၍ ဤသို့သော မိစ္ဆာ အယူမှားမျိုးကို စွဲမယူအပ်။ ဤလောက၌ မိစ္ဆာ အယူမှားကို စွဲယူကုန်သော သူတို့သည် ရှိကုန်၏ ။ ထိုသူတို့ အတွက် နောင်ဘဝ လားရာမှာ ငရဲ နှင့် တိရစ္ဆာန် ဘုံနှစ်မျိုးသာ ရှိပေသတည်း”

ဘုရားရှင်၏ အဖြေကို ကြားသောအခါ ဗိုလ်ချုပ်ကြီး ယုဓဇီဝသည် ရင်ဘတ်လှိုက်လဲ ငိုကြီးချက်မ ဖြစ်ပြီးလျှင် မြတ်စွာဘုရားကို လျှောက်သည်မှာ “ အရှင်ဘုရား၏ တရားစကားကြောင့် တပည့်တော် ငိုမိလေသည် မဟုတ်ပါ။ တပည့်တော် ငိုမိသည့် အကြောင်းမှာ  ငါတို့မျိုးရိုး၏ ရှေးအစဉ်အဆက် စစ်ဗိုလ်ချုပ်ခေါင်းဆောင် ဆရာသမားကြီးများ ဆိုသူတို့သည် သမိုင်း အစဉ်အဆက် ငါတို့ကို လှည့်ဖြားခဲ့သည်၊ လိမ်ညာခဲ့သည်၊ အယုံသွင်းခဲ့သည်ကို တပည့်တော် ခုမှသိရကောင်းလားဟု မချိတင်ကဲ ဖြစ်မိ၍ တပည့်တော်သည် ငိုကြွေးမိပါသည်၊ ယနေ့မှ စ၍ အရှင် ဂေါတမ မြတ်စွာဘုရားသည် ဘုရား တပည့်တော်၏ ကိုးကွယ်ဆည်းကပ်ရာ အဖြစ် လက်ခံတော်မူပါ”

“စစ်သွေး” လို့ နာမည်ရတဲ့ ဗိုလ်ချုပ်ကြီး ယုဓဇီဝ ငြိမ်းချမ်းသော ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသည့် အားတက်ဖွယ် ဤပုံပြင်တွင် ကျွန်တော်တို့ ပရိသတ်သည် ဗိုလ်ချုပ်ကြီး စစ်သွေးက သူ့လူမျိုး၏ “စစ်သွေးကြွ ဝါဒ” နှင့် အတူ စွန့်လွှတ်လိုက်သော ပင်ရင်း ကိုးကွယ်ခဲ့သည့် မိခင် မိစ္ဆာဘာသာ မိစ္ဆာသာသနာကို သဲလွန်စ ရမိပါ သလား။ 

မှန်ပါသည်၊ ဗိုလ်ချုပ်ကြီး နှင့် သူ့လူမျိုး (တစ်နည်းအားဖြင့် စစ်သွေးကြွ လူမျိုး) သည် တစ်သက်လုံး “မျိုးရိုး သမိုင်းစဉ်လာ ဝါဒ” (ဝါ) “ငါတို့ တစ်မျိုးသားလုံး၏ အနာဂါတ် လားရာသည် အသေအချာ ရှိခြင်း”   ဟူသည့် မိစ္ဆာဘာသာ မိစ္ဆာသာသနာ ကို ကိုးကွယ်နေခဲ့မိပါသည် (Historicism) ။ ၄င်းလူမျိုး တစ်ခုလုံးသည် သူတို့ ကွက်ကွက်ကလေး သိနေသော “စစ်သွေးကြွအားလုံး မျိုးရိုးစဉ်ဆက် မလွဲသေချာ နောင်ခါမှာ ချမ်းသာစံစားရသည့် သမိုင်းမြတ်ကြီး” ဟူသော လူမျိုးတစ်ခုလုံးကို သီးသန့် ခတ်နှောင်ထားသည့် အသိယုတ်ညံ့ အကျဉ်းထောင်ကြီးတွင် အကျဉ်းကျနေခဲ့ရ ပါသည်။ ၄င်း အသိမှား အယူမှား “ဒို့ မျိုးရိုး သမိုင်းစဉ်လာကောင်း ဝါဒ ” မိစ္ဆာထောင် အမှောင်မိုက်ကြီး တွင် တစ်သက်လုံး အကျဉ်းကျခံခံနေခဲ့ရာမှ ရုတ်ချည်းဆိုသလို မမျှော်လင့်ဘဲ လွတ်မြောက်လာသည့် ဗိုလ်ချုပ်ကြီး ဦးစစ်သွေးသည် သူ့ကို အမိုက်မှောင် ထောင်ဆိုးကြီးမှ မမျှော်လင့်ဘဲ လွတ်မြောက်လာအောင် ဆွဲထုတ် အလင်းပြခဲ့သည့် ကယ်တင်ရှင် ဗုဒ္ဓမြတ်စွာ၏ ရှေ့တော်မှောက်တွင် သည်းသည်းလှိုက်လှိုက် နောင်တရ ငိုကြွေးမိသည်မှာ အဆန်းတကြယ်တော့ မဟုတ်ပါ။

တကယ်တော့ မြတ်စွာဘုရား မျက်မှောက်လက်ထက်တော်မှာ သမိုင်းစဉ်လာဝါဒ ကို စွန့်လွှတ်သွားတဲ့ ဗိုလ်ချုပ်ကြီး စစ်သွေး ရဲ့ ပုံပြင်ဟာ သမိုင်းစဉ်လာ ဝါဒ (Historicism) ရဲ့ သော့ချက် သဘောတရားရေးရာတွေကို ရှင်းပြဖို့ အကောင်းဆုံး ဥပမာတွေထဲက တစ်ခုဆိုလည်း ဟုတ်ပါတယ်။ အခု ဆက်လက်ပြီး ကျွန်တော် သည်ပုံပြင်ထဲမှာ ပါတဲ့ အရေးကြီးတဲ့ သော့ချက် နှစ်ခုကို ရှင်းပြလိုပါတယ်။ 

        ပထမ တစ်ချက်က ငါတို့အားလုံး အတွက် လောကနိဗ္ဗာန် (သို့) အနာဂါတ် သန္တိသုခ နိုင်ငံကြီး ဆိုတဲ့ “စိတ်ကူးယဉ် ကွက်လပ်” တစ်ခုကို ဖန်ဆင်းမှုဖြစ်ပြီး ဒါဟာ ဆိုရှယ်လစ်-ကွန်မြူနစ် ၊ ဖက်ဆစ်၊ အမျိုးသားရေး၊ အမျိုး ဘာသာ သာသနာ စသော Totalitarianism လုံးစည်းလှုပ်ရှားမှု တွေရဲ့ “ရွှေ့လျားမှုဖြစ်စဉ်” တွေမှာ အရေးကြီးဆုံး ပဓာန လက္ခဏာတွေထဲက တစ်ခု ဖြစ်ပါတယ်။ သည် ပထမ တစ်ချက် ဖြစ်တဲ့ စိတ်ကူးယဉ် ကွက်လပ် (fictional space) အကြောင်းကို နောက်စာတွေဖက်ကို ခဏရွှေ့ထားပြီး နောင်တော့ လုံးစည်းဖြစ်စဉ်တွေကို ပြောပြလာတဲ့အခါမှာ အသေးစိတ် ရှင်းပြပေးပါ့မယ်။ ခုနေခါမှာတော့ သည် စိတ်ကူးယဉ် ကွက်လပ်ဟာ ပေါ့သေးသေး မဟုတ်ဘဲ လူထုတစ်ရပ်လုံး လုံးစည်းစနစ်မှာ အရှိန်အဟုန် ပြင်းပြင်းနဲ့ တဟုန်ထိုး ပါဝင်လာအောင် ဆွဲဆောင်နိုင်ကြောင်း၊ လူတွေရဲ့ စိတ်ကူးထဲကို ဘုရား (သို့) ဗုဒ္ဓနေရာမှာ အစားထိုး ဝင်ရောက်သွား နိုင်ကြောင်း၊ စာဖတ်ပရိသတ်ထဲမှ ဗုဒ္ဓဘာသာစာပေကို နက်နက်ရိုင်းရိုင်း လေ့လာထားသူတို့  အဖို့ဆို  ‘စိတ်ကူးယဉ်ကွက်လပ်’ ဟာ ဗုဒ္ဓဟောကြားခဲ့တဲ့ ဗြဟ္မဇာလသုတ် (စိတ်ကူးကွက်လပ်ထဲက နင့် ‘ဗြဟ္မာကြီး’ဟာလည်း ငါဘုရား လွှတ်တဲ့ ပိုက်ကွန်နဲ့ မလွှတ်ပါဘူး) ရဲ့  အချုပ်ပရိယာယ်နှင့် တစ်သဘောတည်း ဖြစ်ကြောင်း အကျဉ်းမျှ သိမြင်ထားရင် လုံလောက်ပါပြီ။

  အခုစာမှာတော့ ကျွန်တော်တို့ဟာ နောက် သော့ချက်တစ်ခု ဖြစ်တဲ့ “သီလသမာကို အနာဂါတ်နှင့် စံပြု တိုင်းတာသတ်မှတ်သော ဝါဒ” ၊ အတိုချုပ်အားဖြင့် သီလစံထား အနာဂါတ်ဝါဒ (moral futurism) ကို ဆွေးနွေးပါမည်။ သီလစံထား အနာဂါတ်ဝါဒဟာ အင်မတန် ဆိုးပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်း အနာဂါတ်ဝါဒ လွှမ်းမိုးခံလိုက်ရတဲ့ – ဆိုရှယ်လစ်-ကွန်မြူနစ်၊ ဖက်ဆစ်၊ အမျိုးသားရေး၊ အမျိုး ဘာသာ သာသနာ စသည့် – လုံးစည်းဝါဒ အားလုံးဟာ နောက်ဆုံးသတ်မှာ စစ်အာဏာရှင်စနစ်ဆိုတဲ့ ကြမ္မာဆိုးနဲ့ အဆုံးသတ်သွားရတယ် ၊  “အနာဂါတ်သာ သီလစံ” ဆိုတဲ့ အစွဲအယူဟာ နိုင်ငံသူတွေရဲ့  အသိအမြင်မှာ လာ လွှမ်းမိုးထားနေသရွေ့ နိုင်ငံတစ်နိုင်ငံဟာ မိမိမှာ ကျရောက်နေတဲ့ စစ်အာဏာရှင် စနစ်ဆိုတဲ့ ကြမ္မာဆိုးကြီးကနေ ရုန်းထွက်နိုင်ဖို့ရာမှာ ရေမျှောကမ်းတင် ခဲယဉ်းလွန်းလှ တာကြောင့်ပါ။

      သီလစံထား အနာဂါတ် ဝါဒကို နားလည်ဖို့ ကျွန်တော်တို့ ဦးစစ်သွေးရဲ့  ပုံပြင်ကို ကျွန်တော်တို့ ပြန်ကြည့်ကြပါစို့။ ဗုဒ္ဓ နဲ့ စကားမပြောမိခင် အချိန်ထိ ဗိုလ်ချုပ်ကြီး နဲ့ သူ့မျိုးရိုး (စစ်သွေးမျိုးရိုး) ဟာ “တစ်ဖက်ရန်သူကို ထိုးနှက်ခြင်း၊ ခုတ်ဖြတ်ခြင်း၊ ချေမှုန်းခြင်း၊ ဖျက်ဆီးခြင်း၊ အသေသတ်ခြင်း၊ ရန်သူ့လက်နဲ့ ကျဆုံးရခြင်း” စတဲ့ ယုတ်မာအောက်တန်းကျလှတဲ့ သူသတ်ငါသတ် လုပ်ရပ်တွေကို အလုပ်ကောင်း ဆိုပြီး စွဲယူနေပါတယ်။ ဘာလို့လဲဆိုတော့ ကောင်းလွန်းမက ကောင်းမြတ်လှတဲ့ “နတ်ဖြစ်ရတဲ့ စည်းစိမ်ချမ်းသာ ဟူသော စံစားမှုကို (ငါတို့ စစ်သွေးမျိုးရိုးက) စစ်တိုက်သူတို့ဟာ နောက်ပိတ်ဆုံးမှာ မလွဲသေချာ ရကြတော့မှာ” ဆိုပြီး သူတို့ဟာ စွဲယူထားကြ ပါသည် ။ သူတို့ စွဲယူမိတဲ့ မိစ္ဆာ အယူမှားကို စာလေးတစ်ကြောင်းတည်း နဲ့ ငါတို့ နည်းစနစ်တကျ အတိုချုံးကြည့် ပါစို့။ 

       “လမ်းဆုံးပန်းတိုင်သည် လမ်းကြောင်းလုပ်ရပ်၏ တရားမျှတမှုကို ထောက်ခံရန် လုံလောက်သော ဆင်ခြေ ဖြစ်သည်”

ဗမာလိုကသာ ရှည်နေတာ။ အင်္ဂလိပ်လို ရေးမယ်ဆိုရင် တိကနဲ သုံးလုံးတည်းပါ - Ends justify means တဲ့ ။ “အနာဂါတ်မှာ အောင်မြင်မှု ပန်းတိုင်ကို ရယူနိုင်မယ်ဆိုရင် ငါတို့လုပ်တဲ့ နည်းလမ်းဟာ ဘာပဲဖြစ်နေနေ မှန်တာပါပဲ” လို့ ဆိုတာပါ။ ဒါကို ဒဿန နည်းစနစ်အားဖြင့် moral futurism - မျှော်လင့်ချိန်ရွယ်ထားသည့် အနာဂါတ်သည်သာ သီလသမာကို တိုင်းတာသည့် စံပေတံ ဖြစ်ခြင်း (ဝါ) သီလစံထား အနာဂါတ်ဝါဒ လို့ ခေါ်ပြီး ဤဝါဒသည် ကွန်မြူနစ်-ဆိုရှယ်လစ်၊ ဖက်ဆစ်၊ နာဇီ၊ အမျိုးသားရေး၊ မျိုးချစ်၊ မျိုးစောင့်၊ အမျိုး ဘာသာ သာသနာ စသော (မင်းသား မျက်နှာဖုံးတွေ ဘယ်လိုပြောင်းပြောင်း)  အလုံးစုံသော လုံးစည်းဝါဒီ ဘီလူးအားလုံးရဲ့ ဖင်ခုထိုင်ရာ အဓိက ဆင်ခြေဆင်လက် ဘီလူး ဖင်ထိုင်ခုံကြီး ပါပဲ။ 

       သည်မှာလည်း သီလစံထား အနာဂါတ် ဝါဒကို ထောက်ခံသူတွေဖက်မှ တွေးခေါ် ငြင်းခုံနိုင်သည့် အဓိက အချက်တစ်ခု ရှိပါသည်။ 

        “သည်ဝါဒ ဖြစ်ထွန်းရင် စစ်အာဏာရှင် စနစ် ဖြစ်ထွန်းမယ်လို့ နင်ကသာ ပြောနေတယ် ။ ဤဝါဒဟာ တချို့သူ - ဥပမာ စိတ်ကောင်း စေတနာကောင်း ရှိသူ အမျိုးသားရေး ဝါဒီများအတွက် သည်လောက် ဆိုးမယ် မထင်ပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ နောက်ဗိတ်ဆုံး လွဲကာမှလွဲရော အနာဂါတ် ဗမာပြည်မှာ အကောင်းဆုံး သီလသမာ တရားတွေ ပေါ်ထွန်းလာဖို့ စေတနာကောင်း နဲ့ ရည်ရွယ်ထားကြလို့ပါ” 

       သည် သက်သေတင်ချက်မှာ ပါတဲ့ စေတနာကောင်းဆိုတဲ့ အချက်ကို ကျွန်တော် ငြင်းဆိုမနေတော့ ပါဘူး။ ဘာလို့လဲဆိုတော့ အနာဂါတ်ကောင်းမှာ နေခွင့်ရတဲ့ ဘဝ - ဆိုပါစို့ ၊ နတ်ပြည် ဗြဟ္မာပြည် သို့မဟုတ်လည်း ပစ္စက္ခ မျက်မှောက်ဘဝမှာ မင်းကောင်းမင်းမြတ် အုပ်စိုးလို့ ဥစ္စာဓန ပေါကြွယ်ဝလာတဲ့ ဗမာပြည်ဟာ လက်ရှိ နိမ့်ကျနေတဲ့ သီလထက် များစွာကောင်းမွန် ပြည့်စုံပါလိမ့်မယ်လို့ ကျွန်တော်တို့ တတွေ ကြိုတင် ဆဝါးထားတတ် ကြတာဟာ ဓမ္မတာပါ။ ဗမာလူ့ဘောင်တွင် သာမန် ရပ်သူရွာသားတွေက အစ “ဓမ္မသည် အဓမ္မကို အဆုံးသတ်မှာ အောင်နိုင်စမြဲ” လို့ အဖိနှိပ်ခံရသူ အချင်းချင်း တစ်ဦးကို တစ်ဦး အားပေးတတ်ကြပါတယ်။ ဆဝါးပေမယ်လို့လည်း အဲသလိုမျိုး ဆဝါးပြီး အားပေးတဲ့ လုပ်ရပ်ဟာ “စေတနာကောင်း” လို့ ခေါ်မယ်ဆိုလည်း ကျွန်တော်တို့ ခေါ်ဖို့ သင့်ပါသည်။

       အနာဂါတ် သီလစံထားဝါဒ ဟာ လူတစ်ဦးဟာ မတရားမှုကို ခံစားလာရသလောက် လွတ်ရာလွတ်ကြောင်းကို ပစ္စုပ္ဗန် မျက်မှောက်မှာ ချက်ချင်း ရှာမတွေ့နိုင်တဲ့ အခါမှာ ပေါ်လာတဲ့ ပုံမှန် အတွေးဖြစ်စဉ် တစ်ခုလို့လည်း ဆိုနိုင်ပါသည်။ တကယ်တော့လည်း “ဓမ္မသည် အဓမ္မကို အဆုံးသတ်မှာ အောင်နိုင်စမြဲ” ဆိုတဲ့ ကျွန်တော်တို့ ဗမာလူ့ဘောင်နဲ့ ရင်းနှီးပြီး ဖြစ်တဲ့ အတွေးဟာ သီလစံထား အနာဂါတ် ဝါဒ ကိုယ်တိုင် ရဲ့  အခြေခံ အနုမာန ပါပဲ။ ဒါကြောင့် ကျွန်တော်တို့ဟာ သည်စာကြောင်း ရဲ့  သဘောသဘာဝကို သေချာရေရာ နားလည်လာအောင် သရုပ်ခွဲကြည့်ကြပါစို့။ သည်လို စူးစမ်းရင်းကနေ အနာဂါတ် သီလစံထားဝါဒ ဟာ ဘာကြောင့် ကလောက်တောင် အန္တရယ်ကြီးနေရသလဲ ဆိုတာကို ကျွန်တော်တို့ အသိအမှတ်ပြုလာရပါ လိမ့်မည်။

      “ဓမ္မသည် အဓမ္မ ကို အောင်နိုင်စမြဲ” လို့  ပြောကြတဲ့ အခါမှာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ သဘောသဘာဝမှာ 

      “တရားမျှတမှု ဘက်တော်သားသည် တရားမမျှတမှု ဘက်တော်သား ကို နောက်ဆုံးတွင် အနိုင်ရစမြဲ ဖြစ်သည်”


      သည်မှာ ပြဿနာ အကြီးအကျယ် ရှိလာတာက ‘တရားမျှတမှု’ နဲ့ ‘တရားမမျှတမှု’ ကို ဘယ်သူက ဆုံးဖြတ်မှာလဲ ဆိုတာကိုပါ။ ဒါ့ထက်ဆိုးတဲ့ ပြဿနာက “အနိုင်ရခြင်း ဆိုတာ မလွဲမသွေ ဖြစ်လိမ့်မယ်”လို့ သည်နေရာမှာ ကျွန်တော်တို့ ယူဆထားကြတာ ဖြစ်ပြီး ဒါ့ထက်မကဆိုးတဲ့ ပြဿနာက “အနိုင်ရသူ နဲ့ တရားမျှတ မှန်ကန်သူ” ကို ထပ်တူပြုထားခြင်း ဖြစ်ကာ၊  နောက်ဆုံး နဲ့အဆိုးဆုံး ပြဿနာကတော့ “အနိုင်ရတဲ့ အုပ်စု ဟာ တရားမျှတ မှန်ကန်တဲ့ အုပ်စုနဲ့ အတူတူပဲ” လို့ သတ်မှတ်မိခြင်း ဖြစ်ပါသည်။

       ဟုတ်ပါပြီ၊ လောကဖြစ်စဉ်တို့သည် တရားမျှတမှု၏ ဘက်တော်သားတို့ မှ တရားမမျှတသူတို့ကို နောက်ဆုံးတွင် အောင်ပွဲခံ အနိုင်ရ ခွန်အားရှိလာခြင်း နှင့် အဆုံးသတ်ရပါမည်။ ခက်သည်မှာ နင်တို့ ပြောသည့်စကား ငါ့အာရုံတွင် အနက်ပေါ်လွင်လာသည်မှာ

        “အောင်ပွဲခံ အနိုင်ရ ခွန်အားရှိ အာဏာလက်ဝယ်ရလာသူတို့သည် တရားမျှတမှု၏ ဘက်တော်သားတို့ ဖြစ်သည်”

        ဒါ မှန်ပါသလား။ တကယ်တော့ “ဓမ္မသည် အဓမ္မကို အဆုံးသတ်မှာ အောင်နိုင်စမြဲ” ဟု ကျွန်တော်တို့ မသိသား သုံးစွဲပြောဆိုကြသလောက် သေချာသုံးသပ်ကြည့်ရင် ဒါဟာ လုံးလုံးမှားနေတဲ့ အယူအစွဲတစ်ခုကို ကျွန်တော်တို့ ဆုပ်ကိုင်နေမိတယ် ဆိုတာကို သဘောပေါက်နိုင် ပါသည်။

       ပိုပြီး ရှင်းလင်းသွားအောင် ဝါကျကလေးတွေ ကျွန်တော်တို့ ဆက်ရေးကြည့်ကြ ရအောင်။

       “မင်းတုန်းမင်းသည် ပုဂံမင်းကို အောင်နိုင်ခဲ့သည်။ မင်းတုန်းမင်းသည် တရားမျှတမှု ဘက်တော်သား ဖြစ်သည်”

        ဟုတ်သလိုလို ပါပဲ။ မင်းတုန်းမင်းဆိုတာ ပဉ္စမ သင်္ဂါယနာတင် မင်းတရားကြီးလေ။ ပုဂံမင်းဆိုတာ ဖတ်စာအုပ်ထဲပါတဲ့ အတိုင်းဆို တော်တော်ဆိုးတာပေါ့နော်။ 

        “ဗိုလ်နေဝင်းသည် ဦးနုကို အောင်နိုင်ခဲ့သည်။ ဗိုလ်နေဝင်းသည် တရားမျှတမှု ဘက်တော်သား ဖြစ်သည်”

        “ဗိုလ်ခင်ညွန့်သည် တော်လှန်ရေးသမားတွေကို အောင်နိုင်ခဲ့သည်။ ဗိုလ်ခင်ညွန့်သည်  တရားမျှတမှု ဘက်တော်သား ဖြစ်သည်”

        “ပြင်သစ်တော်လှန်ရေးသမားတို့သည် လူဝီဘုရင်ကို အောင်နိုင်ခဲ့၍ ခေါင်းဖြတ်စက်ပေါ်တင်၍ ခေါင်းဖြတ်လိုက်သည်။ ပြင်သစ်တော်လှန်ရေးသမား တို့သည် တရားမျှတမှု ဘက်တော်သား ဖြစ်သည်”

“ဖက်ဆစ်ဂျပန်တို့သည် အင်္ဂလိပ်တို့ကို အောင်နိုင်ခဲ့သည် ။ ဖက်ဆစ်ဂျပန်တို့သည် တရားမျှတမှု ဘက်တော်သား ဖြစ်သည်”
“ ဗမာတို့သည် အင်္ဂလိပ်တို့ကို အောင်နိုင်ခဲ့သည် ။ ဗမာတို့သည် တရားမျှတမှု ဘက်တော်သား ဖြစ်သည်”

“ဗမာ စစ်တပ်သည် မွန်စစ်တပ်ကို အောင်နိုင်ခဲ့သည်။ ဗမာစစ်သည်တော်တို့သည် တရားမျှတမှု ဘက်တော်သား ဖြစ်သည်”

သည်ဝါကျတွေ အားလုံးမှာ ငါတို့ သင်ခန်းစာ ယူစရာ ရှိပါသည်။ ဥပမာအားဖြင့် အတိတ်မှာ ဗမာအုပ်စုက မွန်ကို အောင်နိုင်လို့ ဗမာအုပ်စုဟာ တရားမျှတတဲ့ အုပ်စုလို့ ဆိုပါရင် ပြောင်းပြန်ဖြစ်သွားလို့ မွန်အုပ်စုက ဗမာအုပ်စုကို နိုင်ခဲ့ရင်လည်း မွန်တွေဟာ တရားမျှတသူလို့ ငါတို့ ဆိုရမှာ ဖြစ်ပါသည်။ စင်စစ် တရားမျှတခြင်း တရားမမျှတခြင်းကို အောင်ပွဲရရှိမှု နှင့် တိုင်းတာနေခြင်းဟာ ဘယ်လိုမှ အဓိပ္ဗာယ် မရှိနို်င်ပါ။ 

        ဒါမျိုး တရားမျှတမှု ဆိုတာကို အောင်ပွဲရရှိ လွှမ်းမိုးနိုင်မှု နဲ့ ထပ်တူပြုပြီး မြင်နေတာဟာ အင်မတန် အန္တရယ် ကြီးမားလှတဲ့ “အာဏာကို ကိုးကွယ်ကော်ရော်မှု” ဖြစ်ပါတယ်။ ဗမာစကားမှာ “တရားတဖက် ဓားတစ်လက်” ဆိုပြီး ဖြစ်ထွန်းတာဟာ တရား နဲ့ ဓား (ဓား = အာဏာ၊ သူတစ်ပါးကို နှိပ်စက်နိုင်မှု၊ ခြိမ်းခြောက်နိုင်မှု၊ အကြပ်ကိုင်နိုင်မှု) ကို ထပ်တူပြုပြီး မြင်နေရာက ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ တကယ်တော့လည်း တရားတစ်ဖက် ဓားတစ်လက် ဆိုတာ ခပ်ရိုးရိုး ဓမ္မတာ ဆောင်ပုဒ်တစ်ခု လို့သာ ထင်ရတာ ၊ အာဏာကို တရားမျှတမှု လို့ မိုက်မဲစွာ မြင်နေတဲ့ လူယုတ်မာတွေကသာ သည်ဆောင်ပုဒ်မျိုးကို ကိုင်စွဲကျင့်သုံးလိမ့်မယ်ဆိုတာ ငါတို့ ကောင်းကောင်း သဘောပေါက်နိုင် ပါသည်။

        ထို့ကြောင့်လည်း ကျွန်တော် အကြံပြုလိုသည်မှာ “နောက်ပိတ်ဆုံး ငါတို့နိုင်တယ်ဆို ပြီးတာပါပဲ။ အဆုံးသတ်မှာ အနိုင်ရ အောင်ပွဲခံသွား လိမ့်မှာ ဖြစ်တဲ့ ငါတို့ဟာ တရားမျှတသူတို့ ဖြစ်သည်” ဆိုတဲ့ ဝါဒဟာ လူ့ဘောင်တစ်ခုက လက်မခံဘဲ လုံးဝ ပယ်ချရမည့် ဝါဒ ဖြစ်ပါသည်။ အင်မတန် ရှင်းပါသည်။ ဒါကို မပယ်ချနိုင်ဘူးဆိုလျှင် ဤဝါဒကို ကိုးကွယ်သူ မိစ္ဆာ ပညာရှင်တွေဟာ မည်သို့သော အကြောင်းပြချက်တွေကို ပြုလုပ်လာမလဲဆို  

        “တရားမျှတမှု ဆိုတာ ဘာလဲ ဆိုတာ စဉ်းစားနေဖို့ မလိုပါ။ နိုင်အောင် လုပ်ဖို့ပဲ လုပ်ပါသည်။ ခွန်အားရှိအောင် လုပ်ဖို့ပဲ လိုပါသည်။ လွှမ်းမိုးအုပ်စီးနိုင်အောင် လုပ်ဖို့ပဲ လိုပါသည်။ သေဝပ်စေမည့် အာဏာကို ရယူနိုင်ဖို့ပဲလိုပါသည်။ ငါတို့ နိုင်ပြီ၊ ခွန်အားရှိပြီ၊လွှမ်းမိုးနိုင်ပြီ၊ အာဏာရှိပြီ ဆိုရင် လူ့ဘောင်တစ်ခုလုံး တရားမျှတပြီ ဖြစ်ပါသည်။ ဒါကြောင့် နိုင်အောင်လုပ်တာ၊ ခွန်အားရှိအောင် လုပ်တာ၊ လွှမ်းမိုးနိုင်အောင် လုပ်တာ မှန်သမျှသည်  နောက်ဆုံးသတ်မှာ အကောင်းဆုံး တရားမျှတမှု လူ့ဘောင်တွင် ဖြစ်ထွန်းလာစေရေး အတွက် တိုက်ပွဲဝင်နေသည့် အလုပ်များသာ ဖြစ်သည့် အတွက် ငါတို့သည် တရားမျှတသော အလုပ်ကို လုပ်နေသူများသာ ဖြစ်ပါသည်” 

         ဝီရသူ၊ အင်းစိန်ရွာမ၊ ရွှေညဝါ၊ သီတဂူ၊ မျိုးစောင့်ဘုန်းကြီး ၊ ဝံသပါလ ဘုန်းကြီးတွေဟာ ပြုပြင်ပြောင်းလဲရေး တော်လှန်ရေးသမားတွေလား ၊ အနာဂါတ်မျှော် မိစ္ဆာတွေလား ဆိုတာကို ပရိသတ်များဘာသာ အကဲဖြတ်ကြပါ။ ဗုဒ္ဓရဲ့ သားတော် ငြိမ်းချမ်းရေးသမား ရဟန်းသံဃာများလား ၊ လူစွမ်းကောင်း ဝါဒ ကိုးကွယ်တဲ့ ဒေဝဒတ်ရဲ့  အာဏာရူးဝိဥာဉ် တောမသတ်အောင် ပူးဝင်နေတဲ့ ပါရာဇိကကျပြီး သင်္ကန်းဝတ်ထားသူများလား ဆိုတာကို ပရိသတ်များ ဘာသာ ဆုံးဖြတ်ကြပါ။ အမျိုးဇာတိကို တရားဓမ္မထက် မြတ်နိုးပုံရတဲ့ ဘုန်းကြီးလုပ်စားအဖွဲ့ ဂိုဏ်းခေါင်းဆောင်တွေဟာ ဗုဒ္ဓစာပေကျမ်းဂန်ကို အမှန်တကယ် နားလည်ကျွမ်းကျင် ပိုင်နိုင်တဲ့ ကျမ်းတတ်ပေတတ် ဆရာတော် ပညာရှိ တွေလား၊ ဘုရားစာတွေ အလွတ်ရွတ်ပြီး စိတ်ထဲမှာ တောင်စဉ်ရေမရ ပေါ်တဲ့ ကြောင်းကျိုးဆက်စပ်မှုတွေကို ‘တရား’ ဆိုပြီး လုပ်နေတဲ့ အယောင်ဆောင် လူမိုက်တွေလား ဆိုတာ ပရိသတ်များ ဘာသာ ဆုံးဖြတ်ကြပါ။ 

         အာဏာရှိတဲ့ မောင်သိန်းစိန်က ဝီရသူကို ‘ငြိမ်းချမ်းရေးသမား’ လို့ ထောက်ခံပေးတိုင်း ဝီရသူ ဟာ ငြိမ်းချမ်းရေးသမားဆိုတဲ့ ဂုဏ်ကို စံစားခွင့်မရှိပါ။ သည်လိုပဲ စစ်အစိုးရ ရဲ့ လက်အောက်ခံ ရန်ကုန် တက္ကသိုလ် ဘွဲ့ပေးအဖွဲ့က သီတဂူကို ‘စာပေပါရဂူဘွဲ့’ ကပ်လို့လည်း သီတဂူဟာ စာပေပါရဂူ မဖြစ်ပါ။ ကမ္ဘာ့ထိပ်တန်း ဟားဗတ် တက္ကသိုလ်က ယောင်မှားပြီး လာကပ်ရင်လည်း (ဒါဟာလည်း အတော်ကို ဖြစ်နိုင်ခြေ ရှိခဲ့ဖူးပါသည်) အဲသလို ကပ်ရုံနဲ့ သီတဂူဟာ ဘယ်လိုမှ စာပေပါရဂူ မဖြစ်ပါ။ 

         တကယ်ပြောမယ်ဆို တရားဓမ္မသာ ပဓာန ဖြစ်တဲ့ ဗုဒ္ဓဘာသာမှာ ကိုယ့်ဟာကိုယ် ကျင့်ကြံရမယ့် သံဃာကို အာဏာရှင်တွေက ဘွဲ့တွေ ဂုဏ်ထူးတွေ ချီးမြှင့်ပြနေတာဟာ (‘ဆက်ကပ်တာ’ မဟုတ်ပါ) အာဏာက ဗုဒ္ဓတရားရဲ့  အထက်မှာ လာပြီးနေတဲ့ သဘောပါ။ တကယ်ပြောမယ်ဆိုရင် ဒါမျိုး သာသနာကို ချီးမြှောက်ပါတယ်ဆိုပြီး အာဏာရှင်တွေက ဘွဲ့တွေ ဂုဏ်ထူးတွေ ဆက်ကပ်နေခြင်းဟာ ဗုဒ္ဓရှင်တော်ကို အရှက်ခွဲနေခြင်း ၊ တရားဓမ္မကို ခြေထောက်အောက်မှာ ထားဖို့ကြိုးစားခြင်း၊ သံဃာကို ထိပ်ခေါက် စော်ကားခြင်းသာ ဖြစ်ပါတယ်။ 

         ဆရာတော် သံဃာတော်များ သတိထား ဆင်ခြင်တော်မူပါ။ ဘွဲ့ပေးတယ်ဆိုတာဟာ ဆရာသမားက တပည့်ကို နင့်မှာ ပညာပြည့်စုံပြီ ဆိုပြီး အကဲဖြတ် အသိအမှတ်ပြုပြီး ဘွဲ့ပေးတာပါ။ ဆရာတော် ဘွဲ့ရမရကို ဆုံးဖြတ်မယ့် စစ်အာဏာရှင်တွေ နဲ့ စစ်အာဏာရှင်ရဲ့  ကျွန်အမှုထမ်းတွေဟာ ဆရာတော့်မှာ တရားဓမ္မ (ဘုရားပေးတဲ့ ပညာ) နဲ့ ပြည့်စုံပါပြီလို့ ဆုံးဖြတ်နိုင်လောက်တဲ့ ဥာဏ်အရည်အသွေး စိုးစဉ်းမျှပင် ရှိပါသလား။ သူတို့ဟာ ဆရာတော် သံဃာတော်တွေကို ဘွဲ့ပေးရလောက်အောင် ဆရာတော် သံဃာတော်တို့ရဲ့  အထက်က ဆရာသမားတွေလား။ 

        မဟာ ပရိနိဗ္ဗာန သုတ်တွင် ဗုဒ္ဓ နောက်ဆုံး အထင်အရှား မှာကြားခဲ့သည့် အတိုင်း ဗုဒ္ဓသာသာနာ "အစဉ်အလာ" တွင် ဗုဒ္ဓ မျက်ကွယ်ပြုပြီးနောက် ဆရာသမားဟူသည် ဓမ္မဝိနယ သာလျှင် ဖြစ်ပါသည်။ ဘုရား မျက်မှောက်ထင်ရှား ရှိချိန်မှ လွဲ၍ ကျန်ခေတ်တို့တွင် ရဟန်းသံဃာသည် ပုဂ္ဂိုလ်တစ်ဦး (သို့) တစ်ပါးသော ရဟန်းကို ဆရာတင်ခွင့် လုံးဝမရှိပါ။ ဥပမာအားဖြင့် သီတဂူကျောင်းတွင် ပညာသင်ယူနေသော အရှင်သူမြတ်တို့ အတွက် “ဆရာသမားဟူသည် ကျောင်းပိုင် သီတဂူ ဆရာတော်ကြီး ပဲ” ဟု ယူဆလျှင် ဒါဟာ လုံးဝကို မှားယွင်းသော အယူဖြစ်၍ ဒါဟာ ဘုရား အသေအချာ မိန့်မှာခဲ့သော တရားဓမ္မလမ်းစဉ်မှ ချွတ်ချော်နေခြင်း ဖြစ်ပါသည်။

          မြတ်စွာဘုရားသည် နောင်လာနောင်သား ရဟန်းတို့ကို သူ့ လက်ထက်တော်ခေတ်မှာကဲ့သို့ ဆရာတင်ခွင့် ပေးမထားရခြင်း အာဘော်၏ အကြောင်းရင်းမှာလည်း ရှင်းလင်းလွန်းပါသည်။ ဘာလို့လည်း ဆိုတော့ ဒါမျိုး ပုဂ္ဂိုလ်(ဝါ)ရဟန်းကို ဆရာတင်ခွင့် ပေးလိုက်ပါလျှင် ရဟန်းသံဃာသည် တရားကို မကိုးကွယ်ဘဲ ကျောင်းဆွမ်း စသော ခွန်အားရှိသူ၊  ကျော်စောသူ၊ ပရိသတ် အခြံအရံများသူကို ကိုးကွယ်တာ ဖြစ်လာပါလိမ့်မည်။ တရားဓမ္မကို ကိုးကွယ်တာထက် အာဏာ ခွန်အားရှိသော ရဟန်းကို ကိုးကွယ်တာမျိုး ဖြစ်လာပါမည်။ တရားဓမ္မမှ ပေးသည့် ဘဝအမြင်ကို ရှာကြံဖို့ မကြိုးစားဘဲ အာဏာခွန်အားရှိသူက စံသတ်ဆုံးဖြတ်သည့် ဘဝအမြင်တွေကို ရဟန်းသံဃာသည် အမှန်တရားလို့ ယူဆလာတာမျိုး ဖြစ်လာပါမည်။ အာဏာနောက်လိုက် ဖြစ်နေသည့် ရဟန်းသံဃာတို့သည် ဆရာဖြစ်သူ (အာဏာခွန်အားရှိသူ) က ဒါကတော့ လုပ်သင့်လုပ်ထိုက်သည်ဟု ပြောလျှင် ဒါဟာ တရားဓမ္မ၊ ဝိနယ နဲ့  ညီညွတ်သလား၊ မညီညွတ်သလား မိမိကိုယ်ပိုင် တရားအသိနှင့် မစဉ်းစားတတ်တော့ဘဲ ပြောသမျှ လိုက်လုပ်သည့် စက်ရုပ်တွေ အကုန်လုံး ဖြစ်လာပါမည်။ အာဏာရူးတွေ၊ အာဏာနောက်လိုက်တွေ၊ ထမင်းစားကျွန်တွေ၊ ကျာပွတ်ကို်င်တွေ၊ ဆရာတွေ၊ တပည့်တွေ၊ စက်ရုပ်တွေ၊ အသင်းအပင်း အဆက်အနွယ်တွေ စုဝေးနေသော ဘုန်းကြီးအဖွဲ့တစ်ဖွဲ့ဟာ ဘုရားရှင် လိုလားခဲ့သော တောင်ပံရှိသော ဌက်ကဲ့သို့ လွတ်လပ်သည့် “မိမိကိုယ်သာ ကိုးကွယ်ရာ” သံဃာအဖွဲ့မျိုး မဟုတ်တာတော့ သေချာပါသည်။

          ရဟန်း၏ အဓိပ္ဗာယ်မှာ အတောင်ရှိသည့် လွတ်လပ်သော ဌက် (ရဟတ်) ဖြစ်သည်။ နေရာတစ်ခုတွင် ချုပ်နှောင်မခံရဘဲ တစ်နေရာမှ တစ်နေရာ၊ တစ်ရွာမှ တစ်ရွာ လွတ်လပ်စွာ သွားလာနိုင်၍ ရဟန်းဟု ခေါ်ပါသည် ။ ဗုဒ္ဓသည် မလွတ်လပ်သော၊ အာဏာတစ်ခုကို မှီတွယ်နေရသော သံဃာ အဖွဲ့အစည်းမျိုး ကို မလိုလားပါ။ နိုင်ငံတော်ဆိုသော ရှင်ဘုရင်တွေက ထမင်းကျွေးထားသဖြင့် ရှင်ဘုရင်ကို ထမင်းရှင် အဖြစ် မှော်ကြည့်နေရသော “ကျွန်နှင့်တူသော ရဟန်း” ကို မလိုလားပါ။ “အိမ်စဉ်လှည့် ဆွမ်းခံရန်”၊ “တစ်အိမ်က တစ်ဇွန်းမျှ ရလျှင် ရောင့်ရဲ၍ နောက်တစ်အိမ်သို့ သွားရန်”၊ အထူးသဖြင့် “မိသားစုတို့က မိမိအား အမြဲပင် ဆွမ်းကွမ်းထောက်ပံ့နေသည် ဖြစ်ပစေ မမြင်ဘူးသော တစိမ်းကဲ့သို့သာ ဆက်ဆံရန်” စသည့် ဗုဒ္ဓ၏ အမှာစကားတို့သည် တကယ်တော့ အသက်မွေးမှုဟူသော အကြောင်းကြောင့် မိမိ၏ ကိုယ်ကျင့်တရားထက် ခွန်အားအာဏာရှိသူကို သွားမကိုးကွယ်မိစေရန် ရည်ရွယ်ထားခြင်း ပါတည်း။

           “တရားသူသည် မတရားသူ ကို နောက်ဆုံးမှာ အောင်နိုင်စမြဲ ” ဆိုတဲ့ သီလစံထား အနာဂါတ် ဝါဒ ဟာ သီလသမာဆိုတာကို စစ်နိုင်တဲ့သူ၊ ခွန်အားရှိသူ၊ လက်ဝယ် အာဏာရှိသူ က ဆုံးဖြတ်တာကို ခံရစေ ပါတယ်။ မိမိ၏ ကိုယ်ကျင့်တရားသာလျှင် မိမိ၏ လမ်းပြရာ မီးအိမ်အဖြစ် ဆုပ်ကိုင်ထားကြသည့် ရဟန်းသံဃာတို့ အတွက် ဒါမျိုး အနိုင်ရ (ဝါ) အာဏာ အသာစီးရတဲ့ အုပ်စုတစ်စုကနေ မိမိ၏ သီလသမာကို လာဆုံးဖြတ်တာကို လက်ခံနိုင်စရာ မရှိပါ။ ရဟန်းသံဃာတင် မဟုတ်ပါဘူး၊ ကျွန်တော်တို့ အရပ်ဘက် လူ့ဘောင်သည်လည်း သီလသမာ၏ စံသတ်မှတ်ချက် ဆိုတာ ဘယ်လိုမျိုး ဖြစ်ရမည်ဟု အာဏာ အသာစီး ရနေတဲ့ အုပ်စုတစ်စု ကနေ လာဆုံးဖြတ်တာကို ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါ။

          ‘နိုင်ငံတော် (အာဏာပို်င် အဖွဲ့) ရဲ့ သီလသမာစံ’ ဆိုတာ လူ့ကျင့်ဝတ်စံ အမှန်တရား မဟုတ်ပါ။ ‘တပ်မတော် (စစ်တပ်) ရဲ့  သီလသမာစံ’ ဆိုတာ လူ့ကျင့်ဝတ်စံ အမှန်တရား မဟုတ်ပါ။ သီးသန့် အကျိုးမျှော်တဲ့ အုပ်စုတစ်စုက သတ်မှတ်ယုံကြည်တဲ့ သီလသမာစံ ဆိုတာ လူ့ကျင့်ဝတ်စံ အမှန်တရား မဟုတ်ပါ။

         ထို့နှင်နည်းတူ ‘ဗမာ လူမျိုး’ ရဲ့  သီလသမာစံ ဆိုတာ လူ့ဘောင်တစ်ခု၏ သီလသမာစံ နောက်ဆုံး အမှန်တရား မဟုတ်ပါ။ ‘ဗုဒ္ဓဘာသာ’ ရဲ့  သီလသမာစံ ဆိုတာဟာလည်း လူ့ဘောင်တစ်ခု၏ သီလသမာစံ နောက်ဆုံး အမှန်တရား မဟုတ်ပါ။ ‘ဗုဒ္ဓဘာသာဝင်တွေ’ ရဲ့  သီလသမာစံ ဆိုတာဟာလည်း လူ့ဘောင်တစ်ခု၏ သီလသမာစံ နောက်ဆုံး အမှန်တရား မဟုတ်ပါ။ သေချာအောင် ပြောပါမည်၊ ပစ္စုပ္ဗန် ရဲ့ သီလသမာစံ၊ ပစ္စက္ခ အမှန်တရားလည်း မဟုတ်ပါ။

         ကျွန်တော်တို့သည် “ငါတို့၏ အနာဂါတ်လူ့ဘောင်သည် အကောင်းဆုံး ဗြဟ္မစိုရ် တရားတွေနဲ့ ရွှန်းဝေပြည့်စုံနေတဲ့ လူ့ဘောင်ကြီး ဖြစ်ဖို့ပဲ အရေးကြီးတယ်” ဟူသည့် သီလစံထား အနာဂါတ် ဝါဒကို စွဲယူပြီး လူ့ဘောင်ကို တည်ဆောက်ခဲ့ပါလျှင် လက်တွေ့တွင် ကျွန်တော်တို့သည် “အာဏာကို ကိုးကွယ်ကော်ရော်နေသော လူ့ဘောင်” ဖြစ်လာပါလိမ့်မည်။ အာဏာကို ကိုးကွယ်ကော်ရော်မှု နှင့်အတူ ဆက်ပြီး မလွဲမသွေ ဖြစ်လာလိမ့်မည်မှာကား ၄င်းလူ့ဘောင်သည် “စစ်သွေးကြွ လူ့ဘောင်” လုံးလုံး ဖြစ်လာပါလိမ့်မည်။ “စစ်သွေးကြွ လူ့ဘောင်” လုံးလုံး ဖြစ်လာသော နိုင်ငံသည် စစ်သား၏ သီလသမာ၊ စစ်သား၏ လောကအမြင်၊ စစ်သား၏ ရာထူးအာဏာဂုဏ်ဒြပ် ရယူမှုတို့ကို မွန်မြတ်တင့်တယ် အတည်ဖြစ်သော “အမှန်တရား” အဖြစ် ချွတ်မရအောင် စွဲယူနေသည့် “ဇာတ် နိုင်ငံတော်ကြီး”  ဖြစ်လာပါလိမ့်မည်။ မြောက်ကိုးရီးယား စစ်အာဏာရှင်တို့က ဆွေသုံးဆက် မျိုးသုံးဆက် ထောင်ဒဏ်အပြစ်ပေးခံရတာထက် ဆိုးတဲ့ “စစ်သွေးအာဏာ သမိုင်းစဉ်လာ” ထောင်ကြီးတွင် ဆွေဆက်တစ်ထောင် မျိုးဆက်တစ်ထောင် မလွတ်တမ်း ခံရမယ့် ဘဝကို ကျရောက်သွားပါလိမ့်မည်။

         ဗိုလ်ချုပ်ကြီး စစ်သွေးသည် သူ့ခေတ် သူ့အခါတုန်းက သူကိုယ်တိုင် သမိုင်းကို လိမ်ခဲ့သူ တစ်ဦးလည်း ဖြစ်နိုင်ပါသည်။ ဘုရားခေတ်က ဗိုလ်ချုပ်ကြီး စစ်သွေး နှင့် မော်ဒန် ဗမာ ဗိုလ်ချုပ်ကြီးတွေ ကွာခြားပုံက သမိုင်းလိမ်ဆိုတဲ့ အကျဉ်းထောင်ဆိုးကြီးထဲမှာ တစ်သက်လုံး မျိုးရိုးစဉ်ဆက် ခံခဲ့ရတဲ့ အရူံးသမားဘဝက လွတ်လာလို့ ဆိုပြီး ဘုရားရှေ့မှာ ရဲရဲဝံ့ဝံ့ ဝန်ခံပြီး လာငိုတဲ့ ဗမာ စစ်ဗိုလ်ချုပ်ရယ်လို့ ခုချိန်ထိ မရှိသေးတာ ပါပဲ။ ဟုတ်ကဲ့၊ အဲသလို စွန့်စားဖောက်ထွက် တစ်ဘဝလုံး အရူံးသမား ဖြစ်ခဲ့ရတာကို ဝန်ခံပြီး သတ္တိရှိရှိ လာငိုတဲ့ ဗမာ ဗိုလ်ချုပ်ကြီး ကိုစစ်သွေး တွေ ရှိလာပြီ ဆိုရင် ဗမာပြည်သည် စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ဖို့ ထွက်ရပ်လမ်းကို ကျွန်တော်တို့ မြင်ရပါပြီဟု ...။

Friday, February 14, 2014

ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၄)


 နွားဖြူနွားနက် သံယောဇဉ်

တစ်ခါက ကမ္ဘာကြီးသည် ယနေ့ခေတ်မှာကဲ့သို့ တစ်ဦးအကြောင်း တစ်ဦး သိပ် မသိကြသေးကြခင် ကာလဝယ် အိန္ဒိယ သမုဒ္ဒရာကြီး၏ မြောက်ဘက်ယွန်းယွန်း အရပ်တွင်ရှိ သီရိလင်္ကာ ဟု ခေါ်သည့် ကျွန်းငယ်ကလေး တစ်ဆူတွင် ကနေ့ ငါတို့ဆီက ဗမာရဟန်းမိုက် ဝီရသူကဲ့သို့ ကမ္ဘာအဝှမ်း အလွန် နှံ့သိကျော်ကြားသည့် ရဟန်းတစ်ပါးသည် ပေါ်ထွန်းခဲ့ဖူးပါ၏ ။ ထိုရဟန်း၏ အမည်မှာ ရှင် အနဂါရိက ဓမ္မပါလ (အနဂါရိက = အိမ်ရာ မရှိ ၊ ဓမ္မပါလ = တရားကို စောင့်ရှောက်သူ) ဟု ခေါ်တွင်ပြီး ၄င်းသည် အာရှ၊ မြောက်အမေရိက နှင့် ဥရောပတိုက် ဟူသော ကမ္ဘာ့ တိုက်ကြီး သုံးခုလုံးကို လှည့်ပတ်သွားလာဖူး၍ ဗုဒ္ဓဘာသာကို   ဟောပြောပြနိုင်ခဲ့သည့် ပထမဆုံး အရှေ့တိုင်းသား လူထူးလူဆန်း ပုဂ္ဂိုလ်ပေတည်း။ 


ဤ ရဟန်းသည် ဂမ္ဘီရ ကို စိတ်ဝင်စား လေ့လာသူ ဗမာအများ ကြားဖူးကြသည့် သီအိုဆိုဖီ အသင်းကြီး ကို စဦး တည်ထောင်သူ အနက်မှ တစ်ယောက် ဖြစ်၏။ ဘာသာရေးကို စိတ်ဝင်စား လေ့လာသူ ဗမာအများ ကြားဖူးကြသည့် ကိုလံဘို မဟာဗောဓိ အသင်းကြီး ကို စဦး တည်ထောင်ခဲ့သူ တစ်ဦးလည်း ဖြစ်၏ ။ သူသည် ဗုဒ္ဓစာပေများကို အင်္ဂလိပ်လို ရေးသားခဲ့ပြီး ထေရဝါဒ ဗုဒ္ဓဘာသာကို အနောက်တိုင်းတွင် စတင် ပြန့်ပွားလာစေရန် ကနဦး ပထမဆုံး ဆောင်ရွက်နိုင်ခဲ့သည့် တစ်ခေတ်ပေါက် တစ်ယောက်ထွန်း အာဂလူစွမ်းကောင်း ပါတည်း။

သည်လို တစ်ကမ္ဘာလုံး ဗုဒ္ဓသာသနာ ပျံ့ပွားလာစေရန် စဦး စွမ်းဆောင်ခဲ့သည့် သူ့ ကျေးဇူးသည် ကြီးပင်ကြီးမားခဲ့ပါသော်လည်း တစ်ချိန်တည်းမှာပင် ရှင်ဓမ္မပါလ သည် ရိုင်းစိုင်းသွေးဆာနေသည့် အကြမ်းဖက်သမား တစ်ဦး ဖြစ်ပါ၏။ သီဟိုဠ်ကျွန်းတွင် နောင် နှစ်ပေါင်းတစ်ရာမက ဆက်လက် သွေးချောင်းစီးမည့်  အဖြစ်အပျက်တို့ကို ခိုင်ခံ့စွာ သန္ဓေတည်စေခဲ့သူ လည်း ဖြစ်ပါ၏။ အဓမ္မ ကို ဓမ္မအဖြစ် တွင်တွင် ဟောပြောကာ သီဟိုဠ်သား ဗုဒ္ဓဘာသာဝင်တို့ ကို ခေတ်အဆက်ဆက် မျိုးရိုးစဉ်ဆက် မပြတ် သွေး အလွန်ဆိုးစေရန် ဆွပေးခဲ့သည့် တရားဖျက်သမား ရဟန်း ကြောင်သူတော်လည်း ဖြစ်ပါ၏။

“နင်တို့သည် တရားမစောင့်တဲ့ အင်္ဂလိပ် မိစ္ဆာကောင် တွေကို တွေ့မရှောင် ဆော်ကြရမည်။ ဗုဒ္ဓဘာသာဝင်တွေ ရဲ့ အိမ်တိုင်း အိမ်ရှေ့မှာ ကုလားဖြူကောင် ရဲ့  အရုပ်ကို ဌက်ပျောပင်စည် နဲ့ စာခြောက်ရုပ် လုပ် ၊ သည် ကုလားဖြု စာခြောက်ရုပ်ကို ဘောင်းဘီတစ်စုံ ပတ်ပေးပြီး နင်တို့ ကလေးတွေရှေ့မှာ သည်ကောင်ကို တီးကြစမ်း။ ဒါမှ နင်တို့ ကလေးတွေ ကြီးလာတဲ့အခါမှာ သည် အင်္ဂလိပ် ကျုးကျော်သူတွေကို သတ်ဖြတ်ဖို့ ဝန်မလေးမှာ ဟေ့” 

“သမိုင်း အစဉ်အလာ သန့်စင်ခဲ့သလို လိမ္မာယဉ်ကျေးခဲ့တဲ့ ငါတို့ အာရီယန်းမျိုးနွယ် ကလေးတွေဟာ ဝီစကီကို စုတ်၊ အမဲသားပုတ် ကို စားတဲ့ ဘုရားမသိ တရားမရှိ သည်မိစ္ဆာကောင် (ခရစ်ယာန်) တွေရဲ့  ယဇ်စင်မှာ ခမျာတို့ စတေးခံခဲ့ ရရှာပြီ ။ ဘယ်လောက်တောင်  ထပ်ကြာနေဦးမှာလဲ ! လင်္ကာဒီပ ကို ခွစီးထားတဲ့ အဓမ္မ ခေတ်ပျက်ကြီး”

“ထလော့ လင်္ကာ၊ လင်္ကာ ထလော့ ။ ဗြဟ္မစိုရ်တရားဟာ စစ်မက်ကို မလိုလားပါ ၊ ငါတို့သည်လည်း စစ်မက်ကို မလိုလားသလို အကြမ်းဖက်မှုကို ရွံရှာပါသည်။ ဒါပေမယ့်  ငြိမ်းချမ်းရေး နဲ့ တရားဓမ္မကို လင်္ကာဒီပသားတွေ ပြန်ရဖို့ တိုက်ရတဲ့စစ်ဟာ မြတ်သောစစ် ၊ အမှန်တရား အတွက် ခင်းရတဲ့စစ်ဟာ မြတ်သောစစ်၊ မိစ္ဆာမှန်သမျှ လက်မရွံ့တမ်း ချေမှုန်းပစ်”

“သိမ်းခိုပြည်သား လူငယ်လူရွယ်အပေါင်းတို့။ အဖျော် ယမကာ၊ ဝီစကီ ၊ စည်သွပ်အသားတွေ နဲ့ မြားနေတဲ့ သည်မိစ္ဆာကောင်တွေရဲ့  ဆိုင်တွေမှာ ဈေးသွားမဝယ် ကြပါနဲ့ ။ ဒုဌဂါမဏိ မင်းတရားကြီးရဲ့  စိတ်ဓာတ်မျိုးကို မွေးကြစမ်းပါ။ သူရဲကောင်း မင်းတရားကြီးဟာ ဗုဒ္ဓသာသာနာကို စွမ်းစွမ်းတမံ ကာကွယ်စောင့်ရှောက်ခဲ့သလို နင်တို့ငါတို့ဟာ မေ့လျော့နေတဲ့ အမျိုးသားရေးကို ပြန်လည် နိုးထလာအောင် ကြိုးစားကြစမ်းပါ”

ရှင်ဓမ္မပါလ၏ ဇာတ်ကြောင်းတွင် ကျွန်တော်တို့ ပရိသတ်သည် အလွန် လေးလံကြီးမားလှသည့် ဝိရောဓိ နှစ်ခုကို သိစိတ်မှ ဖြစ်စေ ၊ မသိစိတ်မှ ဖြစ်စေ ခံစား အာရုံရလာမည် ဖြစ်ပါသည်။ ဟုတ်ပါသည်၊ ခုခါမှာ ကျွန်တော်တို့သည် စိတ်နောက်ကျိစဖွယ် ရောထွေးနေသည့် “(မူလကျမ်းဂန်လာ) ဗုဒ္ဓဓမ္မ အစဉ်အလာ” (Buddhist doctrine) နှင့် ‘ဗုဒ္ဓသာသနာ သမိုင်း’ (Buddhist history) ဟူသော ဝိရောဓိကြီး နှစ်ခုကို ထင်ရှားကွဲပြားလာစေရန် ခွဲခြားပါတော့မည်။ 

ဤသို့ ခွဲခြားနိုင်ဖို့ ကိစ္စသည် သာမန် ပြည်သူလူထု အတွက်ရော၊ ကျွမ်းကျင်သူ ဗုဒ္ဓဘာသာ ပညာရှင် ရှင်ရဟန်းများ အတွက်ပါ အင်မတန် အရေးကြီးလှ ပါသည်။ ဤသို့ ခွဲခြားသိလင်းလာခြင်း အားဖြင့် ခုခါမှာ ငါတို့ ဗမာပြည်တွင် ရင်ကွဲ အော်မြည်နေသော  ‘အမျိုး’ ‘ဘာသာ’ ‘သာသနာ’ ဟူသော အသံတို့သည် မူလကျမ်းဂန်လာ  ဗုဒ္ဓ၏ တရားဓမ္မ အစဉ်အလာ (Buddhist tradition) တို့ကို စောင့်ရှောက်ရန် ဟူသော ရည်ရွယ်ချက် မဟုတ်၊ ကိုယ့်ဟာကိုယ် စိတ်မှန်းနှင့် ဖန်တီးထိုးထုတ်ထားသည့် သီးသန့် ‘ဗုဒ္ဓသာသနာ သမိုင်း’ ကို စောင့်ရှောက်ရန် ဟူသော ရည်ရွယ်ချက်သာဖြစ်ကြောင်း ကွဲပြားထင်ရှားလာပါအံ့။ 

ရှင် ဓမ္မပါလသည် ‘ဗုဒ္ဓသာသနာ’ ကို မပျက်စီး မတိမ်ကောစေဖို့ စောင့်ရှောက်ရန် လုံးပမ်းထိုက်သည်ဟု သူ တကယ် ယုံကြည်ခဲ့၍ ယုံကြည်ခဲ့သည့် အတိုင်းလည်း ဤ ရှင်ရဟန်းသည် စွမ်းစွမ်းတမံ အမျိုးသားရေး အကြမ်းဖက်ဝါဒကို မြှောက်ပင့်ပေး ခဲ့သည်။ သည်တွင် သူ့ ဘဝဇာတ်ကြောင်းမှ ငါတို့ သင်ခန်းစာ ယူနိုင်သည်မှာ သူသည် သီးသန့်သီးခြား အုပ်စုတစ်စု နှင့်သာဆိုင်သော  ‘ဗုဒ္ဓသာသနာ သမိုင်း’ ကို စောင့်ရှောက်ခဲ့ခြင်းသာ ဖြစ်ပြီး  “ဗုဒ္ဓ၏ အဆုံးအမ (ဝါ) ဗုဒ္ဓ၏ သာသနာ” ကို စောင့်ရှောက်ခဲ့ခြင်း မဟုတ်။ “ဗုဒ္ဓ၏” သာသနာ ဟူသည် စင်စစ် သမိုင်းမရှိ ။ သမိုင်း မရှိသည့် ဗုဒ္ဓ၏ သာသနာ နှင့်  ‘ဗုဒ္ဓသာသနာ သမိုင်း’ တို့ကို ဤသို့ ရောထွေး မှတ်ယူမိပေလို့လည်း ကမ္ဘာကျော် အကြမ်းဖက် ရဟန်းတစ်ဦးသည် မော်ဒန် ကမ္ဘာ့ဗုဒ္ဓဘာသာခေတ်၏ ရှေးဦးဆုံး တစ်ချိန်တွင် စံပြနမူနာဆိုး အဖြစ် ငါတို့ သင်ခန်းစာယူစဖွယ် မွေးဖွားခဲ့ပါ သတည်း။

ငါတို့သည် ‘ဗုဒ္ဓသာသနာ သမိုင်း’  နှင့် မူလကျမ်းဂန်လာ ဗုဒ္ဓ တရားဓမ္မ (ဝါ) ပကတိမူလ ဗုဒ္ဓသာသနာ  ကို အသေအချာ ကွဲပြားဖို့ လိုပါ၏ ။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓသာသနာ သမိုင်းဟူသည် သီးသန့်သီးခြား အုပ်စုတို့၏ ယဉ်ကျေးမှု လက္ခဏာရပ်များ၊ မဟားတရား အကြမ်းဖက်မှုများ နှင့် ၄င်း အကြမ်းဖက်မှုတို့၏ ဆင်ခြေကို လုံလောက်မှန်ကန်သည် ဟု ဇွတ်အကြောင်းပြချက်များ၊ တစ်ဖက်သားကို သည်းညှင်းမခံနိုင်မှုများ နှင့် အတိ ပြည့်နှက်လျက် ရှိပြီး ပကတိ မူလ ဗုဒ္ဓသာသနာ (ဝါ) တရားဓမ္မ ၏ အစဉ်အလာ (ဝါ) “ဗုဒ္ဓ၏” သာသနာတွင် ဖော်ပြပါ ဗုဒ္ဓသာသနာ သမိုင်း၏ အင်္ဂါရပ်များ စိုးစဉ်းမျှပင် မပါဝင်သောကြောင့် ပါတည်း။

စာပေမှတ်တမ်း မပေါ်ထွန်းသေးခင် ခေတ်ကာလများ၏ အကြောင်းကို ရေးသားထားသည့် များစွာသော သမိုင်းတို့ နည်းတူပါပဲ၊ ဗုဒ္ဓသာသနာ သမိုင်းသည် သာသနာကို စဦးတည်ထောင်ခဲ့သူ ဗုဒ္ဓ ကိုယ်တိုင်မှ အစပြုခဲ့ ပါသည်။ ရိုးရာ အစဉ်အလာများ သာမက သိပ္ပံနည်းကျ သုတေသန တွေ့ရှိချက်များမှ အသိအမှတ် ပြုခဲ့သလိုပင် “ဗုဒ္ဓ” ဟူသော ဘာသာသာသနာ ခေါင်းဆောင်တစ်ဦးသည် သမိုင်းတွင် အမှန်တကယ် ထင်ရှားပေါ်ထွန်းခဲ့ဖူး ပါသည်။

ဒါပေမယ့်လည်း ‘ဗုဒ္ဓသာသနာ၏ သမိုင်း’ ဟူသည် သာသနာကို ရှေ့ဆုံး တည်ထောင်သူ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်သည့် အချိန်ကမှ စတင်ခဲ့သည်။ သည်မှာ ငါတို့ လေ့လာတွေ့ရှိနိုင်သည်မှာ ဗုဒ္ဓဘုရား မပါတော့သည့် ဗုဒ္ဓသာသနာ၏ သမိုင်း ဟူသည် ဗုဒ္ဓဘုရား၏ စိတ်တော်ကို ရောင်ပြန်ဟပ်နေခြင်းထက် ဗုဒ္ဓဘာသာဝင်တို့က ကိုယ့်စိတ်ကို ကိုယ်ပြန်ကြည့်နေသော ကြေးမုံပြင်သာဖြစ်ကြောင်း ၊ ဗုဒ္ဓဘာသာဝင်တို့၏ စိတ်မှန်ပြင်တွင် ပေါ်လွင်လာသည့် ‘ဗုဒ္ဓသာသနာ သမိုင်း’ ဟူသော ပုံရိပ်သည် တကယ့် ဗုဒ္ဓသာသနာ အစစ်အမှန် မဟုတ် ၊ ကြည့်နေသူ၏ အတ္တပုံရိပ်သာ ဖြစ်ကြောင်းကို ပါတည်း။

တကယ်တော့ “သမိုင်းရာဇဝင်နှင့် ကိုယ့်ကိုကိုယ် ထပ်တူပြုထားသော အတ္တပုံရိပ်” ဆိုတာ နားလည်ဖို့ မခက်ပါ။ ဗမာဆိုရင် ဗုဒ္ဓဘာသာ ပဲ၊ ရခိုင်ဆိုရင် ဗုဒ္ဓဘာသာ ပဲ ဟု ငါတို့တွေ ဂုဏ်ယူပြောဆိုတတ် ကြခြင်းဟာ ခုနင်က ဆိုခဲ့တဲ့  ကိုယ့်ကိုကိုယ် ပြန်ကြည့်တဲ့အခါမှာ ပေါ်လာတဲ့ အတ္တပုံရိပ် တစ်ခု ပါပဲ။ ဤ အရပ်စကားတို့မှလည်း ကျွန်တော်တို့ သံသယ ရှိရမည်မှာ ‘ဗမာ ဗုဒ္ဓဘာသာ’ ဟု ဆိုပါလျှင် ‘ဗမာ’ ဟူသော လူမျိုးနှင့် တွဲသဖြင့်သာ ဖြစ်ပေါ်ခွင့်ရသည့် ‘ဗုဒ္ဓဘာသာ’ သည် ၄င်းလူမျိုး၏ ယဉ်ကျေးမှု ၊ သမိုင်း ၊ လူမှုရေး ၊ ခေတ်ကာလ အခြေအနေတို့ ဖြင့် ရောထွေးလျက်ရှိပြီး ဤကဲ့သို့ လူမျိုးတစ်မျိုးက မိမိ၏ သမိုင်းနောက်ခံ နှင့် ယှဉ်တွဲ၍ ခေါ်ဝေါ် ညွှန်းဆိုနေသော ဗုဒ္ဓဘာသာသည် သန့်စင်သည့် မူလ ဗုဒ္ဓဘာသာ အယူအဆကို ဘယ်လိုနည်းနဲ့မှ ကိုယ်စားမပြုနိုင်ကြောင်းကို ဖြစ်ပါ၏ ။

အာရှတောင်ပိုင်းက သီရိလင်္ကာ၊ ဗမာ၊ ထိုင်းစသော ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံများမှ လူတို့သည် မိမိတို့၏ အမှတ်လက္ခဏာ ကို ထေရဝါဒ သမိုင်း နှင့် တွဲပြီး မြင်ကြသလို ဂျုး ၊ ခရစ်ယာန် အစ္စလမ် စသော တစ်ဆူတည်းသော အဖဘုရားကိုသာ ကိုးကွယ်ယုံကြည်သည့် ဘက်မှ လူတို့သည်လည်း မိမိတို့၏ အမှတ်လက္ခဏာကို ဘာသာတရား၏ သမိုင်းနှင့် တွဲပြီး မြင်ကြပါသည်။

ဒါပေသိ အေဘရာဟမ် ကမ္ဘာ့ ဘာသာတရားကြီးများမှ ဘာသာဝင်တို့ အတွက် သမိုင်းဖြစ်စဉ် ဟူသည် ဘုရားသခင်၏ အလိုဆန္ဒ အရသာ ဖြစ်ပျက်ပေါ်ပေါက်လာခြင်း ဖြစ်ပါ၏ ။ ဘုရားသခင်၏ ဆန္ဒတော် အရ ရွှေ့လျားဖြစ်ပျက်လာသော သမိုင်းတွင် မိမိတို့ အနေဖြင့် တရားရေး နှင့် လူမှုရေး ဆိုင်ရာ အစီအစဉ်တို့ကို ဘုရားသခင်က မိန့်မြွက်ခဲ့သော နုတ်ခပတ်တော် အတိုင်းသာ စီရင် ပုံစံချသင့် ပေသည်။ ကမ္ဘာကြီးတွင် အကောင်းဆုံး လူ့ဘောင် ယဉ်ကျေးမှု အစီအစဉ် ဟူသည်မှာ ဘုရားသခင်က အပြီးသတ် ဟောဖော်မြွက်ကြားခဲ့ပြီး ဖြစ်သည့် ကျမ်းဂန်လာ လူမှု အစီအရင် အတိုင်းသာ ဖြစ်ရပါမည်။ ဘုရား ဟောထားပြီးသား အကောင်းဆုံး လူမှု အစီအရင်ကနေ သွေဖီပြီး ကျင့်ကြံတာကို မိမိတို့ သမိုင်းတွင် အဖြစ် မခံနိုင်ပါ။ 

အဲသလို မူလ ဘုရားကျမ်းဂန်သာ ပဓာန ဟု တရားသေ မှတ်ယူထားသော ဝါဒကို အင်္ဂလိပ်လို Fundamentalism ဟု ခေါ်ပါသည်။ လက်ရှိ ကမ္ဘာ့သမိုင်းတွင် ပရိုတက်စတင့် ခရစ်ယာန်တို့သည် မူလ ဘုရားကျမ်းဂန်သာ ပဓာနဝါဒကို ပထမဆုံး အကြီးအကျယ် ကျင့်သုံးသူများဖြစ်ပြီး နောက်ပိုင်း ဒါကို အစွန်းရောက် အစ္စလမ် ဘာသာဝင်တို့မှလည်း ယူလာကြပါသည်။ ဤ ကိစ္စမျိုး ၊ ဆိုလိုသည်မှာ တစ်ဆူဘုရား ဘာသာကြီးများ၏ လူအချို့မှ ကျင့်သုံးတွင်ကျယ် ပျံ့နှံလာသော မူလကျမ်းဂန်သာ ပဓာနဝါဒ (Fundamentalism) တွင် ငါတို့ အကဲခတ် သိနိုင်သည်မှာ  “အရင်းမူလ ဒါကလွဲလို့ ဘာကိုမှ လက်ခံစရာ မလို၊ အားလုံး မြေလှန်ပြောင်းလဲရမည်” ဟု စိတ်ရှည်သည်းခံမှု မရှိခြင်း (intolerance) ကို ဖြစ်ပါ၏။ 

တစ်နည်းအားဖြင့် အဖဘုရား ဘာသာကြီးတို့ဖက်မှ လူတို့သည် မိမိတို့၏ လူ့ဘောင်ကို ကျမ်းဂန်ပါ အရင်းမူလ ညွှန်ကြားချက်များ နှင့် တည်ဆောက်ဖို့ လုံးပမ်းလာကြသော အခါ ပြဿနာတွေ ရန်ပွဲတွေ တောက်လျှောက် တက်လာပါတော့သည်။ ဒါပေမယ့်လည်း ဒါမျိုးကိစ္စသည် ဗုဒ္ဓဘာသာ ဖက်တွင် တစ်ဆူဘုရား ဘာသာကြီးတို့ နှင့် စောက်ထိုးမိုးမျှော် ဖြစ်နေပါသည် ။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓသာသနာ သမိုင်းတို့တွင် မိမိတို့၏ လူ့ဘောင်ကို ကျမ်းဂန်ပါ မူလ အယူအဆတို့ဖြင့် တည်ဆောက်ရန် အတွက် ဟူသော ရည်ရွယ်ချက်ဖြင့် ဖြစ်ပွားရသော စစ်မက်ဟူ၍ မရှိ။ မော်ဒန်ခေတ်တွင် ဖြစ်ပေါ်နေသာ သံဃာတို့၏ အုတ်အော်သောင်းတင်း ရုန်းရင်းဆန်ခတ် ပြုမူဆောင်ရွက်ချက်များသည်လည်း ကျမ်းဂန်ပါ မူလ ဓမ္မ အယူအဆတို့ ဖြင့် လူ့ဘောင်ကို တည်ဆောက်ရန် ဟူသော ရည်ရွယ်ချက်ဟူ၍ စိုးစဉ်းမှ မပါရှိ။ 

တကယ်ကတော့ ပညာဥာဏ် ကြီးမားသူ ကျွန်တော့် ဗမာမိတ်ဆွေကောင်း တို့က အစ ဗမာပြည်မှာ ဖြစ်ပွားနေသော ဘုန်းကြီးဆိုး ၉၆၉ ပြဿနာတို့ကို Buddhist Fundamentalist movement ဟု ရောထွေးပြီး ခေါ်တတ်ကြပါသည်။ ဒါမျိုး မှားယွင်းပြီး နာမည်ပေးခြင်းမှာ အများသူငါသည် “Fundamentalism ဆိုလျှင် တယူသန် အစွန်းရောက်ပဲ” ဟု ဝေါဟာရ၏ အနက် အဓိပ္ပာယ် ကို အပေါ်ယံ နားလည်မိခြင်းက အခြေခံပါသည်။ ကမ္ဘာပေါ်မှာ ဖြစ်ပွားခဲ့သမျှ အကြမ်းဖက် ဗုဒ္ဓဘာသာ လူပ်ရှားမှုတို့သည် ဘယ်တုန်းကမှ မူလ ဗုဒ္ဓကျမ်းဂန်ပါ ညွှန်ကြားချက်ကို ပဓာန ကျင့်သုံးရန် ဟူသော တယူသန် ရည်ရွယ်ချက် (ဝါ) Fundamentalism ကို အခြေမခံခဲ့ပါ။ အဲသလို အခြေခံချင်လို့လည်း မရပါ။ ဝီရသူဟာ  “မူလ ဗုဒ္ဓကျမ်းဂန်လာ ညွှန်ကြားချက် နှင့် အညီ ကိုယ်တော်တို့ ဘုန်းကြီးတွေ လက်နက်ဝယ် လူစုပြီး စစ်တပ်ထောင်ရတယ်” လို့ ဘယ်တော့မှ ပြောလို့ မရပါ။ ရွှေတိဂုံဘုရား ပေါ်မှာ ဂျီတူး ဂျီသရီး မောင်းပြန်သေနတ်လွယ်ကာ လာဦးချသော သံဃာတော်ဆိုတာ ဘယ်လိုမှ ဗုဒ္ဓဘာသာတွင် စဉ်းစားလို့ မရပါ။ ဒါပေမယ့် ဒါမျိုးကိစ္စဟာ တစ်ဖက်က ဘာသာကြီးတို့တွင် အတော်ကလေးကို ဖြစ်နိုင်ပါသည်။ ဥာဏ်ရည်ထက်မြက်သူ ဓမ္မမိတ်ဆွေတို့ပင် မျက်စိလည်နေသော ဤကိစ္စသည် ရှေ့တွင် ထင်ရှားကွဲပြား လာပါအံ့။

ငါတို့သည် မိမိ၏ အတ္တပုံရိပ် သာ ဖြစ်သော ၊ တစ်နည်းအားဖြင့် မိမိကိုယ်ကို ပြန်ကြည့်နေခြင်းသာ ဖြစ်သော၊ တစ်နည်းအားဖြင့် ၄င်းနှင့်ယှဉ်တွဲ၍ မိမိကိုယ်ကို ပုံဖော်မြင်ယောင်နေသော  ‘ဗုဒ္ဓသာသနာ သမိုင်း’ ဆိုတာကို စူးစမ်းကြည့်မည် ဆိုပါလျှင် အလွန် ထူးဆန်းလေသည်မှာ ၄င်း ဗုဒ္ဓသာသနာ သမိုင်းတွင် စင်စစ်အားဖြင့် ဗုဒ္ဓ မပါရှိပါ။ ဗုဒ္ဓ အစား ပါဝင်နေသည့်သူတို့မှာ သာသနာစောင့် စစ်ဘုရင် မင်းတရားကြီးတွေ ၊ အာဏာရ အောင်ပွဲခံ စစ်ဘုရင် မင်းတရားကြီးတွေက ရဟန်းသံဃာတွေကို လှူဒါန်းပြီး အခြား ဘာသာဝင်တို့ကို မိစ္ဆာဒိဌိတွေ ဆိုပြီး နှိပ်ကွပ်ချေမှုန်း ပစ်လိုက်တာတွေ ၊ ဘုန်းကြီးတွေက ပရိတ် ကမ္မဝါတွေ ရွတ်ပြီး သရဲတစ္ဆေတွေကို မောင်းထုတ်နေတာတွေ၊ ခြိမ့်ခြိမ့်သဲသဲ ရဟန်းခံ ရှင်ပြု အခမ်းအနားတွေ၊ ဗုဒ္ဓဘာသာ ဘုရင်တွေရဲ့  အဖေသတ် ညီအစ်ကိုသတ် ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်သတ် ထီးလုနန်းလု အာဏာ ရည်မှန်းချက်တွေ၊ မင်းတရားကြီးက ဘုရားလောင်းဆိုပြီး ကိုယ့်ကိုကိုယ် သမိုင်းရေးထိုးတာတွေ၊ ဒါမှမဟုတ်လည်း လက်ထက်တော်မှာ ဘုရားလောင်း ပေါ်တယ်ဆိုပြီး သဗ္ဗေညုတ မြတ်ဗုဒ္ဓပင် အသေအချာ မမှန်းနိုင်သော ဘုရားလောင်းဟာ ရွှေလက်ထက်တော်ကြီးမှာ ဘုန်းတော်ကြောင့် ပေါ်ထွန်းလာပေးရ တာတွေ၊ ရွှေကျောင်းရွှေနန်း ပြောင်ပြောင်ပေမယ့် ကုန်းကောက်စရာ မရှိ မွဲတေနေတဲ့ ပြည်သူတွေ၊ နိုင်ငံရေး ဆိုင်ရာ ဖရိုဖရဲ ဖြစ်မှု နဲ့ ရုပ်ရုပ်သဲသဲ အကြမ်းဖက်မှု တွေ ၊ ဘုန်းကံကြီးမားသူ စစ်ဗိုလ် သူရဲကောင်းကြီးများ၊ ပညာရှိ ဝန်မင်းကြီးများ နှင့် ကိုရင်ပေါက်စန ကလေးများကို ဘုန်းမွဲကံမွဲ အရပ် ပြည်သူလူထုက ဒူးတုပ်ကန်တော့ နေရတာတွေ။


နှစ်ဆယ်ရာစု လစ်ဘရယ်ဒဿန ၏ ကေသရာဇာ ခြင်္သေ့မင်းကြီး ကားပေါ့ပါးက အမျိုးသားရေး ဝါဒီ ဆိုတဲ့ ရဲရဲတောက်တွေကို မာန်မဲခဲ့ဖူးသည်မှာ 

“နင်တို့ သိတဲ့ (အမျိုး ဘာသာ သာသနာ ကို စောင့်ရှောက်ကာကွယ် ခဲ့တယ် ဆိုတဲ့) မင်းတရားကြီးတွေရဲ့ တော်ဝင် သမိုင်းဆိုတာ တကယ်က တိရစ္ဆာန်ရိုင်းတွေလို သွေးရူသွေးတန်း သတ်ဖြတ်နေတဲ့ အာဏာရူးကောင်တွေ အကြောင်းကို ရေးထားတဲ့ သမိုင်းပါဟဲ့”

လစ်ဘရယ် ခြင်္သေ့ကြီး ဆိုခဲ့သလို ပါပဲ။ ဗုဒ္ဓသာသာနာ သမိုင်းဆိုတာ ဟာလည်း သွေးနဲ့လျှမ်းလျှမ်း ၊ စစ်မက်နဲ့ ပြည့်ပြည့် ၊ ပေါ်တာဆွဲခံရတဲ့ ပြည်သူ့မျက်ရည်တွေ နဲ့ အိုင်အိုင်။ ဗမာပြည်မှာဆို တစ်တိုင်းပြည်လုံး ကြိမ်မီးအုံးအောင် ရဟန်းရှင်လူတွေကို ထင်သလို သတ်ဖြတ်ခဲ့တဲ့ အနော်ရထာဟာ သူ့သမိုင်းကို ဘယ်လိုရေးထိုးသလဲဆို  “ယာလက်ဖြင့် စပါးနှံကို ပေးအံ့၊ ဗယ်လက်ဖြင့် ပြည်သူတို့ ကျခဲ့ရသော မျက်ရည်ကို သုတ်ပေးပါအံ့” တဲ့။ ပြည်သူကို စပါးစိုက်လို့ မရအောင် စစ်ပေါ်တာ လိုက်ဆွဲတာဟာ သင်း အနော်ရထာ၊ သားသည်မိခင်တို့ ကျမျက်ရည် မခမ်း နို့စို့ကလေးပါ မကျန် လိုက်သတ်တာဟာလည်း သည်အာဏာရူး အနော်ရထာ ၊ နာမည်ကြီးသူတွေ သက်ဆုံးစီရင်ခံရရင် ဝိဥာဉ်တွေ နတ်ဖြစ်ကုန်တယ် ဆိုပြီး  လူတွေ မအုံကြွလာအောင် လှည့်စားတာဟာလည်း (သေတာတောင် ရိုးရိုးမသေကြနဲ့၊ မင်းတရားကြီးရဲ့ ရွှေလက်တော်ကြောင့် နင်တို့ ဘဝပြောင်းရတယ်ဆို ပိုကောင်းတယ်ဟ၊ နတ်ဖြစ်ပြီး ကိုးကွယ်ခံရမှာကိုး) ဗမာ ဗုဒ္ဓသာသနာ သမိုင်းကို ရေးထိုးသူ ရှေ့ဆောင် မင်းတရားကြီး အနော်ရထာ ။

ဗုဒ္ဓသာသနာ သမိုင်းဟူသည် (တိဗက်ဒေသ ပတ်ဝန်းကျင် တစ်ဝိုက်လောက်မှ လွဲ၍) ယျေဘုယျအားဖြင့် အာဏာရူးသွပ်မှု၊ အကြမ်းဖက်မှုတို့ လွှမ်းမိုးနေခြင်း မှ လျော့ပါး လွတ်ကင်းနေသည် ဟူ၍ မရှိ။ 

ဒါပေမယ့် ငါတို့သည် မူလ ကျမ်းဂန် အစဉ်အလာကို ကြည့်လိုက်လျှင် ဒါတွေနဲ့ လုံးဝ ကွာခြားနေသော အခြေအနေ ကို တွေ့ရပေမည်။ ဗုဒ္ဓတရားကို မှတ်တမ်းတင်ထားသော မူလ ကျမ်းဂန် အစဉ်အလာ တို့တွင် (ဝါ) ကျမ်းဂန်တွေက ညွှန်ပြသွန်သင်သည့် မူလ ဗုဒ္ဓသာသာနာ အစဉ်အလာ တွင် သည်းညှင်းမခံခြင်းကို ဖော်ပြသည့် သက်သေသာဓက ဟူ၍ တစ်နေရာမှ မရှိ။ အကြမ်းဖက်မှုကို ပြုမူရန် ဆင်ခြေလုံလောက် မှန်ကန်ပါသည် ထောက်ခံထားသည့် စာသားဟူ၍ တစ်ကြောင်း တစ်ပါဒမှ မရှိ။ ဘုရားတစ်ဆူတည်း၊ ကျမ်းဂန်တစ်ဆူတည်း ကို ကိုးကွယ်သော ဘာသာကြီးတွေက ပြောတတ်သည့် ‘တရားသော စစ်ကြီး’  ‘ဘာသာရေး အတွက် တိုက်ရတဲ့ စစ်ပွဲကြီး’ ဟူသော သဘောတရားမျိုး ဟူ၍လည်း စိုးစဉ်းမှ မရှိ။ 

နောက်ထပ်လည်း အလွန်ထင်ရှားလှသည့် အချက်မှာ အဲသည် တစ်ဆူတည်း တစ်ကျမ်းတည်း ဘာသာကြီးတွေ၏ ဘုရားသခင် လို  ― (မဟာယာန ဂိုဏ်းတချို့၏ ဒဿန ရူဒေါင့်ဖြင့် ခပ်ဝါးဝါး ငြင်းခုံ ဖော်ပြချက် တချို့မှ လွဲ၍) ― ဗုဒ္ဓဘုရားရှင် ဟူသည် သမိုင်းတွင် ဆက်လက်ကျန်ရစ်ပြီး လူပ်ရှားစီမံ နေခြင်း မရှိ။ သည်အချက်ကနေ ငါတို့ ကိန်းသေပေါက် ပြောနိုင်သည့် အချက်မှာ ဗုဒ္ဓသာသနာ သမိုင်းတွင် ပေါ်ပေါက်လာသော အနော်ရထာ၊ ရှင်ဓမ္မပါလ ၊ ၉၆၉  စသည့် ယုတ်မာရိုင်းစိုင်းသည့် ဖြစ်စဉ်တို့ ဟူသည် မရှိတော့သော ဗုဒ္ဓ နှင့် ဘာမှ မဆိုင်ဘူး ဟူသော သဘော ပါတည်း။ 

ဗုဒ္ဓ ဘုရားရှင်၏ ဘဝ ဖြစ်တော်စဉ် နှင့် ဇာတက ဇာတ်လမ်းတို့သည် အတိတ်တွင် ပြီးဆုံးသွားခဲ့ပါပြီ။ အနာဂါတ်မှာ လူ့ဘောင်သည် ဘယ်လိုမျိုး ဆက်ဖြစ်လိမ့် မလဲ ဆိုတဲ့ ဟောကိန်း အတွက်ဆို မူလ ကျမ်းဂန်တို့ ဟာ နုတ်ဆိတ်ပြီး တိတ်တိတ်ပဲ နေကြပါတယ် ။ မူလကျမ်းဂန်ကို လေ့လာသူ ပညာရှင်တို့ ကောင်းစွာ လေ့လာတွေ့ရှိလာသည်မှာ ဗုဒ္ဓဘုရားရှင်ဟာ အနာဂါတ် မှာ ဘာတွေ ဆက်ဖြစ်လိမ့်မလဲလို့ မှန်းဆနေ တာမျိုး (speculation) ကို ပြင်းထန်စွာ ကဲ့ရဲ့ ရူတ်ချပါတယ် ။ 

[ဖြည့်စွက်။ ။ ပါဠိတော်ထဲက ဗုဒ္ဓဓမ္မဟာ တက်ကပ်ဆုတ်ကပ် ဆိုတဲ့ အနာဂဝံသကျမ်း အယူအဆမျိုးကို လက်မခံပါ။ တက်ကပ်ဆုတ်ကပ် ဆိုတဲ့ ယုဂဝါဒ (Historicism) ဟာ ဗုဒ္ဓမူလ ကျမ်းဂန် နဲ့ လုံးဝ မကိုက်ညီတဲ့ ဗြဟ္မဏ ဝါဒ - ဗုဒ္ဓကိုယ်တော်တိုင် သုံးနူန်းခဲ့တဲ့ အခေါ်အားဖြင့် “ဘုန်းကြီးတွေ လုပ်စားတဲ့ ဝါဒ” ဖြစ်ပါတယ်။  အဲသည် ဗြဟ္မဏ ယုဂဝါဒ ဟာ ဖက်ဆစ်ဝါဒ၊ ကွန်မြုနစ် ဝါဒ၊ အမျိုးသားရေး ဝါဒ၊ ခု မော်ဒန် ဗမာဘုန်းကြီးတွေရဲ့ အမျိုး ဘာသာ သာသနာ ဝါဒ စသော လုံးစည်းဝါဒ  (Totalitarianism) အားလုံးကို မွေးထုတ်ပေးသူ ပင်ရင်း မြွေပွေးမိခင်ကြီး ဖြစ်ပါတယ်။ သည် လုံးစည်းဝါဒတွေ ရဲ့ သပွတ်အူဟာ နောက်ပိုင်းမှာ ပို ရှင်းလင်းလာပါလိမ့်မယ်။ ခုနေခါမှာတော့ ၉၆၉  တို့ ၊ အမျိုး ဘာသာ သာသနာတို့ ဆိုတဲ့ ဘုန်းကြီးတွေဟာ အလွန် ကောက်ကျစ်ယုတ်ညံ့လှတဲ့ ဗြဟ္မဏဝါဒကို ဗုဒ္ဓဘာသာ အဖြစ် ယောင်ဆောင် ဖြန့်ဖြုးပြီး ဗမာပြည်ကို ကျွန်ဇာတ်စနစ် ဖြစ်အောင် သွပ်သွင်းနေတာပါလား ဆိုတာ အကျဉ်းမျှ သိမှတ်နားလည်ထားရင် လုံလောက်ပါပြီ]

မူလကျမ်းဂန်တွေ ၏ အာဘော်အရ “သံဃာ ဟူသော တတိယ ရတနာ” (အဖွဲ့အစည်း) သည် ဘုရားရှင် မျက်နှာလွဲခဲ့ပြီးနောက် အနှစ် ငါးရာသာ အလွန်ဆုံး တည်တံ့နိုင်ပါသည်။ တရားဓမ္မဟူသော ဒုတိယ ရတနာကတော့ မြတ်နိုးကျင့်ကြံသူ (တစ်ဦးချင်း) ရှိနေသရွေ့ ကာလမရွေး မပြတ်တမ်း တည်နိုင်ပါသည်။ 

“သုဗုဒ္ဓိ၊ စိုးစဉ်းမျှပင် တုန်လှုပ်ခြင်း မဖြစ်ပါလင့် ။ ငါဘုရား၏ အဆုံးအမကို ကျင့်ကြံလိုက်နာသူ (တစ်ဦးချင်း) ရှိနေသရွေ့  ဤလောကသည် ရဟန္တာတို့ ဖြင့် မဆိတ်”

သုဘဒ်ရဟန်းကို ဟောကြားထားချက် မှ ငါတို့ ပြန်ဆင်ခြင် နားလည်နိုင်သည်မှာ ဓမ္မရတနာဟူသည် မြတ်နိုးကျင့်ကြံသူနှင့် တခြားစီ သီးသန့်ဖြစ်တည်သော ‘တစ်စုံတစ်ရာ’ မဟုတ်သလို ၊ မြတ်နိုးကျင့်ကြံသူ မရှိဘဲနဲ့လည်း ဓမ္မရတနာသည် မဖြစ်တည်နိုင်ပါ။ ယုတ်စွအဆုံး ၄င်း သဘောတရားတို့ကို မှတ်တမ်းတင် ဖော်ပြသော ပိဋကတ် ကျမ်းဂန်တို့ကိုလည်း တရားဓမ္မ (ဝါ) ဓမ္မရတနာ ဟု မခေါ်ဆိုနိုင်ပါ။

တဆုံး ထပ်မြင်နိုင်သည့် သဘောတရားမှာ မူလ ကျမ်းဂန်လာ ဗုဒ္ဓသာသနာ အစဉ်အလာသည် အနာဂါတ်ကို အသေအချာ တင်ကြိုဟောကိန်းထုတ်ထားသည့် ဘုရားတစ်ဆူတည်း ၊ ကျမ်းဂန် တစ်ဆူတည်း၊ ကမ္ဘာကြီး ဆုံးသွားခဲ့ရင်လည်း တစ်ပုံစံတည်း ဆိုတဲ့ တစ်ဆူတည်း ဘာသာကြီးတွေလို ဒို့များတူယှဉ်သာ အားလုံးအတူ “ရည်စိတ်သန်မှန်းဆလို့ ပြည်နိဗ္ဗာန်လမ်းဝသို့  လှမ်းကြွရောက်လေမှာ” ဆိုတဲ့ စိတ်လှုပ်ရှားတက်ကြွစရာမျိုးကို လုံ့ဆော်ထားခြင်းမျိုး အလျှင်း မရှိပါ။ 

ဗုဒ္ဓဘာသာ ဖြစ်လို့ နတ်ပြည် နိဗ္ဗာန် သေချာပေါက် ရောက်ရမည် ဟူသော အာမခံချက် မရှိပါ။ ဘုရား တရား သံဃာကို ကိုးကွယ်ကြည်ညိုလို့ နောင်ဘဝတွင် ငရဲမကျနိုင် တိရစ္ဆာန် ဘဝသို့ မကျရောက်နိုင် ၊ ယခု ဘဝတွင် ဘေးဆိုး ကြမ္မာဆိုးတို့ လွတ်ကင်းလိမ့်မည် ဟူသော အာမခံချက် မရှိပါ။ ဘုရား သာသနာတွင် လူဝတ်ကြောင် အမျိုးသမီးထဲက ထိပ်တန်းဖြစ်သော မလ္လိကာ မိဖုရားသည် သေသောအခါ မကောင်းမှု တစ်ခုကြောင့် ငရဲတွင် ခုနှစ်ရက်ခံရပါသည်။ ဘုရားဟော ပိဋကအစုံ ကို လက်ရှိ ဘုရားနှင့် အတိတ် ဘုရားရှင် အဆက်ဆက် တို့၏ သာသနာတွင် အာဂုံဆောင်နိုင်သော ဗုဒ္ဓ၏  မိတ်ဆွေ ရဟန်းသည် ကျင့်ကြံအားထုတ်ခြင်း မရှိသောကြောင့် ၄င်း၏ ဘဝလားရာမှာ အလွန်ဆိုးဝါးနေပြီ ဖြစ်ကြောင်း ဗုဒ္ဓသည် မိန့်ကြားခဲ့ပါသည်။ ဘုရားကို ကြည်ညိုလှသော မျောက်သည် ကြည်ညိုလွန်း၍ ခုန်ပေါက်လေရာ  သစ်ပင်ပေါ်မှ သတိလက်လွတ် ပြုတ်ကျ သစ်ငုတ်ဆူး၍ သေပါသည်။ ဗုဒ္ဓဘာသာဝင် တစ်ဦး၏ အနာဂါတ်ဟာ ဘာကျိန်းသေ ဖြစ်ရမည် ဟု ရတနာသုံးပါးသည် မဆုံးဖြတ် မသတ်မှတ်နိုင်ပါ။ ၄င်း ဗုဒ္ဓဘာသာဝင် ကိုယ်တိုင်၏ ပြုမိခဲ့သောကံ စေတနာ အကောင်းအဆိုးတို့ကသာ ဆုံးဖြတ်နိုင်ပါသည်။

သစ္စာလေးပါး၊ ပုဂ္ဂိုလ် သတ္တဝါ ငါ ဟူ၍ မရှိခြင်း၊ ပဋိစ သမုပါဒ၊ တခဏသာ ဖြစ်တည်နိုင်သော ခန္ဓာငါးပါးတည်းဟူသော အစုအဝေး၊ ဘယ်အရာမှ မြဲမြံနိုင်ခြင်း မရှိသည့် သင်္ခါရသဘော တို့သည် ဥာဏ်ပညာပိုင်း မှာ တစ်စုံတစ်ဦးကို ကောင်းမွန်လိမ္မာလာအောင် မြှင့်တင်ပေးနိုင်သလို ဗုဒ္ဓ တရားဓမ္မတွေကို အမှန်တကယ် နားလည် ရင့်ကျက်သူ တစ်စုံတစ်ဦးဟာ စစ်ဝင်တိုက်လိမ့်မှာတော့ မဟုတ်ပါ။ ဗုဒ္ဓဘုရား မျက်ကွယ်ပြုသွားခဲ့ ပေမယ့်လည်း သူဟာ တရားရှိသူရဲ့  နှလုံးသားထဲမှာ ဆက်လက်ပြီး ကိန်းဝပ် စံပါယ်နေဆဲပါပဲ။ 

“လူသား၏ အဆုံးဟာ ဘာလဲ” ဆိုတဲ့ အဖြေကို ဗုဒ္ဓတရား ရဲ့ ရူဒေါင့်ကနေ မြင်ပြီးသူဟာ “ကလဲ့စားချေဖို့၊ ဒဏ်ခတ်ဖို့ ဆိုတာ ငါ့တာဝန်” ဆိုတဲ့ စကားမျိုးကို ပြောလိမ့်မှာ မဟုတ်ပါ။ တစ်နည်းအားဖြင့် ဗုဒ္ဓ မူလကျမ်းဂန်ရဲ့  မူလ ဓမ္မရူဒေါင့်ကို မချိုးဖောက်ဘဲ နဲ့ သည်လို စကားမျိုးကို ပြောလို့ မရပါ။

         သည်မှာ ငါတို့ မေးရတော့မယ့် အချက်ဟာ ကနေ့ ကမ္ဘာမှာ သီရိလင်္ကာ၊ ဗမာ နဲ့ ထိုင်းက သံဃာတွေဟာ ဘာကြောင့်မို့လို့ သည်ကလောက်တောင် ဒေါသအမျက် ချောင်းချောင်းထွက်ပြီး ပေါက်ကွဲနေကုန်ကြ ရပါသလဲ။ ဒါမျိုး ကိစ္စဟာ အတိတ်မှာကော ရှိခဲ့ပါသလား။

         ငါတို့ ကိုယ့်ကိုကိုယ် မညာကြပါနဲ့လား။ သည် နိုင်ငံတွေရဲ့  မဟားတရား အကြမ်းဖက်မှု ပေါက်ကွဲမှုတွေဟာ ခေတ်တစ်ခေတ်မှာ ဖြစ်ပေါ်လာတဲ့ လူမှု စီးပွားရေးဆိုင်ရာ အခြေအနေတွေ နဲ့ပဲ သီးသန့် ပတ်သက်ပါသည်။ ကြောက်စရာ ကောင်းလှအောင် ပြင်းထန်တဲ့ သီရိလင်္ကာ နဲ့ ဗမာက သံဃာတွေရဲ့  လူမျိုးဘာသာ မုန်းတီးရေး လူပ်ရှားမှုတွေဟာ အဲသည် နိုင်ငံတွေမှာ သီးသန့် ဖြစ်ပေါ်နေတဲ့ “သမိုင်း” အခြေအနေတွေ နဲ့သာ ပတ်သက်ပါသည်။ တစ်နည်းအားဖြင့် သည်နိုင်ငံက လူတွေရဲ့  စိတ်မှန်သားပြင်မှာ သီးသန့် ပေါ်လွင်နေတဲ့ – မိမိ၏ အတ္တနဲ့လည်း ထပ်တူပြုထားတဲ့ – မိမိရဲ့ မြဲမြံတဲ့ အနှစ်လက္ခဏာ အဖြစ် မှတ်သားမြင်ယောင်နေတဲ့ – သီးသန့်အုပ်စုတစ်စုရဲ့  – သမိုင်း ပုံရိပ်နဲ့ဘဲ သက်ဆိုင်ပါသည်။

ခေတ်တစ်ခေတ်မှာ သီးသန့် ဖြစ်ပေါ်နေတဲ့ သမိုင်း အခြေအနေဟာ မူလ ကျမ်းဂန်လာ ဗုဒ္ဓသာသနာ မဟုတ်ပါ။ ငါတို့ဟာ ခုဖြစ်နေတဲ့ အမုန်းတရား လှုပ်ရှားမှုတွေကို သီးသန့် “ဗုဒ္ဓသာသနာ သမိုင်းဆိုးကြောင့်” လို့ ပြောရင် လုံးဝပြောလို့ ရပေမယ့် “ဗုဒ္ဓသာသနာ ကြောင့်” လို့တော့ ပြောလို့ မရပါ။

သည်လိုပါပဲ။ “သာသနာ စောင့်ရှောက်ရေး” လို့ သီဟိုရဟန်းက ဖြစ်ဖြစ် ၊ ဗမာ ရဟန်းက ဖြစ်ဖြစ် ကြွေးကြော်တဲ့ အသံမှာ မူလ  ဗုဒ္ဓသာသနာ ဗုဒ္ဓဓမ္မ ကို ဆိုလိုမှုအဖြစ် အနက်အဓိပ္ဗာယ် ဘယ်လိုနည်းနဲ့မှ မထွက်နိုင်ပါ။ “သာသနာ့ ပါလ” ၊  “ဝံသ ပါလ” စတဲ့ အသံတွေဟာ  သီးသန့် ဗုဒ္ဓသာသနာ သမိုင်းတစ်ခု (ဝါ) သီးသန့် သမိုင်းဆိုး တစ်ခုကို စောင့်ရှောက်လိုတဲ့ အသံအဖြစ်သာ ပညာရှိသူ၏  နားသောတတွင် ဆင်ခြင်သဖြင့် ခတ်ထင် ပေါ်လွင်လာပါသည်။

ဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာ ဘိဝံသက သူ့ရဲ့  မဟာဗုဒ္ဓဝင် ကျမ်းစာ နိဒါန်းမှာ ဆိုမြွက်ဖူးတာက ‘စိန်’ ဆိုတဲ့ အသံဟာ အတုကို ပြောနေတာလား၊ အစစ်ကို ပြောနေတာလား ဆိုတာကို တရားဓမ္မ ရဲ့  အဓိပ္ဗာယ်ကို ရင့်ကျက်နားလည်သူ ဟာ ကောင်းစွာခွဲခြား နိုင်ပါသတဲ့။ အဲသလို ပါပဲ ၊ ဝံသ မျိုးစောင့်ဘုန်းကြီးတွေက ပါလ-စောင့်ရှောက်မှု ပြုဖို့ရန် လိုတဲ့ ‘ဗုဒ္ဓသာသနာ’ လို့ ပြောရင် အဲဒါဟာ မျိုးစောင့်ဘုန်းကြီးက သီးသန့် မြင်ယောင်နေတဲ့ သီးသန့် သာသနာ သမိုင်း တစ်ခု (ဝါ) ၄င်း မျိုးစောင့်ဘုန်းကြီး ရဲ့  အတ္တပုံရိပ် – သီးသန့် သမိုင်းတစ်ခုကို မိမိကိုယ်ကိုနှင့် ထပ်တူပြုပြီး မြင်ယောင်နေသော အာရုံကို ဆိုလိုသော အနက် အဖြစ်သာ –  ပညာရှိသူ၏ နားတွင် ကြားထင်ပါသည် ။ မျိုးစောင့်ဘုန်းကြီး နဲ့ နှီးနွယ်တဲ့ သီးသန့် လူမျိုးတစ်စုရဲ့  သမိုင်း၊ အထူးသဖြင့် ၄င်းလူမျိုး၏ “ဘုန်းလက်ရုံး” သမိုင်း တစ်ခုကို စွဲနေတဲ့ အတ္တပုံရိပ် (Historicism) သည် မည်သည့် သမိုင်းနှင့်မှ ပတ်သက်ခြင်း မရှိသော၊ မည်သည့် ဘုန်းလက်ရုံးကို မဆို ရူတ်ချသော မူလ ဗုဒ္ဓသာသနာ အစဉ်အလာ (Tradition) နဲ့ ဘာမှ မဆိုင်ပါ။ 

“စစ်ပွဲတစ်ထောင် အောင်နိုင်ပေမယ့်လည်း အောင်ခြင်း မမည်။ မိမိကိုယ်ကို အောင်နိုင်ခြင်းသာ မြတ်သော အောင်မြင်ခြင်း ပေတည်း ။ ဤသို့အောင်နိုင်ခြင်းကို နတ် နှင့် ဘီလူးသည်ပင် မလုယက်နိုင်”   ဓမ္မပဒ၊ တစ်ထောင်အစု’

သာသနာအတွက် တိုက်ရမယ့် စစ်ပွဲဆိုတာ တစ်ပါးသူကို လုယက်ပြီး အောင်မြင်တဲ့ စစ်ပွဲမဟုတ်။ တစ်ပါးသူက ပြန်လုမှာကိုလည်း စိုးရိမ်နေရတဲ့ စစ်ပွဲမဟုတ်။ မိမိ၏ လောဘ၊ ဒေါသ၊မောဟကို နှိမ်နင်းနိုင်ဖို့ မိမိအတွင်းမှာသာ ကြိုးစားရတဲ့ အဇ္ဈတ္တ ရဏ၊ ပျော်ရွှင်စွာ ခင်းတဲ့စစ်၊ ပြန်ဆုံးရူံးရမှာကို ကြောင့်ကြစိုးရိမ်ဖွယ် မလိုတဲ့ အောင်ပွဲ။

ဒါပေမယ့်လည်း “စိန်” ဆိုတာကို ကြားရင် လူတွေဟာ တန်ဖိုးကြီးတဲ့ စိန်အစစ်ကို ပြေးမြင်တတ်ကြသလို “သာသနာ” လို့ ကြားရင် ကျွန်တော်တို့ဟာ တန်ဖိုးကြီးမားတဲ့ သာသနာ အစစ်လို့ ပြေးမြင်တတ်ကြပါတယ်။ “သာသနာကို စောင့်ရှောက်စို့” ဆိုတာဟာ တကယ်တော့ သည်ဘုန်းကြီးတွေဟာ သူတို့ရဲ့  စိတ္တဖန်သားပြင် မှာ ပေါ်လွင်လာတဲ့ အတ္တပုံရိပ် ၊ သူတို့ မြင်ယောင်စွဲနေတဲ့ အာဏာလက်ရုံး ပုံရိပ်ကို စောင့်ရှောက်ဖို့ ငါတို့ကို လာလိမ်နေတာပါ။ ဘုန်းကြီးရဲ့  စိတ်မှာ စွဲကပ်နေတဲ့ တစ္ဆေသာသနာ ဟာ စစ်ပွဲကြီးတွေ၊ စစ်အာဏာရှင် ကြီးတွေ ၊ စစ်သူရဲကောင်းကြီးတွေ၊ လူစွန့်စားကြီးတွေ၊ နန်းတော်ကြီးတွေ၊ စေတီကြီးတွေ၊ ကျောင်းကြီးတွေ၊ ကိုယ်တော်ကြီးတွေ၊ ကျမ်းစာအုပ်ကြီးတွေ၊ တရားဟော ပလ္လင်ကြီးတွေ၊ ယပ်တောင်ကြီးတွေ၊ ရွှေထီးကြီး တွေ နဲ့ မီးလျှံဟုန်းဟုန်း တောက်လောင်နေပါတယ်။

အင်း၊ သည်မှာ ငါတို့ တရား သံဝေဂ ယူစရာ ရှိလာပါပြီ။ ‘စစ်ပွဲ’ ဟာ သူ့ဟာသူ နေရင် စစ်ပွဲ၊ ‘စေတီ’ဟာ သူ့ဟာသူနေရင် စေတီ၊ ‘ကျောင်း’ ဟာ သူ့ဟာသူနေရင် ကျောင်း၊ ‘သာသနာ’ ဟာ သူ့ဟာသူနေရင် သာသနာ၊ ‘တရားဟော ပလ္လင်’ ဟာ သူ့ဟာသူနေရင် တရားဟော ပလ္လင်။ ဘာလို့ ဘုန်းကြီးရဲ့  အတ္တစိတ်မှန်ပြင်မှာ စစ်ပွဲကြီး၊ စေတီကြီး၊ ကျောင်းကြီး၊ သာသနာကြီး၊ တရားဟော ပလ္လင်ကြီး စသဖြင့် ပေါ်လွင်လာရပါသလဲ။ အရှိကို အရှိအတိုင်း၊ ဖြစ်စဉ်ကို ဖြစ်စဉ်အတိုင်း ရူမြင်သုံးသပ်ဖို့ ဆုံးမတဲ့ မူလ ဗုဒ္ဓ အဆုံးအမဟာ အဲသလို ‘ရွှေ’ ‘တော်’ ‘ကြီး’ လုပ်နေတာမျိုးကို အပြီးအပြတ် ရူံ့ချကဲ့ရဲ့ ပါလျက်နဲ့ ဗမာ ဗုဒ္ဓသာသနာ သမိုင်းဟာ ‘ရွှေဗမာ’ ၊ ကျွန်ဖြစ်ရတာတောင်မှ ‘ကျွန်တော်’ ၊ တပ်မတော်တောင်မှ မကျေနပ်နိုင် ‘တပ်မတော်ကြီး’ စသဖြင့် အလွန်တရာ ကြီးမားသော မီးလျှံ အတ္တပုံရိပ်တွေ ဖုံးလွှမ်းနေရပါသလဲ။ 

တကယ်တော့ ငါတို့ ‘ဗမာ ဗုဒ္ဓသာသနာ သမိုင်း’ ဟာ သကျသီဟ သိဒ္ဓတ္တဂေါတမ ရဲ့  သာသနာ မဖြစ်ခဲ့ပါ။ ဖြစ်ချင်းဖြစ်ရင် အရွေးကောက်ခံ ‘တော်’ ဖြစ်ရတာကို အာသာငမ်းငမ်း တပ်မက်မပြေတဲ့ ဒေဝဒတ္တ ရဲ့  အမွေခံမျိုးဆက် သမိုင်းပါ။ ဒေဝဒတ္တ ရဲ့  အရွေးချယ်ခံ လူစွမ်းကောင်း ဝါဒကို သဘောကျတဲ့ လူစွမ်းကောင်း သာသနာ့သမိုင်းပါ။ လူမျိုးစုတစ်စု ရဲ့  ‘အုပ်စု အတ္တပုံရိပ်’ ကို ဗုဒ္ဓသာသနာဆိုပြီး မှားယွင်းစွာ မာန်ဝင့်ကြွားနေတဲ့ သမိုင်း ဖြစ်ရပ်ကလေး တစ်ခုရယ်ပါ။

ကျွန်တော်ဟာ ၉၆၉ ဆိုတာ မိစ္ဆာဝါဒ ၊ အမျိုးသားရေး ဝါဒ ဆိုတာ နိုင်ငံကို ဖွတ်ကြောပြာစု ခရုဆံကျွတ် ဘဝက မတက်နိုင်စေမယ့် ဝါဒ ဆိုတာကို အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ အမျိုးသားရေး ဝါဒ ၊ အမျိုး ဘာသာ သာသနာ ဝါဒ စသော လုံးစည်းဝါဒ တို့၏ ဆိုးဝါးပုံ မျိုးစုံ ကတော့ ကမ္ဘာ့ စာကောင်းပေကောင်းတွေမှာ အခိုင်အခန့် မှတ်တမ်းတင်ထားပြီး ဖြစ်ပါသည်။ သည်နေရာမှာ ကမ္ဘာ့စာပေမှာ အထင်အရှား မဖြစ်သေးတဲ့ “၉၆၉ ဆိုတာ ဘုရားဂုဏ်တော် ၊ တရားဂုဏ်တော်တွေကို အမှတ်သညာ ပြုတာပဲဟာ၊ ဒါဟာ ကောင်းပါတယ်” ဟု လူအများပင် ခပ်ရိုးရိုးတွေးမိမည့် ကိစ္စကို သံသယကင်းစေရန် ကျွန်တော် ဖြေရှင်း ပြပါတော့မည်။

ဟုတ်ကဲ့ ၊ ကျွန်တော်ပြောမယ့် အဖြေက ထူးထူးခြားခြား မဟုတ်ပါဘူး ။ ခုနင်က ပြောခဲ့တဲ့ ဘုန်းကြီး နဲ့ ဗမာအများမှာ ရိုက်ခတ်ထင်ဟပ် နေတဲ့ အတ္တစိတ်မှန်ပြင်က ကျောင်းကြီး၊ ကျမ်းကြီး ၊ တရားဟော ပလ္လင်ကြီး ၊ သာသနာကြီး၊ လူစွမ်းကောင်းကြီး ကိစ္စပါပဲ။ သည် အဖြေကို အများ နားလည်ဖို့ရန် ကျွန်တော့်ကို တန်ပြန်ငြင်းခုံမယ့် ‘ကိုဆွေ’ ဆိုတဲ့ စိတ်ကူး ယှဉ်ပြိုင်ဖက်ကို ဖန်ဆင်းပြီး ဆွေးနွေးပါ့မယ်။

ကိုဆွေ (မဟာယာန ဗုဒ္ဓဘာသာ၊ ဘုရားလောင်း ဆုပန်၍ ဘုရားဖြစ်အောင် ကျင့်ကြံနေသူ) ။ ။

ကိုညိုထွန်းရေ၊ ကျွန်တော် အသက်ရလာတဲ့ အခါမှာ ကျွန်တော် တွေ့ကြုံမှတ်သား မိသလောက် ဗုဒ္ဓဘာသာ ဝါဒတွေ အပေါ် ကျွန်တော့်အမြင်ကို နဲနဲလောက် ပြောမယ်ဗျာ။

ထွန်း။ ဟုတ်ကဲ့

ဆွေ။ ပြောချင်တဲ့ ဝါဒက လေးခုဗျ။ ရှင် ဥက္ကဌ ရဲ့ လူသေလူဖြစ် ၊ ရှင်မိုးပြာရဲ့ ပစ္စုပ္ပန် ကမ္မဝါဒ၊ ဝီရသူ ရဲ့  ၉၆၉  နဲ့ ကျုပ်ကိုယ်တိုင်ရဲ့  မဟာယာန ဗောဓိသတ္တ ဘုရားလောင်းကျင့်စဉ်ပဲ ဆိုပါတော့။

ထွန်း။ ဘယ်လိုတုန်းဗျ

ဆွေ။ ရှင် ဥက္ကဌ ရဲ့ လူသေလူဖြစ်ကို ကျုပ် လက်မခံပါဘူး။ ရှင်မိုးပြာရဲ့ ပစ္စုပ္ပန် ကမ္မဝါဒကို “လွတ်မြောက်ရန်လမ်း ဗေဒ” (soteriology) သဘော အနေနဲ့က ကျုပ် လက်မခံပါဘူး၊ ဒါပေမယ့် သူ့ကို ဗုဒ္ဓ ဒဿနလမ်းသစ် တစ်ခုကို ဖောက်ထွင်းနိုင်တဲ့လူ အနေနဲ့ ကျုပ် လေးစားပါတယ်။ ဝီရသူရဲ့  ၉၆၉ ကတော့ သူများ ဘာသာဝင်တွေကို ဘေးဥပဒ် ဖြစ်စေ၊ တိုင်းပြည် ဆူပူစေတဲ့  ဘုန်းကြီးလုပ်စား ဝါဒ မို့လို့ သောက်မြင်ကပ် ပါတယ်။ 

ထွန်း။ ကိုဆွေရဲ့  မဟာယာန ဘုရားလောင်း ကျင့်စဉ်ကျ တော့ကော

ဆွေ ။ ဘုရားဖြစ်ဖို့ မဟာယာန လမ်းစဉ်ကတော့ ကျုပ်သီးသန့် ယုံကြည်လို့ မိရိုးဖလာ ကိုးကွယ်ခဲ့တဲ့ ထေရဝါဒကို ပစ်ပြီးတော့ကို ကျုပ်ဘာသာ သီးသန့်ခွဲထွက် ကျင့်ကြံတာပဲ။ မှန်ချင်ရင်မှန်မယ် ၊ မှားချင်ရင်မှားမယ် ။ ကိုညိုထွန်း ပြောသလိုပေါ့ ။ လူတွေမှာ သူ သန်ရာသန်ရာ သီးခြား အတွေးအခေါ်လေးတွေဟာ သူတို့တတွေရဲ့ သီးသန့် ဘဝအတွေအကြုံတွေ၊ သီးသန့် သမိုင်းနောက်ခံတွေပေါ် မူတည်ပြီး ဖြစ်ပေါ်လာရတာပါ။

ထွန်း။ ဒါပေမယ့် ဘုရားဖြစ်ဖို့ ကျင့်စဉ်ဆိုတာ “အလောင်းတော်မြတ် ဗောဓိသတ်ကြီး” ဆိုပြီး သူများထက် အထူးအခြား ဖြစ်ချင်နေတဲ့ လောဘ မဟုတ်ပေလား။ 

ဆွေ။ အင်း၊ သည်မေးခွန်းမျိုးကို ဦးဝိစိတ္တ ရဲ့  မင်းကွန်း မဟာ ဗုဒ္ဓဝင်မှာ ဖြေထားတာကို ကျုပ်တွေ့ဖူးပါရဲ့ ။ သိပ်တော့ ဘဝင်မကျပါဘူး။ ဆရာတော်ဘုရားကြီး က ဘုရားဖြစ်ချင်တာကို လောဘလို့ မခေါ်ထိုက်၊ ဆန္ဒလို့ ခေါ်အပ်တယ်။ ဒါကြောင့် ဘုရားဖြစ်ချင်တာဟာ အပြစ်မဖြစ်လို့ ရိုးရိုးပဲ ဖြေထားပါတယ်။

ထွန်း။ ကိုဆွေ့ အတွက်ကရော

ဆွေ။ ကျုပ်စဉ်းစား မိသလောက်တော့ ဘုရားလောင်း ကျင့်စဉ်ဆိုတာ အမြတ်ဆုံး ကျင့်စဉ်ကို လိုက်စားတာပါ ( =၉၆၉ ဆိုတာ အမြတ်ဆုံးကို ကိုးကွယ်တာပါ) ။ အမြတ်ဆုံး ကျင့်စဉ်ကို ကိုယ့်ဘာသာ ယုံကြည်အားသန်လို့ လိုက်စားချင်တာတောင်မှ သူများထက် အသာအမြတ်ကြီး (အလောင်းတော်မြတ် ဗောဓိသတ်ကြီး) လုပ်ချင်တယ်ဆိုပြီး စွတ်စွဲတယ်ဆိုရင် စွတ်စွဲတဲ့လူရဲ့ အမြင်သက်သက်သာ ဖြစ်ပါတယ်။ 

ဘုရားလောင်း ကျင့်စဉ်ပဲဖြစ်ဖြစ်၊ ရဟန္တာ ကျင့်စဉ်ပဲဖြစ်ဖြစ် ဒါတွေဟာ ကုသိုလ်လုပ်တာပဲဗျို့ ။ ကုသိုလ်လုပ်ရင် ကုသိုလ်ရတာ ပါပဲ။ ကျုပ်ကတော့ ပိုကောင်းတဲ့ ကုသိုလ်ကို လိုချင်တာပေါ့လေ။ လောဘလို့ စွပ်စွဲလည်း အစွပ်စွဲ ခံလိုက်ပါ့မယ်။ ကိုယ့်ယုံကြည်မှု နဲ့ ကိုယ်ပါပဲ။

ထွန်း။ ကိုဆွေက ဘုရားလောင်း ဆိုတော့ ကျွန်တော် ဥာဏ်စမ်း တစ်ခု မေးမယ်ဗျာ။

ဆွေ။ မေးပါ မေးပါ။ 

ထွန်း။ ‘သံယောဇန’ ဆိုတာ ဘာလဲဗျ။ 

ဆွေ။ သံယောဇန ဆိုတာ ကြိုး ၊ ချည်နှောင်ထားတဲ့ကြိုး၊ တွဲထားတဲ့ကြိုး၊ အကျဉ်းခတ်ထားတဲ့ ကြိုး ။ ဗမာစကား သံယောဇဉ် ဆိုတာ အဲသည်က လာတာပါပဲ။ မေးခွန်းက ဒါပဲလား။

ထွန်း။ အဖြေ ဟုတ်ပါတယ်။ ကဲ မေးခွန်း အစစ်လာပါပြီ။ ‘ကြိုး’ နဲ့  ‘ကြိုးက တွဲထားတဲ့ အရာ’ တူပါသလား။

ဆွေ ။ အတူတူလို့ ကျုပ်က ယူချင်ပါတယ်။ နွားတစ်ကောင် ကို နဖားကြိုးထိုးတဲ့အခါ ‘ကြိုး’ နဲ့ ‘နွား’ဟာ ‘နဖားကြိုး အထိုးခံရသော နွား’ ဆိုပြီး တစ်ခုတည်း အဖြစ် ပေါင်းသွားတယ်လေ။ ဒါမျိုး ပုစ္ဆာဟာ ကျုပ်တို့ မဟာယာနတွေ အဖို့ အဖြေသိဖို့ သိပ်လွယ်ပါတယ်။ 


“တရားဓမ္မ အားလုံးဟာ တစ်ခုတည်းပါပဲ ၊  အဲသည် တစ်ခုဟာလည်း သုညတာ ပါပဲ”

ထွန်း။ အဖြေကောင်း တစ်ခုပါ ၊ ကိုဆွေ ။ ဆောင်ပုဒ်ကလေး အတွက်လည်း သာဓုပါ။

ဆွေ။ နို့ ၊ ခင်ဗျားကျတော့ကော။ ထေရဝါဒဘက်က အဖြေကလေးလဲ ကြည့်ချင်စမ်းတယ်ဗျာ။ 

ထွန်း။ လှည်းတစ်ရှင်းမှာ နွား အဖြူ နဲ့ နွားအနက် တစ်ကောင်စီကို နွားထမ်းပိုးကြိုး တစ်ခုတည်းနဲ့ တွဲထားပါတယ်။ နွားထမ်းပိုးကြိုး နဲ့ နွားတွေ တစ်ခုတည်းလား။ သတ်သတ်လား။

ဆွေ။ သတ်သတ်ပါ။

ထွန်း။ အဲသည်လှည်းမှာ “နွားအဖြူသည် နွားအနက်၏ နွားထမ်းပိုးကြိုး ဖြစ်သည်။ နွားအနက်သည် နွားအဖြု၏ နွားထမ်းပိုးကြိုး ဖြစ်သည်”  လို့ ကျွန်တော်တို့ ပြောရင် မှန်နိုင်ပါ့မလား

ဆွေ။ မမှန်ပါ။

ထွန်း။ သည်လိုပါပဲ၊ “မျက်စိသည် ရူပါရုံ အဆင်း ၏ ထမ်းပိုးကြိုးဖြစ်သည်။ ရူပါရုံ အဆင်းသည် မျက်စိ၏ ထမ်းပိုးကြိုး ဖြစ်သည်” လို့ ပြောရင်မှန်ပါ သလား။

ဆွေ။ မမှန်ပါ။ 

ထွန်း။ 

“နားသည် သောတာရုံ အသံ ၏ …
 နှာခေါင်းသည် ဂန္ဓာရုံ အနံ့၏ …
 လျှာသည် ရသာရုံ အရသာ၏…
 ကိုယ်သည် ဖောဌဗ္ဗာရုံ အထိအတွေ့ ၏… 
 စိတ်သည် မနောအာရုံ စိတ်ဖြစ်စဉ်တို့၏…ထမ်းပိုးကြိုး ဖြစ်သည်” လို့ ပြောရင် မှန်ပါသလား။

ဆွေ။ မမှန်ပါ

ထွန်း။ စိတ် သည် ဘုရားလောင်း ကျင့်စဉ်ကို အမွန်အမြတ် အဖြစ်ယူသော စိတ်ဖြစ်စဉ် ၏ ထမ်းပိုးကြိုး ဖြစ်သည်” လို့ ပြောရင် မှန်ပါသလား။

ဆွေ။ မမှန်ပါ

ထွန်း။ “စိတ်ကောင်းစိတ်မြတ်သည် ဘုရားလောင်း ကျင့်စဉ်ကို အမွန်အမြတ် အဖြစ်ယူသော စိတ်ဖြစ်စဉ် ၏ ထမ်းပိုးကြိုး ဖြစ်သည်” လို့ ပြောရင် မှန်ပါသလား။ (နွားအဖြူ)

ဆွေ။ မမှန်ပါ

ထွန်း။ “စိတ်ဆိုးစိတ်ယုတ်သည် ဘုရားလောင်း ကျင့်စဉ်ကို အမွန်အမြတ် အဖြစ်ယူသော စိတ်ဖြစ်စဉ် ၏ ထမ်းပိုးကြိုး ဖြစ်သည်” လို့ ပြောရင် မှန်ပါသလား။ (နွားအနက်)

ဆွေ။ မမှန်ပါ

ထွန်း။ ဒါဆို ဘယ်ဟာက ထမ်းပိုးကြိုးလဲ။

ဆွေ။ အင်း…

ထွန်း။ ထမ်းပိုးကြိုးက ဆန္ဒ နဲ့ လောဘပါ။

ဆွေ။ အင်း..

ထွန်း။ မျက်စိ နဲ့ အဆင်း သည်နှစ်ခု သက်သက်နဲ့တော့ ကုသိုလ် ၊ အကုသိုလ် မကွဲပြားပါဘူး။ ဒါပေမယ့် မျက်စိ နဲ့  ရူပါရုံကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့ ဆန္ဒ နဲ့ လောဘကြောင့် ကုသိုလ် အကုသိုလ်ရယ်လို့ ကွဲပြား ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် ရူပါရုံ နဲ့ မျက်စိကို တွဲဆက်ထားတဲ့ သတ္တိ (ဝါ) ကြိုးဟာ အဲသည် ဆန္ဒ နဲ့ လောဘပါ။

ဆွေ။ ဟုတ်ပါတယ်။ အမှတ် လက္ခဏာတွေ အာရုံမှာ ပေါ်လာတာ သက်သက် နဲ့တော့ ကုသိုလ် အကုသိုလ် မဖြစ်ပါ။ ကိုညိုထွန်း ဆိုလိုတာ ကျွန်တော် သဘောကျပါတယ်။ အမြတ်ဆုံး ဘုရားလောင်း ကျင့်စဉ်ဆိုတာကို သိမိတဲ့ အာရုံသက်သက် နဲ့တော့ စိတ်ဆိုးစိတ်ယုတ် ဖြစ်သွားတာ မဟုတ်ပါ။ ‘အမြတ်ဆုံး’ ဆိုတာကို ခွတွယ်မိတဲ့ ဆန္ဒ နဲ့ လောဘက ပြဿနာ ပါပဲ။ 

ဒါဟာ တယ်လည်း ကြောက်စရာ ကောင်းတဲ့ ကိစ္စပါပေလား။ ကုသို်လ်ရစရာ ရှိတဲ့ အမြတ်ဆုံး ဘုရားလောင်း ကျင့်စဉ်ဆိုတဲ့ အမှတ် လက္ခဏာတွေဟာ ဆန္ဒ နဲ့ လောဘဆိုတဲ့ အုပ်စီးမှုတွေကို သွားဖက်မိရင် ကြောက်စရာကောင်းတဲ့ အကုသိုလ်တွေ ဖြစ်လာပါတယ်။

ထွန်း။ ဟုတ်ကဲ့ ‘ဘုရား၊ တရား၊ သံဃာ’ ကို ကိုးကွယ်မှု ဆိုတာဟာလည်း သံယောဇန ထမ်းပိုးကြိုးဖြစ်တဲ့ ဆန္ဒ နဲ့ လောဘ အုပ်စီးမှုတွေပေါ် အမှီပြုမိရင် ကြီးမားလေးလံတဲ့ အကုသိုလ်တွေ ပေါ်ထွန်းလာဖို့ အမှတ်လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။

ဆွေ။ ဟုတ်ပါရဲ့ ။ သီရိလင်္ကာ၊ ဗမာ၊ ထိုင်းတို့မှာ ဖြစ်နေတဲ့ ‘အမျိုး ဘာသာ သာသနာ’ ပုဂ္ဂိုလ်တွေဟာ ဒါကို နားမလည်ထားကြ ပါလား။

        “ဘုရား တရား သံဃာ ဟူသော အမှတ်လက္ခဏာတို့ သက်သက်သည် ကုသိုလ်ကို လည်းကောင်း၊ အကုသိုလ်ကို လည်းကောင်း မဖြစ်ထွန်းစေ နိုင်ပါ ၊ ဆန္ဒ နှင့် လောဘတို့ကသာ ကံကို ဆုံးဖြတ်ပေးနိုင် ပါသည် ” 

        “ဘာသာဝင် တစ်စု၏ အုပ်စုအတ္တ၊ အုပ်စုဆန္ဒ၊ အုပ်စုလောဘ နှင့် အုပ်စုမာန်ကို ဗဟိုပြု ဖော်ဆောင်ထားသည့် ၉၆၉ လှုပ်ရှားမှုတို့သည်  လှုပ်ရှားသူတို့အား အကုသိုလ် တရားတို့ကို ဖြစ်ထွန်းစေ စမြဲ ပေတည်း ”

          “လူမျိုးအုပ်စု တစ်စု၏ အုပ်စုအတ္တ၊ အုပ်စုဆန္ဒ၊ အုပ်စုလောဘ နှင့် အုပ်စုမာန်ကို ဗဟိုပြု ဖော်ဆောင်ထားသည့် အမျိုး ဘာသာ သာသနာ လှုပ်ရှားမှုတို့သည် လှုပ်ရှားသူတို့ အား အကုသိုလ် ဖြစ်ထွန်းစေ စမြဲ ပေတည်း”

ထွန်း။ ကျွန်တော်လည်း နောက်တစ်မျိုး လိုက်ရွတ်မယ်ဗျ။
        
       “ ဆန္ဒ၊လောဘတည်းဟူသော အတ္တ အုပ်စီးမှုက လွှမ်းမိုးသဖြင့် မိုက်ရူးရဲ အသက် အသေခံ စွန့်လွှတ်သော စစ်သားတို့ ဟူသည် သူတော်ကောင်း မဟုတ်ပါ”

       “ ကိုယ်ကျိုးစွန့် စစ်သားသည် ဘုရားလောင်း မဟုတ်ပါ။ ၄င်း စစ်သား၏ အာရုံတွင် ထင်ပေါ်သည့် ‘တိုင်းပြည် အတွက် ကိုယ်ကျိုးစွန့်သည့် ငါ’ ဆိုသည်မှာ စစ်သားသည် ၄င်း၏ အတ္တပုံရိပ်ကို မှန်ဘီလူးဖြင့် ပုံကြီးချဲ့ပြီး ကြည့်မြင်နေသော အတ္တပုံရိပ် အကြီးစားသာ ဖြစ်ပါသည်”

ဆွေ။ ထေရဝါဒဘက် က ခင်ဗျား သီအိုရီက တယ်လည်း ဟုတ်ပါလား။ ကိုယ်ကျိုးစွန့်တယ် ဆိုတာ အဆင်ခြင်ဥာဏ် မရှိရင် အကြီးဆုံး အတ္တပုံရိပ်ကြမ်းကြီး။ သည် ပုံရိပ်ကြမ်းကြီးဟာလည်း အုပ်စီးလိုတဲ့ ဆန္ဒ နဲ့ လောဘကို အခြေခံထားတာ ပါပဲ။ ကိုယ်ကျိုးစွန့်လို့ စစ်ထဲဝင်တယ် ဆိုတဲ့ ကျုပ်တို့ စစ်ဗိုလ်ချုပ် အဘတွေ ဘယ်လောက်တောင် အုပ်စီးချင် ၊ ဆန္ဒ လောဘကြီးလာ
လိုက်ပေသလဲ။

ထွန်း။ မဟာယာန လမ်းကြီးကိုလျှောက်၊ မဟာယာဉ်ကြီး စီးလို့ ဘုရားဆုကြီး ပန်တယ်ဆိုတဲ့ လူကရော

ဆွေ။ ကျုပ်မငြင်းပါဘူး ။ ဒါဟာ ကျုပ်ရဲ့  အကြီးမားဆုံး အတ္တပုံရိပ်ကြီး ဖြစ်နိုင်ပါတယ်။

ထွန်း။ ဘုရားဆုပန်တာ အကုသိုလ် နဲ့ ကုသိုလ် ဘယ်ဟာ ပိုများသလဲ။

ဆွေ။ အင်း၊ ထေရဝါဒ ဘာသာစွဲ ရိုးရာစွဲတွေနဲ့ ငြင်းခုံရင် ဒေါသတွေ အလိပ်လိုက် တက်လာတဲ့ ကျုပ်အဖို့တော့ ခုချိန်ထိ အကုသိုလ် ပိုများနေတာကတော့ အမှန်ပါပဲ။

ထွန်း။ ဟုတ်ကဲ့ ၊ ပဌာန်းမှာ ဒါကို “အကုသလာ ဓမ္မော ကုလသ ဓမ္မဿ အာရမ္ပဏ ပစ္စယေန ပစ္စယော” လို့ ဆိုထားပါတယ်။ အဓိပ္ဗာယ်က

“အကုသိုလ် တရားတို့သည် ကုသိုလ်တရားတို့်နှင့် အာရုံလျှင် အကြောင်းရင်းခံ အဖြစ် တွယ်ညိချိတ်ဆက်လျက် ရှိကြကုန်၏” 
        
တွယ်ငြိချိတ်ဆက်တဲ့ အာရုံတွေ ဆိုတာက တခြားမဟုတ်ပါဘူး ။ မပြေငြိမ်းနိုင်တဲ့ အာသာ (လောဘ) နဲ့ အတင်း အုပ်စီး ရယူလိုမှု (ဆန္ဒ) ဆိုတဲ့ ညိစွန်းတွယ်တာမှုတွေ ပါပဲ။ 

ဆွေ။ တစ်နည်းအားဖြင့် မရောင့်ရဲ မကျေချမ်းနိုင်တဲ့ အာရုံတွေလို့ ဆိုချင်ပါတယ် (ဆန္ဒ နဲ့ လောဘ) ။ ဗုဒ္ဓဘုရားဆိုတာ ဟာလည်း ကျုပ်တို့ရဲ့  မကျေမချမ်းနိုင်တဲ့ ဆန္ဒလောဘ အတ္တပုံရိပ်တစ်ခု ပါပဲ။ ကျုပ်တို့နဲ့ သီးခြား တည်ရှိနေတဲ့ ကိုယ်တော်မဟုတ်ပါ။ အာရုံမှာ ပေါ်တဲ့ ဘုရားဟာ နွားဖြုလား နွားနက်လား ဆိုတာကတော့ မြင်သူရဲ့  ဆင်ခြင်သတိ ပေါ်မှာ မူတည်ပါတယ်။

         “ပဌာန်းကျမ်းတော်ကြီး အရ မည်သည့် ကုသိုလ်ရစရာ အမှတ်လက္ခဏာ မဆိုသည် မလိမ္မာ မဆင်ခြင် မထိန်းကွပ်ဘဲ နှလုံးသွင်းသူတို့ အထံဝယ် အကုသိုလ်တရားတို့ အဖြစ် ပေါက်ပွားလာစေနိုင် ပါသည်”

ထွန်း။ ဟုတ်ကဲ့၊ ကျွန်တော်တို့ ဒါလေးကို အမှတ်ပြုပြီး ပဌာန်းကလေး ရွတ်လိုက်ကြပါ စို့လား။


ဆွေ နှင့် ထွန်း။ “အကုသလာ ဓမ္မော ကုလသ ဓမ္မဿ အာရမ္ပဏ ပစ္စယေန ပစ္စယော”

Sunday, February 2, 2014

ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၃)



သံဃာ သင်းကွဲမှု (သံဃဘေဒ) ဟူသည်မှာ နယ်ပယ်ရပ်ဝန်း တစ်ခုတွင် ဓမ္မဝိနယ နှင့် အညီ ကျင့်ကြံညီညွတ်သည့် မူလ သံဃာ အဖွဲ့အစည်းမှ အဖွဲ့ နှစ်ဖွဲ့ ကွဲထွက်သွားပြီး  ထိုနှစ်ဖွဲ့ အနက် တစ်ဖွဲ့တွင် အနည်းဆုံး သံဃာငါးပါး ပါဝင်ကာ ကျန်တစ်ဖွဲ့တွင် အနည်းဆုံး သံဃာလေးပါး ပါဝင်ခဲ့သော် သံဃာသင်းကွဲခြင်း မြောက်ပါသည်။

ဗုဒ္ဓသည် သံဃာသင်းကွဲမှုကို ပြင်းထန်စွာ ရူံ့ချပြီး ရှင်တော်က မြွက်ကြားသည်မှာ ပုဂ္ဂိုလ်တစ်ဦးသည်  ဓမ္မဝိနယကို မှန်ကန်စွာ နားလည် ကျင့်ကြံသော သံဃာ အဖွဲ့အစည်းတွင် မူလတွင် ပါဝင်ခဲ့ပြီး တရားဓမ္မနှင့် မလျော်ညီစွာ ကျင့်ကြံသည့် သံဃာ အဖွဲ့အစည်း ဘက်သို့ ၄င်းသံဃာအဖွဲ့သည် တရားဓမ္မ နှင့် မလျော်ညီစွာ ကျင့်ကြံသည်ကို မိမိက သိထားပါလျက် (သို့မဟုတ်) သံသယ ရှိပါလျက် နှင့်  ကူးပြောင်းခဲ့သော် ထို ပုဂ္ဂိုလ်သည် ကပ်ကမ္ဘာ တစ်ခုလုံး ငရဲတွင် ကျက်ရပါလိမ့်မည် ။

ခန္ဓကဝဂ် တွင် ဗုဒ္ဓသည် ရဟန်းသံဃာတို့အား သံဃာသင်းကွဲမှုကို ကာကွယ် တားဆီး ဖြတ်တောက်ရန် နည်းလမ်းတို့ကို ညွှန်ပြထားပြီး သံဃဘေဒ အမှုကို တားဆီးဖို့ အတွက်ဆို ဘိက္ခုတို့ ဝါမဆိုနိုင်ခြင်းကိုပင် အထူးခြွင်းချက် အနေဖြင့် ခွင့်ပြုတော် မူပါသည်။ သို့သော် ခန္ဓကဝဂ် တွင် ကိုယ်တော်မြတ်ကြီးသည် လူပုဂ္ဂိုလ်များ သံဃာသင်းကွဲသော ကိစ္စမှာ ဝင်မပါနဲ့လို့ တော့ တားမြစ်လို့ ထားတော် မမူပါ။ ထိုအစား ရှင်တော်က တရားဓမ္မနှင့် အညီ ကျင့်ကြံသော အဖွဲ့ဘက်သို့ ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းတော် မူပါသည်။

နောက်ပြီးတော့လည်း သံဃာသင်းကွဲမှုကို အလျင်စလို စေ့စပ်ပြေငြိမ်းခြင်းကို ကိုယ်တော်မြတ်ကြီး အားပေးတော် မမူပါ။ အကယ်၍ ကွဲပြားခဲ့သော သံဃာတို့သည် ကွဲပြားရခြင်း အကြောင်းရင်းကို ပြန်လည် မတည့်မတ် နိုင်ဘဲ  ပြန်ပူးပေါင်းခဲ့သော် ထိုသို့ ပူးပေါင်းခြင်းသည် တရားဝင်လိမ့်မည် မဟုတ်ဘဲ ကွဲပြားခဲ့ရသော အမှု အကြောင်းရင်းကို ပြန်ဖွင့် စစ်ဆေးရပါမည်။

ဥပမာ ၉၆၉ ကို ကိုးကွယ်မှု နှင့် ရတနာ သုံးပါးကို ကိုးကွယ်မှုဆိုပြီး ကွဲပြားခဲ့ပြီ ဆိုလျှင် နှစ်ခုလုံး ကိုးကွယ်လို့ရသည်ဆိုပြီး သံဃာနှစ်ဖွဲ့ ပြန်ဇာတ်ပေါင်း၍ မရပါ၊ ၉၆၉ သံဃာတို့သည် မိမိတို့သည် တရားဓမ္မ နှင့် အညီ မကျင့်ကြံခဲ့ပါ ၊ အဓမ္မ တရားတို့ကို ပြုမိမိုက်မှား ဟောပြောခဲ့ ပါသည် ဟု သံဃာကောင်းတို့ကို လူသိရှင်ကြား တရားဝင် ဝန်ခံရပါမည်။ ထို့အတူပင် သာသနာ့ပါလ အဖွဲ့ ဝင်တို့သည်လည်း ၄င်းအဖွဲ့၏ ဖွဲ့စည်းခြင်း ရည်ရွယ်ချက် စေတနာ (ဝါ) အမျိုး ဘာသာ သာသနာ သည် ဘုရားဆုံးမထားသည့် တရားဓမ္မနှင့် မညီပါ ဟု အတိအလင်း ကြေညာဝန်ခံမှ သာလျှင် မူလသံဃာ နှင့် ပြန်ပေါင်းခွင့် (ဝါ) သံဃာတော် ပြန်ဖြစ်ခွင့် ရှိပါသည်။

တစ်နည်းအားဖြင့် ဗုဒ္ဓသည် အပေါ်ယံ ညီညွတ်သော သံဃာကို လုံးဝ ခွင့်ပြုတော် မမူပါ။ အဘယ်ကြောင့်လဲဆိုတော့ အဲသလို အပေါ်ယံ ညီညွတ်ပြတယ် ဆိုတာမျိုးဟာ သံဃာဟာ တရားဓမ္မကို မရိုသေ၊ ခြေနဲ့နင်း ခုတုံးလုပ်တဲ့ သဘော ဖြစ်သည်ဟု ကိုယ်တော်မြတ်ကြီးက မြင်သောကြောင့် ပါတည်း။

ဥပမာအားဖြင့် မဟန သံဃာ အဖွဲ့ (နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့သည်) ငါတို့ ဘုန်းကြီး လုပ်မပျက်ရင် ပြီးရောဆိုပြီး ၉၆၉ ကို ကိုးကွယ်တာဟာလဲ မှန်ပါတယ်ဟု ၉၆၉ ဂိုဏ်းနှင့် စေ့စပ်ခဲ့သော် မဟန အစိုးရသံဃာ အဖွဲ့ နှင့် ၉၆၉  ဘိက္ခုမာဖီးယားတို့ ပေါင်းသွားသောဂိုဏ်း ဟူသည် သံဃာမမြောက်။ အဲသလို ပေါင်းလျှင် လူမိုက်ကို လက်ခံပေါင်းသင်းသော မဟန အဖွဲ့ပါ သံဃာ အဖြစ်မှ ဆုံးရူံး၏။

လွယ်လွယ်မှတ်မည် ဆိုလျှင် ဖောက်ပြန်ခွဲထွက်သည့် ရဟန်းအဖွဲ့က မိမိတို့၏ ခွဲထွက်ရခြင်း အကြောင်းရင်း အပြစ်ကို ဝန်ခံခြင်း မရှိလျှင် (အမှန်တကယ် နောင်တရခြင်း မရှိလျှင်) ၄င်း ဖောက်ပြန်ခွဲထွက်သူတို့ နှင့် စေ့စပ်ပူးပေါင်းခြင်းကို ခွင့်ပြုတော် မမူ။ ဒါမျိုး ငြိမ်းချမ်းရေး ရဖို့ဘဲ လိုတယ် ဟု ဆိုကာ အထပ်ထပ် ပူးပေါင်းနေပါလျှင် လူဆိုး သံဃာဂိုဏ်း တစ်ဂိုဏ်းဟာ သံဃာထု တစ်ရပ်လုံးကို ကောက်စားကာ တောမသတ် ကြီးထွားလာနိုင်ပါသည် (infinite regress) ။

ဝီရသူက သံဃာ ငါးသိန်းလုံး သူ့နောက်မှာ ရှိတယ် ဆိုတဲ့ စကားကို ပေါ့သေးသေး မထင်ပါနဲ့။ သင်းသည် ခုပြသလို သံဃာကို ကောက်စား မျိုချဖို့ စဉ်းစားထားပြီး ဖြစ်၍ မျိုလည်း မျိုသွားနိုင်လောက်သည့် အခြေအနေ ရှိနေပါသည်။ ဒါကြောင့်လည်း “လူမိုက်တွေနဲ့ ရွှေပြည်အေး လုပ်ပြီး စေ့စပ် ပေါင်းထုပ်ခွင့် လုံးဝမရှိ” လို့ မြတ်စွာဘုရားက ပြခဲ့သော မူလအာဘော် သည် အင်မတိ အင်မတန် အရေးကြီးပါ ၏။ ခေတ်သုံး ဘိုစကား နဲ့ ပြောရင် The Sangha will never negotiate the Sangha corrupted လို့ လည်း တစ်မျိုး မှတ်နိုင်ပါပေ သတည်း။

သံဃာသင်းကွဲခဲ့လျှင် လုပ်ဆောင်အပ်သော ကျင့်ဝတ်

ရဟန်းတစ်ပါးသည် သံဃာသင်းကွဲပြီ ဖြစ်ကြောင်းကို သိလျှင် သူသည် တရားဓမ္မ နှင့် အညီ ကျင့်ကြံသောဘက် ကိုသာ ပူးပေါင်း ပါဝင်ရ ပါမည်။

မဟာဝဂ် အရ တရားဓမ္မနှင့် အညီ မကျင့်ကြံသော ရဟန်းကို ဤသို့ ခွဲခြား သိနိုင်ပါသည်
“ဘိက္ခု သည် ဓမ္မ မဟုတ်သည်ကို ဓမ္မ အဖြစ်၊ ဓမ္မ ဟုတ်သည်ကို အဓမ္မ အဖြစ်၊ ဝိနယ မဟုတ်သည်ကို ဝိနယ အဖြစ်၊ ဝိနယ ဟုတ်သည်ကို အဝိနယ အဖြစ်၊ ဘုရားက မဟောကြားခဲ့သည်ကို ဘုရားက ဟောကြားခဲ့သည် အဖြစ်၊ ဘုရားက ဟောကြားခဲ့သည်ကို ဘုရားက မဟောကြားခဲ့သည် အဖြစ်၊
ဘုရားက မကျင့်ကြံ မအားထုတ်ခဲ့သည် ကို ဘုရားက ကျင့်ကြံအားထုတ်ခဲ့သည် အဖြစ်၊ ဘုရားက ကျင့်ကြံအားထုတ်ခဲ့သည် ကို ဘုရားက မကျင့်ကြံ မအားထုတ်ခဲ့သည် အဖြစ်၊ ဘုရားက မတိုက်တွန်း မချမှတ်ခဲ့သည်ကို ဘုရားက တိုက်တွန်း ချမှတ်ခဲ့သည် အဖြစ်၊ ဘုရားက တိုက်တွန်း ချမှတ်ခဲ့သည် ကို ဘုရားက မတိုက်တွန်း မချမှတ်ခဲ့သည် အဖြစ်၊ ဝိနည်းချိုးဖောက်ခြင်း မဟုတ်သည်ကို ဝိနည်းချိုးဖောက်ခြင်း ဟုတ်သည် အဖြစ်၊ ဝိနည်းချိုးဖောက်ခြင်း ဟုတ်သည်ကို ဝိနည်း ချိုးဖောက်ခြင်း မဟုတ်သည် အဖြစ်၊ သေးသော အာပတ် ကို ကြီးသော အာပတ် အဖြစ်၊ ကြီးသော အာပတ်ကို သေးသော အာပတ်အဖြစ်၊ မကုစားနိုင်သော အာပတ်ကို ကုစားနိုင်သော အာပတ် အဖြစ်၊ ကုစားနိုင်သော အာပတ်ကို မကုစားနိုင်သော အာပတ်အဖြစ်၊ ဆိုးဝါးသော ဝိနည်း ချိုးဖောက်မှုကို မဆိုးဝါးသော ဝိနည်း ချိုးဖောက်မှု အဖြစ် (ဥပမာ ပါရာဇိက ကို ခုဒ္ဒကဟု ပြောခြင်း)၊  မဆိုးဝါးသော ဝိနည်းချိုးဖောက်မှုကို ဆိုးဝါးသော ဝိနည်း ချိုးဖောက်မှု အဖြစ် (ခုဒ္ဒက ကို ပါရာဇိက ဟုပြောခြင်း) စသဖြင့် သိကြား စေ၏၊ ဤဘိက္ခု သည် တရားနှင့် အညီ မကျင့်ကြံသော ရဟန်းတည်း ဟု သိမှတ်ရာသည်”

တစ်ဖက်တွင် တရားဓမ္မနှင့် အညီ ကျင့်ကြံသော ရဟန်းကို ဤသို့ ခွဲခြား သိနိုင်ပါသည် “ဘိက္ခု သည် ဓမ္မ ဟုတ်သည် ကို ဓမ္မ အဖြစ်၊ အဓမ္မ ဟုတ်သည်ကို အဓမ္မ အဖြစ် … စသဖြင့် သိကြား စေ၏။ ဤဘိက္ခုသည် တရားနှင့် အညီ ကျင့်ကြံသော ရဟန်းတည်း ဟု သိမှတ်ရာသည်”

ဤ လမ်းညွန် ဟောကြားထားချက်ကို ထောက်လျှင် ရဟန်းတစ်ပါးသည် မည်သည့် သံဃအသင်းတွင် ပါဝင်ရမည်နည်း ဆိုသည်ကို ဆုံးဖြတ်နိုင်ရန် ဗုဒ္ဓ ဟောကြားခဲ့သော တရားဓမ္မတို့၏ ပရိယာယ်ကို ကောင်းစွာ ကျွမ်းကျင်နားလည်သူ ဖြစ်ရပါမည်။ အရေးကြီးသော စဉ်းစားရန် နောက် တစ်ချက်မှာ ကွဲထွက်လာသော နှစ်ဖွဲ့လုံးသည် ဖောက်ပြန်မိုက်မှားနေတာလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ရဟန်းသည် မိမိ အနေဖြင့် တရားဓမ္မ တို့၏ ပရိယာယ်ကို ကျွမ်းကျင်စွာ နားလည်ခြင်း မရှိသေးသည့် အတွက် မည်သည့် အဖွဲ့တွင် ပါဝင်ရမည်ကို မဆုံးဖြတ်နိုင် ရှိခဲ့သော် ထိုရဟန်းအတွက် ဘယ်အဖွဲ့ကိုမှ မပူးပေါင်းခြင်းသည် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ မဟာဝဂ်သည် ဤကိစ္စမျိုးကို ကြိုမြင်ထားပုံရပြီး ရဟန်းသံဃာသည် မည်သည့် သင်းကွဲအဖွဲ့တွင်မှ မပါဝင်လို ခဲ့လျှင် ဝါဆိုစရာ ကိစ္စ ရှိနေသည့်တိုင် ၄င်းအဖွဲ့တို့မှ ဝေးရာသို့ ထွက်ခွာခြင်းကို ခွင့်ပြုထားပါသည်။

မူလ သံဃာတွင် ပါဝင်ခဲ့သော ဘိက္ခုနီတို့သည် သင်းကွဲ ရဟန်း နှစ်ဖွဲ့လုံး၏ တင်ဆိုချက်ကို ကြားနာပြီး မည်သည့် အဖွဲ့သည် တရားနှင့် အညီ ကျင့်ကြံသနည်းဟု ဆုံးဖြတ်ကာ ၄င်းတို့မှ တရားဓမ္မ နှင့် အညီ ကျင့်ကြံသည်ဟု ယုံကြည်ယူဆရသော အဖွဲ့ နှင့် ပူးပေါင်းရပါမည်။ လူပုဂ္ဂိုလ်တို့ အတွက်မူ ၄င်းတို့သည် နှစ်ဖွဲ့လုံးကို ဆက်လက် လှူဒါန်းထားသင့်ပြီး နှစ်ဖက်လုံးက ဟောသော တရားကို ကြားနာ၍ တရားဓမ္မနှင့် အညီ ကျင့်ကြံသည်ဟု ယုံကြည်ယူဆရသော သံဃာအဖွဲ့ကို ဦးစားပေး ဆည်းကပ်ရပါမည်။

တစ်ခု မှတ်ရန်မှာ ဗုဒ္ဓသည် တရားနှင့် အညီ မကျင့်ကြံသော ရဟန်းအဖွဲ့ကို ဆွမ်း မလှူဒါန်းရဘူး လို့ တားမြစ်ထားခြင်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် လူသားတစ်ဦး၏ အသက်ရှင်ရန် အခြေခံ ဇီဝ လိုအပ်ချက်ကို မည်သည့်အကြောင်းကြောင့်မှ (unconditional) တားမြစ် ပိတ်ပင်ခြင်း မရှိသင့်သောကြောင့် ဖြစ်ပါသည်။ ဒါပေမယ့်လည်း ကောသဗ္ဗီပြည်တွင် သင်းကွဲကုန်သော ရဟန်းသံဃာ အဖွဲ့တို့သည် အလွန် ခက်ထန်ဆိုးသွမ်းလာခဲ့ သောအခါ ဘုရားရှင်သည် ရဟန်းတို့မှ ဝေးရာ တောအရပ်သို့ ဖဲထွက်သွားရာ ပြည်သူလူထုမှ (ဤ ခက်ထန်သော ရဟန်းတို့ကို အပြစ်ပေးသော အနေဖြင့်) ၄င်းရဟန်းတို့အား ထောက်ပံ့လှူဒါန်းမှုကို လုံးဝ ရပ်တန့်ရန် ဆုံးဖြတ်ခဲ့သော သာဓက ရှိပါသည်။

ကောသဗ္ဗီ ကိစ္စတွင် စားဖို့ ဆွမ်းရှာ မရတော့သော ရဟန်းတို့သည် ပြည်သူလူထုကို ရူံးရကား မြတ်စွာဘုရား ရှိရာ လိုက်သွား တောင်းပန် အပြစ်ဝန်ခံကာ ကိစ္စသည် ပြေငြိမ်းခဲ့ပါသည်။ သို့ရာတွင် ဤသို့ ပြည်သူက သံဃာကို အကြပ်ကိုင်ကာ အနိုင်ရသော ကိစ္စမျိုးသည် အလိုအလျောက်လာသော လူမှု ဖြစ်စဉ် (Spontaneous Order) တွင်သာ ဖြစ်နိုင်ပါသည်။ တမင် ပုံစံချထားသော လူမှုဖြစ်စဉ် (Designed Order) တွင် မဖြစ်နိုင်ပါ။ ချမ်းသာလွန်းသော ‘နိုင်ငံတော်’ မှ သူ မျက်နှာသာပေးလိုသော ဘာသာရေး အဖွဲ့ကို ပါးဖြဲနားဖြဲ လှူဒါန်းနေသော ငါတို့၏ ဗမာပြည် လူမှု ဖြစ်စဉ်မျိုးတွင် ငါတို့၏ ဆင်းရဲသား ပြည်သူလူထုသည် ဓန ခွန်အားကြီးသူတို့နှင့် ပလူးသည့် မာဖီးယား သံဃာဂိုဏ်း တစ်ဂိုဏ်းကို ဘုရားခေတ် လွတ်လပ်သည့် ကောသဗ္ဗီပြည်သားတွေလို အကြပ်ကိုင် လုပ်နိုင်ဖို့ရန် စွမ်းအား မမျှပါ။


လက်တွေ့ ကိစ္စများ

            သင်းကွဲသော နှစ်ဘက်လုံးသည် သြဝါဒ ပါတိမောက်ကို ပြခြင်း (ရွတ်ဆိုခြင်း) အစည်းအဝေးတို့ကို တခြားစီ ပြုလုပ်ပါသော်လည်း ၄င်း နှစ်ဖွဲ့လုံးသည် သြဝါဒ ပါတိမောက် ပြခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတို့ ကို မှန်ကန်စွာ လိုက်နာနေသရွေ့  ၄င်း ရဟန်း နှစ်ဖွဲ့လုံး၏ (သံဃာဖြစ်ခြင်းကို ထိန်းသိမ်း အတည်ပြုသည့်) ဤ အစည်းအဝေးတို့ သည် တရားဝင်ပါသည်။ မည်သည့် အဖွဲ့ကမှ ကျန်တစ်ဖွဲ့၏ သြဝါဒ ပါတိမောက် ပြခြင်းကို တရားမဝင် ဟု ကြေငြာခွင့် မရှိပါ။
        
ဥပမာ အားဖြင့် ဗမာ ရွှေကျင်ဂိုဏ်းမှ သံဃာများသည် ဗမာ သုဓမ္မာ ဂိုဏ်းမှ သံဃာများ၏ သြဝါဒ ပါတိမောက် ပြခြင်းကို တရားမဝင်ဟု ကြေငြာခွင့် မရှိပါ။ အဘယ်ကြောင့် ဆိုသော် ၄င်း နှစ်ဖွဲ့လုံးသည် ဝိနည်းဆိုင်ရာ ဝိဝါဒ ကွဲပြားသည် ဖြစ်ပစေ သံဃာ့ ဘုံကိစ္စဖြစ်သည့် “စင်ကြယ် အပြစ်ကင်းသော အသက်မွေးမှုကို ပြုပါမည်” ဟူသည့် သံဃခံဝန်ချက် သဘောတွင် ယျေဘုယျ တူညီသည့် အတွက် ဤ ခံဝန်ချက်ကို အမှတ်ပြုသော ဥပုသ် အစည်းအဝေးတို့သည် ဂိုဏ်းခွဲ ပြုလုပ်သည် ဖြစ်ပစေ တရားဝင်ပါသည်။

သို့ရာတွင် စဉ်းစားစရာ ရှိသည်မှာ ပါတိမောက် အတူ ရွတ်ဆိုရာတွင် ပါရာဇိက ကျပြီးသော ရဟန်းတို့၏ အရေအတွက်က များနေခဲ့သော် အသို့ လုပ်ရပါ မည်နည်း၊ ဤ ပါရာဇိကကျ ရဟန်းတို့ဖြင့် ပါတိမောက် ပြခြင်းသည် တရားဝင် ပါသေး သလော။ ဤ ကိစ္စကို ပိဋကတော်တွင် ရှင်းပြထားသည်ကို မတွေ့ပါ။

ကျွန်တော့် အမြင်မှာ ပါတိမောက် ပြခြင်းတွင် သံဃာ အစစ်အမှန် ဘယ်လောက် ရှိသလဲဆိုသော အရေအတွက်သည် အဓိက မကျ၊ သံဃာ၏ ကောင်းမွန်စင်ကြယ်သော အသက်မွေးမှုကို အမှတ်ပြုခြင်းသည်သာ အဓိကလိုရင်း ဖြစ်သည့် အတွက် ပါရာဇိက မကျသော ရဟန်းတစ်ပါး ရှိရုံနှင့် ဤ အစည်းအဝေးတို့သည် သံဃာ့ အစည်းအဝေး အဖြစ် တရားဝင်နိုင် ပါသည်။ ဖြစ်နိုင်သည့် အခင်းတို့မှာ ပါရာဇိက ကျပြီး ရဟန်းတစ်ဦးသည် အပြင် အမြင်အရ ရဟန်းခေါင်းဆောင် အဖြစ်ဖြင့် ယင်းအစည်းအဝေးတွင် ရှိပြီး ပါရာဇိက မကျသော ရဟန်းတစ်ပါးသည် ရဟန်းအမည်ခံ ရဟန်းခေါင်းဆောင်၏ နောက်လိုက် အဖြစ်ဖြင့်ပင် ဤ အစည်းအဝေးတွင် ရှိနေနိုင်ပါသော်လည်း အသက်မွေးမှု စင်ကြယ်သဖြင့် အလှူခံထိုက်သော “သံဃာ” သဘောကို အမှတ်ပြု ထိန်းသိမ်းရန် ရဟန်းကိစ္စသည်သာ ပဓာန ဖြစ်သောကြောင့် ဤ အစည်းအဝေးသည် နောက်လိုက်အဖြစ် သတ်မှတ်ခံရသော သံဃာအစစ်၏ သံဃ အကြောင်းကိစ္စအားဖြင့် တရားဝင်ပါသည်။

ဆိုပါစို့။ ဗမာပြည်တွင် လက်တွေ့ ဖြစ်လာနိုင်သော ကိစ္စတစ်ခုကို သုံးသပ်ပါမည်။ မင်းဆိုးမင်းမိုက်၏ အကူအညီ ကျောထောက်နောက်ခံကို ရသော ယနေ့ သာသနာ့ပါလ အဖွဲ့သည် အင်အား ကြီးထွားသည်ထက် ကြီးထွားလာပြီး နောင် ဗမာပြည်တွင် ရှိရှိသမျှ ရဟန်းသံဃာ အားလုံး သာသနာ့ပါလ အဖွဲ့ဝင်များ ဖြစ်ကုန်သည် ဆိုကြပါစို့။ ထိုရဟန်းတို့သည် အမျိုး၊ ဘာသာ၊ သာသာနာရေးသာ ရဟန်းတို့၏ ပဓာန အရေး စသဖြင့်ဆိုကာ အတိုင်းထက် အလွန် ဖောက်ပြန် လုပ်ချင်ရာ လုပ်သဖြင့် ၄င်း သာသနာ့ပါလ အဖွဲ့ဝင် ရဟန်းအားလုံး ပါရာဇိက ကျနေပြီးပြီ ဆိုပါစို့။ အမျိုးကောင်းသား တစ်ယောက်သည် တရားတော်ကို ကြည်ညိုစောင့်ရှောက်လိုသော် တစ်တိုင်းပြည်လုံး သာသနာ့ပါလ အဖွဲ့ ဖြစ်နေသည့် အတွက် ၄င်း တစ်ဖွဲ့တည်းသာ ရှိတော့သော သာသနာ့ပါလ အဖွဲ့သို့သာ ဝင်ပူးပေါင်း၍ ရဟန်းပြုရပါမည်။ ဤ ကိစ္စမျိုးတွင်   ၄င်း အမျိုးကောင်းသားကို ရဟန်းပြုပေးသော ပုဂ္ဂိုလ်တို့သည် ပါရာဇိကကျပြီးသူ (လူပုဂ္ဂိုလ် အဖြစ်ကို ရွှေ့လျောနေပြီးသူ) ဖြစ်နေသည့်တိုင်အောင် (ပရမတ္တ သဘောတွင်) ၄င်းအမျိုးကောင်းသား၏ တရားတော်ကို ကြည်ညိုစောင့်ရှောက်လိုမှု သာ လိုရင်း  ဖြစ်သဖြင့် လူက ရဟန်းပြုပေးသော်လည်း ထိုရဟန်းသည် ရဟန်းစင်စစ် အဖြစ်ကို ရယူနိုင် ပါသည်။

ထိုသို့သော အခြေအနေမျိုးတွင် ရဟန်းအစစ် ဆိုလို့ တစ်ပါးတည်း ရှိပေမယ့် သာသနာ့ပါလ အဖွဲ့၏ ပါတိမောက်ပြ စည်းဝေး ဥပုသ်ပြုခြင်းသည် ဤ တစ်ပါးတည်း ရှိသော ရဟန်း၏ အကျိုးဌာ တရားဝင်ပါသည်။ ကုန်ကုန် စဉ်းစားမည်ဆိုလျှင် ဤ တစ်ပါးတည်းသာ ကျန်တော့သော ရဟန်းသည်ပင် မရှိတော့လျှင်လည်း သြဝါဒ ပါတိမောက် ပြခြင်းသည် “လောကသစ္စာ” သဘောအားဖြင့် တရားဝင်ပါသည် ။ အဘယ်ကြောင့်ဆိုသော် ၄င်း ပါရာဇိက ကျပြီး လူပုဂ္ဂိုလ်တို့နှင့် ပါတိမောက်ပြခြင်းကို လုပ်နေသည့်တိုင် စင်ကြယ် အပြစ်ကင်းသော အသက်မွေးမှု နှင့် နေပါမည်ဟူသော ခံဝန်ချက်တွင် ၄င်း ပါတိမောက် ပြနေသော “လူ” တို့သည် သူတို့ လိမ်ညာဝန်ခံနေသည်ကို သိနေသည့်တိုင်အောင် “စင်ကြယ် အပြစ်ကင်းသော အသက်မွေးမှု ရှိသည့် အတွက် လှူဒါန်းပူဇော်မှုကို ခံယူထိုက်သည်” ဆိုသည့် ပရမတ္တ သံဃာ၏ ဂုဏ်တော်ကို “အသိအမှတ် ပြုခြင်း” ၊ “ အမှတ်ရခြင်း” ၊ ‘နိုးဆော်ခြင်း’ သဘောသည် မွန်မြတ်ဝင်းပစွာ တည်ရှိပါသည်။ ထိုကြောင့် ယင်း ပါတိမောက် ပြခြင်းဆိုင်ရာ အစည်းအဝေးတို့တွင် အားလုံးသည် လူလိမ် လူယုတ်မာ ဖောက်ပြန်သူများ ဖြစ်နေသည့်တိုင် ၄င်း ပရမတ္တ ဂုဏ်တော်၏ ကျေးဇူးသတ္တိ - သစ္စာ ကို နိုးကြားစေခြင်း သဘော၏ သတ္တိအားဖြင့် ယင်းသို့သော အစည်းအဝေး ပေမည့်လည်း မြတ်သော ရဟန်းဥပုသ် အဖြစ်ဖြင့် ခေါ်ထိုက်လောက် မည်ဟု ကျွန်တော် ထင်ပါသည်။ ဒါပေမယ့်လည်း ဝန်ခံထားရမည်မှာ ကျွန်တော် စဉ်းစားမိသည့် ဆိုးဝါးပျက်ပြားလှသော အခြေအနေတို့တွင် ရဟန်းကောင်း တစ်ပါး အနေဖြင့် ဆက်လက်ရပ်တည်နိုင်ခွင့် ရှိမရှိ ဟူသော ရူဒေါင့်မှ ပြောနေသည့် သဘောမှာ ရိုးရိုးရှင်းရှင်း စဉ်းစား ဆုံးဖြတ်နိုင်ရန် ရည်ရွယ်သော ကျမ်းဂန်ပါ စည်းမျဉ်းတို့နှင့် တစ်ထပ်တည်း ကျချင်မှ ကျပါလိမ့်မည်။ အများအတွက် ရိုးရိုးရှင်းရှင်း ဆုံးဖြတ်နိုင်ရန် သတ်မှတ်ထားရသော စည်းမျဉ်းတို့သည်လည်း ဗုဒ္ဓသာသနာ တည်တံ့ရေးအတွက် အင်မတန် အရေးကြီးပါသည်။

နောက်တစ်ချက် ယှဉ်ထိုးစူးစမ်း ဖို့ရန် အရေးကြီးလာသည်မှာ ဖော်ပြခဲ့ပြီး ဖြစ်သည့် “တရားဓမ္မနှင့် မလျော်ညီစွာ ကျင့်ကြံသည့် သံဃာ အဖွဲ့အစည်း ဘက်သို့ ၄င်းသံဃာအဖွဲ့သည် တရားဓမ္မ နှင့် မလျော်ညီစွာ ကျင့်ကြံသည်ကို မိမိက သိထားပါလျက် (သို့မဟုတ်) သံသယ ရှိပါလျက် နှင့်  ကူးပြောင်းခဲ့သော် ထို ပုဂ္ဂိုလ်သည် ကပ်ကမ္ဘာ တစ်ခုလုံး ငရဲတွင် ကျက်ရသည်” ဟူသော ဗုဒ္ဓ၏ မဟာဝဂ်ပါ ဟောဆိုချက် ဖြစ်ပါသည်။ “ပါရာဇိက ကျပြီးသူ နှင့် ဥပုသ်ပြုပေမယ့်လည်း ရဟန်းဥပုသ် အနေဖြင့် တရားဝင်သည် ဆိုတာကတော့ ဟုတ်နိုင်ပါသည် ၊ ဒါပေမယ့် ပါရာဇိက ကျပြီး ရဟန်းလုပ်သူတွေနဲ့ အတူ ဥပုသ်ပြုတာဟာ တရားနှင့် အညီ မကျင့်ကြံတဲ့ အဖွဲ့နဲ့ သွားပြီး ပူးပေါင်းတာမျိုး မဟုတ်ဘူးလား” ဆိုတာသည် ကျွန်တော်တို့ သုံးသပ်ကြည့်သင့်သော မေးခွန်းဖြစ်ပါသည်။

မူရင်း ပါဠိတော်စာသား အရ သေချာသည်မှာ ရဟန်းကောင်း တစ်ပါးသည် မိမိနှင့် အတူ ဥပုသ်ပြုသော ပုဂ္ဂိုလ်တို့ တရားနှင့် အညီ ကျင့်ကြံခြင်း မရှိ ဆိုတာကို မသိထားပါလျှင် ဤသို့ အတူတကွ ဥပုသ် ပြုခြင်းသည် အပြစ် မရှိနိုင်ပါ။ နောက်တစ်ချက်မှာ ၄င်း နှင့် အတူ ဥပုသ်ပြုသော ရဟန်းအချို့ ၏ ပါရာဇိက ကျနေခြင်းကို မိမိမှ “သီးသန့်” ပုဂ္ဂိုလ်တစ်ဦးချင်း သဘော အနေဖြင့်ဘဲ သိမှတ် နားလည်မိပြီး၊ ၄င်း သင်းကွဲရဟန်းတို့၏ ရဟန်း “တစ်ဖွဲ့လုံး” သဘော အနေဖြင့် ပဓာန ရည်ရွယ်လုပ်ဆောင်ချက်သည် တရားနှင့် လျော်ညီခြင်း မရှိသည်ကို ရဟန်းကောင်းသည် မသိသေးလျှင် အပြစ်မှ လွတ်နိုင်ပါသည်။

လက်တွေ့ ဥပမာအားဖြင့် ရဟန်းကောင်း တစ်ပါးသည် ၉၆၉  အဖွဲ့တွင် အကြောင်းကြောင်းကြောင့် မသိဘဲ ပါဝင်နေနိုင်ပါသည်။ သူသည် ဓမ္မဝိနယတို့ကို နောင်ခါမှာ သေချာလေ့လာသဖြင့် ဝီရသူသည် ဓမ္မဝိနယ နှင့် အညီ မကျင့်ကြံ ၊ ပါရာဇိက ကျပြီး ဖြစ်ကြောင်း၊ များစွာသော ဝီရသူ နောက်လိုက်ရဟန်းတို့သည် ပါရာဇိက ကျပြီး ဖြစ်ကြောင်းကို သီးသန့် ပုဂ္ဂိုလ် တစ်ဦးချင်း သဘော အနေဖြင့် သေချာ သိမြင်လာနိုင် ပါသည်။ သို့သော် သူသည် ၉၆၉  အဖွဲ့၏ ပဓာန ရည်ရွယ်ချက်ကို ရိုးရိုးသာ ဟု ဆက်အောက်မေ့သောကြောင့် ၉၆၉  အဖွဲ့တွင် ဆက်လက် ပါဝင်နေနိုင်သည်။ ထိုသို့ ၉၆၉  အဖွဲ့၏ ပဓာန ရည်ရွယ်ချက်ကို အမှန်တကယ် နားမလည်သဖြင့် ၉၆၉  အဖွဲ့နှင့် အတူ ဆက်လက် နေမိသော ရဟန်းသည် သံဃာသင်းခွဲကံ မသင့်ပါ။

အတွေး ဥပမာ တစ်ခုကို ကျွန်တော်တို့ လုပ်ကြပါအုံးစို့။  ပြခဲ့ပြီးဖြစ်သော ဥပမာဆိုးတွင် ဗမာပြည်မှာ ရဟန်းအစစ်အဖြစ် နောက်ဆုံး တစ်ပါးတည်းသာ ကျန်ရစ်တော့သော အမျိုးကောင်းသား ရဟန်းသည် မိမိနှင့် အတူ ဥပုသ်ပြုနေသော သာသနာ့ပါလ အဖွဲ့ဝင်အားလုံး ပါရာဇိက ကျပြီး ဖြစ်နေသည် ကို သူ သိလာခဲ့သည် ဆိုပါစို့။ သည်လို အခြေအနေမျိုးမှာ သူ ဘယ်လို ရွေးချယ်မလဲ ဆိုတဲ့ ကိစ္စဟာ ခန့်မှန်းဖို့ ခက်ပေမယ့် ကျွန်တော်တို့ ကြိုးစားမှန်းဆကြည့်ကြ ပါစို့။

ဗုဒ္ဓ အလိုတော်ကျ အားဖြင့် ထို တစ်ပါးတည်းသော ရဟန်းသည် ၄င်း ဖောက်ပြန်နေသော ရဟန်း အဖွဲ့မှ ဝေးရာသို့ ဖဲကြဉ်ရပါမည်။ ဒါပေမယ့် ဤကိစ္စမျိုးတွင်လည်း များစွာ ဖြစ်နိုင်သည်မှာ သူသည် အများစု လူယုတ်မာတွေ လွှမ်းမိုးသော ရဟန်းအဖွဲ့မှာပဲ အနည်းဆုံး ခဏတဖြုတ်လောက်တော့ ဆက်လက် နေပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတစ်ပါးတည်း ရဟန်း အစစ် အဖြစ် ထူထောင် ခွဲထွက်ဖို့ရာ အဲသလို အခြေအနေမျိုးတွင် အင်မတန်မှပင် ခဲယဉ်းတတ်ပါသည်။

ဒါပေမယ့် အဲသလို ခွဲထွက်ဖို့ရန် ခဲယဉ်းသောကြောင့် ခဏတဖြုတ် ဆက်လက်ပြီး လူယုတ်မာ ရဟန်းအဖွဲ့နှင့် ပူးပေါင်းနေရသော ရဟန်း၏ ကိစ္စသည် “ပရမတ္တ သံဃာ” ၏ ဂုဏ်ကျေးဇူးကို ရည်မှန်း၍ မိမိ၏ ရဟန်းအဖြစ်ကို ဆက်လက်ထိန်းသိမ်းလိုသော “သဒ္ဓါတရား” ကို မမေ့မလျော့ အသေအချာ နှလုံးသွင်းနိုင် မှသာ အပြစ်လွတ်နိုင် ပါသည်။ “သည် ကိုယ်တော်တွေ နဲ့ ပေါင်းပြီး ငါတစ်သက်လုံး ဆွမ်း ဝဝ စားရလည်း အေးတာပဲ” ဟူသော ဆင်ခြေ ရည်ရွယ်ချက် အဓိက ဖြစ်ခဲ့သော် မဟာဝဂ်တွင် ဖော်ပြထားသည့် အပြစ်နှင့် မလွတ်နိုင်ပါ။

ကျွန်တော်တို့ ထပ်ဝေဖန် နိုင်သည့် အချက်မှာ မိမိ၏ ရဟန်းအဖြစ်ကို ဆက်လက်စောင့်ရှောက် ထိန်းသိမ်းလိုသော သဒ္ဓါတရား သာလျှင် အဓိက ရှိသဖြင့် ဖောက်ပြန်သော ရဟန်းအဖွဲ့တွင် ခဏတဖြုတ် ဆက်နေရသော ရဟန်းသည် ရေရှည်တွင် ရဟန်းမဟုတ်သူတို့ နှင့် အတူ ဥပုသ်ပြုရခြင်း (ဝါ) ရဟန်းမဟုတ်သူတွေကို ရဟန်းဖြစ်သူ မိမိက ရှိခိုးနေရခြင်းကို ၄င်း၏ ပကတိ ဟီရိ သြတ္တပအလျောက်သာ အလွန်အမင်း ရှက်မိမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် ၄င်းသည် အခွင့်အခါ ကြုံကြိုက်သည်နှင့် ထိုဖောက်ပြန်သော အဖွဲ့တို့မှ ဝေးရာသို့ ထွက်ခွာဖို့သာ များပါသည်။

ဖြစ်ဖို့ ခဲယဉ်းသော်လည်း တုံ့ပြန်နိုင်သော နောက် နည်းလမ်း တစ်ခုမှာ ထိုရဟန်းကောင်းသည် ရှင်မောဂ္ဂလန် ကိုယ်တော်ကြီးလို ဆိုးသွမ်းသူတို့ကို တိုက်ခိုက်နှိမ်နင်းလိုသော ဝသီရှိလျှင် မိမိ ရဟန်းအဖွဲ့၏ မစင်ကြယ်ကြောင်းကို လူထုအား သိကြားစေပြီး ရဟန်းဆိုး နှင့် မင်းဆိုးတို့က တစ်ပါးတည်း လုံးတီးဆန့်ကျင်နေသော သူ့ကို အန္တရယ် ပြုလာမည့် ဘေးဥပဒ်တို့ကို ခါးစည်းခံလျှင်လည်း ခံပါမည်။

ဤသို့ ရှောင်ထွက်သွားခြင်း ၊ စိန်ခေါ်ခြင်း စသဖြင့် မည်သို့သော နည်းလမ်းတို့ဖြင့် တုံ့ပြန်စေကာမူ ကျွန်တော်တို့အား သေချာသည်မှာ အမှန်တကယ် ရဟန်းဘဝကို ယုံကြည်မြတ်နိုးပြီး ရဟန်းပြုသောသူသည် ဖောက်ပြန်သောအဖွဲ့၏ ပကတိ ရည်ရွယ်ရင်း ("တစ်ဖွဲ့လုံး" ဟူသော သဘောအားဖြင့်) ဖောက်ပြန်မှုကို အသေအချာ သိရှိပြီး ဖြစ်ခဲ့ပါလျှင် ၄င်း ဖောက်ပြန်သော သံဃာ အဖွဲ့အစည်းနှင့် အနည်းဆုံးအားဖြင့် ရေရှည်တွင် ဆက်လက်ပြီး “ပေါင်းစား” လိမ့်မည် မဟုတ်ပါ။

ဤသို့ ရဟန်းကောင်းတို့ ဝေးရာသို့ ဖဲခွာသွားဖြင်း သဘော နှင့် စပ်ပြီး ပါဠိတော် သုတ္တန်တို့တွင် သက်သေခံနိုင်သည်မှာ နောင်ခါတွင် ငါတို့ ဘုရား သာသနာ၌ ဝိပဿနာ အရာတွင် အမြန်ဆုံး ထိုးထွင်းသိမြင်မှု ဧတဒင်္ဂရ ပုဂ္ဂိုလ်ဖြစ်လာမည့် ဗာဟီယ ဒါရုစီယ လောင်းလျာ ရဟန်းနှင့် တခြား ရဟန်းငါးပါးသည် ကဿပ မြတ်စွာဘုရား သာသနာတွင် သံဃာအဖွဲ့အစည်း တစ်ခုလုံး ဖောက်ပြန်နေရကား လူသူဝေးရာ တောင်ထိပ်တစ်ခုပေါ်သို့ သူတို့ဘာသာ ခွဲထွက် ကျင့်ကြံခဲ့ပုံမျိုး ပါတည်း။

လိုရင်း ကောက်ချက်ကို ပြန်ပြောမည် ဆိုသော် ရဟန်းကောင်း အစစ်အမှန် ဟူသည် အခြေအနေ မတတ်သာ၍ ခဏတဖြုတ်တော့ ရဟန်းဆိုးအဖွဲ့ထဲတွင် ဆက်နေရကောင်း နေရပါလိမ့်မည်။ သို့ရာတွင် ရေရှည်တွင် သူ့အား သင့်ကူးလာမည့် အကုသိုလ်ဘေးကို စိုးရွံ့သောကြောင့် ဖြစ်စေ၊ မိမိ၏ တရားကို ချစ်မြတ်နိုးသော သဒ္ဓါတရားအားဖြင့် အရှက်ရသည် ကြောင့်လည်း ဖြစ်စေ တစ်နည်းနည်းဖြင့် ရဟန်းဆိုးအဖွဲ့မှ ခွဲထွက်ရန် ကြိုးစားလိမ့်မည် ၊ ကြိုးလည်း ကြိုးစားရမည် ဖြစ်ပါ သတည်း။

သံဃဘေဒကို အဆုံးသတ်ခြင်း

ပါဠိတော်တွင် မြတ်စွာဘုရား လက်ထက်တော်က ဖြစ်ပွားခဲ့သော သံဃာသင်းကွဲမှုတို့ကို ဖြေရှင်းခဲ့သော အတွေ့အကြုံတို့ကို အခြေခံ၍ သံဃဘေဒ (သင်းကွဲမှု) ကို မည်သို့ အဆုံးသတ်ရပါမည့် အကြောင်း ပုံစံ နှစ်မျိုးကို လေ့လာတွေ့ရှိရပါသည်။

ပထမတစ်မျိုးမှာ သံဃာကွဲပြားရခြင်း အကြောင်းကို နှစ်ဘက် စောဒနာ၍ မည်သည့်ဘက် သည် ဓမ္မဝိနယ နှင့် အညီ ကျင့်ကြံပါသည်ဟု အတည်ပြု ဆုံးဖြတ်ပြီး မှားယွင်းခဲ့သည့် ဘက်ကို ဓမ္မဝိနယ နှင့် အညီ ကျင့်ကြံသည်ဟု သတ်မှတ်ဆုံးဖြတ် ခံရသော အဖွဲ့မှ ပြန်လက်ခံခြင်း ဖြစ်သည်။ ဤသို့ အဖွဲ့နှစ်ဖွဲ့ ပြန်ပေါင်းရာတွင် ဖြေရှင်းဆုံးဖြတ်ထားသော အကြောင်းရင်း ကိစ္စကို နှစ်ဖက်လုံးမှ သံဃာအားလုံး စုံညီ တက်ရောက် ရွတ်ဆိုရမည် ဖြစ်ပြီး ဓမ္မဝိနယ နှင့် ညီသော ဆုံးဖြတ်ချက်ကို အတည်ပြုပြီးလျှင် သံဃဥပုသ်ကို တစ်ဂိုဏ်းတည်းအဖြစ် အတူပြုရ ပါသည်။

ဤ ဓမ္မဝိနယကို ပြန်လည်စုံညီ အတည်ပြုသော အစည်းအဝေးသို့ ဂိုဏ်းကွဲခဲ့သော သံဃာတို့ တစ်ပါးမကျန် တက်ရောက်ရ ပါမည်။ နာမကျန်းသော ရဟန်းသည်ပင် မိမိ၏ သဘောတူညီချက်ကို လူစားလွှတ်၍ ပြောဆိုခွင့် မရှိပါ (ခု ခေတ်မှာဆို email ပို့ပြီး ၊ Skype နဲ့ webcam ချိတ်ပြီး အစည်းအဝေးမှာ ပါလို့ မရပါ) ။

ဒါဆို ကျွန်တော်တို့ နောက်ထပ် အတွေးစမ်းသပ်မှု တစ်ခု လုပ်ကြည့် ကြပါအုံးစို့။ တစ်ကမ္ဘာလုံး နိုင်ငံတိုင်းမှာ သံဃာအများစုသည် အမျိုး ဘာသာ သာသနာ - သာသနာ့ပါလ အဖွဲ့ တွေ ဖြစ်ကုန်ပြီး ဓမ္မ ဝိနယကို ကောင်းစွာအမှန် ကျင့်ကြံသော ရဟန်းကောင်း အဖွဲ့ တစ်ဖွဲ့သည် အကြောင်း သမ္ဗတိ အထောက်အပံ့ကောင်းတို့ကို ရသဖြင့် ယင်း  အမျိုး ဘာသာ သာသနာ မိစ္ဆာဝါဒ ကွဲပြားမှုကို နှိမ်နင်းနိုင်ခဲ့ကာ နိုင်ငံစုံက ပါလအဖွဲ့ ရဟန်းဆိုးတို့သည် သံဃာကောင်းအဖြစ် ပြန်လည် အလင်းဝင်ရောက်လို ပါလျှင် ဘယ်လိုလုပ်ရပါ မလဲ။ ဟုတ်ကဲ့၊ ဒါမျိုး ထုလိုက်ထည်လိုက် အလင်းဝင်ရမည့် ကိစ္စ ရှိခဲ့သော် မူရင်း ပါဠိတော်အရ တတ်နိုင်လျှင် ဓမ္မဝိနယ အဖွဲ့ ရှိရာသို့ ကွဲပြားခဲ့သော သံဃာတို့သည် လူကိုယ်တိုင် လာရောက် အားလုံး စည်းဝေးသင့်ပါသည် ။ မူရင်း ပါဠိတော်က  ဂိလာနပင်လျှင် လူကိုယ်တိုင် အစည်းအဝေး လာရမည် ဟု ဆိုထားရာ Skype နဲ့ တက်လို့ မရတာတော့ သေချာပါသည်။

ဒါမျိုး အားလုံးစုံညီ အစည်းအဝေး လုပ်ဖို့ရာ ငွေကြေး သဟံဇာတ မပြည့်စုံ၍ ခက်ခဲသည်လည်း ရှိပါမည်။ သို့သော် အခက်အခဲ မည်မျှပင် ကြီးမားသည် ဖြစ်ပစေ  ဆိုးခဲ့သော ရဟန်းတို့သည် မိမိတို့ ညစ်ညမ်းပျက်ပြားခဲ့ကြောင်း ဝန်ခံမှုကို ပြုရန် ဓမ္မဝိနယကို ပြန်လည် တည့်မတ်သည့် အစည်းအဝေးသို့ ကြိုးစားပြီး လာရပါမည်။ နောက်ဆုံး ဘယ်လိုမှ လာရောက်ရန် မဖြစ်နိုင်ဘူး ဆိုလျှင် သီလသမာပညာ ရှိ၍ မိမိတို့၏ ပါလအဖွဲ့မှ မဟုတ်သည့် ဗုဒ္ဓဘာသာဝင် ရဟန်းတစ်ပါး (သို့) ရဟန်းကို မရနိုင်သည် ရှိသော် လူပုဂ္ဂိုလ် တစ်ဦးကို ပင်တိုင်ထား၍  ဓမ္မဝိနယ နှင့် အညီ ကျင့်ကြံသော ရဟန်းအဖွဲ့ ကိုယ်စား ၄င်း ရဟန်း (သို့) ပုဂ္ဂိုလ်ကို ပင်တိုင်ပြု၍ ကွဲပြားမှုဆိုင်ရာ အကြောင်းရင်း၏ ဆုံးဖြတ်ချက်ကို အတူ ရွတ်ဆိုပြီးလျှင် သြဝါဒ ပါတိမောက်ကို မိမိတို့ ဒေသတွင်းမှာပဲ ပြုမည်ဆိုပါလျှင်လည်း လက်ခံနိုင်လောက်သော ဖြေရှင်းချက် ဖြစ်ပါလိမ့်မည်။

ဤသို့ ကွဲပြားရခြင်း အကြောင်းရင်းကို ဖြေရှင်းဆုံးဖြတ် အတည်ပြုကာ သံဃဘေဒကို ဖြေရှင်းနိုင်ခြင်းသည် နှစ်ဘက်လုံးမှ သံဃာတို့တွင် ကောင်းမွန်စစ်မှန်သော သဒ္ဓါတရား ( တရားနှင့် အညီ အမှန် တကယ် ကျင့်ကြံလိုခြင်း၊ မိမိအား တစ်ပါးသူက တရားနှင့် မညီကြောင်း သိနားလည် စေခဲ့ပါလျှင် မိမိ၏ အမှားကို အမှန်တကယ် ပြုပြင်လိုသော ဆန္ဒရှိခြင်း) တို့ ရှိမှသာ ဖြစ်ထွန်းနိုင်ပါသည်။ တစ်နည်းအားဖြင့် သံဃာကွဲခဲ့ရခြင်း အကြောင်းရင်းသည် နှစ်ဖက်လုံးမှ သံဃာတို့က ဓမ္မဝိနယကို စိတ်ရင်းစေတနာကောင်း နှင့် ရိုးရိုးသားသား နားလည်ပြန်ဆိုခဲ့ရာမှ ဝိဝါဒ ကွဲပြားသွားရသော အခြေအနေမျိုး ဖြစ်မှသာ ဖော်ပြသလို အပြန်အလှန် ဆွေးနွေးပြီး ဓမ္မဝိနယဆိုင်ရာ နားလည်မှု သဘောတူညီချက်ကို ရယူတည့်မတ်ကာ ပြန်လည်ပူးပေါင်းသည့် ကိစ္စမျိုးသည် ဖြစ်နိုင်ပါသည်။

ဒုတိယ ပုံစံကို ကျွန်တော်တို့ သွားပါမည်။ သံဃာကွဲရခြင်းသည် ပြခဲ့သော အကြောင်းရင်းမျိုး မဟုတ်ဘဲ ရဟန်းတို့သည် မရိုးမသား ဖောက်ပြန်လိုသော ရည်ရွယ်ချက်ဖြင့် သင်းကွဲအဖွဲ့ တစ်ဖွဲ့ကို ထူထောင်ခြင်း (သို့မဟုတ်) ပူးပေါင်းပါဝင်နေခြင်း ဆိုသော အခင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ ဤသို့ ရဟန်းတချို့၏ ဖောက်ပြန်လိုသော စိတ်ရင်းစေတနာ သာလျှင် အကြောင်းရင်း အခြေခံ ဖြစ်ပြီး သင်းကွဲခဲ့သော် ပြခဲ့ပြီးသော ပုံစံကဲ့သို့ အပြီးတိုင် ပြန်လည်ညီညွတ်ခြင်းမျိုးဟာ မရှိနိုင်ပါ။ ဒါမျိုး ကိစ္စမျိုးတွင် ဓမ္မဝိနယ နှင့် အညီ ကျင့်ကြံသော ရဟန်းတို့သည် ဖောက်ပြန်လိုသော ဆန္ဒ အကြောင်းရင်းခံအားဖြင့် သင်းခွဲထွက်သော (သို့မဟုတ်) သင်းခွဲထူထောင်သော (သို့မဟုတ်) သင်းခွဲပါဝင်သော ရဟန်းတို့ကို သံဃာအဖွဲ့အစည်းမှ ထုတ်ပယ်ရပါမည်။

ဘုရားသာသနာတွင် ဓမ္မဝိနယ သာလျှင် ဆရာဖြစ်သဖြင့် ဤသို့ ဓမ္မဝိနယ အလျောက် ကိုးကား ထုတ်ပယ်ပိုင်ခွင့်သည် အသေအချာ ရှိပါသည်။ ဤသို့ ထုတ်ပယ်ခြင်းသည် နူတ်ဖြင့်မတ္တ လူသိရှင်ကြား ထုတ်ပယ်ရခြင်း အကြောင်းရင်းကို ပြန်ကြားရုံနှင့် အလိုအလျောက် ပြီးမြောက် လုံလောက်ပါသည်။ ဒါပေမယ့် အဲသလို မတတ်သာသဖြင့် ထုတ်ပယ်ရသော ကိစ္စတွင် ရဟန်းကောင်းတို့ အနေဖြင့် တစ်ဖက် အကျင့်ပျက်ရဟန်းတွေ အပေါ်မှာ မင်းအာဏာသုံးခွင့် ၊ သင်္ကန်းဆွဲချွတ်ခွင့် ၊ ဒုက္ခပေးတဲ့ ရဟန်းတွေဆိုပြီး ထောင်သွင်း အကျဉ်းချရန် အာဏာပိုင်တွေကို တိုက်တွန်းခွင့် လုံးဝ မရှိပါ။

ပြခဲ့သော ဒုတိယ ပုံစံတွင် ဖောက်ပြန်လိုသော ရည်ရွယ်ချက် စေတနာဖြင့် သင်းကွဲထူထောင် (သို့) သင်းကွဲအဖွဲ့တွင် ပါဝင်သော ရဟန်းတို့သည်သာ ရဟန်းအဖြစ်မှ ထုတ်ပယ်ခံရပြီး ဓမ္မစက် မတ္တသက်သက်ဖြင့် ရဟန်းအဖြစ်မှ တိုက်ရိုက် ဆုံးရူံးပါသည်။ သို့ရာတွင် မသိ နားမလည်သဖြင့် ဖောက်ပြန်သော ရဟန်းအဖွဲ့တို့နှင့် သွားပူးပေါင်းမိသော ရဟန်းတို့ကိုမူ ရဟန်းအဖြစ်မှ ထုတ်ပယ်ပိုင်ခွင့် မရှိပါ။

ထိုအစား ဓမ္မဝိနယ နှင့် အညီ ကျင့်ကြံသော ရဟန်းတို့သည် ဤကဲ့သို့ မသိနားမလည်ဘဲ အဖွဲ့ဆိုးထဲသို့ ပါဝင်နေမိသော ရဟန်းတို့ကို ဓမ္မဝိနယ အမှန်ကို သွန်သင် ညွှန်ပြပြီး “မူလ သံဃာ” အဖွဲ့သို့ ပြန်လည်ပါဝင်လာရန် စည်းရုံးသိမ်းသွင်းရ ပါမည်။


ယခင် မသိနားမလည် သဖြင့် ရဟန်းဆိုး အဖွဲ့တွင် ပါဝင်နေမိသော်လည်း ရဟန်းကောင်းတို့၏ အလင်းပြမှုကြောင့် ဓမ္မဝိနယ အမှန်ကို မြင်သိလာသဖြင့် လူဆိုးအဖွဲ့မှ ထွက်ခွာ ရဟန်းကောင်းအဖွဲ့ကို လာရောက်ပူးပေါင်းသော (မသိနားမလည် ခဲ့မိသည့်) ရဟန်းတို့သည် ထုလ္လစ္စယ အာပတ်ကို ကျုးလွန်ခဲ့မိကြောင်း ၄င်းတို့သည် ဝန်ခံကုစားကြရပြီး ဤ အလင်းဝင်လာသော ရဟန်းတို့သည် သံဃာတော်မြတ်တို့ အဖြစ်ဖြင့် သာသနာတွင် ဆက်လက် ရပ်တည်ကာ စင်ကြယ်စွာ အသက်မွေးနိုင်ကုန်ကြ ပါသတည်း။