Sunday, January 26, 2014

ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၂)



အစွဲထပ်ထပ် မခွဲကပ်၊ များကောင်းစားချစ် ‘ဗောဓိသတ်’၊ လုံးစည်းယုတ်ပတ် သူစွန့်ပြတ်၊ ဆင်ခြင်ဆတ်ဆတ် သူတော်တတ်၊ ‘ရှင်မြတ်’ကိုလည်း ‘သတ်’ ရမည်
ဝဇိရ သုတ္တန်။ ။ ဗုဒ္ဓ နှင့် သုဗုဒ္ဓိရဟန်း

ကျွန်တော်တို့ မြန်မာများ ဤ ကောသလအိပ်မက် ခေတ်စနစ် ပြဿနာ (“လုံးစည်းခေတ် ဖြစ်လျှင် ယုတ်မာသူတို့ အုပ်စိုးသော စနစ် ဖြစ်လတ္တံ့”ဟူသော သီအိုရီ ဟောကိန်း) ကို အထင်းသက်သေခံ သိမြင်နိုင်သည်မှာ လမ်းစဉ်ပါတီခေတ်တွင် ဗိုလ်နေဝင်းသည် ပြောဆိုနေကျ “လူတော်လူကောင်း”
ဆိုတာကို “လူကောင်းလူတော်” လို့ တစ်နိုင်ငံလုံးကို အတင်း ပြောင်းပြောခိုင်းခြင်း ပါတည်း။ သည်မှာ သိသာအပ်သည်မှာ ‘လူကောင်း’ တစ်ဦးဖြစ်ဖို့ ခက်ခက်ခဲခဲ လုပ်နေစရာ မလို။ ယုတ်မာသူတို့က ‘လူကောင်း’လို့ သတ်မှတ်လျှင် နင်သည် နေ့ချင်းညချင်း ‘လူကောင်း’ ဖြစ်သွားသည့် ဖြစ်အင်ကို ဖြစ်ပါ၏။ သီလသမာဆိုတာဟာ ဘာလဲဆိုတာကို ယုတ်မာသူတို့က သတ်မှတ်၊ လူတွေကို ယုတ်မာသူတွေက အတန်းအစားတွေခွဲကာ သူတို့ လိုလားတဲ့သူတွေကို ‘သူတော်ကောင်း’ ဘွဲ့တံဆိပ်တွေ တပ်ပေးနေသော သဘောကို ဖြစ်ပါသည်။

သည်လို လုံးစည်းခေတ်တွင် ယုတ်မာသူက ယုတ်မာသူကို ‘ကြီးမြတ်သူ’ အဖြစ် ဘွဲ့တံဆိပ်တပ် ချီးမြှင့်မြှောက်စားမှုတို့ အတောမတတ်နိုင်အောင် ကြမ္မာဆိုးငင်ပုံကို ကမ္ဘာ့ ထိပ်တန်း လစ်ဘရယ် တွေးခေါ်ပညာရှင် ကားပေါ့ပါးက အလွန်တိကျသော ဝေါဟာရနှင့် ပြောင်မြောက်စွာ ဖော်ပြခဲ့သည်မှာ တောမသတ် ဆုတ်ယုတ်မှု (infitite regress) ဟူပါသတည်း။ ဆိုလိုရင်းမှာ ရှေ့က ယုတ်မာစွာ အုပ်စိုးသူ တစ်ဦး လွန်မြောက်သွားလျှင် ဒါ့ထက် ယုတ်မာသူ၊ ထို ဒါ့ထက်ယုတ်မာသူ လွန်မြောက်သွားလျှင် ဒါ့ထက် ဒါ့ထက် ယုတ်မာသူ စသဖြင့် စိတ်အောက်တန်းစား ၊ ဒါ့ထက်ဒါ့ထက် စိတ်ယုတ်ညံတဲ့ အောက်တန်းစားတွေ ဆက်လက် မင်းမူကြီးစိုးသော သဘောပါတည်း။

ခေတ်မြန်မာတွေ ခဏခဏ ပြောရသော စကားမှာ “နေဝင်းကမှ တော်သေးတယ်၊ စောမောင်ကမှ တော်သေးတယ် ၊ ခင်ညွန့်ကမှ တော်သေးတယ်၊ သန်းရွှေကြီးကို လွမ်းနေရအုံးမယ်နော်” ဟုလည်း ဖြစ်ပြီး ကျွန်တော်တို့ ပြည်သူတွေ အနေဖြင့် ကမ္ဘာ့ဂန္တဝင် တွေးခေါ်ပညာရှင်များလို သုတေသန သေသေချာချာ ပြုခွင့် မရခဲ့လင့်ကစား ယင်း အရပ်စကား ခေတ်စကား တို့သည် လုံးစည်းစနစ်ဖော်ဆောင် မြန်မာလူ့ဘောင် တွင် ယုတ်မာသည်ထက် ယုတ်မာသူတို့ စိုးစံနေရာယူခွင့် ရလာသော တောမသတ်ယုတ်ညံ့လာမှု (infinite regress) ကို ကြေးမုံပြင်သဖွယ် ဟပ်ထင်ဖော်ပြထားနိုင်သည်သာ ဖြစ်ပါသည်။

ဝိနယပိဋကကို ဖွင့်မပြမီမှာ ကျွန်တော့်အနေဖြင့် Totalitarianism (လုံးစည်းစနစ်) ၏ သဘာဝ သရုပ်သကန်ကို အနည်းငယ်မျှ အသေးစိတ် ပြောနေရသည်မှာ အရေးကြီးသော ကိစ္စနှစ်ခု ရှိပါသည်။ ပထမ ကိစ္စမှာ ယခုမြန်မာပြည်၏ ဘုန်းကြီးထိပ်တန်းခေါင်းဆောင် ဆိုသူများသည် အမှန်တကယ် ကိုယ့်ကျင့် သိက္ခာ၊ သီလသမာဓိပညာ ရှိ၍ နေရာရလာသည် မဟုတ်ကြောင်း၊ စင်စစ် ခု ငါတို့ ကြုံတွေ့နေရသော ဤခေတ်စနစ်မျိုးတွင် ယုတ်မာသူတို့သာ အကောင်းဆုံးဆိုသော နေရာမျိုးကိုသာ ရဖို့ရှိကြောင်းကို အတိအလင်း အသိပေးရန် ဖြစ်ပါ၏ ။

 ဒုတိယကိစ္စမှာ လုံးစည်းစနစ်တွေထဲက အော့နှလုံးနာစရာ အကောင်းဆုံးတစ်ခု ဖြစ်သော ဖက်ဆစ်ဝါဒသည် ခု ကျွန်တော်ဖွင့်ပြမည့် သံဃဘေဒကံ (သံဃာသင်းခွဲမှု)ကို မြတ်စွာဘုရားက ဝိနည်းထုတ်ပြန် တားမြစ်ခဲ့ရသော အခင်းကိစ္စနှင့် ပရမတ္တဝိဇ္ဖာဗေဒ (ဝါ) သိခြင်းဗေဒပိုင်းဆိုင်ရာတွင် အခြေခံအကျဆုံး ပရိယာယ်များထဲက တစ်ခုဖြစ်သော Transcendental illusion ဗမာလိုအားဖြင့် ဘာမဆိုမှ လွန်မြောက်နိုင်ပြီဟု ထင်ယောင်ထင်မှား ဖြစ်နေခြင်း နှင့် သဘောသွား ချိတ်ဆက်နေသောကြောင့် ပါတည်း။ ဤ ဒုတိယကိစ္စသည် နိုင်ငံရေးရာ၊ လူမှုရေးရာဖြစ်စဉ်တို့ကို မှန်ကန်စွာ သုံးသပ်နိုင်ဖို့ အရေးကြီးဆုံး အခြေခံပရိယာယ်တို့ထဲက တစ်ခု ဖြစ်ပြီး ဒါသည် ခုဆက်ရေးတော့မည့် စာများတွင် ထင်ရှားလာပါအံ့။ 

စိတ္တလောကုတ္တရာ ယထာဘူတ ဒဿန ပင်လယ်ထဲသို့ ကျွန်တော့်လူများ ရေငုတ်မဆင်းခင်မှာ လူ့ဘောင်တစ်ခုတွင် လုံးစည်းစနစ် ပေါ်ပေါက်လာသော လူမှုဖြစ်စဉ်ကို ကျွန်တော်တို့ အရင် သရုပ်ခွဲစူးစမ်း ကြည့်ပါဦးမည်။ ခုအခါ အသက် အတော်အတန် ထောက်လာပြီ ဖြစ်သော ကျွန်တော့် အသက်ပိုင်းမှ မိတ်ဆွေများ အနေဖြင့် ကိုယ်တွေ့ ကြုံခဲ့ရသော လုံးစည်းဝါဒ နဲ့ လုံးစည်းအစိုးရဆိုတာ ဘယ်လောက်တောင် ဆိုးကြောင်း သိကြပါသည်။

ဒါပေမယ့်လည်း လုံးစည်းဝါဒတို့၏ ရွှေ့လျားဖြစ်စဉ်တွေဟာ ဘဝ အတွေ့အကြုံ စခါစ လူငယ်လူရွယ်များကိုသာ စည်းရုံးအခြေခံတတ်ကြရာ ၄င်းလူငယ်လူရွယ်တို့သည် လုံးစည်းအစိုးရ ပေမယ်လို့ “ကောင်းတဲ့လူတက်လာရင် တို့နိုင်ငံ ကောင်းတာပါပဲ” ဟု ခပ်ရိုးရိုးပဲ စဉ်းစားတတ်ကြပါသည်။ ထိုသို့ စဉ်းစားသဘောပိုက်မိခြင်းသည် ကျွန်တော်တို့၏ ကနေ့ခေတ် လူငယ်လူရွယ်များ မိမိတို့သည် ရိုးသားထက်မြက်သူတို့ ဖြစ်ပါလျက်နှင့် လုံးစည်းဝါဒ သူတို့ရှေ့မှာတင် တနေ့တခြား ကြီးထွားအားကောင်းလာသည့် တိုင်အောင် လက်ပိုက်ကြည့်နေမိတတ် စေပါသည်။

ဒါကြောင့် လုံးစည်းဖြစ်စဉ် (Totalitarianism) ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကို လေ့လာရာတွင် ကျွန်တော်တို့သည် အဘယ်ကြောင့် အမျိုးသားရေးဝါဒ၊ ဖက်ဆစ်ဝါဒ၊ ကွန်မြုနစ်ဝါဒ၊ မော်ဒန်ခေတ် မြန်မာဘုန်းကြီးတို့၏ သာသနာ့ပါလဝါဒ စသော လုံးစည်းဝါဒ စနစ်တို့တွင် “ယုတ်မာသောသူတို့သာ သူကောင်းပြုခံရသည် ၊ ထိပ်တန်းသို့ရောက်သည် ဆိုသော သဘောသဘာဝ” ကို သေသေချာချာ လေ့လာပါမည်။ ဟုတ်ပါ၏၊ “ယုတ်မာသော သူတို့သာ ထိပ်ဆုံးသို့ ရောက်သည်” ဟု ဆိုပါလျှင် “လုံးစည်းအစိုးရစနစ် တစ်ခုတွင် လူကောင်းလူတော် တစ်ဦးမှ တက်မလာနိုင်” ဟု နင်ပြောနေတာ ဖြစ်ပါသည်။ “ဒါဆို ငါတို့ ဗမာပြည်တွင် လုံးစည်းအစိုးရ စနစ် ဖြစ်လာခဲ့သော် လူကောင်းလူတော် တစ်ဦးဖြစ်သော အမေစုသည် ခေါင်းဆောင် တက် မဖြစ်နိုင်ဘူးလား” ဟူသည်မှာ ကျွန်တော်တို့ တန်ပြန် စစ်ကြည့်သင့်သော မေးခွန်းပါတည်း။

အဖြေကား “Absolutely, No” လုံးစည်းစနစ် မင်းမူ ထွန်းကားသော နိုင်ငံတစ်နိုင်ငံတွင် အမေစုသည် ဘယ်တော့မှ နိုင်ငံ့ခေါင်းဆောင် မဖြစ်နိုင်ပါ။ လုံးစည်း လူအုပ်က ဖုဿရထားလွှတ်ပင့်ပြီး မင်းဝတ်တန်ဆာ ငါးပါးနှင့် မင်းမြှောက်လျှင်လည်း အမေစု လက်ခံလိမ့်မည် မဟုတ်ပါ။

ဤသဘောကို အမြင်လင်းချင်းအောင် ဥပမာပြရမည် ဆိုလျှင် အမေစုလို မွန်မြတ် ထက်မြက်သူ တစ်ဦးအတွက် လုံးစည်းအစိုးရ၏ အရေးပါသော ရာထူးဌာနန္တရ တစ်နေရာမှာ အလုပ်လုပ်တယ် ဆိုတာဟာ အင်မတန်မှ နူးညံ့ညင်သာသော နှလုံးသားရှိသူ လုံမငယ် တစ်ဦးကို လယ်စိုက်ကွင်းတွေမှာ ကျွန်တွေကို ကျာပွတ်နဲ့ ရိုက်ပြီး ခိုင်းရတဲ့ ကျွန်ထိန်းအလုပ်ကို ဝင်လုပ်ခိုင်းတာမျိုးနဲ့ အတူတူ ပါပဲ။ အမေစု တင်လား မဟုတ်ပါဘူး။ ဗမာ လူတော်လူကောင်း ဟူသမျှဟာ ကနေ့ ဗမာပြည်မှာ အဓမ္မ အခြေခံဥပဒေ တည်မြဲနေသရွှေ့  ၊ ဗမာနိုင်ငံရေးဟာ လုံးစည်းအစိုးရ စနစ်ကို ရွှေ့လျားနေ သရွေ့ သူတို့ဟာ  ကျာပွတ်ကိုင်ကျွန်ထိန်း တစ်နေရာဝင်လုပ်လို့ ချီးမြှင့်ခံရမယ့် အခွင့်အရေးတွေထက် ကိုယ့်ထမင်းကြမ်း
ကိုယ်ယပ်ခတ်စားပြီး တော့ပဲ နေချင်ပါသည်။  ဤ အခြေခံသဘောကို နားလည်ပေးပါ၊ လုံးစည်းလူတွေကို တရဟော သူကောင်းပြုထားတဲ့ ဗမာလွှတ်တော်မှာ မျက်ရည်ကျမလို ခဏခဏ ဖြစ်ရတဲ့ အမေစုကို စာနာပါလို့ ကျွန်တော် ပြောလိုပါတယ်။

အမေစုလို လူတော်လူကောင်းတွေဟာ လုံးစည်းစနစ်မှာ နေရာယူလိုစိတ် အလျှင်း မရှိဘူးဆိုရင် လုံးစည်းစနစ် တစ်ခုမှာ နေရာယူထားတဲ့ လူတွေဟာ ဘယ်လိုမျိုးပါလိမ့်။ ဟုတ်ကဲ့၊ အဖွဲ့အစည်း အဆောက်အဦတစ်ခုမှာ အဖွဲ့အစည်း၏ သစ္စာကို စောင့်သိရိုသေသူတို့ သည်သာ ထိပ်နေရာသို့ ရောက်လာကြရပါသည်။ ထို့အတူသာပင် လုံးစည်းစနစ်၏ ထိပ်ခေါင်းနေရာကသူတို့ ဆိုသည်မှာ လုံးစည်းစနစ် အပေါ် အတိုင်းထက်အလွန် တံခွန်ထက်ကုက္ကား သစ္စာတော်ကြီးကို စောင့်သိသူများသာ ဖြစ်ကြပါသည်။

ဤ လုံးခေါင်းလူတို့၏ အံမခန်း သစ္စာရှိမှုကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ဥပမာ ပြရမည်ဆိုလျှင် လုံးစည်းခေါင်းဆောင် နေရာရ ငလွန်မသားတို့ ဟူသည် ၄င်းတို့ သစ္စာခံသော လုံးစည်းစနစ်၏ ‘အသက်ဝိဥာဉ်’ အတွက်ဆို မိမိရှေ့တွင် ကိုယ့်သားငယ်ကို မြေဘုတ်ဘီလူးက အရှင်လတ်လတ် ရင်ခွဲသတ်၍ နှလုံးသားကို စိမ့်စိမ့်စား၍ ဝါးမြိုသည့်တိုင် သူ့သားအသက်ကို စတေးရဲသည့် လူစွန့်လွှတ်တို့ ပါတည်း။

ဖက်ဆစ်စနစ် စသော လုံးစည်းဝါဒ အကြောင်း ပြောမည်ဆိုလျှင် “စွန့်လွှတ်စတေးခြင်း” ဆိုသော သဘောသည် ဤဝါဒ၏ ပင်မလက္ခဏာအဖြစ် မကြာမကြာ ပါလာတတ်ကြောင်း စာဖတ်ပရိသတ်တို့ သတိထားမိပါလိမ့်မည်။ သည်တွင် ရူပ်ထွေးသော အဓိကပြဿနာ တစ်ခုမှာ ‘စွန့်လွှတ်စတေးခြင်း’ ဆိုသော သဘောသည် လူမှုရေး နယ်ပယ် ၊ အထူးသဖြင့် ဘာသာရေးနယ်ပယ် တို့တွင် ကိုယ်ကျိုးမငဲ့သူ တို့သာ လုပ်ဆောင်ဝံ့သော မွန်မြတ်သည့် အလုပ်အဖြစ် ယျေဘုယျ မှတ်ယူကြလေ့ရှိရာ အဲဒီကိစ္စဟာ လူတွေကို အထူးကို ရောထွေးစေသော သဘောပါတည်း။

တခြား မကြည့်ပါနဲ့ ။ ကျွန်တော်တို့ ဗမာပြည်တွင် “နိုင်ငံရေး ဆိုတာ စွန့်လွှတ်ရဲသူတွေရဲ့  အလုပ်၊ ဘုရားလောင်းတွေသာ လုပ်တဲ့အလုပ်” ဟု နိုင်ငံရေးသမားက ပြောလိုပြော၊ “စစ်တိုက်တယ်ဆိုတာ အိုးပစ်အိမ်ပစ် စွန့်လွှတ်ရဲတဲ့ ၊ အသက်စွန့် သေရဲတဲ့ ပုရိသ ယောင်္ကျားကောင်းတွေရဲ့  အလုပ်” ဟု စစ်သားက ပြောလိုပြော နဲ့ ကျန်သော လယ်သမား အလုပ်သမား ပါမောက္ခ ဆရာဝန် အင်ဂျင်နီယာ ရဟန်းသံဃာ ပါမကျန် နိုင်ငံရေးသမား နဲ့ စစ်သားဆိုလျှင် ကိုးကွယ်ရှိခိုးရတော့ မလိုမျိုး တို့လည်း ဖြစ်လာတတ်ပါသည်။ တကယ်တော့လည်း လူ့သမိုင်း၏ အဆိုးဝါးဆုံး ဖြစ်စဉ်များဟာ အဲသလိုမျိုး ဘုရားလောင်း သူရဲကောင်းဝါဒ (Heroism) ―  “စွန့်လွှတ်သူဟာ အမွန်မြတ်ဆုံး သူရဲကောင်းပဲ” ဆိုတာကို စွဲကိုင်လုပ်တဲ့ လူလွန်မသား တွေကြောင့်  ပေါ်ပေါက်ခဲ့ရပါသည်။

လွန်ခဲ့သော နှစ်နှစ်က ကျွန်တော် ပြန်ဆိုထားသော ကျွန်ဖြစ်ရာလမ်း တွင်လည်း ဤ “ဘုရားလောင်း သူရဲကောင်း ဝါဒ” ဟာ ကျွန်တော်တို့ ဗမာလူ့ဘောင်အတွက် အင်မတန် အန္တရယ် ကြီးမားသော ဝါဒ၊ ကျွန်တော်တို့ လုံးဝ ပယ်ချရမယ့် ဝါဒ ဖြစ်ကြောင်း ၊ ကျွန်တော့်စာများတွင် ဆက်လက်၍ သည်ဝါဒ ၏ အန္တရယ် နှင့် ပယ်ချဖို့ စဉ်းစားပုံတို့ကို ကျွန်တော် ဆက်လက်ဆွေးနွေးမှာ ဖြစ်ကြောင်း အဲသည်တုန်းက ကျွန်တော် ဖော်ပြခဲ့ပါသည်။ ခုစာမှာ ကျွန်တော်တို့ ဤကိစ္စကို စကားစပ်မိလာပြီ ဖြစ်၏ ။

ဘုရားလောင်းသူရဲကောင်း ဝါဒကို ယုတ္တိသဘော အားဖြင့် ပယ်ချဖို့ရန်တော့ အလွယ်လေး ဖြစ်ပါ၏။ ကျွန်တော် ယုတ္တိဝါကျ နှစ်ကြောင်း ရေးပြပါအံ့။

(က) ငန်းတိုင်းသည် ရေကူးသည်
(ခ) ရေကူးသူတိုင်းသည် ငန်းဖြစ်သည်

ရှေ့ (က) က မှန်နေတာကို ကြည့်ပြီး  နောက်(ခ) ကို ကောက်ချက်ဆွဲလို့ ရပါသလား။

ခု ကျွန်တော်တို့ ဘုရားလောင်း သူရဲကောင်း ဝါဒ၏ အနုမာန အယူအဆကို အလားတူ ယုတ္တိဝါကျ နှစ်ကြောင်း ရေးကြည့်ကြပါ စို့လား။

(က) ဘုရားလောင်းတိုင်းသည် စွန့်လွှတ်သည်
(ခ) စွန့်လွှတ်သူတို့သည် ဘုရားလောင်း ဖြစ်သည်

ငန်းတိုင်း ရေကူးတာကို ကြည့်ပြီး ရေကူးသူတိုင်း ငန်းဖြစ်သည်ဟု ပြောလို့ မရသလို ဘုရားလောင်းတိုင်းဟာ စွန့်လွှတ်တာ မှန်ရုံနဲ့ စွန့်လွှတ်သူတို့သည် ဘုရားလောင်းဟူ၍ ဆွဲပြီး ကောက်ချက်ချလို့ မရသည်မှာ အထင်း ပါတည်း။

ယုတ္တိဗေဒ သရုပ်ပြတွင် ဤ အတွေးအခေါ်မျိုး “အားလုံး” ကို ကျွန်တော်တို့ အလွယ်လေး ပယ်ချနိုင်သော်လည်း ၄င်း အတွေးအခေါ်မျိုးသည် လူများစုတွင် အလွယ်လေးပင် စွဲထင်တတ်ကြပြီး ဘယ်တော့မှ ပြုပြင်မရလည်း ရှိတတ်ပါသည်။  နောက်ထပ် အလားတူ ဝါကျနှစ်ခုကို ကျွန်တော်တို့ ဆက်လေ့လာကြ ပါစို့လား။

(က) အကြမ်းဖက် ဗုံးခွဲသူတို့ သည် မူဆလင် ဖြစ်သည်
(ခ) မူဆလင် ဆိုလျှင် အကြမ်းဖက် ဗုံးခွဲသည်

         ကျွန်တော်တို့ ထင်လင်းနိုင်ပြီ ဖြစ်ပါသည်။ ကမ္ဘာကြီးမှာ လူမျိုးရေးခွဲခြားမှု ဘာသာရေးခွဲခြားမှု စတဲ့ ပြဿနာတွေ အပ်ကြောင်းထပ်ခဲ့တာ ၊ မဖြေရှင်းနိုင်တာဟာ ကျွန်တော်တို့ရဲ့  တွေးခေါ်မှု အခြေခံမှာကိုက အများကြီး မှားယွင်းနေလို့ပါ။ အကြမ်းဖက် ဗုံးခွဲသူဟာ မူဆလင် ဖြစ်ရုံနဲ့ မူဆလင်မှန်ရင် အကြမ်းဖက် ဗုံးခွဲတယ်လို့ သတ်မှတ်ချင်တာကိုက ကျွန်တော်တို့ဟာ အတွေ့အကြုံကို မှားယွင်းမွဲတေစွာ ရောင်ပြန်ဟပ်တတ်လေပြီး အသိတရား အမှားတွေကို ကိုင်စွဲလေကာ မူဝါဒ အမှားတွေ၊ အလုပ် အမှားတွေ ကျွန်တော်တို့မှာ မဆုံးတမ်း ဖြစ်လာလေတော့တဲ့ သဘောပါပဲ။

ဒါမျိုး “သည်ပုတ်ထဲက သည်ပဲ” ဆိုကာ လုံးပြီး မြင်တတ်တယ် ဆိုတာ ပညာသင်ကြားခွင့် ကောင်းကောင်း မရခဲ့သူတွေဆို ခွင့်လွှတ် နိုင်ပါသေးသည်။ ခွင့်မလွှတ်နိုင်တာက ထိပ်တန်း ပညာတတ်တွေ ကိုယ်တိုင်က သည်လိုမျိုး လုံးလုံး မှားယွင်းနေတဲ့ အခြေခံတွေနဲ့ ကိန်းခန်းကြီးတဲ့ သီအိုရီတွေ ထုတ်လာတာမျိုးပါ။

ဟားဗတ်ပါမောက္ခ တစ်ဦးဖြစ်တဲ့ ဆန်မျိုး ဟန့်တင်တန်ဟာ သည်လို လုံးလုံး မှားယွင်းနေတဲ့ အနုမာန အယူအဆတွေနဲ့ နောင် ကမ္ဘာ့သမိုင်းဆိုတာ “မူဆလင် ယဉ်ကျေးမှု နဲ့ အနောက်ကမ္ဘာ ယဉ်ကျေးမှု ထိပ်တိုက်တွေ့ လတ္တံ့” ဆိုပြီး သူရဲ့  သိပ္ဗံယောင်ဆောင် ဟောကိန်းကို ထုတ်ခဲ့သလို သည်ဝါဒဟာ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့  စစ်ရေးဗျုဟာပေါ်မှာ လွှမ်းမိုးသွားခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ခုလိုမျိုး ပြဿနာတစ်ရပ်ကို  အရပ်လူပြိန်း နားလည်သလို နားလည်ခြင်းမျိုးဟာ ဘယ်လောက် အန္တရယ်များလာတတ် သလဲ ဆိုတာ ကျွန်တော်တို့ နားလည် သတိထားကြပါစို့။

အမားတီးယားဆင်းက   အယောင်ဆောင် ပညာရှင် ဟန့်တင်တန် ကို ဘယ်လို ဝေဖန်သလဲဆို  “အရပ်ထဲက လူပြိန်းသိ သိတဲ့ဟာကို အားလုံးအတွက် သမိုင်းသက်သေ မှန်ကန်သော ယျေဘုယျ သိပ္ဗံ သီအိုရီဆိုပြီး ဆင်ထုတ်ပြတာဟာ သင်းမို့လို့ မရှက်တယ်” ဟု ဆဲပါသတည်း။

ခု တစ်ခါတည်း စကားစပ်သဖြင့် ‘၉၆၉’ ဆိုတာ အမြတ်ဆုံး ဘုရား၊ တရား ၊ သံဃာ လို့ လူတကာကို လိုက်ပြောနေတဲ့ ရွှေညဝါ စတဲ့ ဘုန်းကြီးတွေကို မိမိ၏ ခြောက်နှစ်သား သားငယ်သည်ပင် ဘယ်လိုမှ မရူံးနိုင်တဲ့ ယုတ္တိဝါကျ နှစ်ကြောင်းကို ရေးပြပါမယ်။

(က) I think that is    ငါတွေးမိတာက ဒါဟာ…
(ခ) That is I think     ဒါကတော့ ငါတွေးမိတာပါ ။

သည်ဝါကျ နှစ်ကြောင်းဟာ ကျွန်တော် အမေရိကမှာ အများပြည်သူရှေ့  တင်ဆက်မှု ထဲက တစ်ခုပါ။ သည် နှစ်ကြောင်းကို ဆလိုက်ထိုးပြီးတော့ ကျွန်တော် ပရိသတ်ကို မေးပါတယ်။ “သည် ဝါကျနှစ်ကြောင်း ၊ ဘယ်ဝါကျက မှန်ပါသလဲ”။

ပရိသတ်ဟာ ငြိမ်သက်မှင်သေ သွားပါတယ်။ အတော်လေး ကြာတော့ ပါမောက္ခ တစ်ဦးက တုံ့ပြန်ရာမှာ “နှစ်ခုလုံး မှန်တယ်လို့ ထင်ပါတယ်”။ ဘွဲ့ကြို ဒဿန ကျောင်းသား တစ်ဦးက “ဒုတိယဝါကျ ပဲ မှန်ပါတယ်” ။ ပရိသတ်က သြချပြီး လိုက်လာရာမှာ “ဟုတ်ပါရဲ့ ၊ ဒုတိယ ဝါကျပဲ မှန်ပါတယ်” ။

ဒုတိယ ဝါကျပဲ မှန်တယ်လို့ ဘာလို့မို့ ပြောနိုင်ရပါလိမ့်။  ကျွန်တော်တို့ ဆက်လေ့လာကြည့်ကြ ပါစို့။

(က) ငါ တွေးမိတာက ဘုရားတရားသံဃာ ဆိုတာ…၉၆၉ ပဲ
(ခ) “ဘုရားတရားသံဃာဟာ ၉၆၉  ပဲ” ဆိုတာကတော့ ငါ တွေးမိတာပါ

ပထမ ဝါကျရဲ့ သဘောမှာ “ငါတွေးမိတာက” ရဲ့  နောက်မှာ ဘာမဆို လိုက်လို့ ရပါတယ်။ ‘ငါ’ ဆိုတဲ့ အာရုံက ဖြစ်စဉ်(အတွေးစဉ်) ရဲ့ ရှေ့မှာ အရင်ပေါ်နေပြီး ကတ္တားဖြစ်တဲ့ ပုဂ္ဂိုလ်သာ ပဓာနလို့ အရင် ပိုင်းဖြတ်ထားပါတယ်။ အဲသလို ကတ္တား = ငါ ရဲ့  သတ္တိစွမ်းပကားသာ ပဓာနလို့ ယူတဲ့အတွက် သူ တွေးခေါ်နေတဲ့ ဖြစ်စဉ် = ကံ တွေဟာ နောက်ကနေ ဘာပဲဆက်လာလာ အမှန်တရားပဲ လို့ တွေးသူဟာ ယူဆနေ ပါတယ်။

အနှစ်ချုပ်မယ်ဆိုရင် သူတွေးတာ မှန်သမျှ “အမှန်” လို့ ပထမဝါကျက လူဟာ ထင်နေပါတယ်။ ထို့ကြောင့် ပထမဝါကျ သဘော အတိုင်း တွေးခေါ်သူဟာ  အမှန်တရားနဲ့ တအား အလှမ်းဝေးပြီး ဝါးလုံးခေါင်းထဲ ပိတ်ပြီး လသာနေတာကို ပြတာပါ (paradoxically closed system) ။

ဒုတိယ ဝါကျမှာတော့ တွေးလိုက်မိတဲ့ အကြောင်းအရာ ဖြစ်စဉ် That ဒါ ကို ဖြစ်စဉ်အတိုင်း ဖော်ပြမှုက ကနဦးဆုံး လာပါတယ်။ ပထမလူကဲ့သို့ သတ္တိစွမ်းပကားကို ပိုင်ဆိုင်တဲ့ ‘ငါ’ ရှိတယ်လို့ ကြိုတင် ရမ်းမှန်းပြီး မစဉ်းထားတာက အဓိက ထူးခြားချက် ပါပဲ။ သေချာကြည့်မယ်ဆိုရင် ဒုတိယလူအဖို့
ကံ = တွေးခေါ်နေတဲ့ ဖြစ်စဉ် ဟာ ကတ္တား ‘ငါ’ နဲ့ မကွဲပြားကြောင်း အရှိကိုအရှိအတိုင်း ၊ ဖြစ်စဉ်ကို ဖြစ်စဉ်အတိုင်း နှိမ့်ချ ဝန်ခံထားပါတယ်။

 ဖြစ်စဉ် (အတွေးစဉ်အတိုင်း) ဖော်ပြဝန်ခံတဲ့ အတွက် ပထမလူလို “ငါ တွေးမိတာက…” ဆိုပြီး နောက်က တွေးမိတဲ့အရာ (ဝါ) ကံက ဘာမဆို လိုက်လာလို့ရ ၊ စိတ်လိုသလို ပြင်လို့ပြောင်းလို့ အစားထိုးလို့ မရ ပါဘူး။

အနှစ်ချုပ်မယ်ဆိုရင် ကတ္တားကို ဖျောက်ထားတဲ့၊ ကံသဘော အတိုင်း ကြည့်ပြီး ပြောဆိုနေတဲ့ ဒုတိယလူ အတွက် တွေးခေါ်မိတဲ့ ဖြစ်စဉ်မှာ ပေါ်လာတဲ့ မည်သည့်အရာကမှ ခုထိ မမှန်သေး ပါဘူး ။ သည်လို လူမျိုးဟာ အမှန်တရားကို မျက်ဝါးထင်ထင် မြင်တွေ့ဖို့ အလွန်နီးစပ်နေတဲ့ ကံပွင့်ဥာဏ်ပွင့် လူပါ (paradoxically open system) ။

သည်မှာ ကျွန်တော်တို့ သိမ်မွေ့ခက်ခဲတဲ့ သဘောတရားကို မြင်နိုင်တာဟာ “ငါတွေးမိတာက…” ဆိုပြီး ဘာမဆို လိုက်လာလို့ရတဲ့ ပထမဝါကျက အတင်းပြေးနေတဲ့ လူဟာ ဘာမှ အသိတရားတိုးတက် ရစရာမရှိ၊ လုံးဝပိတ်နေတဲ့ စနစ် (closed system) ထဲမှာ နေနေတာ ဖြစ်ပြီး “ဒါဟာတော့ စဉ်းစားထားမိ သလောက်ပါ” လို့ ရပ်ပြီးသိတဲ့ ဒုတိယဝါကျက လူ အတွက် ဗဟိန္ဓပြင်ပ လောကကြီး တစ်ခုလုံးက ဘယ်အသိတရားကို မဆို လက်လှမ်းရယူဖို့ တံခါးဟင်းလင်းပွင့် နေတယ် ဆိုတာပါပဲ (open system) ။

ရုတ်တရက် ကြည့်ရင် ပထမဝါကျက လူဟာ လွတ်လွတ်လပ်လပ် မြန်မြန်ဆန်ဆန် တွေးခေါ်နိုင်သူ ၊ ဒုတိယ ဝါကျက လူက ကျဉ်းကျဉ်းကြုတ်ကြုတ် နှေးနှေးကွေးကွေး တွေးခေါ်နေသူ လို့ ထင်ရပါတယ်။ တကယ်တော့ ပထမဝါကျက ‘လွတ်လပ်စွာ တွေးခေါ်နေသူ’ ဆိုတဲ့ လူဟာ အသိတရား ဆုတ်ယုတ်အောက်ကျသည်ထက် အောက်ကျလာတဲ့ ဒေဝဒတ်ဖြစ်ပြီး ဒုတိယဝါကျက ‘ဝန်ခံရှက်ကြောက် တွေးခေါ်သူ’ ဟာ အသိတရား တိုးတက်သည်ထက် တိုးတက် ဘုရားဖြစ်နိုင်တဲ့လူ၊ ဘုရားလောင်း ပါပဲ။

Freedom of thought - အတွေးအခေါ် လွတ်လပ်မှု လို့ ခုအခါမှာ အများ နားလည်နေကြ ပါတယ်  ။ အတွေးအခေါ် လွတ်လပ်မှုဆိုတာ ကျွန်တော်တို့လူများ “ပထမလူ” လို ကျင့်သုံးရင် အန္တရယ် အများကြီး ရှိပါတယ်။ တကယ်က Freedom of argument - အငြင်းအခုံ လွတ်လပ်မှု = အခြေခံ အနုမာနတွေကို စစ်တမ်းထုတ် ဝေဖန်စမ်းသပ်မှု ဆိုတဲ့ “ဒုတိယလူ” ကိုယ့်လူတွေမှာ မမွေးဖွားခဲ့ပါရင် ငါတို့ ဗမာပြည်မှာ ဝီရသူ ရွှေညဝါတို့လို ခုနောက်ဆုံး သီတဂူ တိပိဋကတ်ကိုယ်တော် စသဖြင့် ဒေဝဒတ်တွေ တောမသတ်အောင် ထွက်ပေါ်လာနိုင် ပါတယ်။

ဟုတ်ကဲ့၊ ဗမာပြည် တကယ် လွတ်မြောက်တဲ့နေ့ဟာ ရွှေညဝါလို စိတ်အားလည်း ထက်သန် ၊ တရားဟောလည်း ကောင်းတဲ့ ဘုန်းကြီးတွေ လောကအမြင် မှန်ကန်လာပြီး “၉၆၉ ဆိုတာ ဘုရားတရားသံဃာ ပဲ ဆိုတာ (ငါ?) တွေးမိတာပါ” လို့ စပြီး ပြောဟောလာတဲ့ နေ့ ၊ ရွှေညဝါကိုယ်တော်ရဲ့ လောကအမြင်ထဲမှာ “အနိုင်းမဲ့ ပညာပါရမီရှင် ဘုရားလောင်း” ဒုတိယလူ စတင် မွေးဖွားလာတဲ့ နေ့ပါပဲ။

တကယ်တော့ လုံးစည်းစနစ် တစ်ခုလုံးရဲ့  အသက်ဝိဥာဉ်ဟာ ပထမလူ ရဲ့  အသက်ဝိဥာဉ်ပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့် ငါတို့ဟာ လုံးစည်းဝါဒ ကို ငါတို့ တိုင်းပြည်မှာ နောင် ဘယ်တော့မှ မပေါ်ပေါက် စေချင်ဘူး ဆိုရင် ‘ပထမလူ’ ကို သတ်ပစ်ရပါလိမ့်မယ်။ သည်လိုမှ သတ်မပစ်ဘူးဆိုရင် တောမသတ် အကျိုးအကြောင်း ဆက်စပ်ပြမှု (infinite regress) တွေကို ပထမလူဟာ မရပ်တန်း လုပ်လာပါလိမ့်မယ် ။ သည်အကျိုးသည် အဲသည်(အခြေခံ)အကြောင်း ကြောင့် … အဲသည်အကြောင်းသည် အဲဒါ(မူလ)အကြောင်းကြောင့် …အဲဒါအကြောင်းသည် …အဲသလို(အရင်းအမြစ်) အကြောင်းကြောင့်… စသဖြင့် ‘ဆင်ခြင်တုံတရား အတိနှင့် ပြည့်စုံသော’ ရဟန်း မင်းတရားကြီးတွေ နဲ့ စစ်ဗိုလ်ချုပ် မင်းတရားကြီးတွေ ပေါင်းပြီး ဗြောင်လိမ်ဗြောင်ညာ ဖာချတာကို ခံရတဲ့ တိုင်းပြည် ဘဝကို ငါတို့လူတွေ အနှေးနဲ့ အမြန် ရောက်သွားပါလိမ့်မယ်။

infinite regress (တောမသတ် ကျိုးကြောင်း ဆက်စပ်ပြမှု) ဟာ တောမသတ် စွန့်ဝံ့စွန့်စား လူယုတ်မာတွေနဲ့ ပြည့်နှက်နေတဲ့ လုံးစည်းစနစ်ကို ဘယ်လို မွေးဖွားပေးလိုက်ပုံကို သိချင်သပဆိုရင် ကျွန်တော်တို့ တတွေ I think that is ဆိုတဲ့ ပထမလူရဲ့  တွေးခေါ်ပုံကို ဥပမာကလေး တစ်ခုနဲ့ သရုပ်ခွဲကြည့်ကြ ပါစို့လား။

ပထမလူ ထောင်ဝါဒါက ခိုင်းစေသည့်အတိုင်းပဲ ပုံစံထိုင်တတ်၊ လောကအမြင် ပုံစံခေါက်ရိုးကျိုး နေသော အတွေးအကျဉ်းသား ရွှေညဝါ ဘုန်းကြီး၏ တွေးခေါ်သော ပုံစံကို ဥပမာ ပေးပါမည်။ အထင်အမြင် အကျဉ်းကျကြီး ရွှေညဝါသည် ကလို စတွေးလိုက်ပါ သတတ်…

ငါထင်တာက ဒါဟာ…

ငါထင်တာက ...

ကျုးကျော်သူများသည် ဘင်္ဂလီဖြစ်သည်…

ဘင်္ဂလီ ဆိုလျှင် မူဆလင် ဖြစ်သည်…

မူဆလင်တို့သည် ဘာသာခြားဖြစ်သည်…

ဘာသာခြားတွေထဲမှာ မူဆလင်တို့သည် ဆိုးသူများဖြစ်သည်…

မူဆလင်တို့ ဆိုးပုံမှာ ယုန်တွေလို အုပ်လိုက်အုပ်လိုက် မျိုးပွားသည် …

မျိုးပွားနူန်း မြန်လျှင် မူဆလင် ဦးရေ များမည်…

မူဆလင်ဦးရေ များလျှင် ဗမာလူမျိုးကို မြိုမည် ၊ ဗုဒ္ဓဘာသာ ဆုတ်ယုတ်မည်…

ဒါကြောင့် မူဆလင်သည် တိုင်းပြည်အတွက် အန္တရယ်ကောင် နှင့် ဗုဒ္ဓဘာသာ ရန်သူဖြစ်သည်…

တိုင်းပြည်အတွက် အန္တရယ်ကောင် နှင့် သာသာနာ့ရန်သူ ကို နှိမ်နင်းခြင်းသည် အပြစ်မရှိ…

တိုင်းပြည်အန္တရယ်ကို နှိမ်နင်းနိုင်လျှင် တိုင်းပြည် သူရဲကောင်း၊ သာသနာ သူရဲကောင်း အဖြစ် ငါ ဂုဏ်ယူလို့ ရသည်…

အစိုးရသည် မူဆလင်ကို မုန်းသည်၊ အစိုးရက မူဆလင်တွေကို နှိပ်ကွပ်ထားဖို့ အစဉ်တစိုက် ကြိုးစားသည်…

ငါကိုယ်တိုင် ခံခဲ့ရသော အတွေ့အကြုံအရ  အာဏာပိုင်အစိုးရသည် သူမကြိုက်တာလုပ်လျှင်
ဒုက္ခအရမ်းပေးပြီး သူကြိုက်တာ လိုက်လုပ်လျှင် သူကောင်း အကြီးအကျယ် ပြုသည်…

ဒါကြောင့် ငါသည် အာဏာပိုင်တို့ နဲ့ ပေါင်းပြီး မူဆလင်ကို နှိပ်ကွပ်လျှင် နာမည်ကြီး သာသနာ့ သူရဲကောင်းလည်းဖြစ်၊ ဘုရင်က လာဘ်လာဘ နှင့် မြှောက်စားတာကိုလည်း တဝကြီး ခံစားရမည်….

ဒါကြောင့် (ငါ့ကို တစ်ခါက နှိပ်ကွပ်ခဲ့သည့် သံဃနာယက အဖွဲ့တွေလိုပဲ အခွင့်အရေး အသာယူရန်) ငါသည် အာဏာပိုင် အစိုးရ နှင့် ပေါင်းမည်…

ငါတစ်ပါးထဲ သည် နာမည်ဆိုးရှိတဲ့ လူတွေနဲ့ သွားပြီး ပေါင်းလို့တော့ မဖြစ်…

ဒါကြောင့် ကျန်တဲ့ သံဃာတွေ နဲ့  လူထုကိုပါ ငါ့အဖွဲ့ထဲဝင်အောင် စည်းရုံးရမည်…

ဒါကြောင့် ငါ့ကိစ္စထဲ ကိုယ်တော်တွေ ပါလာစေရန် ငါလုပ်ဆောင်မည်…

ဒါမျိုး လုပ်တာသည် ငါက သာသနာ ကောင်းစေလိုသော ရည်ရွယ်ချက် စေတနာကောင်းနဲ့ လုပ်တာဖြစ်သည်…

ဒါကြောင့် သံဃာကို ငါ့ကိစ္စထဲ ပါလာရန် ဖဲ့ထုတ်ခြင်းသည် သင်းခွဲခြင်း မဟုတ် ၊ ငါသည် အပြစ်မရှိ၊ ကုသိုလ်လုပ်ခြင်းပင် ဖြစ်နေသေးသည်…

“သာသနာရေးကို ဆောင်ရွက်လျှင် အသက်ပင်ဆုံးစေအုံး” လို့ လွန်လေသူ မဟာဂန္ဓာရုံ ဆရာတော်ကြီးက ကဗျာစပ်၍ပင် ဆိုထားသေးသည်…

ဒါကြောင့် ‘သာသာနာရေး၊ တိုင်းပြည်အရေး၊ အများကောင်းစားရေး’ အတွက်ဆို
ငါ ဘာလုပ်လုပ် တင့်တယ်သည်…

ငါ ဘာလုပ်လုပ် တင့်တယ်သည့် အတွက်….


ဟုတ်ကဲ့၊ ငါ တွေးမိတာက ဒါဟာ ဟာ “ကျုးကျော်သူများသည် ဘင်္ဂလီဖြစ်သည်…” ကနေ စလိုက်တာ “ငါ ဘာလုပ်လုပ် တင့်တယ်သည်” မှာ ဆုံးနေပါလား အရပ်ကတို့ ။ ဘုန်းကြီးကောင်း ကနေ အယုတ်ပတ်ဆုံး ဘုန်းကြီး တစ်ခါတည်း ဖြစ်လာပါရော့လား ။ ပထမလူရဲ့  အဲသလို တောမသတ်ဆင်ခြေ (infinte regress) တွေပေးပြီး တောမသတ် ယုတ်ပတ်လာမှု ဟာ သူ့ရဲ့  အခြေခံ လောကအမြင် (ဝါ) လောကကို တင်ကြည့်တဲ့ စနစ်ဘောင် framework လွဲနေရာကနေ တောက်လျှောက် လိုက်လာတာ ပါပဲ။

တောမသတ် ယုတ်မာလာမယ့် ပထမလူ ရဲ့   တပင်တပန်း တောမသတ် ကျိုးကြောင်း ဆက်စပ်နေမှု နဲ့ ကွာခြားလှစွာ ဒုတိယလူဟာ ဘယ်နေရာမှာ မဆို သတိနဲ့  ရပ်တန့်သွားမယ် ဆိုတာ သိသာပါတယ်။ အနိုင်းမဲ့ ပညာပါရမီရှင် ဖြစ်လာမယ့် ဒုတိယလူ ရဲ့  တွေးခေါ်ပုံကို ကျွန်တော်တို့ သရုပ်ခွဲကြည့် ကြပါအုံးစို့ ။

ကျုးကျော်သူများသည် ဘင်္ဂလီဖြစ်သည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)

ဘင်္ဂလီ ဆိုလျှင် မူဆလင် ဖြစ်သည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)

မူဆလင်တို့သည် ဘာသာခြားဖြစ်သည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)

ဘာသာခြားတွေထဲမှာ မူဆလင်တို့သည် ဆိုးသူများဖြစ်သည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)

မူဆလင်တို့ ဆိုးပုံမှာ ယုန်တွေလို အုပ်လိုက်အုပ်လိုက် မျိုးပွားသည်   ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မချ)

မျိုးပွားနူန်းမြန်လျှင် မူဆလင် ဦးရေ များမည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)


မူဆလင်ဦးရေ များလျှင် ဗုဒ္ဓဘာသာ ဆုတ်ယုတ်မည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)

စသဖြင့် နောက်ဆုံး…

ဒါကြောင့် ‘သာသာနာရေး၊ တိုင်းပြည်အရေး၊ အများကောင်းစားရေး’ အတွက်ဆို ငါဘာလုပ်လုပ် တင့်တယ်သည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)

ဟုတ်ကဲ့၊ ဒုတိယလူအတွက် ‘ကျုးကျော်သူ’များသည် ‘ဘင်္ဂလီ’ ဖြစ်သည် ဆိုတဲ့ အဆင့်ကို ကျော်ဖို့တောင် အင်မတန် ခဲယဉ်းပါတယ်။ ဘာလို့လဲဆိုတော့ ‘ကျုးကျော်သူ’ နဲ့ ‘ဘင်္ဂလီ’ ဆိုတဲ့ ကတ္တားတွေ ကိုရော ၊ ကတ္တားနှစ်ခုကို ထပ်တူပြုထားတဲ့ ‘ဖြစ်သည်’ ဆိုတဲ့ ဝါစင်္ဂ ကိုပါ သူ တွေးမိ သလောက်သာ ဆိုတာ သူသိနေပါတယ်။ “ကျုးကျော်သူ” ဆိုတဲ့ ဝေါဟာရကို ဘယ်လို အဓိပ္ဗာယ်သတ်မှတ်ချက်တွေနဲ့ ဖွင့်မှာပါလဲ။ ‘ကျုးကျော်သူ’ လို့ သိမှတ်နေတဲ့ ဝေါဟာရကိုက အဓိပ္ဗာယ် မမှန်ဘူးဆိုရင် ‘ဘင်္ဂလီ’ ဆိုတာကို ထည့်စဉ်းစားစရာ လိုပါသလား။

သို့မို့ကြောင့်လို့ “ငါဘာလုပ်လုပ် တင့်တယ်တယ်” ဆိုတဲ့ လုံးဝ ဖောက်ပြန် မိုက်မှားနေတဲ့ နောက်ဆုံး အဆင့်ကို ရောက်လာဖို့ ဆိုတာ ဒုတိယလူ တစ်ဦး အတွက် အင်မတန် ခဲယဉ်းလှသလို သူ ကပေလို့ ရောက်ခဲ့လျှင်လည်း သည် နောက်ဆုံး (အယုတ်မာဆုံး) အဆင့်မှာ သူ့အတွက် ရှေ့ဆက်တိုး ဖို့ရာ ဖြစ်လာမှာ မဟုတ်ပါ။

ဒုတိယလူတွေဟာ အတွေးစဉ်ရဲ့ ဘယ်နေရာမှာ မဆို သူတို့ရဲ့  အသိဥာဏ်အား ဗဟုသုတဗလ ကွဲပြားမှု အလိုက် သတိတရားဝင်လာ ရပ်တန့်စဉ်းစား၊ လမ်းကြောင်းအမျိုးမျိုးကို ခွဲထွက်သွားပြီး အတွေးအခေါ် ကွဲပြားဆန့်ကျင် စုံလင်နေတဲ့ လူစုံတွေ ဖြစ်ထွန်းလာပါလိမ့်မယ်။ လူ့ဘောင်တစ်ခုမှာ ဒုတိယလူရဲ့  ဝိဥာဉ် ရှင်သန်နေသရွေ့  လွတ်လပ်မှု Freedom နဲ့ ကွဲပြားစုံလင်မှု Diversity ဟာ တည်မြဲရှင်သန် ပါလိမ့်မယ်။


ပထမလူတွေ အကုန်လုံးဟာ "ငါ ဘာလုပ်လုပ် တင့်တယ်တယ်” ဆိုတာမှာ မလွဲသေချာ ရပ်ပါတယ်။ “လူအများ အရေးသာ ပဓာန” ဆိုတဲ့ ရည်ရွယ်ချက်ပန်းတိုင်၊ “စွန့်လွှတ်စတေးမှု” ဆိုတဲ့ အစွန်းရောက် လုပ်ရပ်၊ “အများကောင်းကျိုး အတွက်ဆို ဘယ်သူ့မျက်နှာကိုမှ ထောက်နေစရာ မလို” ဆိုပြီး ဇွတ်ငြင်း ပိုင်းဖြတ်မှု စတဲ့ လက္ခဏာဆိုးတွေနဲ့ အဲသည်လူတွေ “အကုန်လုံး” ဟာ ဘုံတူ အဆုံးသတ် တတ်ကြပြီး ပထမလူရဲ့  ဝိဥာဉ်ဆိုးက တောမသတ် ချုပ်ကိုင်ပူးဝင်နေတဲ့ (infinite regress) လူ့ဘောင်တစ်ခုဟာ အယုတ်မာဆုံး လူတွေသာ ခေါင်းဆောင် တက်ဖြစ်တဲ့ လုံးစည်းစနစ် (Totalitarianism) အောက်ကို ကျရောက်သွားရ တာချည်း ပါပဲ။

Sunday, January 19, 2014

ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၁)



ကျွန်တော်တို့၏ ထေရဝါဒ ဗုဒ္ဓဘာသာတွင် မြတ်စွာဘုရား၏ တရားဓမ္မတို့ကို ပစ်ထည့်ထားသည့် ခြင်းတောင်းကြီး သုံးတောင်း အဖြစ် ကျော်ကြားသော ဝိနည်း သုတ္တန် အဘိဓမ္မာ ဆိုပြီး ကဏ္ဍသုံးခုရှိရာတွင် ယင်းတို့အနက် ဝိနယပိဋက ဆိုသည်မှာ ရဟန်းသံဃာတို့သည် မည်သို့သော နည်းလမ်းအားဖြင့် သာသနာအား ကာကွယ်စောင့်ရှောက်အပ်ကြောင်း မသဲမကွဲ ချော်တလွဲတွေ လျှောက်မလုပ်စေရန် ဗုဒ္ဓရှင်တော်မှ  အတိအကျ “မူဝါဒ”ချမှတ်လမ်းပြခဲ့သည့် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်၏ အာဘော်လမ်းညွှန် ပါတည်း။ ထို့ကြောင့်လည်း ရှင်မဟာ ကဿပ အမှူးရှိသော ရှေးဦးဆုံး ပုဗ္ဗာစရိယ သံဃာတော်ကြီးများသည် ပထမဆုံးကျင်းပခဲ့သည့် သင်္ဂါယနာတွင် အရေအတွက် များပြားလှပါသည်ဆိုသော သုတ္တန်တရားများ၊ လူပညာရှိတို့ပင်လျှင် ဥာဏ်မမှီနို်င်အောင် နက်နဲသည် ဆိုသော အဘိဓမ္မာသင်္ကပ တရားတို့ကို ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးထားသော ဘုရား၏ ညီတော်ခေါက်ခေါက် ရှင်အာနန္ဒာကိုပင် ဓမ္မဝိဿဇ္ဇေတိ(အဖြေရှင်) ပလ္လင်ပေါ်သို့ ဦးဆုံး ပေးမတက်။  အနိမ့်ကျဆုံး သုဒ္ဓကျွန်မျိုးမှ ရဟန်းပြုလာသလောက် ၊ ဖောက်ပြန်လိုသော ချော်တလွဲရဟန်းတွေ အနေကြပ်အောင် သဲကွဲရှင်းလင်းစွာ ဝိနည်းအာပတ်ကို မပြတ်ဝေဖန်သည့် ဗုဒ္ဓသာသနာ၏ အခမဲ့ နှလုံးသားဝန်ထမ်းရှင် သာသနာစောင့် ရဲချုပ်ကိုယ်တော်ကြီး ရှင်ဥပါလိကို  ကိုယ်တော်မှ ငြင်းပါလျက်နှင့် ပလ္လင်ပေါ်သို့ ဇွတ်ကို မရမကဆွဲတင်ကာ ဝိနည်းတော်သည် သာသနာတော်အတွက် အထွတ်မြတ်ဆုံး နှင့် အရေးကြီးဆုံး အသက်ဝိဥာဉ် ဖြစ်ကြောင်းကို အကြောင်း သက်သေပြုခဲ့ပါသတည်း။

ယနေ့ချိန်ခါ မြန်မာပြည် ဗုဒ္ဓ သာသာနာသည် မင်းဆိုးမင်းကလိန်တို့မှ အတိအလင်း တစ်မျိုး၊လက်သိပ်ထိုးလည်း တစ်လှည့်ုဖြင့် ကျောထောက်နောက်ခံကို ရသော အဓမ္မ ရဟန်းတို့သည် ၉၆၉ အဖွဲ့ ၊ မျိုးစောင့်ဥပဒေ လှုပ်ရှားရေး အဖွဲ့ ၊ ခုနောက်ဆုံး သာသနာ့ပါလ သာသနာစောင့်ရှောက်ရေး အဖွဲ့ စသဖြင့် နာမည်အမျိုးမျိုးသုံးကာ မူလသံဃာအဖွဲ့အစည်း မှ သင်းခွဲဖဲ့ထွက် ၊ အရှက်အကြောက် မရှိ မာန်တက်ရမ်းကားပြနေသည်မှာ အထင်းပါတည်း (impunity) ။ သည်တွင် “သံဃာ့ အဖွဲ့အစည်း”ဆိုသော ဝေါဟာရ နှင့် စပ်လျဉ်း၍ ကျွန်တော့် အနေဖြင့် စဉ်းငယ်ရှည်လျားသော ပိဋကတ်တော် ကျမ်းဂန် အကိုးအကား တို့ ကို အလျင်ဦးဆုံး ဖွင့်မပြမီမှာ စာဖတ် ပရိသတ်တို့ လွယ်လွယ်ကူကူ စဉ်းစားဆင်ခြင်နိုင်သလို လက်တွေ့သုံးစွဲနိုင်သည့်  ဘုရားရှင်၏ ဆိုလိုရင်း အနှစ်ချုပ်ကို အလျင်ဖော်ပြထားလျှင် ကောင်းပါလိမ့်မည်။

ဘုရားရှင်၏ သားတော်ရင်းများ ဖြစ်ကုန်သော တည်ကြည်မွန်မြတ်သော မူလသံဃာ အဖွဲ့အစည်း နှင့် ဖောက်ပြန်ယုတ်မာသော အောက်တန်းစား သံဃာ အဖွဲ့အစည်းကို အသို့ ခွဲခြားနိုင်ပါသနည်း ဆိုသော် ဘုရားရှင်၏ သံဃာဟူသည်မှာ တစ်ကြောင်းတည်းသာရှိသောတရားသာလျှင် ကျင့်ကြံကိုးကွယ်ရာ သုံးစွဲရာရှိသည်ဟု ပြော၍ ပြောသည့်အတိုင်းလည်း ကျင့်ကြံသုံးစွဲနေထိုင်သည့် သူတို့ပေတည်း။ ဖောက်ပြန်သော မိစ္ဆာသံဃာတို့ သင်းပင်းပူးပေါင်းသော အောက်တန်းစား သံဃာ အဖွဲ့အစည်း ဆိုသည်မျိုး မှာကား အမြတ်ဆုံးဟူသည်မှာ “၉၆၉ဟေ့” ၊ တရားဟူသည်မှာ “အမျိုးသားရေးဟေ့”၊ “အမျိုး၊ဘာသာ၊ သာသနာဟေ့” ၊ ကျင့်ကြံကိုးကွယ်သုံးစွဲရာ ဟူသည်မှာ “မင်းအာဏာ၊ သမ္မတကြီးရဲ့  အာဏာ၊ လွှတ်မင်းကြီးတွေရဲ့  အာဏာဟေ့” ဟု လှည့်ဖြားပြောဆိုသလို သင်းတို့၏ အာရုံပြင်တွင် ၄င်း ယုတ်ညံ့သော မင်း၊ အာဏာ၊ နိုင်ငံရေး စသည့် မောက်မာဝင့်ကြွားနေသော ငရဲတံလျှပ်များ ပြက်ပြက်စွဲလောင်နေသည့် စိတ်ယုတ်မာညစ်ညမ်းပူးသွမ်းနေသူတို့ ပူးပေါင်းစည်းဝေးသော အဖွဲ့မျိုးပါတည်း။ ၄င်းတို့မှ အလေးအမြတ်ပြုနေသော အမျိုးသားရေး ကိစ္စဆိုသည်မျိုးသည် ဗုဒ္ဓဘုရားရှင်က ဘယ်တုန်းကမှ မဟောခဲ့သည်၊ တရား မဟုတ်သည်ကို အသေအချာ သိသည်လည်း ရှိစေ၊ မသိသည်လည်း ရှိစေ“ငါတို့လုပ်နေတာဟာ တရားပါ” (သို့မဟုတ်လည်း) “တရားဆိုတာ သည်နေရာမှာတော့ မလိုပါဘူး” (သို့မဟုတ်လည်း) “တချို့နေရာတွေမှာ မလိုပါဘူး”ဟု အမှန်တရားဆိုတာ ကြည့်ရူသူ၏ ရူဒေါင့်ပေါ်မှာပဲ မူတည်သည် လို့ moral relativism အယူဖြင့် လွှမ်းမိုးပိုင်းဖြတ် ပြုမူပြောဆိုနေကုန်ကြသူတို့ စည်းဝေးသည့် အစုအဖွဲ့တို့ ပေတည်း။

သို့ဆိုလျှင် ကိုးကွယ်ကျင့်ကြံသုံးစွဲအပ်သော “တရား” ဆိုတာဟာ ဘယ်လိုမျိုးပါလိမ့် ဆိုသော စောဒနာသည်  အင်မတန် ကောင်းသလောက် အရေးကြီးသော မေးခွန်းလည်း ဖြစ်ပါ၏။ သည်မေးခွန်းအတွက် အဖြေသည် စိတ်ဝင်စားစရာ ကောင်းလှသည့်အတိုင်း နောက်ပိုင်း ကျွန်တော့်စာများတွင် ဆက်လက် ဆွေးနွေးသွား ပါမည်။ ခုခါမှာတော့ ကျွန်တော် ခုရေးသောစာတို့သည် “တစ်ကြောင်းတည်းသာရှိသော တရား”ကိုသာလျှင် မြတ်နိုးဦးစိုက် ရေးသားထားသည်ကို သိလျှင် လုံလောက်ပြီ ဖြစ်ပါ၏။ တဒင်္ဂမျှ အနှစ်ချုပ်ပြမည်ဆိုလျှင် ဒေဝဒတ် မှနေ၍ သတ်သတ်လွတ်စားခြင်း မှသည် တခြား ပြင်းထန်စွာ ကျင့်ကြံခြင်းတို့ကိုမှ အနှစ်အမှန်ဟု စွဲထင်နေခြင်းမျိုးသည် တရားမဟုတ်။ တရားဟူသည်မှာ ကျွန်တော်တို့ လူသားအားလုံး၏ ဖြစ်တည်မှုတွင် ဖြေရှင်းဖို့ အခက်ခဲဆုံး ပြဿနာ အဖြစ် တွဲလျက်ပါလာသည့် တစ်စုံတစ်ရာသည် အနှစ်အမှန် ဟု တောက်လျှောက်ကို တွေးခေါ်နေသော အကျင့်အကြံကို  (တစ်ဝက်တစ်ပျက်နဲ့တော့ မရ) လုံးဝကို ကုစားရန် ကြိုးစားရသော သဘောပေတည်း။

လူ့ဘောင်၏ ရူပ်ထွေးမိုက်မဲမှု ပြဿနာ အပေါင်းတို့နှင့် စပ်၍ လွယ်သလောက် နက်နဲသော ၊ရိုးရှင်းသလောက် ဘယ်လိုမှ မငြင်းနို်င်အောင်မှန်ကန်သော အဖြေတို့ကို ဗုဒ္ဓတရားတော်တို့တွင် ရှာတွေ့နိုင်ပါ၏ ။ အကြင်သူတစ်ဦးသည် ဥပမာအားဖြင့် ဝီရသူ အင်းစိန်ရွာမ ရွှေညဝါ သီတဂူစသော ၉၆၉ ဘုန်းကြီးတစ်ဦးသည် အဘယ်ကြောင့် ဤသို့ တွေးခေါ်နေသနည်း၊ ဤသို့ ပြောဆိုနေပါသနည်း၊ ဤသို့ ပြုမူနေရပါသနည်းဟု မေးလာမည်ဆိုသော် ဗုဒ္ဓတရားမှ ပေးမည့် အဖြေကား လွယ်ပါ၏ ။ ဗုဒ္ဓ ပရမတ္တဝိဇ္ဇာဗေဒ (epistemologic logic) ရူဒေါင့်မှ ချည်းကပ်သုံးသပ်လိုက်မည် ဆိုပါလျှင် မလွဲသေချာ ပြောဆိုနိုင်သည်ကား ဤသူတို့၏ လောကကို မြင်သော အမြင် ၊ တစ်နည်းအားဖြင့် ၄င်းတို့၏ သူ့ကိုယ်သူ နှင့် အပြင်ဗဟိန္ဓမှ တစ်ပါးအရာတို့ကို ကြည့်မြင်သော အမြင်တို့သည် မှားယွင်း ၊ ယင်းပုဂ္ဂိုလ်တို့၏ ကိစ္စတွင် ဖောက်ပြန်မှောက်မှားသော အဆင့်သို့တိုင်ရောက် နေ၍ ပေတည်း။ ရှေ့ဆောင်းပါးတို့တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆိုပြီး အစိုးရက ဂုဏ်တင်ပြီးလုပ်နေသော ပွဲများသည် သည် အသိအမြင် မာန်မြောက်မှောက်မှားနေသော ဘုန်းကြီးရူးတွေကို လှေလူးပေးနေတာသာ ဖြစ်ကြောင်း ရှာရီရာ လက်ဆောင် အမှတ် (၇) စသည်တွင် ကျွန်တော် ပြောခဲ့ပါသည်။

အမြင်မှားယွင်းဖောက်ပြန် (ဝါ) ရူးနေသော ဘုန်းကြီးကို ၄င်း၏ ဖောက်ပြန်မှားယွင်းစွာမြင်နေသော (ဝါ) ရူးမိုက်စွာ သိမြင်နေသော လောကအမြင်ကို ပြောင်းလဲရန် မကြိုးစားပဲနှင့် လူရှေ့သူရှေ့ထွက် စကားတွေပြောခိုင်းပြီး လူတတ်သိကြီးတွေ အဖြစ် ပွဲတွေမြှောက်ကာ အားပေးအားမြှောက်လုပ်ခြင်းသည် ထိုသူရူးသူမိုက်တို့ နဂိုကပင် ရှေ့တန်းတင် နေသော အာဏာရှိသူနဲ့ ပေါင်းနိုင်တယ်ဆိုတာ တရား (သမိုင်းကြောင်း လိုအပ်မှု) ၊ လုပ်ပိုင်ခွင့်ကို တိုးတက်ရယူမှု ဆိုတာ ဓမ္မဝေယျာဝစ္စ (သမိုင်းပေး တာဝန်)၊ အမျိုး ဘာသာ သာသနာ ဆိုတာ အနှစ်အမှန် ဝဋ္ဋတိ (သမိုင်းဆက် အမွေအနှစ်) စသော ဖောက်ပြန်ဖောက်လွဲ မိုက်မွဲသော လောကအမြင်တွေ ပျံ့ပွားလာကာ ထိုသို့ အတ္တနှင့် ယှဉ်သော သညာသိကို ကိုးကားကော်ရော်မှုမှ နေ၍ ပေါက်ကွဲပျက်စီးမည့် ဖြစ်စဉ်များ တောမသတ်အောင် ကျွန်တော်တို့၏ သမိုင်းတွင် ဆက်ဖြစ်မည့် သဘောကို ဆောင်နေပါ၏ ။ သည်မှာတင် ပရမတ္တ ဝိဇ္ဖာဗေဒ (ဝါ) လောကအမြင် ဘာသာရပ် (mereology) တွင် ကျွန်တော့်အနေဖြင့် နှစ်ပေါင်း အတော်အတန် အပတ်တကုတ် ကြိုးစားလေ့လာခဲ့ရကား ယင်းလေ့လာမှုတို့မှ ရသော အသိတရားသည် ခုခါမှာ  ဘုန်းကြီးမိုက် ခေါင်းဆောင်တွေနဲ့ ယင်းလူမိုက်နောက်လိုက်တို့မှ မင်းအာဏာ ကျောထောက်ရ၍ တရားဝင်ဖြစ်ပါသည်ဟု ယူမှတ်ကြွေးကြော်နေသော လူမိုက်တရားတို့ကို တန်ပြန်နှိမ်နင်းဖို့ရန် အားထုတ်ဖို့ စေတနာ ကျွန်တော့်အား ဖြစ်ရပါသတတ်။

ခု ကျွန်တော်မှ လောကအမြင်ဗေဒ ဟု လွယ်လွယ်ဘာသာပြန်ပြသလောက် ကျွန်တော့်လူ ခေတ်မြန်မာများအတွက် တစိမ်းဆန်နေဦးမည့် ဝေါဟာရများဖြစ်သည့် epistemology (သိခြင်းဗေဒ) ၊ mereology  (တစ်ခုလုံး ဆိုတာ နှင့် အစိတ်အပိုင်း တစ်ခုချင်း ဆိုတာ ဆက်စပ်ပုံ ဗေဒ) တို့သည် စင်စစ် ကျွန်တော်တို့၏ ထေရဝါဒ ပိဋကတ်တို့တွင် အခြေခံအကျဆုံး ဓမ္မပရိယာယ် နည်းစနစ်တို့ အဖြစ် ထုနဲ့ထည် ဖော်ပြပါဝင်နေသော နည်းစနစ်တို့ ဖြစ်ပါ၏။ မဟာယာန ဗုဒ္ဓဘာသာတွင် ယောဂကာရ နှင့် မဒြာမိက စနစ်တို့ဟူသည် ကျွန်တော်တို့ ထေရဝါဒလို စိတ်တစ်ခုယုတ် ကိုးဆယ်ဟာ ဘာတွေလဲဟု ၏သည် မရွေး ကျက်မှတ်နေခြင်းထက် ယင်း အခြေခံအကျဆုံး ဓမ္မပရိယာယ်တို့ကို အထူး အာရုံစိုက်ကာ ကျွမ်းကျင်စွာ နားလည်ဆွေးနွေးနိုင်သော အဆင့်သို့ရောက်အောင် သုတေသနပြုထားသည့် စနစ်တို့ ဖြစ်ပါ၏။

ဗုဒ္ဓတရားတော်များကို တစ်ပွေ့ ကြီး လေ့လာခွင့် ရခဲ့ပါလျက်နှင့် ဖောင်စီးရင်း ရေငတ်ဆိုသလို ခေတ်ရာဇဝင် အဆက်ဆက် အသိမိုက်မဲလှသည့် အနော်ရထာ မင်းတုန်းစသော မင်းလူလည်တို့မှ သင်းတို့ နာမည်ကြီး သာသနာ့ ဒါယကာခံဖို့ သာသာနာကို ကြုံးသွင်းကြိုးကိုင်ဖို့ ကြိုးစားခံခဲ့ရသော ကျွန်တော်တို့ မြန်မာပြည်သည် “ထေရဆိုလျှင် မဝေဖန်နဲ့၊ ကံကြီးထိုက်လိမ့်မယ်” ဆိုတာနဲ့ အပိတ်ခံခဲ့ရကား ယနေ့ မြန်မာပြည် ဗုဒ္ဓဘာသာတွင် ထိပ်ဆုံးက ဥာဏ်အကောင်းဆုံး ဘုန်းကြီးဆိုသူတို့ပင် ဤ အရေးပါဆုံး ဓမ္မ ပရိယာယ်တို့တွင် အလွန်တရာ အားနည်းကြသည်ဆိုသည်ကို ကမ္ဘာတိုးလျှိုပေါက်လာသော သည်ဘက်ခေတ် (Globalized era) တွင် ကိုယ့်ငါးချဉ် ကိုယ်မချဉ်စတမ်း နိုင်းယှဉ်ဝေဖန်သည့် မြန်မာ ဘာသာရေးပညာရှင်တို့သည် စိတ်မသက်သာစွာ သိမြင်ခဲ့ပြီး ဖြစ်ပါ၏။ သည်လို စူးစမ်းဝေဖန်တွေးခေါ်သော သန္နိဌိက အလေ့အကျင့်သည် ကျွန်တော်တို့၏ ရိုးရာတွင် ဆိတ်သုဉ်းသုည ဘူလုံးလုံးကျနေလို့လည်း ဒီမိုကရေစီ လမ်းကြောင်းကလေးကို မြင်စပြုလာသော သည်မှာခေတ်တွင် “ဘုရားတရားဆိုတာ ၉၆၉ ဟဲ့ ၊ မူဆလင်ကို နှိပ်ကွပ်ဟန့်တားတာဟာ သာသနာကို စောင့်ရှောက်တာဟဲ့” ဟူသော မိစ္ဆာအယူဝါဒ နောက်သို့ စစ်အစိုးရ မြှောက်ပေးလို့သာ  ပြည်သူကလည်း မစူးစမ်း မစောကြောလို့သာ နာမည်ကြီးလို့နေ အမှန်တကယ် အားဖြင့် သိမ်မွေ့ခက်ခဲလှသည့် တရားဓမ္မ ပရိယာယ်နယ်ပယ်တို့တွင် အသိအလင်း ဟောင်းလောင်း ဖြစ်နေသော ဘုန်းကြီး ထိပ်တန်းခေါင်းဆောင် ဆိုသူတို့သည် ကောက်ကောက်ပါအောင် လိုက်စားမာန်မြောက်ကုန်ကြခြင်း ပေတည်း။

တချို့ကလည်း ဆိုပါ၏။ သည် ဝီရသူစတဲ့ ဘုန်းကြီးတွေ အစိုးရက ဆေးခတ်ပြီး ခိုင်းတာ ခံရတာပါလို့ သည်ဘုန်းကြီးတွေကိုပင် ကိုယ်ကနေပြီး သနား ကရုဏာပင် သက်စရာ ကောလာဟလတို့လည်း ပေါ်ထွက်လာပါ၏။ ကျွန်တော့် စဉ်းစားပုံ အားဖြင့် မြန်မာ အစိုးရသည် သည်လောက် စွမ်းမယ်လို့လည်း မထင်၊ သည်လောက်လည်း အပင်ပန်း ခံမယ်လို့လည်း မထင်။ 

နိုင်ငံရေး အတွေးအခေါ် ဗေဒဖြင့် နည်းစနစ်ကျကျ ပြောမည်ဆိုလျှင် တကယ်တော့ မြန်မာ အစိုးရက လုပ်နေသော နိုင်ငံရေး အညှာမှာ နေဝင်း တော်လှန်ရေးကောင်စီ ခေတ်ကတည်းကပင်  နည်းဗျုဟာဆိုလို့ ဝါးလုံးထိုးတတ်ရုံ တစ်တန်းတစ်စား သာတည်း။ အဲဒါဟာ ဘာလဲဆိုတော့ အယုတ်မာဆုံး သို့မဟုတ်လည်း ခိုင်းလို့အကောင်းဆုံး လူတို့ကို ထိပ်ဆုံးနေရာသို့ ခုတင်ပေးထားခြင်း ဖြစ်ပါ၏။ “ကျီးမိုက်ကို ဟသာင်္တို့ ခစားရသဟဲ့” ဟူသော ကောသလအိပ်မက် တစ်ဆယ့်ခြောက်ချက်ဆိုတာ မြန်မာများ နှစ်ရာစုဝက်မက လက်တွေ့မြင်တွေ့ထားပြီး ဖြစ်လို့ ဒါကို အလွယ်ပင် နားလည် သဘောပေါက်နိုင်ပါ၏။ တစ်ခုပဲ ပိုမှတ်ရန်မှာ ကောသလအိပ်မက် ဆယ့်ခြောက်ချက်သည် မြန်မာတွေ ခေတ်တစ်ခေတ်မှာ ကံဆိုးလို့ တွေ့ခံခဲ့ရသော အဖြစ်သနစ်တို့ မဟုတ်။

ထိပ်တန်း နိုင်ငံရေးတွေးခေါ်ပညာရှင် ဟိုင်းရက်က သူ့ ကမ္ဘာ့ဂန္တဝင် ကျွန်ဖြစ်ရာလမ်း တွင် အသေအချာကို ပြောခဲ့သည်မှာ နိုင်ငံတစ်နိုင်ငံတွင် ပြည်သူလူထုသည် လုံးစည်းဝါဒယန္တရားစနစ် (Totalitarianism) စနစ်အောက်ကို ပြားပြားမှောက် ကျရောက်သွားပြီဆိုလျှင် ယင်းစနစ်သည် မလွဲသေချာ လူယုတ်မာ စိတ်အောက်တန်းတို့ကိုသာ ထိပ်ဆုံးသို့ ရောက်လာအောင် တွန်းပို့ပေးပါသတည်း။ ခေတ်စနစ်ဟု မြန်မာတို့ ပြောလေ့ရှိပါ၏။ ဒါကြောင့် ကျွန်တော်တို့ လွယ်လွယ်သိမှတ်နိုင်သည်မှာ လုံးစည်းဝါဒ လွှမ်းမိုးသော ခေတ်တိုင်းမှာ လူယုတ်မာတွေ မင်းမူတဲ့စနစ်သည် သက်ဆိုးရှည်စမြဲ ပေတည်း။ မြန်မာတွေ မက်ခဲ့ရသော ၊ ခုလည်း အိပ်မက်ထဲက မထွက်နို်င်သေးသော၊ ဘယ်တော့ သည်အိပ်မက်ဆိုးတွေ ပြီးသွားမှာလည်း ဆိုတာကိုလည်း ဘယ်သူမှ မမှန်းနိုင်သော ကောသလ အိမ်မက်တို့သည် ခေတ် -> စနစ်တို့ ဖြစ်ပါ၏။ မြန်မာတွေ ကံခေလို့ တစ်ခါတစ်ရံ လောကဓံမှာ ကျီးကန်းအောက်ကလိတွေ ပလ္လင်ညာရံ ရွှေဘုံပျံမှာ လာစိုးစံခွင့်ရသည့် ခဏတဖြုတ် သဘောမဟုတ်။