ဗုဒ္ဓဘာသာ နှင့် အာဒိဝေဒ ဝေဒန္တတို့၏ ပန်းတိုင်လမ်းဆုံး။ ။
နိဗ္ဗာန် နှင့် မောက္ခသည် အတူတူ ပဲလား ။
ဒေးဗစ်လွိုင်း၏ ပါရဂူဘွဲ့ စာတမ်း။ ။ ဒေါက်တာလွိုင်းထံမှ ခွင့်ပြုချက်ရယူပြီး ရှင်းလင်းစေရန်အလို့ဌာ
မူရင်းထက် အတန်ငယ်ကျယ်ဝန်းပြန်ဆိုပါသည်။
အင်္ဂလိပ်မူရင်း။ ။
Enlightenment in Buddhism and Advaita Vedanta:
Are Nirvana and Moksha the Same?[*]
David Loy
အိန္ဒိယ အတွေးအခေါ်စနစ်နှင့် အနောက်တိုင်း အတွေးအခေါ်စနစ်တို့ ၏ အဓိကခြားနားချက်မှာ အိန္ဒိယ အတွေးအခေါ်စနစ် အားလုံးသည် ပန်းတိုင်လမ်းဆုံး (သို့) လွတ်မြောက်မှုကို တသမှတ်တည်း ညွှန်းဆိုကြပါသည်။
ပန်းတိုင်လမ်းဆုံးကို အိန္ဒိယစနစ် များတွင် ကေဝါရ၊ နိဗ္ဗာန၊
မောက္ခ စသဖြင့် နာမည် အမျိုးမျိုး နှင့် ဖော်ပြကြသော်လည်း ယင်းတို့သည် သဘောတရား အားဖြင့် အံ့သြစဖွယ် နီးစပ်တူညီနေကြောင်း တွေ့ရပေသည်။ အထင်ရှားဆုံး သဘောသွား တူညီမှုမှာ ပန်းတိုင်လမ်းဆုံးဟူသည် ဆင်ခြင်ပိုင်းခြားတတ်သော ဉာဏ်သက်သက်မျှဖြင့်လည်း နားလည်သိမြင်နိုင်ကြောင်း မဟုတ် ဆိုသည့်အချက်ပင် ဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် ပန်းတိုင်လမ်းဆုံးသည် အသိသညာတို့၏ မှတ်သားချိတ်ဆက်မှုဖြင့်သာ တွေးခေါ်သိမြင်တတ်သော သိမှုနယ်ပယ်သဘော အသီးသီးကို လွန်မြောက်နေ၍ ဖြစ်သည်။ ဆိုခဲ့သော သဘောအားဖြင့် အိန္ဒိယ စနစ်တို့သည် ပန်းတိုင်အကြောင်းကို တွက်ဆိုရာတွင် အသိသညာ ဒဿနိက သဘောနယ်ပယ် ကို လွန်မြောက်၍ အမှန်တရားနှင့် တသားတည်းကျသွားသည့် အခြေအနေတစ်ခုအဖြစ် ဖွင့်ဆိုကြပါသည်။
ဤစာတမ်းသည် အိန္ဒိယစနစ်တို့ဝယ် အငြင်းပွားမှု အဖြစ်ဆုံးဖြစ်သည့် ပန်းတိုင်လမ်းဆုံးကို ရောက်ခဲ့လျှင် ဘာဖြစ်သွားသလဲ ဆိုသည့် ပုစ္ဆာကို သုံးသပ်ဖို့ ရည်ရွယ်ပါသည်။ ပန်းတိုင်လမ်းဆုံးကို မျက်မှောက်ပြုသော အတွေ့ အကြူံသည် စစ်ဆေးသိရှိနိုင်သော အရာမဟုတ်ပေမယ့် သေချာဃဏ သုံးသပ်ဖို့ အလိုအပ်ဆုံး သဘောတရားဖြစ်သည်။ နိဗ္ဗာန်ဟူသည် လောကုတ္တရာစနစ် အားလုံး၏ ချိုးကွေ့ရာ လမ်းဆုံတံခါး ဖြစ်သလို လောကဆိုတာ ဘာလဲဆိုသည့် တကယ့်သစ္စာတရားကို ယုံမှားမှုကင်းစွာဖြင့် မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရခြင်း ဟူသည့် ကိစ္စပြီးဆုံးမှုလည်း ဖြစ်သည်။ ပန်းတိုင်လမ်းဆုံးနှင့် စပ်လျဉ်းပြီး သမ်ခယ-ယောဂ စနစ်၊ ရှေးဦး ဗုဒ္ဓဝါဒ စနစ်၊ ဂုရု သျှမ်ခယ၏ အာဒိဝေဒ ဝေဒန္တစနစ် ဟူသော အရေးပါသည့် အိန္ဒိယစနစ် သုံးမျိုးကို ကျွနု်ပ် သုံးသပ်ပြဆိုသွားပါမည်။
ကျွန်ုပ်၏ ပါရဂူကျမ်းက အဓိကတင်မည့် ဝါဒမှာ ပန်းတိုင်လမ်းဆုံးဟူသည် သညာဖြင့် သိအပ်သော သိမှုနယ်ပယ်မှ လွန်မြောက်နေခြင်းဟု ယင်းဝါဒအားလုံးက ဝန်ခံထားပါလျှင် ယင်းကွဲပြားသည့် စနစ်များသည် တစ်ခုတည်းသော အတွေ့အကြုံကို ရည်ညွှန်းနေတာ ဖြစ်နေမလားဟူသည့် အယူအဆဖြစ်ပါသည်။ ထိုကဲ့သို့ သံသယဖြစ်ဖို့ ဆိုတာ ခဲယဉ်းလှသည်တော့ မဟုတ်။ စနစ်တစ်ခုစီက မတူသောသီးသန့် အတွေ့ အကြုံတစ်ခုစီကို ညွှန်းဆိုနေတာလည်း ဖြစ်ကောင်းဖြစ်လိမ့်မည်။သို့ပေမယ့် ပိုပြီးဖြစ်နိုင်ချေများတာက မတူညီသော လောကုတ္တရာ တက္ကစနစ်တို့သည် ကွဲပြားသော အမြင်ဖြင့် တစ်ခုတည်းသော အတွေ့အကြုံ၏ အပြားပြားသော သဘာဝကို မိမိရူဒေါင့်ဖြင့် မိမိဖွင့်ဆိုပြနေခြင်း ပိုဖြစ်နိုင်သည်။ ဥပမာ အားဖြင့် သမ်ခယစနစ်၏ ပန်းတိုင်လမ်းဆုံးဖြစ်သည့်  နှောင်ကြိုးအားလုံးကို ဖြတ်ပြစ်ပြီးနောက် တစ်ခုထီးထီးသာ ကျန်နေခြင်း ဆိုသည့် ကေဝါရ သည် ရုပ်နာမ်ခန္ဓာတည်းဟူသောလောက (ဝါ) ပရခရတိ နှင့် ရောယှက်သိမြင် နေခြင်းမှ လွတ်မြောက်ပြီး ပရခရတိမှ လုံးဝသီးခြားဖြစ်သည့် အသိဓာတ်သဘာဝသက်သက်သာ ဖြစ်သော ပူရုရှား ကို ပြန်လည်သက်ဆင်း သိမြင်ခြင်း ဖြစ်သည်။(အဆိုပါ ဥပမာကို ပြဆိုခဲ့သော်ငြား) ဤစာတမ်းမှနေ၍ လောကုတ္တရာစနစ်တို့၏ ကွဲပြားနေမှုကို စေ့စပ်ညိုနိုင်းပေးရန် ရည်ရွယ်ရင်းမရှိ။ လောကသစ္စာကို ဖွင့်ဆိုဖို့ ကြိုးပမ်းသော ဤစနစ်တို့တွင် ဘယ်လိုမှစေ့စပ်ပေးဖို့ရန် မတတ်သာရာသော ကွဲပြားနေမှုများရှိနေပါသည်။ သမ်ခယစနစ်သည် မာယာကိုပြုသော အရှိလောကနှင့် သိတတ်မှုကိုပြုသော ပကတိသိစိတ် ဆိုသည့် နှစ်ခုကွဲပြားခြင်း
အယူအဆပေါ်တွင် အခြေပြုတည်ဆောက်ထားသည်။ ရှေးဦးဗုဒ္ဓဘာသာသည် သီးခြားဖြစ်သော ဓမ္မဓာတုတို့၏ သတ္တိသဘာဝအသီးသီးတို့ ကွဲပြားခြင်း အယူအဆပေါ်တွင် အခြေပြုတည်ဆောက်ထားသည်။ အာဒိဝေဒ ဝေဒန္တကတော့ တသားတည်းသော
လောက အလုံးစုံ ဆိုသော အန္တိမဗြဟ္မာစနစ်ကို အခြေပြုတည်ဆောက်ထားသည်။ ဤစာတမ်း၏ ရည်ရွယ်ရင်းမှာ အမှန်တရား၏ သဘောကို ဖွင့်ဆိုရှင်းပြမှုတို့ ဤကဲ့သို့ မတူညီသော်ငြား ပန်းတိုင်လမ်းဆုံးတွင် ဖြစ်ပွားသည့် တစ်မျိုးတည်းသော အတွေ့အကြုံကို ယင်းဝါဒတို့သည် မတူညီသော စနစ်ရူဒေါင့်တို့မှ ဖွင့်ဆိုပြနေသလားဆိုသည့် အချက်ဖြစ်ပါသည်။
ပြဆိုခဲ့သော စနစ်သုံးခုသည် လောကုတ္တရာ ဝါဒအမျိုးမျိုးထဲတွင် အထင်ရှားဆုံးအတန်းမှာ ပါဝင်ပါသည်။ အိန္ဒိယစနစ်အားလုံးကို ဤသုံးခုက ကိုယ်စားပြုနေသည် ဟုလည်း ယူမှတ်နိုင်သည်။ ထို့ပြင်မစွ ၎င်းတို့သည် (အနောက်တိုင်း) အတွေးအခေါ်ဗေဒ၏ ဆယ့်နှစ်ရာသီပင်ပုစ္ဆာဖြစ်သော သိခြင်းကိုပြုသောအရာနှင့် အသိခံရသောအရာ နှစ်ခု၏ ဆက်နွယ်မှုဆိုတာ ဘာလဲဆိုသည်ကို ရှင်းပြဖို့ကြိုးစားသည့် သိမှတ်ထိုက်ဖွယ် နည်းပရိယာယ်ကွဲများလည်း ဖြစ်သည်။
ရှေးဦးဗုဒ္ဓဘာသာ သည်
သိခြင်းကိုပြုသောအရာနှင့် အသိခံရသောအရာ နှစ်ခုလုံးကို (ပဌာန်းဆက်) တစ်ဆက်တည်း အဖြစ် ပေါင်းစည်းလိုက်ပါသည်။ သိခြင်းဟူသော သဘောသည် အကြောင်းရင်းတို့ကို ထောက်တည်၍သာ ဖြစ်ရသည်။ မိမိဟုထင်ခြင်းသည် ခန္ဓာငါးပါးတည်းဟူသော
ဥပါဒါန်အာရုံတို့၏ လှည့်ပတ်မှုကို အမှန်ထင်သည့် သဘောသက်သက်သာ ဖြစ်သည်။ (လောကကို) ရူံ့ပစ်လိုက် သည်မှာ မိမိသည် တကယ်တော့ ဘာမှမရှိ အနှစ်မရှိ ဗလာဟင်းလင်းသာ ဖြစ်သည်။ ဘာမှမရှိခြင်းသည်လည်း တစ်စုံတစ်ခုသော ကွက်လပ် ဖြစ်ကျန်နေသည်မဟုတ်။ မိမိဟူ၍ သတ်မှတ်၍ရသော အရာဟူ၍ လုံးဝဥဿုံ မရှိကိုမရှိခြင်း အနှစ်ရှိသည့် အရာဟူပြီး ရှိကိုမရှိခြင်း အရာ ဆို၍ မရှိခြင်းဖြစ်သည်။
ဤစောဒနာတို့ကို (က) ပူရုရှားတို့ကို တစ်ခုချင်းစီ သီးသန့်ဖြစ်တည်သည် ဟုယူမည့်အစား တစ်ခုတည်းသော
အန္တိမအသိဓာတ် တစ်ခု၏ ကွဲပြားသောတည်ရှိမှုများ (သို့) ပုံရိပ်များသက်သက်သာ ဟုယူခြင်း (ခ) ပရခရတိ (လောက) ကိုလည်း ယင်း အန္တိမအသိဓာတ်မှ သီးခြားရပ်တည်သော အရာဟုမယူဘဲ အန္တိမ အသိဓာတ်၏ အစိတ်အပိုင်းတစ်ခု အဖြစ်သာယူခြင်း တို့ဖြင့် ပြေလည်စေနိုင်ပါသည်။ သို့သော် ဤသို့ဖြေရှင်းခြင်းသည် ရေသောက်မြစ် သဘောတရားကိုက နှစ်ခုဖြစ်နေသော ပူရိရှားနှင့် ပရခရတိ၏ တစ်ခုချင်းသတ်သတ်စီသာဖြစ်သည်ဆိုသော နှစ်ခုကွဲပြားခြင်းဝါဒကို စွန့်ခွာခြင်းဖြစ်နေရာ သမ်ခယ-ယောဂစနစ်ကို လုံးဝခြားနားသော စနစ်တစ်ခုသို့ပြောင်းလဲလိုက်မိပြီးသားဖြစ်နေသည်။ သမ်ခယစနစ်သည် "လောကအလုံးစုံသည် တစ်ခုတည်းသော ဗြဟ္မာ" ကို ယူသည့် သျှမ်ခယ၏ အာဒိဝေဒ ဝေဒန္တစနစ်နှင့် ထပ်တူဖြစ်သွားလိမ့်မည်ဖြစ်သည်။
အထက်ပါဖွင့်ဆိုချက်ကို ဒီဃနိကာယ်(ဈ၊၂၁၃) ကေဝန္တသုတ်တွင် ပြန်တွေ့ရပါသည်။ သည် အခါမှာတော့ ဤသို့ဗုဒ္ဓက ဖြည့်စွက်ပါသည်။ "ဤ၌ ပြုပြင်အပ်သော အကြောင်းတရားတို့အားဖြင့်သာ ဖြစ်ရသည့် သိစိတ် (သင်္ခါရ-ဝိဉာဏ) ဆုံးအပ်ချေသည်။" (၂) သို့ဖြစ်ရကား ထိုကဲ့သို့ ပြုပြင်အပ်သော အကြောင်းတရားတို့အားဖြင့်သာ ဖြစ်ရသော သိစိတ်ဝိဉာဏ နှင့် ပြုပြင်အပ်သော အကြောင်းတရားတို့မှ ကင်းလွတ်သော အကန့်အသတ်ကင်းမဲ့ပြီး နေရာအနှံ့ထွန်းလင်းသည်ဆိုသော သိစိတ်ဝိဉာဏသဘောသည် ထေရဝါဒမှယူသည့် သိစိတ်ဝိဉာဏ ဟူသမျှသည် အကြောင်းတရားသင်္ခါရနှင့် ကင်းပြီးမဖြစ်ဟူသော သဘောနှင့် ရှေ့နောက်မညီကွဲလွဲနေသည်။ အခြားတစ်ဖက်တွင်မူ ယင်း(မူရင်း)ဖွင့်ဆိုချက်သည် ဝေဒန္တ္တသဘောနှင့် များစွာနီးစပ်ကိုက်ညီသွားသည်။အဆိုပါ ဗြဟ္မာနိမန္တာန်တိက သုတ္တန် နေရာတော်တော်များများတွင် ဗုဒ္ဓသည် နေရာအနှံ့ ပျံ့နှံ့လွှမ်းခြုံသည် ဆိုသော တစ်ခုတည်းသော ဖန်ဆင်းရှင် ဗြဟ္မာဝါဒကို ဝေဖန်သော်လည်း အဝေတ ဝါဒ၏ အရှင်ဟူသော သဘောကို မဆိုလိုသည့် ပကတိသက်သက်ဖြစ်သော (လောကနှင့်တသားတည်းဖြစ်သည့်) ဗြဟ္မာဓာတ်သဘောကို မူ မည်သည့်အခါကမှ မဝေဖန်ခဲ့ကြောင်းလည်း တွေ့ရှိရမည်ဖြစ်ပါသည်။
သျှမ်ခယ၏ ဝါဒအရ မောက္ခ(သို့) လွတ်မြောက်ခြင်းသည် မိမိသည် အမြဲတမ်း ဗြဟ္မာဖြစ်နေပြီးသား (မှတ်ချက်။ ။ ဤဝါဒသည် မဟတ္တမဂန္ဓီမှ လွတ်လပ်ရေးတိုက်ပွဲတွင် ပဓာနကျသော လောကဓမ္မအဖြစ် အသုံးပြုကိုင်ယူခဲ့သော ဝါဒဖြစ်ပါသည်။ ဤအတွေးအခေါ်သည် ခရစ်ယာန်ဝါဒကို အခြေပြု မြစ်ဖြားခံသည့် လောကဓမ္မမှ နှင်းအပ်ထားသော မည်သို့သော အကြောင်းနှင့်မှ
ပယ်ဖျက်ရုပ်သိမ်းပိုင်ခွင့်မရှိသည့် လူ့အခွင့်အရေးနှင့် တစ်သဘောတည်း ဖြစ်သည်။) ဆိုသည်ကို သိမြင်ခြင်း ဖြစ်ပါသည်။ ငါဟူသော အတ္တနှင့်ယှဉ်သည့် ဝိဉာဏ်သည် ဤနေရာတွင် ချုပ်ငြိမ်းချေ၏။ သို့သော် ချုပ်ငြိမ်းသွားသောဝိဉာဏ်သည် နှစ်ခုဟူ၍ကွဲပြားခြင်းမရှိသော သန့်ရှင်းသည့် ပကတိဝိဉာဏ်မဟုတ်။ ယင်း မူလ ပကတိဝိဉာဏ်တည်း ဟူသော ကြေးမုံပြင်တွင် ထင်ဟပ်လာသော ပုံရိပ်(အတ္တ)၏ ချုပ်ငြိမ်းခြင်းဖြစ်သည်။ ဤနေရာတွင် အထူးစူးစိုက်သိမှတ်သင့်သည်မှာ ယင်းအဖြစ်သည် ဗြဟ္မာအဖြစ်ကို ရရှိသွားခြင်းလည်းမဟုတ်၊ဗြဟ္မာနှင့် ပြန်လည်ပေါင်းစည်းသွားသည်လည်းမဟုတ်။ ယင်းအဖြစ်သည် မိမိသည် အမြဲတစေ ဗြဟ္မာဖြစ်ခဲ့မှန်း သိမြင်သွားခြင်းသက်သက် ဖြစ်သည်။ သျှမ်ခယက ဥပမာပေးသည်မှာ အဖုံးပိတ်ထားသော (ရေထည့်ရန်) ကရား ထဲတွင် အာကာသကွက်လပ်(မှတ်ရန်။ ၊ အာကာသဟု ဆိုသောကြောင့် ဒြပ်ကင်းမဲ့ခြင်းကို ရည်ညွှန်းချေသည်) ရှိ၏။ တကယ်တော့ ယင်းကရားထဲက အာကာသကွက်လပ်သည် စကြာဝဠာတစ်ခုလုံး၏ အာကာသကွက်လပ် (ဒြပ်ကင်းမဲ့နေခြင်း) သဘောနှင့် တစ်ဆက်တည်းသာဖြစ်၏။ သို့သော် (ကရားဟူသော) လှည့်စားမှုက ကြားခံနေသောကြောင့် ယင်း(ဒြပ်မဲ့သဘော)၏ တစ်ခုတည်းဖြစ်ခြင်းကို မမြင်မသိကြ။ ဤအချက်ကို ရူခြင်းအားဖြင့် တကယ်က ဘာမှရယူရန်လည်းမရှိ။ ယင်းဘာမှ ရယူရန်မရှိ ဟူသော ဤသဘောသွားသည် ယောဂမှာရော ဗုဒ္ဓဘာသာမှာရော (မဟာယာနကို ပိုပြီးညွှန်း၏။ သို့သော် ထေရဝါဒကျမ်းရင်းတို့ကို နိဗ္ဗာန်မဂ်ဖိုကို ရက်တိုတို နှင့် ရလိုပါ၏ ဟူသော အတွေးအခေါ်မျိုးတို့ကို ပယ်ပြီး ချင့်ချိန်စွာ သုံးသပ်ပါကလည်း တစ်သဘောတည်း ဖြစ်ပါသည်။) အတူတူဖြစ်၏။ ဘယ်လိုဘဲ အမျိုးအမည်ကွဲပြားနေသည် ဖြစ်ပစေ တစ်စုံတစ်ဦး၏ ပကတိမိမိ (သို့) ဗုဒ္ဓသဘာဝသည် ထာဝရ သန့်ရှင်းပြီး မြှေးယှက်ခြင်းကင်းမဲ့ချေ၏။ ယောဂစနစ်၏ ပူရုရှားမှာ မတုန်လှုပ်သော မြင်သူ မြင်ရုံသာ မြင်တတ်မြဲမြဲမြင်သူ သက်သက်ဖြစ်၏။ နာကျင်မှုနှင့် ပျော်ရွှင်ခြင်း ယင်းတွင်မရှိ။ ဗုဒ္ဓဘာသာအရလည်း ငါ (ဟူသော ပိုင်းခြားသည့် သဘောတရား) သည် ဘယ်တုန်းကမှလည်းမရှိခဲ့။ (ယင်းပိုင်းခြား၍) ငါဟူပြီးမှတ်ယူခြင်းသည် စင်စစ် ကယောင်ကတမ်း မှားမှားယွင်းယွင်း သိမြင်ခြင်းသာဖြစ်၏။ (၅)
ပြဆိုခဲ့သလို ရှေးဦး ဗုဒ္မဘာသာနှင့် ဝေဒန္တတွင် သဘောသွားတူများ ရှိခဲ့သည်မှာ ထင်ရှားသလို ဗုဒ္ဓဘာသာအတွင်းမှာပင် သဘောသွားကွဲလွဲနေမှုတို့ကိုလည်း တွေ့မြင်ရပါသည်။ ထေရဝါဒ၏ အဘိဓမ္မာဝါဒရှင်တို့၏ သုံးသပ်ချက်မှာ စစ်မှန်မှုဟူသည် တကယ်က တစ်သီးတစ်ခြားစီကွဲပြားနေသော ဓမ္မ (ဓာတု(ဝါ)ဓာတ်) တို့သာဖြစ်သည်။ ယင်းဓမ္မဓာတ်တို့ အမှီသဟဲ အကျိုးသက်ရောက်ခြင်းအားဖြင့် မိမိဟူပြီး ယုံမှားမှု ဖြစ်ပေါ်ရသည်။ နိဗ္ဗာန်ဟူသည် ယင်းစည်းနှောင်ပူးပေါင်းမှုတို့၏ ကုန်ရာချုပ်ရာ ဖြစ်ပြီး ယင်း(ယခင်ကပေါင်းစုခဲ့သော) ဓာတ်တို့၏ ပကတိ ငြိမ်နေပြီး မိမိဘာသာ မိမိတို့ သီးခြားရပ်တည်သော အခြေအနေဖြစ်၏။ သိစိတ်ဝိဉာဏ်သည်လည်း ယင်းဓာတ်တို့၏ အမှီသဟဲ အကျိုးသက်ရောက်ခြင်းအားဖြင့်သာ ဖြစ်ရကား ယင်းအခြေအနေ(နိဗ္ဗာန်)သည် သိစိတ်ဝိဉာဏ်၏ ကုန်ရာချုပ်ရာအဖြစ်လည်း မှတ်ယူမိပုံရပါသည်။
မဟာယာနဗုဒ္ဓဘာသာသည် ဓမ္မ (ဓာတု) ကို သဘောတရားအနေဖြင့် လက်ခံသော်လည်း ယင်းဓမ္မတို့၏ အမှန်တကယ်ရှိခြင်း ဟူသည်ကို ငြင်းပယ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းဓာတုတို့သည်လည်း မိမိသဘောအားဖြင့် မိမိမရပ်တည်နိုင်ပါ။ ယင်းတို့သည် နိုင်းယှဉ်မှုအားဖြင့်သာ သိရှိရသော သဘောတရားဖြစ်သည်။ နာဂဇုန၏ မဒရာမိက ဝါဒအရ ယင်းဓာတုကို သိမြင်ခြင်းထက် ပိုပြီးမြင့်မားသော ပြည့်စုံသောအမှန်တရားတွင် မည်သည့်မှည့်ခေါ်ခြင်းကိုမှ မပြုနိုင်တော့ ဟုဆိုထားခဲ့ရာ ယောဂကာရ (ဝါ) ဝိဉာဏ်သာလျှင်ရှိခြင်းဟူသော ကျောင်းတော်အလိုအရ ယင်းသို့ဆိုခြင်းဖြင့် မဟာယာနသည် ဝေဒန္တနှင့် များစွာနီးစပ်သွားလေ၏။ မဟာယာနနှင့် အာဒိဝေဒဝေဒန္တဂိုဏ်း၏ သဘောသွားတူမှုတို့မှာ ကောင်းစွာသတိပြုပြီးဖြစ်သည်။ ယင်းသဘောသွားတူနေမှုတို့မှာ ပေါ်လွင်လွန်းရကား တချို့မှ မှတ်ချက်ပြုကြသည်မှာ ယင်းစနစ်နှစ်ခုသည် ပင်ရင်းစနစ်တစ်ခုမှ ပေါက်ပွားလာခဲ့သည်ဟု ယူမှတ်မိကြောင်းဖြစ်သည်။ အံအားသင့်စရာ အချက်တစ်ခုမှာ သျှမ်ခရနှင့် ၄င်းရှေ့က ဆရာ ဂေါဒပါဒ နှစ်ဦးလုံးကို စွပ်စွဲကြသည်မှာ ဗုဒ္ဓဘာသာဝါဒကို ဟိန္ဒူဘာသာထဲသို့သွပ်သွင်းလာခဲ့သူ သစ္စာဖောက်များဟူ၍ ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ထေရဝါဒဘက်မှ မဟာယာနဘက်ကို စွဲဆိုသည်မှာ ဗုဒ္မဘာသာကို ယခင်ဟိန္ဒူစနစ်အဖြစ် ပြန်လည်ရွေ့လျောအောင် လုပ်ဆောင်နေသူများ ဟူပြီးဖြစ်သည်။ချအန်း ဗုဒ္ဓဝါဒ၏ ဆရာတစ်ဦးဖြစ်သူ ဟောင်ပေါင်းက စီရင်ရေးသားခဲ့သည်မှာ ဥပနိသျှကျမ်းတစ်ဆူ အဖြစ် လွယ်လင့်တကူ သတ်မှတ်နိုင်သော တစ်ခုတည်းသောစိတ် ဟူ၍ဖြစ်သည်။ မိမိ၏ သစ္စာဉာဏ်အလင်းနှင့် ပတ်သက်ပြီး ဂျပန်ဇင်ဗုဒ္ဓဝါဒ၏ ဆရာတစ်ဦးဖြစ်သူ ဒိုဂန်ကရေးသားခဲ့သည်မှာ "ငါရှင်းလင်းစွာ သိမြင်ခဲ့ရသည်မှာ (ငါ၏) စိတ်သည် တောင်မြင့်တို့မှလည်းကောင်း မြစ်နဒီတို့မှလည်းကောင်း အပြောကျယ်သော ကမ္ဘာမြေမှလည်းကောင်း နေမှလည်းကောင်း လမှလည်းကောင်း ကြယ်တာရာတို့မှ လည်းကောင်း အခြားမဲ့ဖြစ်သော အရာမဟုတ်။" ဟူချေ၏။ ထို့ကြောင့် မဟာယာနဝါဒ နှင့် ဝေဒန္တဝါဒတို့ စကားစစ်ထိုးပွဲ လုပ်မည်ဆိုပါက လက်ဝှေ့ရေးသတ်သူနှစ်ဦးကို ကျောချင်းဆိုင် ကြိုးတုပ်နှောင်ထားပြီး ထိုးခိုင်းချင်းမျိုး ဖြစ်နေပါလိမ့်မည်။
ဤကဲ့သို့ ဝါဒသဘောသွားတူချင်းမျိုးကို တွေ့ရသော်လည်း ရှေးဦးဗုဒ္ဓဘာသာနှင့် ဝေဒန္တတို့ အပြင်းအထန်ကွဲလွဲနေသေး သည်မှာ မငြင်းသာပါ။ ဗုဒ္ဓဘာသာက မိမိဟူ၍မရှိ(အနတ္တ) ဟု ဆိုချိန်တွင် ဝေဒန္တက အရာရာသည် မိမိ (အတ္တ)ပင်ဖြစ်သတည်းဟု ကွဲကွာကြသည်။ (နဂိုထဲကမှ မရှိသော၊ ဘာသာစကား၏ သဘောအားဖြင့်သာ ရော်ရမ်း၍ ရှိသည်ဟု ထင်နေသော) သိတတ်မှုကိုပြုသော တစ်စုံတရာသည်လည်း နိဗ္ဗာန်တွင်မရှိ။ သို့သော် ဝေဒန္တ ဝါဒလာ မောက္ခဟူသော လွတ်မြောက်ခြင်းမှာ အရာရာသည် သိတတ်မှုကို ပြုသော တစ်ခုတည်းသော အရာဖြစ်နေခြင်း (ဖြစ်နေခဲ့ပြီးဖြစ်ခြင်းကို) သိမြင်ခြင်း ဖြစ်ချေသည်။ စနစ်နှစ်ခုသည် ဟိုဘက်တစ်စွန်းနှင့် သည်ဘက်တစ်စွန်း ကွဲကွာနေရာတွင် ယင်းသို့ ကွဲကွာနေသော စနစ်များသည် တစ်ခုကတစ်ခု၏ မှန်ပြင်ပုံရိပ်သဖွယ် ဖြစ်ပေါ်နေခြင်းမှာ လွန်စွာ စိတ်လှုပ်ရှားဖို့ကောင်းသည့် အချက်ဖြစ်သည်။ စနစ်နှစ်ခုလုံးသည် (တူညီသော ရည်ရွယ်ရင်းကိစ္စ ဖြစ်သည့်) မိမိဟူသောအရာ နှင့် မိမိမဟုတ်သောအရာ၏ ဆက်နွယ်မှု (နှစ်ခုဟူ၍ ကွဲပြားခြင်း) ပြဿနာ ကို (တူညီသည့် ပင်ရင်းနည်းလမ်းဖြစ်သည့် နှစ်ခုကို တစ်ခုတည်းဖြစ်အောင်) လုံးချလိုက်သောနည်းဖြင့် ဖြေရှင်းဖို့ ကြိုးစားရင်း ခြားနားသည့် အဆုံးစွန်သော တစ်ဖက်စွန်းစီကို အသီးသီးဆုပ်ကိုင်မိပြီး ဖြစ်သွားလေသည်။ အနတ္တဗုဒ္ဓဝါဒတွင် မိမိမဟုတ်က မိမိ(အားလုံး)ကို မျိုပစ် လိုက်သည်။ အတ္တဝါဒဝေဒန္တကလည်း မိမိသာလျှင်ရှိခြင်း ဆိုပြီး မိမိမဟုတ်(အားလုံး)ကို မျိုပစ်လိုက်သည်။ စောဒနာပြုအပ်သည်မှာ ယင်းတို့သည် တစ်ခုတည်းသော သဘောကို ရည်ညွှန်းနေတာ ဖြစ်မလားဆိုသည့် မေးခွန်းဖြစ်ပါသည်။
ဗစ်ဂန်စတိုင်း ၏ ဝေါဟာရများနှင့် ၎င်းမှနေ၍ ဖြေရှင်းရန်ကြိုးစားနေသည့် ပြဿနာများသည် ကျွန်ုပ်တို့၏ (စဉ်းစားရိုးစဉ်းစားစဉ်) သဘောသဘာဝနှင့် ခြားနားနေမည် ဖြစ်သော်လည်း ကျွန်ုပ်တို့၏ ပန်းတိုင်လမ်းဆုံးကို စောဒနာပြုခြင်း ကိစ္စအတွက်မူ တာသွားသော အဓိပ္ပါယ်အတ္တာယ တစ်ခုဖြစ်ပါသည်။ ရှေးဦးဗုဒ္ဓဘာသာသည် လောကကြီးကို ရှုံ့ပစ်ချလာရာတွင် ဆက်လက်ချုံ့ရန်ကိစ္စ မရှိတော့သော ဘာမှမရှိဟူသော အမှတ်သို့ ဆိုက်ရောက်ခဲ့ပြီးလျှင် သျှမ်ခရကလည်း ထိုနည်းအတူ လောကကြီးကို ရှုံ့ပစ်ချလာရာတွင် ဆက်လက်ချုံ့ရန်ကိစ္စ မရှိတော့သော လောကတစ်ခုလုံး တစ်ခုတည်းသာရှိခြင်း အမှတ်သို့ ဆိုက်ရောက်ခဲ့ချေသည်။ သိအပ်သည်မှာ စနစ်နှစ်ခုလုံးသည် တူညီသော ဖြစ်စဉ်တစ်ခုတည်းကို ဖော်ပြနေခြင်းဖြစ်သည်။
ပြဆိုခဲ့ပြီးသလို သမ်ခယ-ယောဂ၊ ဗုဒ္မဝါဒနှင့် ဝေဒန္တတည်းဟူသော လောကုတ္တရာလမ်း အားလုံးသည် ငြိတွယ်မှုနှောင်ကြိုးကို အကြွင်းမဲ့ ပယ်ဖြတ်ခြင်း သဘောတွင် အတူတူ ဖြစ်ပါသည်။ တစ်စုံတစ်ဦးသည် ရုပ်၏ဆောင်ရာ စိတ်၏ဖြစ်ရာ မည်သည့်သဘောဖြစ်စဉ်ကိုမှ အမှန်တရားဟု မကိုင်စွဲမိစေရန် ဤလောကုတ္တရာလမ်း အားလုံးက တိုက်တွန်းသွန်သင်လေသည်။ အရာရာကို သူ့သဘောအလျှောက်သာ လွတ်ထားပြီး ကြောင့်ကြမဲ့ နှလုံးသွင်းမှုကို တိုက်တွန်းသွန်သင်နေခြင်း ဖြစ်သည်။ ဤ သူ့သဘောအလျှောက်သာ သွားခဲ့လျှင် အဆုံးမှာ မိမိဟူသော သဘောသည် ဆက်လက်ချုံ့ပစ်စရာ မရှိတော့သော အမှတ်သို့ ဆိုက်ရောက်ခြင်းကို သစ္စာအလင်းကို သိမြင်ခြင်း ကိစ္စပြီးဆုံးခြင်းဟု စနစ်အားလုံးက ရည်ညွှန်းချေသည်။ ဤ မိမိကို ဆက်ချုံ့ရန် ကိစ္စမရှိတော့သော အမှတ်၌ တခြားကျန်ရှိသောအရာအားလုံးမှာ လောကသဘာဝသစ္စာတရား၏ သဟဇာတပြုမူမှုသက်သက်သာတည်း ဟု မြင်တွေ့ခြင်းဖြစ်သည်။ တစ်ဖက်သော ဗုဒ္ဓဝါဒတွင် ဤချုံ့ရန်ကိစ္စမရှိသော အမှတ်ပင်မကျန်ရှိတော့။ ယင်းကို သုညတာ(သို့) အနှစ်တရားဟူ၍ တစ်စုံတစ်ရာမရှိခြင်းဟု ဗုဒ္ဓဝါဒက ခေါ်တွင်လေသည်။ အခြားတစ်ဖက်သော ဝေဒန္တဝါဒကမူ ယင်းချုံ့ရန်မရှိသော အမှတ်ကျန်ရစ်နေ၍ ယင်းအမှတ်သည် အရာရာ သို့တည်းမဟုတ် တစ်လောကလုံး သို့သော် ပြောင်းလဲသွားသော ပကတိမိမိ အတွင်းတွင်သာ လောကဟုသိခြင်း ဟူသော သဘောဖြစ်သည်။ ယင်းမိမိအတွင်းတွင်သာ လောကဟုသိခြင်းသည် ဝေဒန္တ၏ နှစ်ခုဟူ၍ ကွဲပြားခြင်းမရှိသော တစ်ခုတည်းသော ဗြဟ္မာဖြစ်ပါသည်။
ကျွန်ုပ်စဉ်းစားမိသလောက်တော့ သည်မေးခွန်း၏ အဖြေသည် အတွေးအခေါ်နယ်ပယ် ကိုယ်၌
သို့သော် ဗုဒ္မက သဘောပေါက်ခဲ့သည်မှာ တကယ်ကတော့ ကျွန်ုပ်တို့သည် အမှန်တရားကို အမှန်တရား (တနည်း အဝိဇ္ဇာစက်ဝန်း)၏ အပြင်ဖက်ကိုထွက်ပြီး အရာတစ်ခုအဖြစ် မရူမြင်နိုင်ခြင်း ဆိုသော သဘောဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့၏ (ထိုသို့ရူမြင်နိုင်ရန်) ကြိုးပမ်းအားထုတ်မှုများ၊ ထိုသို့ရူမြင်ခြင်းများသည် တကယ်ကတော့ ယင်း (နှစ်ခုကွဲပြား၍သာမြင်သော လောက) စက်ဝန်းအတွင်းမှာပင် ကျရောက်နေ၍ ဖြစ်သည်။ တွေးခေါ်သုံးသပ်၍ ကောက်ချက်ချမှုများသည် အပြင်ဖက်မှနေပြီး အမှီအခို ကင်းမဲ့၍ တသမတ်တည်း သေချာတိကျနေသည့်နှယ် တိုင်းတာရူမြင်နေခြင်းမျိုး ပုံစံဖမ်းနေလင့်ကစား ယင်းတို့သည် နှစ်ခုဟူ၍ ကွဲပြားမှသာ တည်သော လောက အတွင်းမှာပင် ဖြစ်တည်သော ဖြစ်စဉ်များသာဖြစ်သည်။ ကျွန်ုပ်တို့ သတိမူသင့်သည်မှာ ကျွန်ုပ်တို့က ဗုဒ္မကို ကျွန်ုပ်တို့၏ ပုံစံခွက်ဖြစ်သည့် ဒဿနကဗေဒ စနစ်အတွင်းကို အတင်းသွပ်သွင်းနေသော်ငြား တကယ်ကတော့ ဗုဒ္မသည် ဒဿနိက အတွေးအခေါ်ပညာရှင် မဟုတ်ဆိုသည်ကို ဖြစ်သည်။ သိသာလှသည်မှာ ဗုဒ္ဓမှ အမြဲတမ်း ဖိအားပေး လုပ်ဆောင်သွားသော အဓိကအရေးကိစ္စမှာ သတ္တဝါ ဝေနယျတို့၏ နိဗ္ဗာန်ကို ကြုံကြိုက်မျက်မှောက်ပြုရေး ဖြစ်သည်။ ဤသို့ဆိုပါလျှင် အတွေးအခေါ်ဒဿနဟူသည် ကြွယ်ဝသလောက် ပိုလျှံသော စကားရပ်များနှင့် သဘောတရားတည်ဆောက်ပုံ အမျိုးမျိုးတို့ဖြစ်ပြီး တစ်စုံတစ်ဦးသည် ယင်းအတွေးအခေါ်တို့ကို ယုံကြည်တွယ်တာ ဆုပ်ကိုင် နေသရွေ့ ယင်းတို့သည် သစ္စာဉာဏ်အလင်း၏ အဟန့်အတားများ အဖြစ် လုပ်ဆောင်ကြချေမည်။ သူ့သဘောအတိုင်းသာ ဖြစ်နေခြင်းကို ရူသော တရားထိုင်ခြင်းသည် ဤကိစ္စတွင် လိုအပ်ပေသည်။ အတွေးအခေါ် ဒဿနိက၏ နည်းစနစ်သဘာဝအားဖြင့် ကျွန်ုပ်တို့သည် ဖန်တီးထားသော အပြင်မှနေပြီး တစ်ခုတည်းသော စိတ်တွင် အလုံးစုံပါဝင်သည်ဟု ဆိုကောင်းဆိုနိုင်ပါသော်ငြား လက်တွေ့ သဘာဝဖြစ်စဉ်တွင် ဤသို့သော တစ်ခုလုံးမှနေ၍ ထွက်ကြည့်နိုင်သော ယင်းတစ်ခုတည်းသောစိတ်သည်မရှိ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့တစ်ဦးချင်းစီသည် မိမိစိတ်ကို မိမိ သတိမူသိရှိသလို ယင်းတစ်ခုတည်းသောစိတ်သည် (တစ်ခုတည်းသာရှိသဖြင့်) ယင်းစိတ်ကိုယ်ယင်းမသိနိုင်။ (စာညွှန်း။ ။ဤငြင်းခုံချက်ကို စိတ်ဝင်စားသူများအတွက် ဆက်လက်ဖတ်ရူလိုပါလျှင် ထေရဝါဒ သဘောတရားများကို အခြေခံရေးသားထားသည့် Miri Albahari ၏ Analytical Buddhism: The Two-tiered Illusion of Self သည် ကောင်းစွာ သုတေသနပြုရေးသားထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။ ဤသဘောတရားကို အလွယ်အားဖြင့်နားလည်နိုင်သည်မှာ ဗုဒ္ဓကိုယ်တိုင်ဟောကြားခဲ့သည် " "ပညာဟူသည်မှာ အဝိဇ္ဇာမှသာ ထွက်ပေါ်ရ၏" ဟူသော အဆိုအမိန့်ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို မိမိ အထင်ကြီးလွန်၍ ကိုယ့်ကိုကိုယ် သဘာဝလောကတစ်ခုလုံးကို အပြင်မှ ခြုံငုံစဉ်းစား နိုင်သူများအဖြစ် ထင်တတ်ကြပါလိမ့်မည်။ စင်စစ် ဗုဒ္ဓဘာသာ၏ နည်းစနစ်မှာ လူအများ လက်ရှိ ထင်မှတ်ကြသလို ပျောက်စေဖြစ်စေ နတ်ရေကန် ဖော်မြူလာတို့ကို ကောင်းစွာ နားလည်သိမြင်နိုင်စေ၍ သာထူးရကား မာန်တက်စရာ ကောင်း နေသည့် စနစ်တစ်ခု လုံးဝမဟုတ်။ စင်စစ် ဗုဒ္ဓ၏ ပဓာန အကျဆုံး နည်းစနစ်မှာ မိမိတွင် အမြဲတွဲလျက် တည်ရှိနေသော အားနည်းချက် အဝိဇ္ဇာ၏ မကင်းနိုင်ကြောင်းကို ကောင်းစွာ သတိထား နှလုံးသွင်းဖို့သာ တွင်တွင် တိုက်တွန်းထားသော နည်းစနစ် ဖြစ်ပြီး ဒိဠိဟူသော တယူသန်ခြင်း၊ မာနတည်းဟူသော မာန်စောင်မြောက်ခြင်း နှင့် [အဝိဇ္ဇာ၏ အားနည်းချက်ကို ကုစားရာတွင်လည်း တဖြည်းဖြည်းနှင့်သာ လေ့လာတွေ့ကြုံ ပျိုးထောင်ရသဖြင့်] ပျောက်စေ ဖြစ်စေ နတ်ရေကန်ဖော်မြူလာ တို့ကို လုံးဝမနှစ်မြို့ မလက်ခံသည့် မိမိ၏ အားနည်းချက်တို့ကို သည်းခံမှု တရား လက်ကိုင်ထား၍ တစတစ မိမိကိုယ်ကို ဇွဲနဘဲ ကြီးစွာသော ဝေဖန်ဆန်းစစ်မှုသဘောနှင့် ပြင်ယူ(မိမိ၏ မရင့်ကျက်နိုင်သော အခြေခံသဘောကို ကောင်းစွာ နားလည်၍) ပြည့်ဝ ရင့်ကျက်လာရန် တိုက်တွန်းသော နည်းစနစ်ဖြစ်ပါသည်။ )
ဒါဆိုလျှင် နှိဗ္ဗာန သို့မဟုတ် မောက္ခဆိုသည်ကို ဘယ်လိုများ တွေ့ကြုံမျက်မှောက်ပြုကြပါသလဲ။ ကျွန်ုပ်တို့ အများသူငါ လူမိုက်များသာ ဗုဒ္ဓက ရှင်းပြဖို့ တွန့်ဆုတ်သော ယင်းနေရာဟာ ဘာလဲဆိုတာ အလျင်စလို (မကျင့်ကြံ မအားထုတ်ဘဲ စိတ်ကူးသက်သက်ဖြင့်) သိလိုနေကြပေသည်။ သို့သော် အထက်ပါသုံးသပ်ချက်အရ တစ်ခုတည်းသာရှိသောအရာနှင့် တစ်သားတည်းပေါင်းမိသွားခြင်း သဘောသည် ယုတ္တိမရှိ။ ၎င်းအစား ယင်းသည် (စည်းနှောင်ထားသော) အစုအပေါင်း၏ ပြိုကွဲသွားခြင်း ဖြစ်ပေလိမ့်မည်။ ယင်း အစုအပေါင်း၏ ပြိုကွဲခြင်းသည် ပျောက်သုဉ်းသွားခြင်းမျိုးမဟုတ်တန်ရာ။ ယင်းသည် အတ္တ-မိမိဟူသော မိမိနှင့် အခြားအရာများကို သီးခြားဘောင်ခတ်သည့် သဘောသည် (သုညတာ) အတွင်း ပကတိအတိုင်းသာ တသားတည်းပျော်ဝင်သွားခြင်း ဖြစ်တန်ရာသည်။ ယင်းသည် ဘဝ သတ္တဝါ အဖြစ်တစ်ခု၏ တင်းခံမှုနှင့် ကြောင့်ကြစိုက်ခြင်းတို့ ချုပ်ငြိမ်းသွားပြီး သဘောသက်သက်သာ ကြောင့်ကြမှုမရှိ ချမ်းမြေ့သာယာသော အခြေအနေ ဖြစ်လိမ့်မည်။ ယခင်က တွယ်တာဆုပ်ကိုင်ထားသော ခပ်သိမ်းသော တရားတို့ကို သူ့သဘောသက်သက်အားဖြင့်သာ (မဆုပ်ကိုင်ဘဲ) လွတ်ချခြင်းဖြင့်သာ ရူမြင်သောအားဖြင့် တစ်စုံတစ်ဦးသည် ယခင်တုန်းကတည်းကလည်း အမြဲမှန်စွာ ဖြစ်ခဲ့သလို ပကတိသဘာဝအတိုင်းသာ ခပ်သိမ်းသောတရားတို့နှင့် တသားတည်း ဖြစ်သွားသော အခြေအနေဖြစ်ပါလိမ့်မည်။ သမ်ခယယောဂက ဆိုထားသည်မှာ ပူရုရှားသည် အမှန်ပကတိအခြေအနေတွင် ခပ်သိမ်းသောလောကကို လွှမ်းခြုံ၍တည်ပေသည်။ ဗုဒ္ဓကလည်း အရဟံ၏ သဘောကို "နက်ရိုင်းသော၊ တိုင်းတာခြင်းဌာ မစွမ်းသာသော၊ မထွင်းဖောက်နိုင်အောင် သိပ်သည်းသော၊ စွမ်းအားသတ္တိကြီးစွာသော မဟာသမုဒ္ဒရာကဲ့သို့ ဖြစ်သော" ဟူ၍ ရှင်းပြခဲ့သည်။ ဝေဒန္တ၏ ဗြဟ္မာသည်လည်း ကန့်သတ်ခြင်းဌာ မစွမ်းသာသော ခပ်သိမ်းသော လောကကို ပျံ့နှံ့ဝင်ရောက်သော သဘောာဖြစ်ပါသည်။(၁၂)
စာကြွင်းစာချဲ့။ ။
၁. ကျွန်ုပ်၏ ငြင်းခုံမှုနှင့် ပတ်သက်၍ ဆီလျော်သော အကြောင်းမှာ ပန်းတိုင်လမ်းဆုံးသို့ ထွက်ရပ်လမ်း (သာသနာသည်) အိန္ဒိယစနစ်အားလုံးတွင် မှတ်ချက်ချဖွယ် ကောင်းလောက်အောင် တသမတ်တည်း တူညီ ကြပါသည်။ သာသနာအားလုံးသည် သီလစင်ကြယ်ခြင်းကို အခြေခံပြီး အဆုံးသတ်တွင် ဆင်တူသော တရားထိုင်နည်းစနစ်များနှင့် သမာဓိကို ထူထောင်ခြင်းကို တွေ့ရချေသည်။ စနစ်အမျိုးမျိုးပင် ရှိလင့်ကစား အားလုံးသည် ရုပ်တရား နာမ်တရားတို့ကို မညိုတွယ်ခြင်း သဘောကိုပင် တသမတ်တည်း ရှေးရူကြချေသည်။ ထို့ကြောင့် မည်သည့် လမ်းမှဘဲ သွားသွား ပဓာနပြုသော လုပ်ရပ်သဘောမှာ တစ်ခုတည်း ဖြစ်ပါသည်။
၂. အဂုင်္တ္တရနိကာယ်ကို အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုထားသော Gradual Sayings, I. 8 ကို ရူပါ။
၃.
Chandogya Upan., VI, viii, 7, trans. Nikhilananda (New York: Harper, 1964); Shankara's Vivekachudamani, trans. Madhavananda (Calcutta: Advaita Ashram, 9th ed., 1974), slokas 226, 339; Isa Upan., 7, trans. Nikhilananda.
၎. ဝေါဟာရနှစ်ခုလုံးသည် အဆုံးသတ် အန္တိမ ဗြဟ္မာတစ်ခုတည်း၏ (ရူဒေါင့်) မတူညီသော လုပ်ငန်းဆောင်တာ တစ်ခုချင်းစီကို ရည်ညွှန်းသုံးစွဲပါသည်။ ဗြဟ္မာသည် ပရမတ္တသစ္စာတရား ဖြစ်ပြီး အတ္တသည် မိမိ၏ ပကတိ မှန်ကန်သော သဘာဝဖြစ်သည်။
၅. ဤသို့သော သဘောသွားကို ဇင်ဗုဒ္ဓစနစ်၏ နွားရိုင်းကျောင်းခြင်း ပန်းချီကားချပ်များ တွင်လည်း တွေ့ရချေ၏။ နဝမကားချပ်မှာ ပင်ရင်းသို့ပြန်လာခြင်း ဟုတွင်သည်။ သို့သော် တကယ်ပြန်ဆိုက်ရောက် လာသောအခါတွင် သိမြင်လိုက်ရသည်မှာ ဘယ်တုန်းကမှလည်း တစ်စုံတစ်ဦးသည် ပင်ရင်းက မထွက်ခွာခဲ့ကြောင်း ဖြစ်သည်။
၆. မူရင်းအားဖြင့် သက္ကတဝေါဟာရဖြစ်သော " ဝိဉာဏ" (ပါဠိလို "ဝိနာန") သည် ရှေ့စွက် "ဝိ"ကို "ဉာဏ" ဟူသော သိမှုကို ပေါင်းထည့်၍ ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ဝိသည် ကွဲထွက်ခြင်း၊ သီးသန့်ဖြစ်ခြင်း၊ အမျိုးမျိုးကွဲပြားသွားခြင်း ( သီးခြားသော သတ္တိတို့ရှိခြင်း၊ ခွဲထွက်ခြင်း၊ ကွာခြင်း၊ လှမ်းခြင်း၊ မပါရှိခြင်း) စသော အဓိပ္ပာယ်တို့ကို ဆောင်သည်။ (Macdonell, A Practical Sanskrit Dictionary, Oxford Univ. Press, p. 279) အင်္ဂလိပ်ဝေါဟာရ "consciousness" သည် လက်တင်စကား၏ ကြိယာ scire မှ လာသည်။ scire ၏ အဓိပ္ပာယ်မှာ သိရန် ဟူ၍ ဖြစ်သော်လည်း ယင်း၏ နဂိုမူလအဓိပ္ပာယ်မှာ တစ်ခုနှင့် တစ်ခုကို ဖြတ်တောက်ရန် ဟူ၍ ဖြစ်သည်။ နှစ်ခုကွဲပြားခြင်းသဘောသည် သက္ကတ " ဝိဉာဏ" မှာရော အင်္ဂလိပ် "consciousness" မှာရော နစ်မြုပ်ပါဝင်နေလေသည်။ ယင်းဝေါဟာရတို့၏ အဓိပ္ပာယ်နှင့် ခြားနားစွာ " ပညာ" ဟူသော ဝေါဟာရသည် သိသူ၊ အသိခံရသောအရာ နှင့် သိမှု တို့၏ ကွဲပြားခြင်းမရှိတော့သော အသိအဖြစ် မကြာခဏဆိုသလို ရည်ညွှန်းသုံးစွဲသည်။ ရှေ့စွက် "ပင်" သည် (ပင်စည် သဘောသဖွယ်) တိုးထွက်သွားခြင်းကို ညွှန်းသည်။ ထိုအရ မိမိဘာသာသက်သက် ဟူသော သဘောဖြင့်သာ တိုးထွက်သွားခြင်းကို ညွှန်းတာ ဖြစ်ချေများပါသည်။
၇. ဂျပန်ဇင်ဆရာ ဒိုဂန်က "ဗုဒ္ဓ၏ နည်းလမ်းကို လေ့လာခြင်းသည် မိမိကိုယ်ကို လေ့လာခြင်းဖြစ်၏။ မိမိကိုယ်ကို လေ့လာခြင်းသည် မိမိကိုယ်ကို မေ့ပစ်ခြင်းဖြစ်၏။ မိမိကိုယ်ကို မေ့ပစ်ခြင်းသည် မိမိကိုယ်ကို အရာအားလုံးအဖြစ်ဟု ရူခြင်းဖြစ်၏။ ယင်းကဲ့သို့သိမြင်ခြင်းသည် မိမိနှင့် တစ်ပါးသူအားလုံး၏ ရုပ်တရား နာမ်တရားတို့ အဖြစ် (စွဲထင်နေခြင်း) ကို စွန့်ပစ်လိုက်ခြင်းဖြစ်၏" ဆိုမြွက်ပါသည်။ (The Shobogenzo
၏ "Genjo-koan" မှ)
၈. နှစ်ခုဟူ၍ ကွဲပြားခြင်းမရှိသော သဘောကို အဘယ်ကြောင့် နှစ်မျိုးသော ပရိယာယ်ဖြင့် ဖော်ပြနိုင်ခြင်းမှာ ထင်ရှားပါသည်။ ကျွန်ုပ်တို့၏ တွေ့ကြုံနေကျ အတွေ့အကြုံမှာ (မိမိနှင့် မိမိမဟုတ်သော အရာ၊ သိစိတ်နှင့် အသိခံရသော အရာ) ဟု နှစ်ခုကွဲပြား၍သာ ဖြစ်ပွားရသည်။ သဘာဝအားဖြင့် နေ့စဉ်သုံးစွဲနေကျ ဘာသာစကားတွင် နှစ်ခုကွဲပြားခြင်းမရှိသော အတွေ့အကြုံကို ယင်းပရိယာယ်တို့ဖြင့် ဖော်ပြဖို့ ကြိုးပမ်းတိုင်း ကြိုးပမ်းတိုင်း ပရိယာယ်တစ်ခုသည် အခြားပရိယာယ်တစ်ခုကို အပြီးဖျက်သိမ်းဖို့ ညွတ်ချေသည်။ ထို့ကြောင့် နက်နဲဆန်းကြယ်သော ဤ အတွေ့အကြုံကို များသောအားဖြင့် မျိုးမည်ကွဲပြားပြီးသာ ဖော်ပြလေ့ရှိသည်။ (ဥပမာ Rudolf Otto ၏
Mysticism East and West တွင် ယင်းနည်းလမ်းနှစ်မျိုးကိုပင် ဖော်ပြသည်။)တစ်ခုမှာ အတွင်းလမ်းဟုခေါ်သော ဖဲကြဉ်ခြင်းဖြစ်ပြီး တစ်ခုမှာ အပြင်လမ်းဟု မည်တွင်သော တစ်ခုတည်းသောအရာနှင့် ပေါင်းစည်းခြင်းဖြစ်ပါသည်။
နိဗ္ဗာန် သို့မဟုတ် မောက္ခတွင် ချမ်းသာသုခတည်ရှိသလား မတည်ရှိဘူးလားဆိုသော ဤပြဿနာကို ဖြေရှင်းဖို့ ကျွန်ုပ်မကြိုးစားပါ။ သို့ရာတွင် ယင်းရှိခြင်း မရှိခြင်းဆိုသော သဘောတရားတို့သည် ညှိုနိုင်းယူလို့မရသည့် ပြဿနာများ မဟုတ်ကြောင်းကို ရည်ညွှန်းနိုင်သည့် အဆိုအမိန့် နှစ်ခုကို တင်ပြသွားပါမည်။ ထိုအခါ '၎င်းတို့သည် သူ့ကို ဤသို့ပြောပြ၏ "ဗြဟ္မာသည် ဘဝ (ပူရံ)ဖြစ်၏ ။ ဗြဟ္မာသည် ပျော်ရွှင်မှုဖြစ်၏။ ဗြဟ္မာသည် ဟင်းလင်း ဘာမှမရှိ"။ ထိုအခါ သူက ၎င်းတို့ကို ဤသို့ပြန်ပြော၏။ "ဗြဟ္မာသည် ဘဝဆိုသည်ကို နားလည်ပါ၏။ သို့သော် ဗြဟ္မာ၏ ပျော်ရွှင်မှုနှင့် ဟင်းလင်း ဘာမှမရှိခြင်းကိုတော့ နားမလည်ပါ"။ ၄င်းတို့က ဤသို့ ဆက်ပြော၏ "ပျော်ရွှင်မှု 'က' သည် ဟင်းလင်း ဘာမှမရှိခြင်း 'ခ' နှင့် အတူတူသာတည်း။ ဟင်းလင်း ဘာမှမရှိခြင်းသည် ပျော်ရွှင်မှုသာတည်း" ။(Chandogya Up., IV. x. 4-5) ပါဠိသုတ္တန်တစ်ခုတွင် ရဟန္တာ ရှင်သာရိပုတြာက အလားတူမေးခွန်းတစ်ခုကို "လှုပ်ရှားဖွယ်ရာ အာရုံဟူ၍ မရှိခြင်းသည်ပင် ချမ်းသာဖြစ်၏" ဟုဖြေကြားထားသည် ကို တွေ့ရပြန်သည်။ အဖြေက ဘာကို ဆိုလိုလဲဆိုတာတော့ မသဲကွဲပါ။ ဒါပေမယ့် ဝါဒနှစ်ခုလုံး စောဒနာရော အဖြေရောတူနေသည်မှာ မှတ်သား ထိုက်ဖွယ် ဖြစ်နေတာတော့ သေချာပါသည်။
၁၃. ဝေဒန္တနှင့် ဗုဒ္ဓဝါဒတို့တွင် အခြား သိသာထင်ရှားသော ကွဲလွဲမှုတစ်ခုရှိပါသည်။ ယင်းကွဲလွဲမှုသည် ဆိုကရေးတီးမတိုင်ခင် ခေတ်က ဂရိတွေးခေါ်ရှင်များဖြစ်သည့် ပါမန်းနိုင်းဒီး နှင့် ဟာရာကလိုင်းတပ် တို့ ကွဲလွဲပုံမျိုးနှင့်ဆင်ပေသည်။ ၄င်းတို့သည် သဘောအစစ်အမှန် ဆိုတာနှင့် စပ်လျဉ်းပြီး ငြင်းခုံကြသည်မှာ ပါမန်းနိုင်းဒီးက မပြောင်းလဲမရွှေ့လျားသော ပကတိ တစ်ခုရှိနေခြင်း ကို ယူပြီး ဟာရာကလိုင်းတပ်က မမြဲသော ခဏတို့နှင့်သာ ဖြစ်တည်ခြင်း သဘောကို ယူပါသည်။ ထိုကဲ့သို့ပင် သျှမ်ခယသည် အရာဝတ္တုတည်ရှိခြင်းနှင့် ပတ်သက်ပြီး အဆုံးစွန်ဆုံးဝါဒ ဖြစ်သည့် အမြဲမှန်ကန်သည့် မပြောင်းလဲမရွှေ့လျားသော ဗြဟ္မာဆိုသည့် အရာဝတ္တုတစ်ခုသာ အစစ်အမှန်ရှိခြင်းဆိုသည်ကို စွဲကိုင်လေသည်။ ပြောင်းလဲရွှေ့လျားနေသော လောကဖြစ်စဉ်တို့မှာ မစစ်မှန်သော မာယာသာဖြစ်သည်။ဗြဟ္မာကို မှားယွင်းလွဲမှားစွာမြင်နေသော သဏ္ဍာန်ဖြစ်သည်။ ဤအယူအဆနှင့် လုံးဝသွေဖီ၍
ရှေးဦးဗုဒ္ဓဘာသာက အရာဝတ္တုဆိုသည်မှာ သဏ္ဍန်မျှသာဖြစ်ပြီး တကယ်အနှစ်ဘာမှမရှိခြင်း ဆိုသော ဝါဒကို စွဲကိုင်လေသည်။ အမှန်တရားဆိုသည်မှာ ရွှေ့လျားနေသော သဘော ခဏသာရှိသော သဘော ပင် ဖြစ်သည်။ ဒြပ်တို့ကို ဗုဒ္ဓဝါဒမှ သုံးသပ်လေသော အခါ အပြန်အလှန်အကျိုးပြုမှု ဖြစ်စဉ်အားဖြင့်သာ ဖြစ်ရသော ခဏသာ ထောက်တည်သော အစဉ် ပြောင်းလဲရွှေ့လျားနေသော သင်္ခါရ တရား တို့ ချည်းသာတည်း။ ခဏသော သဘောဖြစ်စဉ် သတ္တိမျှသာဖြစ်၍ အတွင်းသဘာဝအားဖြင့် မပြောင်းမလဲ မြဲမြံသော အရာ ဆိုသည် မရှိချေသတည်း။ (T. R. V. Murti, The Central Philosophy of Buddhism, p. 11.)
ရှေးဦးဗုဒ္ဓဝါဒကလည်း အရာဝတ္တုဆိုသော သဘောကို ဖျက်ပစ်ရာ အရာဝတ္ထုအားလုံးသည် မည်သည်ကမှ အနှစ်တစ်စုံတစ်ရာ မရှိသော သဘောကို ဆိုက်ရောက်ပါသည်။ ပြန်လည် ဝေဖန် ငြင်းခုံခြင်းအားဖြင့် မယာယာနဖက်မှလည်း သုညတာသည် အရာအားလုံး၏ အခြေခံပကတိတရား ဆိုသော သဘောကို ဆိုက်ရောက်ခဲ့လေသည် (နောက်ပိုင်းတွင် ဘူတာတသတ္တ ဂိုဏ်းတို့က သုညတာကို အရာအားလုံးကို ဖန်တီးအပ်သော အကြောင်း ဟု ယူလာကြသည်)။ မာတီ ပြဆိုခဲ့သလို ပြောင်းလဲရွှေ့လျားမှုတို့ကို ကိုယ်စီကိုယ်င မြင်ရူခြင်းနှင့်အတူ လောကုတ္တရာဝါဒ များသည် နှစ်ခုမကွဲပြားသော ပကတိသဘော ဆိုသည်ကိုချည်း အဆုံးတွင် ဆိုက်ရောက်ခဲ့လေသည်။ (စာမျက်နှာ ၁၂)
ထိုသို့ တစ်သဘောတည်းကို ဆိုက်ရောက်ခဲ့သော်လည်း အလေးအနက်ထားစရာ ကွဲလွဲမှုတစ်ခုရှိနေပါသည်။ အာဒိဝေဒ၏ နာဂုဏ ဗြဟ္မာသည် ဝိသေသ လက္ခဏာပြုဖွယ်မရှိ။ သို့သော် သာဂုဏဗြဟ္မာမှာ ပကတိသော အမြှေးအယှက်မရှိ စင်ကြယ်သော နှစ်ခုဟူ၍ ကွဲပြားခြင်းမရှိသော စိတ်ဖြစ်၏။ တစ်ဖက်တွင် ဗုဒ္မဝါဒက နိဗ္ဗာန်ကို အရာဝတ္ထု အားလုံး၏ ဗလာသဘောကို သိမြင်ခြင်းဟု ဆို၏။ ဝေဒန္တ၏ အတ္တမံသည် ကာတီးစီးယန်းဝါဒကဲ့သို့ မိမိဘာသာ မိမိသိခြင်းမျိုး မဟုတ်သည်ကတော့ ထင်ရှားသည်။ သူသည် အတွေးမခံရ။ သို့သော် သူသည် တစ်ယောက်တည်းသာ တွေးသူု ဖြစ်၏။ တွေး၏။ သူသည် အသိမခံရ။ သို့သော် သူသည် တစ်ယောက်တည်းသော သိသူဖြစ်၏။ သူမှလွဲ၍ တွေးသူမရှိ။ သူမှလွဲ၍ သိသူမရှိ။ သို့ဆိုလျှင် ယင်းသို့သိသူကို တစ်ဦးတစ်ယောက်သည် မည်သို့သိနိုင်ပါမည်နည်း။ သိမှုအားလုံးကို ပြုသောသူကို သင်သည်မသိနိုင်။(Brhadaranyaka Upan., III: 7.23; II: 4.14; III: 4.2) သျှမ်ခယက ဖွင့်ဆိုပြသည်မှာ "မသိနိုင်သော ထိုတစ်ဦးကို သိနိုင်ကြောင်း သက်သေချင်းရာရှိသလား ဟူပြီး မေးဖွယ်ဖြစ်နေသည်။ သို့သော်
ဤ၌ မိမိဆိုသော သိသောသူ ကိုယ်တိုင်ကို သိနိုင်ကြောင်း သက်သေချင်းရာ ရှိသလားဟု မမေးဘဲ လျှံသွားချေသည်။ အကယ်၍ မိမိဆိုသော သိသောသူကို သက်သေပြဖို့ဆိုလျှင် ဘယ်သူက မိမိဆိုတာကို သိနိုင်ပါသနည်း။ အဘယ်ကြောင့်ဆိုသော် (သက်သေပြရန်အတွက်) မိမိဆိုသောအရာသည် သိအပ်သော အရာဝတ္ထု များထဲက တစ်ခုအဖြစ်သာ ဖြစ်ရပေမည်။ သို့ဆိုလျှင် သိသော တစ်စုံတစ်ဦးမရှိဘဲ မိမိဆိုသော သိသောသူကို သက်သေမပြနိုင်။ ဤအချင်းအရာအားဖြင့် ယင်းသိသောတစ်စုံတစ်ဦးသည်လည်း မိမိကိုယ်တိုင်ပင်တည်းဟု ကောက်ချက်ချ ဖြေရှင်းရာ၏" ဟုဖြစ်သည်။ (Atmajnanopadesa-vidhi, IV, 10)