ကျွန်ဖြစ်ရာလမ်း
ပညာတော်တတ်သိ ဆိုသူများနှင့် အမျိုးသားရေးဝါဒ (ဝါ) ဆိုရှယ်လစ်
စနစ်
ဖရိဒါရစ် အော့ဝပ် စွန် ဟိုင်းရက်
မြန်မာပြည် နိုင်ငံရေးတွေးခေါ်မှု
လမ်းကြောင်းတွင် အမြစ်တွယ်နေသော နာဇီဝါဒကို အမြစ်ပြတ် ခုတ်ပိုင်း နိုင်စေခြင်းဌာ မူရင်းကို
အတန်ငယ် ဖွင့်ဆို ရေးသား ပါသည်။
အခန်း (၆)
စီမံကိန်း နှင့် ဓမ္မစက် |
ဥပဒေပြုမှုကို လူ့ အဖွဲ့အစည်း
တည်ဆောက် ကူးလူးမှု နှင့် ဆက်နွယ်လေ့လာသော ခေတ်ပေါ် သုတေသန တို့သည် ဤ အချက်ကို နောက်ထပ်တဖန်
ထပ်မံ အတည်ပြုလိုက်ပါ၏ ။ မည်သည့် ဥပဒေ အကြောင်းချင်းရာ ကိစ္စမဆို သည် အခြေခံ အကျဆုံး
ဖြစ်သော ရှေးထုံးစဉ်လာ ဓမ္မသတ် ကို သာ အခြေပြု
ရပါ သတည်း ။ ရှေးထုံးစဉ်လာ ဓမ္မသတ် ဟူသည် လူသားတိုင်းမှ သိမြင် ဆင်ခြင် နားလည်နိုင်သလို
စောင့်စည်းလိုက်နာအပ်သော လောကပါလ တရားပေတည်း။ ဥပဒေ လမ်းကြောင်း မည်သည် လောကပါလ တရားကိုယ်
လမ်းကြောင်းမှ သွေဖီခြင်း မရှိရေးချ မရှိ ဖြစ်စေရမည် ဖြစ်၏ ။ ဤ နီတိကျောရိုးကို လက်တွေ့ဆက်စပ်နိုင်ဖို့
အရေးကို ဌာန်ကရိုဏ်းကျန သုံးသပ်မည် ဆိုပါလျှင်
မူရင်း ရှေးထုံးစဉ်လာ ဓမ္မသတ် တရားကိုယ် သဘောကို မတိမ်းစောင်း စေဘဲ ရယူနိုင်ရာသည်မှာ
အရင်းရှင် စီးပွားရေးစနစ်၏ လွတ်လပ်စွာ ပြိုင်ဆိုင်နိုင်သော အခြေအနေတန်း တစ်ခုတည်း သာတည်း။
— ကား မန်ဟိုင်း၁
လွတ်လပ်သော နိုင်ငံတစ်ခုနှင့်
အစိုးရမှ ထင်တိုင်းကြဲ အုပ်ချုပ်သော နိုင်ငံတစ်ခု အခြေအနေ မည်သို့ ခြားနားကြောင်း ပြသမည်ဆိုပါလျှင်
ဥပဒေနီတိ တကာတို့၏ ရှေ့ကလာသော အလေးအမြတ်ပြုဖွယ် ရှေးထုံးစဉ်လာ လောကပါလ ဓမ္မစက် သဘောကို
မျက်ဝါးထင်ထင် မြင်ခွင့်ရခြင်း ပေတည်း။ ဥပဒေ နည်းပညာ ပိုင်းဆိုင်ရာ လုပ်ရိုးလုပ်စဉ်တို့
ဆိုသည့် အပေါ်ယံ အရေခွံ အားလုံးကို ချွတ်ပြီး ကြည့်မြင်ကြပါစို့။ မင်း အစိုးရ၏ ပြုမူ
ဆောင်ရွက်ချက် မှန်သမျှ မည်သည် လောကပါလ ဓမ္မစက်နဲ့ မသွေဖီစေရဘဲ ရှေ့မှ တင်ကြို အခြေစိုက်
အသိပေး ကြေငြာထားပြီး ဖြစ်သော စည်းမျဉ်းလမ်းကြောင်းတို့ ဖြင့် (ရန်သူမျိုး သင်းကို)
ချုပ်ကိုင်ထားပြီး ဖြစ်စေရမည် ဖြစ်၏ ။ ဓမ္မစက်အာဏာ၏ လောကနီတိကြိုး တို့ဖြင့် ထိန်းချုပ်ထားသော
အခါတွင် လူတို့သည် အစိုးရမှနေ၍ ၄င်း၏ ခြိမ်းခြောက် အကြပ်ကိုင်ခွင့်ရှိသော မင်းအာဏာကို
မည်သို့သော အခြေအနေမျိုးတို့တွင်သာ အသုံးပြု နိုင်သည် ဆိုသည်ကို ကောင်းစွာ ခန့်မှန်းနိုင်၍
ထို ကောင်းစွာ ခန့်မန်းနိုင်သော သုတအသိ၂ ကို အခြေခံ၍ မိမိတစ်ဦးချင်းစီ၏
ဘဝအရေးကို စီမံဆောင်ရွက်နိုင်၏ ။ ဤ ကုံလုံစံပြည့် သဘောကို (ကျွန်ုပ်တို့ တိုင်းသူပြည်သားများသည်)
မည်သည့်အခါမှ အပြည့်အဝ စံစားပျော်ပိုက် နိုင်ရာသည် မဟုတ်သော်ငြားလည်း သိအပ်သည်မှာ တို့များ
ယုံကြည်လွဲအပ်ထားသော ဥပဒေပြု အမတ်မင်းဆိုသူတို့ မည်သည်လည်းကောင်း၊ စီမံ ခန့်ခွဲမှုအာဏာကို
ဆွဲကိုင်ထားသော အစိုးရ အဖွဲ့ဝင်တို့ မည်သည် လည်းကောင်း မှားချင်းမကမှားနိုင်သော ဘုရားမဟုတ်နတ်မဟုတ်သည့်
လူ့ဘုံသားသူငယ် တို့သာတည်း။ သို့ဖြစ်ရကား ခြိမ်းခြောက်အကြပ်ကိုင်ပိုင်ခွင့် ကို အပြည့်အဝကျင့်သုံးနိုင်သော
အာဏာကို နှင်းအပ်ထားသည့် အစိုးရအင်္ဂါရပ်တို့ ၏ နေရာတကာ ဝင်ပါ ဆုံးဖြတ်စီမံခြင်း မည်သည်
နည်းပါးနိုင်သမျှ နည်းပါးစေရန် ကောင်းစွာ ကန့်သတ်ထားဖို့ မရှိမဖြစ် လိုအပ်သော အချက်
ဖြစ်ပေသတည်း။
စင်စစ် ဥပဒေဟု ဆိုလျှင် လူတစ်ဦးချင်းစီ၏
လွတ်လပ်မှုကို အများ ပြည်သူတို့မှ နေ၍ ၎င်းတို့၏ ရည်မှန်းချက် ပန်းတိုင်တို့ကို မည်သို့
လိုက်စားနေသည်ကို ညှိုညက်၍ အနည်းနှင့် အများ ဆိုသလို ကန့်သတ်ထားသည် ချည်းသာ ဖြစ်၏ ။
သို့ပင်တမူ မင်းအစိုးရသည် လောကပါလ ဓမ္မစက်၏ အာဏာ အောက်တွင် ရှိစေသော အခါတွင် သင်း(အစိုးရ)
ကို သင်းသည် လူတစ်ဦးချင်းစီ၏ ကြိုးပမ်းအားထုတ်မှုများကို ယုတ်နိမ့် တန်ဖိုးမဲ့စေပြီး
သင်း၏ ထင်ရာမြင်ရာ သီးသန့် ရည်မှန်းချက်ပန်းတိုင်တို့ ဘက်ဆီသို့ လူထုအား ကြုံးသွင်းမှုများကို
တင်ကြိုဟန့်တားထား နိုင်ပေ၏ ။ ကစားပွဲ တစ်ခု မည်သည် ပါဝင်ကစားသူတို့ ကြိုတင် သိနားလည်
ထားပြီးဖြစ်သော (တရားမျှတသော) စည်းမျဉ်းတို့ ရှိရမည် ဖြစ်၏ ။ သို့မှသာလျှင် အကြင်သူ
တစ်ဦးချင်းစီသည် ထို ကြိုသိထားပြီးသော စည်းမျဉ်းတို့၏ ဘောင်အတွင်းမှ နေ၍ သူလိုရာ သူသန်ရာ
ပန်းတိုင် နှင့် ဆန္ဒတို့ကို လွတ်လပ်စွာ လိုက်စားပိုင်ခွင့် ရှိလာရသည် ဖြစ်၏ ။ ဤသို့အားဖြင့်
သာလျှင် အစိုးရ၏ အာဏာရပ်တို့သည် ပြည်သူပြည်သား တစ်ဦးချင်းစီ၏ သန်ရာသန်ရာ ကြိုးပမ်းအားထုတ်မှု
များကို ရည်ရွယ်ချက် ရှိရှိဖြင့် တမင်သက်သက် နှောင့်ယှက် အံ့သော အကြောင်းကို လူတို့ ပူပန်ရခြင်း မည်သည် မရှိ ဖြစ်လာရ ပေသတည်း။
စင်စစ် (ဥပဒေ တို့၏အထက်တွင်)
ထာဝရ လေးစားလိုက်နာရမည့် စနစ်တကျ ချိတ်ဆက်
အုတ်မြစ်ချ တည်ဆောက်ထားသော ဥပဒေ ဘောင် (ခြံစည်းရိုး)
ကို ဖန်တီးခြင်းအားဖြင့် ကုန်ထုတ်လုပ်ရန် ဝီမံသ ဆောင်ရွက်မှု (ကုန်ထုတ်စွမ်းအား) သည် လူတစ်ဦးချင်းစီ၏
ဆုံးဖြတ်ပိုင်ခွင့်မှသာ ဦးဆောင်လမ်းကြောင်းခြင်း နှင့် နိုင်ငံ၏ ကုန်ထုတ်လုပ်မှု
စွမ်းပကားသည် ဗဟို အာဏာပိုင်တို့၏ ဆုံးဖြတ်ညွှန်ကြားရာ
လမ်းကြောင်းမှ ဖြစ်ရခြင်း တို့၏ ခြားနားမှု သည်
ပိုမို ပဓာနကျသော ခြားနားမှုဖြစ်သည့် လောကပါလ ဓမ္မစက် ဥပဒေ၏ စိုးမိုးမှု နှင့် စိတ်ထင်သလို အုပ်ချုပ်သော မင်းအစိုးရတို့
မှ ပြဌာန်းသော တရားဥပဒေ စိုးမိုးမှု တို့၏ ခြားနားမှုတို့ အထဲမှ သီးသန့် အခင်း တစ်ခု မျှသာတည်း။
ပထမပြသော စိုးမိုးမှုဟူသည်ကား အစိုးရ သည် မိမိကိုယ်ကို အုတ်မြစ်ချ ခြံခတ်ထားပြီးဖြစ်သော
စည်းမျဉ်းတို့ အတွင်းတွင် ကန့်သတ်ထားရပြီး ဖြစ်ပေ၏။ ထို အုတ်မြစ်ဘောင် တံတိုင်းစည်းမျဉ်း
တို့သည် သင်းအား မည်သို့သော အရင်းအမြစ်တို့ကို
မည်သို့သော အခြေအနေမျိုးတို့တွင် အသုံးပြုနိုင်သော အကြောင်းချင်းရာတို့ကို ဖော်ပြထားပြီး
ဖြစ်၏ ။ လိုလားရာ ပန်းတိုင်လမ်းဆုံးအတွက် အရင်းအမြစ်တို့ကို အသုံးချဖို့ အရေးအရာ ဟူသည်မှာ
လူတစ်ဦးချင်းစီ၏ (လွတ်လပ်သော ကန့်သတ်ပိုင်ခွင့် မရှိသော) အရေးကိစ္စ သာတည်း။ ဒုတိယပြသော
စိုးမိုးမှုဟူသည်ကား အစိုးရသည် အရင်းအမြစ်တို့ကို (အထူးအမြတ်ဖြစ်သည် ဆိုသော) သီးသန့်
ရည်မှန်းချက် ပန်းတိုင်တို့၏ ကုန်ထုတ်လှုပ်မှု လမ်းကြောင်းကို ဦးတည် ခိုင်းစေခြင်း ပေတည်း။
ပထမ စိုးမိုးမှု တွင် မည်သည့် သီးသန့် လူတန်းစားတစ်ရပ် သို့မဟုတ် သီးသန့် လူတန်းစားများ၏
လိုအပ်မှု ကိုလည်းကောင်း၊ လိုလားမှု ကိုလည်းကောင်း မျက်နှာသာ မပေးသည့် ရှေးထုံးစဉ်လာ
လောကပါလ သဘောတရားတို့ကို အခြေခံပြီး စည်းမျဉ်းစည်းကမ်းတို့ကို
ကြိုတင်ချမှတ် ပိုင်ခွင့်သည် ရှိ၏ (conventional
rules, Note that it is not the same as rule by majority’s aggrement or by their
ad hoc preference) ။ ထို စည်းမျဉ်းစည်းကမ်းတို့ မည်သည် လူတို့ တစ်ဦးချင်းစီ၏ ထွေပြားများမြောင်သော
ကြမ္ပာ အရေးကိစ္စတို့ နှင့် ရုန်းကန်လှုပ်ရှားမှုတို့ကို အထောက်အကူ ပြုပေးစေရန် သုံးစွဲဖွယ် သက်သက်ပေတည်း(ခေါင်းပေါ်တင်ထားဖွယ်
ကြောက်ရွံ့ဖွယ် မဟုတ်)။ ဤ (ဘယ်သူ့မျက်နှာ ကိုမှ မကြည့် မထောက်သည့်) ဓမ္မစက် စည်းမျဉ်းစည်းကမ်း
တို့ ဟူသည် များစွာ ရှည်လျားသော ခေတ်ကာလတို့ တိုင်အောင်ပင် မတိမ်းမစောင်း ဘယ်လူတန်းစား
တစ်စား ဘယ်အုပ်စု တစ်အုပ်စု ကိုမှ သူများတကာတို့ထက် ဘယ်လိုမှ ပစား မပေးသော အကာလိကော
အခါမလပ် မှန်ကန်သော (ဆင်ခြင်တုံ တရားရှိသူ လူသားတိုင်းက ဘယ်ခေတ် ဘယ်ကာလမှာ
မဆို အခါမရွေး ကြိုတင် သဘောနှစ်ခြိုက် တူညီ ပြီးလေသော) လောကနီတိ ထုံးတမ်းစဉ်လာတို့
ကပေတည်း။ ဤ လောကနီတိ စည်းမျဉ်းဘောင်တို့ ခန့်ညားခိုင်ခံ့စွာ ဖြစ်ထွန်းသော အကြောင်းခြင်းရာ
အားဖြင့် လူတို့သည် သူတို့နှင့် အညမည ကူးလူးပူးပေါင်း ဖလှယ်မည့် သူတို့၏ အပြုအမူတို့ကို
ကောင်းစွာ ခန့်မှန်းနိုင်သော အကျိုးသတ္တိသည် ဖြစ်၏ ။ စင်စစ်လည်း (ခန့်ညားစိုးမိုးသည်
ဟူသော စကား ဝေါဟာရထက်) လောကနီတိ စည်းမျဉ်း ဟူသည် တို့များတကာ၏ ကုန်ထုတ်လုပ်မှုတွင် အသုံးချရာ
ကိရိယာ မြေပုံတစ်မျိုးပင် တကကား ဟု ဆိုပါကလည်း ကျေနပ်ဖွယ်ရာ ပါတည်း။ (စစ်အစိုးရ၏ ၊ နိုင်ငံတော်၏၊ အများ သဘောတူ လက်ခံပြီးသော အခြေခံ ဥပဒေ
ကြီး၏ ) တရား ဥပဒေသည် အထူးအမြတ် ဖြစ်သည် ဆိုသော မဟာလူသား လူအုပ်စု တစ်အုပ်စု၏
သီးသန့်ရည်မှန်းချက်တို့၏ ကျေနပ်ဖွယ် ဖြစ်အောင် လှည်းနေလှေအောင်း လူအပေါင်းတို့ ခွန်အား
စိုက်ထုတ် လိုက်ပါ လုပ်ကိုင်ပေးရန် ကြောင်းလမ်းပါလျှင် ဤ စည်းမျဉ်း ဥပဒေသည် လောကနီတိ
ဓမ္မစက် အာဏာ၏ စည်းမျဉ်း မဟုတ်။
ဆိုရှယ်လစ် ကွန်မြုနစ်တို့၏
နိုင်ငံ့စီးပွား လုပ်ငန်းမှန်သမျှကို စုစည်းချုပ်ကိုင်ထားချင်သော သဘောတန်းစား မည်သည်ကား
ဖော်ပြခဲ့သော လောကနီတိ ထုံးတမ်းစည်းမျဉ်း တို့မှနေ၍ လူတို့၏ စွမ်းပကားသတ္တိကို ဖြစ်ထွန်းစေသော
အကြောင်းချင်းရာ နှင့် ဆန့်ကျင်ဘက်ဖြစ်၏ ။ စီးပွားရေး လုပ်ငန်းတို့ကို ချုပ်ကိုင် စီမံကိန်း
ချလိုသော အစိုးရ မည်သည် အစိုးရဟူသည် သိသူ မသိသူ လှည်းနေလှေအောင်း မြင်းဇောင်း မခွဲခြမ်းပဲ
ပြည်သူပြည်သားတို့၏ လိုအပ်နေသော အခွင့်အလမ်းတို့ကို ဖော်ထုတ်ပေးရန် တာဝန်ရှိခြင်း သက်သက်တွင်
ဇက်ကြိုး သတ်မထားဘဲ ပြည်သူပြည်သားဆိုသည်မှာ ငါ အသုံးချချင်သလို အသုံးချမည် ဟူပြီး အုပ်ချုပ်သူ
ငါ အစိုးရ စိတ်လိုရာ မှန်သမျှ အအုပ်ချုပ်ခံ တိုင်းသူပြည်သားတို့ လိုက်နာ လုပ်ဆောင်ရမည်
ဆိုသော သဘောရှိခြင်း ပေတည်း ။ ထိုသို့ မင်းမာန်မြောက်ခြင်း (arbitariness) မည်သည် ရှေ့မှ
တင်ကြို ချမှတ်ထားသော လောကနီတိ ထုံးတမ်း
စည်းမျဉ်းဘောင် (formal rules) တို့ အောက်တွင်
အစိုးရ မရှိခြင်းပေတည်း။ ထိုသို့ မင်းမာန်မြောက်သော အစိုးရ သည် ပြည်သူတို့တွင် တကယ်
လိုအပ်ချက်တွေ ရှိနေလို့ ဖြည့်တင်းပေးရမည့် တာဝန် ရှိသည် ဆိုပြီးလျှင် ဘယ်အပိုင်းကို
ဘယ်လောက်ဖြည့် ဆိုပြီး ရည်ရွယ်ချက် ရှိရှိ ရွေးချယ်စွက်ဖက် လေတော့၏ ။ အစိုးရ သည် လောကနီတိ
စည်းမျဉ်းဘောင် တို့မှ (လောကနီတိ သက်သက်၊ ထုံးဘောင် အစဉ်အလာ သက်သက်သာ ဖြစ်သဖြင့်) အဖြေ
ပေးမထားသော (အဖြေပေး လိမ့်မည်လည်း မဟုတ်သော၊ ၄င်း ဓမ္မသတ် တို့သည် ဖော်မြုလာတို့ လည်း
မဟုတ်သော) အခင်းကိစ္စ မှန်သမျှကို ဆုံးဖြတ်ချက် ချပစ်ရမည် ဟု အဓိမာန ဆောင့်ကြွ နေပြီးလျှင်
ဤသို့ ဆုံးဖြတ်ချက် ချဖို့အရေး အတွက် လူထု လူတန်းစား အသီးသီး၏ ကွဲပြားသော လိုအပ်ချက်
တို့တွင် ဘယ်လိုအပ်ချက်က သာသည် ဘယ်လိုအပ်ချက်ကတော့ဖြင့် လျော်သည် ဆိုပြီး စံသတ် ခွဲခြမ်းရန်
ကြိုးပမ်းပါလေ တော့၏ ။
ဆိုပါစို့ ။ အစိုးရ သည် ဝက်ကောင်ရေ
ဘယ်လောက် မွေးရမည်၊ ဘတ်စ်ကား ဘယ်နှစ်ကား ပြေးရမည်၊ ကျောက်မီးသွေး မိုင်း ဘယ်နှစ်မိုင်း
တူးရမည်၊ ဖိနပ်တစ်ရံ ပေါက်ဈေး ဘယ်လောက်နှင့် ရောင်းရမည် ဟု ဆုံးဖြတ်ပါလျှင် ထို ဆုံးဖြတ်ချက်ချသော
လုပ်ရပ်တို့ မည်သည် အစဉ်အလာ လောကနီတိ ထုံးတမ်းစဉ်လာ
(spontaneous order) စည်းမျဉ်း တို့ မှ နေ၍ ဆင့်ပွားလာခြင်း မဟုတ်၊ ငါ့ ဆုံးဖြတ်ချက်သည်
လောကနီတိ စည်းမျဉ်းဘောင်တို့နှင့် သဘော ကိုက်ညီသည် ဟု ညွှန်းဆိုပြစရာ လည်း မရှိ။ ထို
ဆုံးဖြတ်ချက် အနုမာန အယူအဆ တို့သည် ကာလရှည်ကြာစွာ တည်မြဲ နိုင်ရာသော အကြောင်းမည်သည်လည်း
မရှိ။ အဘယ်ကြောင့်နည်း ဟူမူကား ထိုသို့သော ဆုံးဖြတ်ချက်တို့သည် အခြေအနေ အချိန်အခါ တို့
အပေါ် လုံးလုံးလျားလျား မူတည် နေရသောကြောင့် ပေတည်း။ ထိုသို့ ဆုံးဖြတ်ချက် ချပြီဆိုလျှင်
(ထိုဆုံးဖြတ်ချက် မှန်ကန်ဖို့ရန်မှာ) ထွက်ပေါ်လာမည့် အကျိုးအမြတ် အနာတရတို့ကို စံရ ခံရမည့်
ဆိုင်ရာ လူထု လူတန်းစား အသီးသီး၏ အသာ အနာကို ချိန်ခွင်လျှာ ညှိုရမည့် အကြောင်းသည်လည်း
လိုအပ်လာရပေတော့၏ ။ အဆုံးသတ် မတွင်တော့ တစ်စုံတစ်ဦး မှနေ၍ ယူဆထင်မြင်သော ဘယ်အကျိုးအမြတ်
ရလဒ်ကတော့ဖြင့် အရေးကြီးဆုံး ဖြစ်သည်ဟူသော အထင်အမြင်တို့ သည် ဆုံးဖြတ်ချက်ကို ဖြစ်စေတော့၏
။ ထို အထင်အမြင်တို့သည် နိုင်ငံ၏ ဥပဒေ တစ်စိတ်တစ်ပိုင်း ဖြစ်လာပေတော့၏ ။ ဘယ် အကျိုးစီးပွား
ရလဒ်သည် ပထမတန်း ဖြစ်သည်၊ ဘယ် အုပ်စု၏ အကျိုးစီးပွားသည် ထိပ်တန်းဖြစ်သည်၊ ဘယ် အုပ်စု၏ အကျိုးစီးပွားသည်
အောက်တန်းဖြစ်သည် ဟူသော ထိုအယူအဆတို့ကို စောင်းပေး အကောင်အထည်ဖော်ရန်အတွက် အစိုးရ၏
ခြိမ်းခြောက် အကြပ်ကိုင်ပိုင်ခွင့် အာဏာလက်နက်ကို အသုံးချပြီး လူထုကို ထိုအယူအဆတို့
နောက်သို့ အတင်းအကြပ် လိုက်နာစေသော သဘောသည် (ရိုကျိုးရမည့် လောကနီတိ ထုံးတမ်းစဉ်လာကို သူ့အောက်မှာ
ထားသော အစိုးရမင်းတို့ လက်ထက်တွင်) ဤသို့အားဖြင့် ဖြစ်ပေါ် လာရပေသတည်း။
မှတ်ချက်။ ။ ဤ ကျမ်းဂန်အရ
The Rule of Law သည် ဓမ္မစက် (Rule by Natural Law) ကို သာ ဆိုလိုသည်။
ဂျာမန် အတွေးအခေါ် ပညာရှင် အီမန်နွိုင့်ကန့် မှ ပြဆိုခဲ့သော သဘောအတိုင်း legal
rules အားလုံးသည် လည်းကောင်း ၊ မင်း အစိုးရသည်
လည်းကောင်း ထို ဓမ္မစက် (The Rule of Law )
အောက်တွင်သာ ရှိရမည် ဖြစ်ခြင်းကို ညွှန်းဆိုခြင်း ဖြစ်၏ ။ သို့သော် ကန့်မှ ယူဆသည့် နိုင်ငံတော်ဟူသော
လူတို့ စုပေါင်းနေထိုင်မှုတွင် ဘယ်သူတစ်ဦးမှ တရားဥပဒေ အထက်တွင် မရှိစေရ ဆိုသော သဘောသက်သက်ထက်
ဟိုင်းရက်မှ ပိုမိုကျယ်ဝန်းစွာ လောကုတ္တရာ (Metaphysics) ရူဒေါင့်ကို အဓိကထားပြီး ရှေးဦးဆုံးလာ
ဝါရိတ္တ လက္ခဏာ (ဝါ) လောကပါလ သဘော
(Formal Justice) အဖြစ်ဖြင့် ကျမ်းတစ်ခုလုံးတွင် သုံးစွဲသွားပါသည်။
မြန်မာ စစ်အစိုးရမှ
လည်းကောင်း ဒီမိုကရေစီ အင်အားစု တို့မှ လည်းကောင်း The Rule of Law ကို နားလည်မှု လွဲမှား၍
ပြန်ဆိုသော တရားဥပဒေစိုးမိုးရေး ဟူသည် မြန်မာပြည်တွင် စစ်မှန်သော ဒီမိုကရေစီ အစိုးရ
ဖြစ်လာသော်မှ ဥပဒေပြုအမတ်တို့ သဘောတူညီ တတ်သိနားလည်သလောက် ပြဌာန်းသော ဥပဒေတို့သည် မဖွယ်မလျော်
လောကပါလ တရားတို့ကို ဗြောင်တင်း ဆန့်ကျင် နိုင်သည် ဖြစ်ရာသောကြောင့် မှန်ကန်ဆီလျော်သော
ပြန်ဆိုခြင်း မဟုတ်။ စစ်အစိုးရမှ မိမိအကျိုးစီးပွားသက်သက်ကို ဘောမ (arbitrary) ကာကွယ်ရန် ပြဌာန်းသော တရားဥပဒေ စိုးမိုးရေး ဆိုပါက ဆိုဖွယ်ရာ
မရှိ။ ဤတွင် ယနေ့ မြန်မာ စစ်အစိုးရလိုမျိုး အသိခေါင်းပါး အာဏာရှင်တို့မှ လည်းကောင်း
၊ ရုပ်ကြမ်းဝါဒကို အထွတ်ထားသူ (ဥပဒေ အဆောက်အဦတို့သည် အစစ်အမှန် အာဏာပိုင်ဖြစ်သည်ဟု
ယူခြင်း (ဝါ) legal positivism) မသိခေါက်ခက် ဥပဒေ ပညာရှင်တို့မှ လည်းကောင်း တည်ဆဲဥပဒေ
တို့သည်သာ အထွတ်အမြတ်အာဏာဖြစ်သည် မည်သူမှ ဥပဒေအထက်တွင် မရှိစေရ ဟူပြီး သူတို့ကပဲ မှန်မှန်ကန်ကန်
ဥပဒေကို လေးစားသူတို့အဖြစ် ၎င်းတို့၏ ဘောမဘောထန် ဥပဒေတို့ကို ကာကွယ်လိမ့်မည် ဆိုသည်ကို
ဟိုင်းရက်သည် မြင်ထားပြီး ဖြစ်၍ ကန့် မှ ပြောသည့် သဘောထက် ကျယ်ဝန်းသလေက် အရေးကြီးဆုံးလည်း
ဖြစ်သည့် လောကုတ္တရာ ဝါရိတ္တသီလ သဘောကို
ခေါ်ယူပြခြင်း ဖြစ်ပါသည်။ ကန့်က The Rule of Law နှင့် စပ်လျဉ်း၍ ဖွင့်ဆိုပြခဲ့သည်မှာ
“ လူသား၏ လွတ်လပ်ခြင်းဟူသည်မှာ အချင်းလူသားသည် တရားဥပဒေမှလွဲ၍ တခြားမည်သည့် လူတစ်ဦးကိုမှ
လိုက်နာရန် မလိုခြင်း ပေတည်း” ဟု ဖြစ်၏ ။ ကန့်မှ
ပြောသည့် သဘောမှာ ရည်ရွယ်ချက်အားဖြင့် ပြည့်ဝမှန်ကန် ပါသည်။ သို့သော် အခြေခံ နည်းစနစ်အားဖြင့်
အားနည်းချက်ရှိ၍ ယနေ့ မြန်မာစစ်အစိုးရ လိုမျိုး မကောင်းသော စေတနာဖြင့် မောဟတရားပိတ်စီး
အခွင့်ကောင်းယူမည် “တရားဥပဒေ (ဖုံးအုပ်ကွယ်ဝှက်ထားသည့် အဓိပ္ပာယ်မှာ ဥပဒေ= ငါနှင့် ငါ့ လက်ဝေခံများ) စိုးမိုးရေး” ဟူ၍ လုံးထွေးလှည့်စား
မည်ကို ဤ မဟာ ပညာအကျော်ဒေးယျ ဟိုင်းရက်မှ မှန်းဆနိုင်သော ကြောင့် လောကပါလဝါရိတ္တ ဟူ၍
လောကုတ္တရာရူဒေါင့် ပင်မအခြေခံဖြင့် အာဏာရသူ လူတို့၏ မတရားသဖြင့် လုပ်လိုစိတ်ကို တံတိုင်း
အပြီးခတ်ချ ပေသတည်း။
The Rule of
Law ကို အတွေးအခေါ်ပညာရှင် အီမန်နွိုက် ကန့် နှင့် ဂျွန်ရော တို့မှ လူမှု စာချုပ်စနစ်
(contractarian model, social justice)
- ရှေးဦး အကျဆုံးလူတို့သည် စုပေါင်းနေထိုင်ရန် စုဝေးလာကြသော အခါ ပြည့်ဝသော ဆင်ခြင်တုံ
တရား နှင့် တရားမျှတမှုကို အခြေခံ၍ လူသားတို့သည် မည်သည့် တရားလမ်းကြောင်းတို့ကို အရင်းတည်ပြီး
ဆက်လက် အတူတကွနေထိုင် သွားကြမည်ကို ရှေးဦးဆုံး ကာလ (ကမ္ဘာတည်ဦးတွင် မဟာ သမ္ပတမင်းနှင့်
မင်းကို ရွေးချယ်တင်မြှောက်သော ပြည်သူတို့ အားလုံး တစ်စုတစ်ဝေးတည်း သဘောတူညီ ခဲ့သလို)
ကတည်းက ကြိုတင် သဘောတူထားကြလေသော စည်းမျဉ်းတို့
ဖြစ်၏ဟု ယူဆကြပါသည်။ ထို့ကြောင့် အိန္ဒိယ စာပေမှ ဆင်းသက်မွေးစားသော မြန်မာဝေါဟာရ
နီတိ (expected behavior of conventional
standard) သည် သင့်တော်သော ပြန်ဆိုမှု ဖြစ်သည်။ တစ်ဖက်တွင် ပြန်ဆိုသူမှ နေ၍ (ဤကိစ္စတွင်)
ပိုမို ကောင်းမွန်ပြည့်စုံသော အတွေး အခေါ် ဟု ယူဆသည့် စီးပွားရေးတွေးခေါ်ပညာရှင် အဒမ်စမစ်
(Adam Smith) ၏ အမွေခံ ပညာရှင်များ ဖြစ်သည့် ဟိုင်းရက် နှင့် အမားတီးယားဆင်း တို့က
ယူသည့် The Rule of Law ဟူသည် လူတို့ သဘောတူညီထား၍ ချုပ်ဆိုထားသော (လူမှု ဆိုသော ကြီးကျယ်သော စကားလုံးကို သုံး၍)
ဖမ်းချုပ်ထားသော စာချုပ်သဘောသည်ပင် မမည်၊ စင်စစ် ၎င်းသည် လူပီသသော လူတိုင်းက အလိုအလျောက် အသိစိတ်ဖြင့် လက်ခံလုပ်ဆောင်မှု သဘော
သက်သက် သာတည်း (Rule/Liberty of Conscience)။ ထို့ကြောင့် လောကပါလ ဓမ္မစက်၏ စိုးမိုးမှု
ဟု လည်း မချွတ်မယွင်း တိကျစွာ မြန်မာဘာသာသို့ လဲလှယ် ပြန်ဆိုပါသည် ။
အကျဉ်းအားဖြင့်
“The Rule of Law ဟူသည် ဓမ္မစက် သာတည်း။ ဓမ္မစက် ဟူသည် နီတိသာတည်း။ နီတိဟူသည် လူပီသသော
လူတိုင်း၏ နှစ်ခြိုက်လေးစားရာ သုံးစွဲဖွယ်ရာ လောကပါလ တရားတို့သာတည်း” ။ လောကပါလတရားတို့
ထွန်းကားခြင်း မည်သည် မင်းအစိုးရတို့က သူတို့ စိတ်ထင်ရာ တရားဥပဒေတို့ကို စိုးမိုးစေရန်
အာဏာသုံး အကြပ်ကိုင် လုပ်ကိုင်ခွင့်ကို ထိန်းချုပ်ဘောင်ခတ် ထားရန် ထွန်းကားရခြင်း ပေတည်း”
ဟူ၍ ခက်ခဲသလောက် မှန်ကန်သော အနက်ကို စာဖတ်ပရိသတ်တို့ ဤသို့ လွယ်လင့်တကူ သိမှတ် နိုင်ပါသည်
။ အပရိဟာ နိယ တရားခုနှစ်ပါးတွင် ပြည့်ရှင်မင်းသည် ထုံးတမ်းစဉ်လာ တွင် မရှိသော
ဥပဒတို့ကို မပြဌာန်းရခြင်း ဟူ၍ ဗုဒ္ဓမှ ညွှန်ပြခဲ့သည်မှာ ဤ တစ်သဘောတည်း သာတည်း။
သူ့ဝါဒကို ခုခံရာတွင် ဟိုင်းရက်သည် မကြာခဏဆိုသလို ထုံးတမ်းစဉ်လာ (ဝါ) အလိုအလျောက် ဖြစ်စဉ် (spontaneous
order) ကို ကျောရိုးပြုထားပြီး ခုခံသည်ကို တွေ့ရမည် ဖြစ်သည်။ ဤ၌ ထုံးတမ်းစဉ်လာ ဟူသည်မှာ
မြန်မာ စစ်အစိုးရက အလှပြ ဖန်တီးသော တောင်ရှည်ပုဆိုး ခေါင်းပေါင်း ဗန္ဓုလ ဦးထုပ်နှင့်
မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ ကို ဆိုလိုသည် မဟုတ်။ ထုံးတမ်းစဉ်လာ ဟူသည်မှာ ဆင်ခြင်တုံ
တရားနှင့် မျှတမှုကို လိုလားသူ လူသားတိုင်းက နှစ်ခြိုက် သဘောတူညီ ထားပြီး ဖြစ်သော လောက
အဝှမ်း ထွန်းကားလိုက်နာ စေလိုသော မလွန်ကျုး
မဝင်ရောက် မစွက်ဖက် မဖန်တီး စေလိုသော ဝါရိတ္တကိုယ်ကျင့် အပြုအမူပေတည်း (မြန်မာပြည်တွင်
လက်တွေ့ သိမြင်နိုင်သော လွန်ကျုးမှု ဖန်တီးမှု ဥပမေယျများမှာ သူ့ ပစ္စည်းကို သိမ်းယူခြင်း၊
လွှတ်တော်အတု၊ အမတ်အတု တို့ ဖြင့် ပြည်သူလူထုနှင့် တကွ တကမ္ဘာလုံးကိုပါ လိမ်ညာ ယုံကြည်စေခြင်း
စသဖြင့်)။ သူ့သဘော အလျောက် သူ့ ကြမ္ပာသူ အကြွင်းမဲ့ လွတ်လပ်စွာ ဖန်တီး၍ ဖြစ်ထွန်းသော
လူမှုဖြစ်စဉ် (ဝါ) အလိုအလျောက်ဖြစ်စဉ် ဟူသည် ထုံးတမ်းစဉ်လာ ပေတည်း။ မြန်မာ စစ်အစိုးရမှ
ဖိနှိပ်ချုပ်ချယ်မှုကို သွယ်ဝှက်သော နည်းဖြင့် လုပ်ဆောင်သည့် မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများ
ထိန်းသိမ်းရေး ဆိုသည်မှာ ငါ့ထုံး ငါသခင်ထုံး ငါ့သခင်ထုံး ငါ့ကျွန်ထုံး တို့ကို အတင်းကလာ
ထုံးတမ်းစဉ်လာ လုပ်ပြီး တကယ့်စစ်မှန် မွန်မြတ်သော ထုံးတမ်းစဉ်လာကို အိုးမဲသုတ်နေခြင်းသာတည်း။
တကယ့် ထုံးတမ်းစဉ်လာသည် ထိန်းသိမ်းခံရသော သဘောမည်သည် မရှိ။ နှစ်လို သုံးစွဲဖွယ်ရာသော သဘော
(ဝါ) သူ့သဘော အလျောက် သူ့အသိတရားနှင့် လုပ်ဆောင်ခြင်းသည် သာလျှင်ရှိ၏ (voluntary will) ။ ယဉ်ကျေးမှုဟူသည် ဆင်ခြင်တုံတရား၏
လွတ်လပ်ပွင့်လင်းမှု နှင့် အတူ အလိုအလျောက် လေ့လာသင်ယူ တည်ဆောက်လာသော အလိုအလျောက်ဖြစ်စဉ်သာ ဖြစ်၏ ။
စင်စစ် မြန်မာ့ယဉ်ကျေးမှု ဟူ၍လည်း
လောကတွင် သီးသန့်မရှိ။ ယဉ်ကျေးသော လူ (ယဉ်ကျေးသော မြန်မာ)တို့၏ အမှန်တကယ် ယဉ်ကျေးသော
အပြုအမူ တို့သာရှိ၏ ။ လူတို့သည် ယဉ်ကျေးစွာ တွေးခေါ်ကြံစည် ပြောဆိုပြုမူ ခြင်း အားဖြင့်သာ
ယဉ်ကျေးသော သူတို့ ဖြစ်လာကုန်၏ ။ မြန်မာ အစိုးရမိုက် အစိုးရလိမ်က အယုံကြည် ကြုံးသွင်းသော
ယဉ်ကျေးမှုကို ရိုသေကျိုးနွံ ရ၍ ယဉ်ကျေးသူတို့ ဖြစ်လာသည် မဟုတ်(ယဉ်ကျေးမှုဟူသည် “သုံးစွဲရန်”
ဖြစ်၏)။ တောင်ရှည်ပုဆိုး ခေါင်းပေါင်း ဝတ်၍ မတော်မတရား လိမ်ညာနေသည်မှာ လူ့ယဉ်ကျေးမှုလည်း
မဟုတ်။ မြန်မာ့ ယဉ်ကျေးမှုလည်း မမည်။ ပြဿဒ်ဖျားတွင် ကျီးကန်းနား၍ ‘ မြန်မာ မြန်မာ’ လို့
အော်မြည်နေခြင်းသာတည်း။
တို့များ သုံးစွဲသော
ထုံးတမ်းစဉ်လာ ဓမ္မစက် ဥပဒေ (ဝါ) တရားမျှတမှု နှင့် အများအမြောင် ရေးသားဖော်ပြထားသော
တရားဥပဒေတို့သည် တိတိကျကျ ခွဲခြားရန် လက်တွေ့တွင် အခက်ခဲဆုံးပါတည်း။ သို့ရာတွင် ပါဝင်သော
ယျေဘုယျသဘောတရားမှာကား လုံလောက်စွာ ရိုးရှင်းပါသတည်း။ ဤ ဥပဒေ နှစ်မျိုး၏ ခြားနားမှုဟူသည်
အဝေးပြေးလမ်းမကြီးပေါ်တွင် ကြိုတင် လမ်းစည်းကမ်း သတ်မှတ်ထားမှု နှင့် လူတွေကို ဘယ်ကိုသွား
ဒါမှမဟုတ်လည်း နင်ကြပ်ကြပ် အဲသည်မှာ ရပ်နေစမ်း ဟု အမိန့်ပေးမှုတို့၏ ခြားနားသလို ပါတည်း။
ယာဉ်သွားလမ်းတို့တွင် လမ်းညွှန်ဆိုင်းဘုတ်များ နှင့် ကြိုအသိပေးထားခြင်း နှင့် ဘယ်လမ်းကိုမှ
နင်သွားရမည်ဟု အမိန့်ပေးမှုတို့ ခြားနားပုံဖြင့် သိသာစေပါ၏ ။ ထုံးတမ်းစဉ်လာ နီတိစည်းမျဉ်းတို့
သည် လူတို့အား နိုင်ငံ (လူအစုအပေါင်း) သည် မည်သို့သော အခြေအနေမျိုးတို့တွင် မည်သို့
အရေးယူ ဆောင်ရွက် လိမ့်မည်ကို ကြိုပြောထား၏ ။ သူတို့က ကြိုပြောထားခြင်း မည်သည် မည်သည့်
နေရာ မည်သည့် အချိန် မည်သည့် သီးသန့် ပုဂ္ဂိုလ်တို့အတွက် ဟူ၍ ကန့်သတ် ရည်ညွှန်းရိုးမရှိဘဲ
ယျေဘုယျ ဝေါဟာရတို့ နှင့်သာလျှင် ပြောဆိုညွှန်ပြ ပါသတည်း။ သူတို့တတွေသည်
မည်သူမဆို လာရောက်ပါဝင် နိုင်သော ဧဟိပဿိက
ဘုံအခြေအနေတို့ကို ညွှန်းဆိုပြီး ထို ဧဟိပဿိ ဘုံအခြေအနေတို့တွင် ထုံးတမ်းစဉ်လာ နီတိစည်းမျဉ်းတို့ကို
လူအသီးသီးသည် မိမိကိုယ်ပိုင် ဘဝချင်းရာ ကိစ္စတို့ အတွက် အသုံးချ နိုင်စေရာသော ရင်သတ်ရူမော
စဖွယ် ပစ္စတံ ဝေဒိတဗ္ဗ (ကိုယ်စီကိုယ်ဌ နည်းအသွယ်သွယ် ဖြင့် ထွင်းဖောက်နိုင်ရာသော
တရားဖြစ်၏) ကွဲပြားသလောက် စုံလင်မှု ကို ညွန်းဆိုလျက်ရှိ၏ ။ နိုင်ငံသည် ဤသို့သော
အခြေအနေမျိုးတွင် ဤသို့ အရေးယူဆောင်ရွက် လိမ့်မည်ဟူသော အသိသုတသည် လူ (အားလုံး) တို့အား
သေချာ တည်တံ့သော အပြုအမူ တစ်မျိုး (သီလ သမာဓိ) ကို ဖြစ်ပေါ်လာစေရန် တောင်းဆိုထားပါ၏
။ ထိုသို့ တောင်းဆိုခြင်းသည် စင်စစ် လူတို့သည် သူတို့ ကိုယ်စီကိုယ်ဌ သူ့လမ်းသူဖောက်ရာတွင်
စိန်ကျောက်ပမာ စူးဆောက်ပမာ သုံးစွဲရန် ရည်ရွယ်ရင်း သာတည်း။ ဤသို့အားဖြင့် ထုံးတမ်းစဉ်လာ
နီတိမှ သက်ဆင်းသော စည်းမျဉ်းတို့သည် စင်စစ်အားဖြင့် သုံးစွဲရန် ကိရိယာ တို့သာ ဖြစ်ကြကုန်သည်။
ယင်းကိရိယာတို့၏ အာရုံတွင် ထင်စေသော လက္ခဏာမှာ တို့များ ကြားပင် မကြားဘူးသေးသော လူများအတွက်လည်း
သူတို့ အရေးကိစ္စအတွက် သုံးစွဲဖို့ လိုလားပါက သုံးစွဲဖို့ အတွက် ပါတည်း။ ငါတို့ ရှေ့ကို
အသေးစိတ် မမြင်မဆနိုင်သော အခြေအနေတို့ အတွက် အသုံးတည့်ရန် အတွက်ပါတည်း။ အမှန်တကယ်မတော့
တို့များသည် သူတို့ (ထုံးတမ်း) သည် မည်သို့သော ကွဲကွဲပြားပြား ရလဒ်မျိုးကို ရစေအပ်သည်ဟု
မသိကုန်။ သူတို့သည် မည်သည့် သီးသန့်ဖြစ်သော ပန်းတိုင်တို့ ဆီသို့ ထပ်မံဦးတည်၍ သွားနေသည်
ဟူ၍ လည်း မသိနိုင်။ လူ့ဘောင်၏ မည်သည့် အစိတ်အပိုင်းက လူတို့ကို ကူညီပေး သွားလိမ့်မည်ဟုလည်း
မသိအပ်။ နီတိထုံးတမ်းကို မြတ်နိုးကျင့်ကြံသူ ခပ်သိမ်းသောတို့၏ အကျိုးကျေးဇူး ဖြစ်ထွန်းစေခြင်းဌာ
ရည်ရွယ်ရင်းဖြင့် မစွက်မပယ် ရိုးရိုးကြီး ချပေးလိုက်သော ပုံစံသည် ဓမ္မစက် ဥပဒေ၏ ပဓာန
လက္ခဏာသာတည်း။ ဓမ္မစက်တို့ မည်သည် မည်သည့် ပန်းတိုင်များ၊ မည်သည့် သီးသန့်လူစားများ အတွက်ဟူ၍
အသေးစိတ် တော်ကောက် ရွေးချယ်မှု မည်သည် မရှိ။ ထိုကဲ့သို့ ဖြစ်ရကြောင်းကား ရိုးပါ၏ ။
ဓမ္မစက်၏ သဘောကိုယ်သည် လူ့ဘောင်ဖြစ်စဉ် အားလုံး၏ ရှေ့ကလာသော သဘော မည်သည် ရှိ၏။ ထို့ကြောင့်လည်း
ယင်းဓမ္မစက်ကို ဘယ်သူဘယ်ဝါတွေက လည်းကောင်း၊ ဘယ်သို့သော နည်းလမ်းဖြင့်လည်းကောင်း သုံးစွဲလိမ့်မည်ဟု
ငါတို့သည် ကြိုပြီး မသိနိုင်။
မှတ်ချက်။ ။ ဥပမာအားဖြင့် ပညာ ဟူ၍
နူတ်ပယ်ခြင်း မွမ်းမံခြင်း မရှိဘဲ ပြောသော သဘောသည် ဓမ္မစက် သဘောဖြစ်၏ ။ သုတ္တန်ပညာ ဝိနည်းပညာဟု
အဘိဓမ္မာ ပညာ ဟူ၍ နူတ်ပယ်၍ ပြောသော သဘောသည် ဓမ္မစက် မမည်။ မြတ်သော ပညာ၊ ယုတ်သော ပညာ ၊
အလယ်အလတ် ဖြစ်သော ပညာ ဟူ၍ မွမ်းမံပြီး ပြောသော သဘောသည် ဓမ္မစက် မမည်။ လူ့ဘောင်ဖြစ်စဉ်
အားလုံး၏ ရှေ့မှကြို၍လာသော ဓမ္မစက်၏
သဘောသည် မည်သည့်ဝိသေသမှ မပါသော ပညာ အသိ
ထွန်းကားဖို့ကို ရည်ရွယ်၍ ပြောမည်ဖြစ်ပြီး ဘယ်ပညာထွန်းကားဖို့ သူ သီးသန့် ရည်ရွယ်သည်
ဟူ၍ ပြောမည်မဟုတ်။ အဘိဓမ္မာ ပညာ အတွက်မှ၊ အထွတ်အမြတ်
ဖြစ်သော ပညာ အတွက်မှ ဟူသော သတ်မှတ်မှု ရည်ရွယ်ချက်ကို ဖြစ်စေလျှင် ဓမ္မစက်၏ လက္ခဏာ မမည်။
ထို့ကြောင့်လည်း စစ်တပ်အတွက် စစ်ပညာ ထွန်းကားရေး
အတွက် ဟူသော ပဓာနရည်ရွယ်ချက်ကို ဖော်ပြသော မြန်မာစစ်တပ်၏ သူ့အကျိုးကို အခြားသူ အားလုံးထက်
(ဘောင်ကျော်၍) ရှေ့တန်းတင်ရန် ကြံစည် ပြဌာန်းသော ယနေ့ မြန်မာပြည် အခြေခံ ဥပဒေသည် ရှေ့မှ ကြို၍လာသော သဘော မရှိ ။ ရှေ့မှ ကြို၍ လာသော သဘောမရှိလျှင် အခြေခံ မဟုတ်
၊ အခြေခံ ဥပဒေ ဟူ၍ မခေါ်ဆိုနိုင်။ အခြေခံသဘော ဘယ်လိုနည်းနှင့်မှ မဟုတ်သော လက်ရှိ
မြန်မာပြည် အခြေခံဥပဒေ သည် ပြည်သူလူထု တစ်ရပ်လုံး သုံးစွဲနိုင်သဖြင့် မြတ်နိုးတနာ ပြုရာသော
တကယ့်
ရှေးထုံးစဉ်လာ ရှေ့မှကြိုလာသော အခြေခံဥပဒေ နှင့် တန်းမညီ နိုင် ၊ စစ်တပ် ဟူသော
သီးသန့် အစိတ်အပိုင်း လူအုပ်စု တစ်စိတ်တစ်ပိုင်း တည်မြဲစွာ ဝပြောသာယာရေး နှင့် စိုးမိုးဗိုလ်ကျနိုင်ရေးကို
ပဓာနပြု ရေးသက်သက် ယုတ်နိမ့်သော အဆင့်အတန်း မျှသာတည်း။ ထိုကြောင့် ယင်း အခြေခံမဟုတ်ဘဲ အခြေခံဟု အတင်းအကြပ် ခေါ်ဝေါ်စေသော
ဥပဒေ ကို ပဓာနပြု၍ အာဏာစွဲကိုင်ထားသော
အစိုးရ သည် တရားဝင် အစိုးရ မည်သည် မဖြစ် ။
တကယ့် အခြေခံ(ထုံးတမ်းစဉ်လာ) ဖြင့် (ပြည်သူ့လက်မှ) အပ်နှင်းခံရသော ထုံးတမ်းစဉ်လာ
အာဏာမျိုး သည် ထိုသို့သော အစိုးရတန်းစားတွင် မရှိနိုင်ပါသတည်း။
ငါတို့ခေတ်တွင် အရာရာကို နားလည်သိမြင်ပြီး ပိုင်နိုင်အုပ်ထိန်းလိုသော
ခေတ်၏ ဝိဥာဉ် စေ့ဆော်စိတ်သည် လွှမ်းမိုးလာရကား အဘယ်ရလဒ် ထွက်ပေါ်လာလိမ့်မည်ကို အသိ နည်းပါးချို့ငဲ့နေသော
စနစ်တစ်ခုသည် နိုင်ငံတော်မှ အရေးယူ ဆောင်ရွက်သဖြင့် တိကျသေချာသော ရလဒ်တို့ကို ထွက်ပေါ်စေသည့်
စနစ်မျိုးထက် သာလွန်သော သိက္ခာ အရည်အသွေးရှိသည်ဟု ဆိုခြင်းသည် ဖြစ်နိုင်စရာရှိပုံ မပေါ်ပါ။
ထို အသိချို့ငဲ့ရှာသော စနစ်မျိုးထက် လူ့ဘောင် တစ်ခုလုံးကို ထိန်းချုပ်ကွပ်ကဲ၍ တိကျသော
ရလဒ်တို့ကို ထွက်ပေါ်စေမည့် မဟာ စနစ်တစ်ခု မည်သည် သာလိမ့်မည်သာတည်း။ စင်စစ် ဤသို့ (တစ်ခုလုံးကို
ထိန်းချုပ်ကွပ်ကဲဖို့ လိုသည်ဟု) ထင်မြင်ယူဆ လာခြင်းသည်ပင် လစ်ဘရယ် ဝါဒမြတ်၏ အခြေခံ
ဓမ္မသတ် ဖြစ်သော လောကပါလ တရား (the rule of law) ၏ ခိုင်ခံ့စွာ ရပ်တည် (ခုခံရ) ကြောင်းပါတည်း
။ ပုံမှန် စဉ်းစားမိသော သဘောနှင့် ဘဝင်မကျဖွယ်ဖြစ်နေသော ဤအဖြေသည် တို့များမှ ဝါဒကို
အတန်ငယ်မျှ ဆက်လက် ငြင်းခုံ သော အခါတွင် ကျေနပ်ဖွယ် ဖြစ်လာပါအံ့။
ဤ ငြင်းခုံမှုသည် စစ်မျက်နှာ နှစ်ခု ဖွင့်ရပါလိမ့်မည်။
ပထမ စစ်မျက်နှာသည်ကား ဘောဂစီးပွား ဖက်တွင်ဖြစ်၍ ဤ နေရာတွင် အကျဉ်းမျှသာ ဖော်ပြနိုင်ပါသည်။
နိုင်ငံတော်ဟူသည် ယျေဘုယျ အခြေအနေတို့နှင့်သာ
အကြုံးဝင်သည့် ဥပဒေ စည်းမျဉ်းတို့ ချမှတ်ရန် အတွက်သာလျှင် မိမိကိုယ်ကို ကန့်သတ်ထားသင့်ပြီး
ကာလ ဒေသ ပယောဂ တို့ အပေါ် မှီတည်နေသော (ကွဲပြားသည့်) ဝန်းကျင်တို့အတွက် လူတစ်ဦးချင်းကို
သူတို့ဘာသာ လွတ်လပ်စွာ စီမံဆောင်ရွက်ခွင့်ကို ပေးရာ၏ ။ အဘယ်ကြောင့်နည်းဟူမူ လူတစ်ဦးချင်းစီ
သည်သာလျှင် ကိုယ်နှင့် ဆိုင်ရာဆိုင်ရာ ဝန်းကျင်တို့ကို အပြည့်အဝ သိနိုင်ပြီး ထို သက်ဆိုင်ရာ
အခြေအနေတို့နှင့် သဟဇာတ ဖြစ်အောင် ပြောင်းလဲနေထိုင် နိုင်သောကြောင့် ပေတည်း။ အကယ်၍
လူတစ်ဦးချင်းစီသည် ကိုယ်စီကိုယ်ဌ သူတို့၏ အသိတရားကို ထိရောက်သော လုပ်ဆောင်စီမံချက်
တို့ကို ချမှတ်ရန် အသုံးချဖို့ ဆိုပါလျှင် သူတို့သည် နိုင်ငံတော်ကနေ၍ သူတို့၏ စီမံချက်တို့ကို
ဘယ်ပုံဘယ်နည်းနှင့် အခြေအနေသက်ရောက် လာလိမ့်အံ့သော အကြောင်းကို သူတို့သည် ကြိုတင်ခန့်မှန်း
နိုင်ရပါလိမ့်မည်။ သို့ရာတွင် နိုင်ငံတော်မှနေပြီး အရေးယူဆောင်ရွက်နိုင်သော အခြေအနေတို့ကို
ထိုကဲ့သို့ ကြိုတင် ခန့်မှန်းနိုင်ဖို့ ဆိုပါက ထို နိုင်ငံတော်၏ အရေးယူဆောင်ရွက်ချက်တို့သည်
သီးသန့်ကွဲပြားသော အခြေအနေတို့ ပေါ် မူတည် အခြေခံမထားသော၊ ယင်း အခြေအနေတို့ကို ကြိုတင်၍လည်း
မြင်မထားသော၊ ကြိုတင်၍လည်း ထည့်သွင်းမစဉ်းစား ထားသော တရားသေ စည်းမျဉ်းတို့ နှင့်သာ
အခြေခံပြီး ဆုံးဖြတ် ဖြစ်ပေါ်ရပါမည်။ တစ်ဖက်တွင် နိုင်ငံတော်သည် လူတစ်ဦးချင်းစီ၏ ဆောင်ရွက်မှုကို
သီးသန့်ကွဲပြားသော လမ်းဆုံးပန်းတိုင်တို့သို့ ဦးတည်မောင်းနှင် လိုပါလျှင် ၄င်း၏ အရေးယူဆောင်ရွက်ချက်သည်
လက်ရှိ (အဆက်မပြတ် ရွှေ့လျားနေသော) ကာလ ဒေသ ပယောဂ အားလုံး ပေါ်မှာ မူတည် အခြေခံတော့မှာ
ဖြစ်ရကား သူ၏ ဆောင်ရွက်ချက်မှာ ခန့်မှန်း၍ မရနိုင်တော့သတတ်။ ဤသို့ ဖြစ်ပေ၍လည်း အကျွမ်းတဝင်
ဖြစ်ပြီးသား အချက်ဖြစ်သည့် နိုင်ငံတော်က ဝင်”ရူပ်”လေလေ တို့တစ်ဦးချင်း ပြည်သူတို့မှာ
ကိုယ်စီကိုယ်ဌ စီမံဆောင်ရွက်နိုင်ဖို့ ပိုခက်လာလေလေ ဆိုသော အချက်သည် ဖြစ်ပေါ်လာရပေသတည်း။
ဒုတိယ စစ်မျက်နှာသည်ကား
သူတော်ကောင်း သီလသမာ သိက္ခာဆိုသည့် ဖက်တွင်ဖြစ်၍ ဤ စစ်မျက်နှာသည် လက်ရှိ ဆွေးနွေးနေသော
အခင်းနှင့် ပိုတောင်မှ သင့်တော်သော အခန်းကဏ္ဍ ဖြစ်ပါသည်။ အကယ်၍ နိုင်ငံတော်သည် မိမိ ဆောင်ရွက်မည့်
ကိစ္စတို့၏ တာသွားမှုကို ပြတ်သားစွာ ကြိုတင်သိမြင်ထားသည် ဟု ဆိုပါလျှင် ၄င်းသည် ထိုတာသွားမှုကို
ခံရမည့်သူတို့ အတွက် တခြား ရွေးချယ်ဖို့ မရှိ ဆိုသည့် သဘောကို (ပြတ်သားစွာ မျက်ကွယ်ပြုသည့်
သဘော) ဆောင်ပါသည်။ တစ်ခြားရွေးချယ်ဖွယ်လမ်းတို့တွင် ကိုယ်စီကိုယ်ဌ လျှောက်လမ်းနေသူ
လူအသကတို့ အပေါ် တာသွားစေမည့် အကျိုးသက်ရောက်မှု တို့ကို နိုင်ငံတော်မှ နေ၍ တိကျပြတ်သားစွာ ကြိုတင်သိမြင်ထားသော
နေရာတိုင်းမှာ ထို နိုင်ငံတော်သည် လူတွေ၏ ကွဲပြားသော ကြမ္ပာ ပန်းတိုင်လမ်းဆုံးတို့ကို
(ဒါသာလျှင် နင့်ပန်းတိုင် ဖြစ်ရမယ် ဟူပြီး အပြီးသတ်) ရွေးချယ်ပေးသူ ဖြစ်လာသတတ်။ အကယ်၍
ကျွန်ုပ်တို့သည် လူအားလုံးအတွက် အခွင့်အလမ်းသစ်တို့ကို ဖန်တီးပေးချင်သည် ဆိုပါက၊ ပေါ်ထွန်းလာသော
အခွင့်အရေးတို့ကို အမှီပြု၍ လူတို့သည် သူတို့ သန်ရာသန်ရာ ကိုယ်စီကိုယ်ဌ တက်လမ်းကို
ရှာဖွေနိုင်စေလိုသည် ဆိုပါက အခွင့်အလမ်းကို ဦးဆောင် ဖော်ထုတ်သူ မည်သည် သူမှနေ၍ ဖော်ထုတ်လိုက်သည့်
အခွင့်အလမ်းတို့၏ ပြတ်သားတိကျသော ရလဒ်တို့ကို ကြိုမြင်ထားခြင်း မရှိစေရ။ ဤသည်မှာ ရောယှက်မှု မရှိ ဖြုစင်သည့် (အထွတ်)
ဓမ္မစက် လောကပါလ ဥပဒေတော် ၏ သဘော နှင့် ဆိုင်ရာဆိုင်ရာ အသေးစိတ်ပြဌာန်းသော “ချိန်ကိုက်လုပ်”
ဥပဒေတို့နှင့် ပြန်တမ်းထုတ် အာဏာတည်စေသော အမိန့် တို့၏ သဘောကွာခြားမှု ပေတည်း။ လောကပါလဓမ္မစက်
ကို လိုက်နာပြဌာန်းသော ဥပဒေမြတ် ဟူသည် မည်သည့် လူတန်းစား လူအုပ်စုတို့၏ ပန်းတိုင်ကြမ္ပာတို့ကို
၎င်းမှနေ၍ သီးသန့်တိကျစွာ ပိုင်းခြားသက်ရောက်ပါမည့်
အကြောင်းကို အသေးစိတ် ကြိုမြင်ထားခြင်းဟူသည် မရှိရေးချ မရှိစေရ။ (ထိုသို့ ကြိုမမြင်ထားသော)
ဤသဘော လက္ခဏာ သူထီး တစ်ခုတည်း ဖြင့်သာလျှင် ဥပဒေပြုသူ တစ်ဦးသည် ဘက်လိုက်မှု မရှိသည့်
အကြောင်းကို အာမဘန္တေဝန်ခံနိုင်ပါသည်။
ဘက်လိုက်မှု
မရှိခြင်း မည်သည် တချို့သော မေးခွန်းများအတွက် အဖြေ မရှိခြင်းပေတည်း။ ထို တချို့သော
မေးခွန်းများဟူသည် ငါတို့ ခေါင်းပန်းလှန်၍ (ကံသက်သက်ကို အရင်းခံပြီး) ဆုံးဖြတ်ရသည့်
မေးခွန်းမျိုးပေတည်း။ လောကကြီးတွင် အရာရာသည် တိတိကျကျ ရှေ့မှ ကြိုတင်သိမြင် ထားပါလျှင်
နိုင်ငံတော်ဟူသည် မိမိ စီမံဆောင်ရွက်သော ကိစ္စတို့တွင် ဘက်မလိုက်ဘဲ နေနိုင်သေးသည် ဆိုသည်မှာ
မဖြစ်တန်ရာ ခဲယဉ်းလွန်းပါ၏ ။ အစိုးရ၏ မူဝါဒ မှနေ၍ သီးသန့် လူအုပ်စု လူတန်းစားတို့ အပေါ်
သက်ရောက်မည့် တိကျသေချာသော ရလဒ်တို့ကို သိမြင်ထားသည့် နေရာမျိုး နှင့် အစိုးရမှ နေ၍
ထိုသို့ တိကျသေချာသော ရလဒ်တို့ ထွက်ပေါ်လာစေရန် ပြောင်ပြောင်တင်းတင်း ရည်ရွယ်ချက်ထားရှိသည့်
နေရာမျိုးတို့တွင် အစိုးရသည် ထိုရလဒ်တို့ကို ကြိုမသိထားဘဲ မနေနိုင်။ ထို့ကြောင့် ထိုအစိုးရ
သည် မျက်နှာမလိုက် တရားမျှတစွာ စီမံ အုပ်ချုပ်သည် ဆိုသော အချက်သည် မဖြစ်နိုင်။ ထိုကြောင့်
၎င်းသည် ကာလ ဒေသ ပယောဂ ၏ လိုအပ်ချက်တို့ကို သူ့အမြင်ဖြင့် ဘက်တစ်ခုခုကို ပစားလိုက် ပါလိမ့်မည်။
လူတွေအပေါ် သူမြင်သလို တန်ဖိုးဖြတ်မှုကို အတင်းအကြပ် လက်ခံခိုင်း ပါလိမ့်မည်။ လူတွေ သူတို့
ကိုယ်ပိုင် ကြမ္ပာ ပန်းတိုင်ကို သူတို့ဘာသာ တိုးတက်ရှာဖွေတာကို သူက အထောက်အကူ ပြုပေးရမည့်
အစား သူကနေပြီး လူတွေအတွက် ကြမ္ပာပန်းတိုင်ဆိုတာ ဒါပဲဖြစ်ရမယ် ဆိုပြီး ရွေးချယ်ပေးပါလိမ့်မည်။
ဥပဒေတစ်ခုကို ပြုလုပ်နေသည့် တစ်ပြိုင်နက်မှာပင် ထိုဥပဒေ၏ သီးသန့် အကျိုးသက်ရောက်မှုတို့ကို
သိမြင်သည် ဟု ဆိုလိုက်သည်နှင့် ထိုဥပဒေသည် ပြည်သူလူထု၏ သုံးစွဲဖွယ် သက်သက် ကိရိယာ မဟုတ်နိုင်တော့ဘဲ
ဥပဒေပြုသူမှနေ၍ ၄င်း၏ ကြမ္ပာပန်းတိုင်အတွက် လူထုအပေါ် ဖိအားပေးသော တန်ဆာခံစေသော သူ သုံးစွဲသည့်
လက်နက်ကိရိယာ ဖြစ်လာပါတော့သည်။ နိုင်ငံတော်ဟူသည် လူတစ်ဦးချင်းစီကို သူတို့ ဆိုင်ရာ
ပုဂ္ဂလအသွင်အပြင် တို့ဖြင့် အပြည့်ဝဆုံး တိုးတက် လာစေရန် ရည်ရွယ်တည်ထောင်ထားသဖြင့် စင်စစ်တော့
အများသူငါ ဝိုင်းဝန်းသုံးစွဲ နိုင်ကြသည့် စက်ယန္တရား၏ အစိတ်အပိုင်း မျှသာ ဖြစ်သည် ဆိုသော သဘောမှ နေ၍ ၄င်းသည် “သီလမြတ်ချုပ်” ဂိုဏ်းကြီး ဖြစ်လာ
ပါလိမ့်မည်။ ဤနေရာတွင် ၎င်းနိုင်ငံတော်က သီလမြတ်ကြီး ဖြစ်သဖြင့် ချုပ်ထားရသည်ဆိုသော သီလသည်
ဒုသီလနှင့် ခြားနားဆန့်ကျင်၍ သုံးစွဲသည် မဟုတ်။ ယင်းသည် အထွတ်အချုပ် ဂိုဏ်းကြီးမှ နေ၍
ချုပ်ထားသော အဖွဲ့ဝင် သတ္တဝါဝေနေယျ တို့ အပေါ် ယင်း၏ သီလသိက္ခာမှန်သမျှကို
စောကြောထားပြီး ဖြစ်သည့် စံအဆင့်ကြီး တို့ကို ထိုစံအဆင့်ကြီးတို့သည် သီလအရည်အသွေး တကယ်ရှိသည်ဖြစ်စေ
မြင့်မြင့်မားမား ရှိနေသည် ဖြစ်စေအုံး အတင်းအကြပ် လိုက်နာစေခြင်းသာ ဖြစ်သည်။ ဤသဘောကို
ယူ၍ သာကီနာဇီများ (ဝါ) လူ့အုပ်စု လူ့အဖွဲ့ အစုအပေါင်းသာလျှင် ပဓာန အကျဆုံး
ဝါဒသမားတို့သာ ကျက်သရေ သိက္ခာ ရှိသူများဖြစ်၍ လစ်ဘရယ် သမားတို့သည် ကျက်သရေမဲ့သူများဟု
သတ်မှတ်ခြင်းသည် ဖြစ်ပေါ်လာရပေသည်။
သည်လိုလည်း
ပြောလာကောင်းပါသည်။ ရှေ့ကဆိုခဲ့သော သဘောတို့မှာ သည်းနေရမည့် ပြဿနာ မဟုတ်။ အဘယ်ကြောင့်ဆိုသော်
စီးပွားရေးကဏ္ဍကို စီမံကိန်းချမှတ်သူ (သူတော်ကောင်း) သည် မိမိ၏ ဘက်လိုက်မှုတို့၏ ခေါ်ဆောင်သွားရာကို
မခံရဖို့ လိုအပ်သလို မခံရသင့်ဖို့ လိုသည့်အတိုင်း စီမံကိန်းကို ရေးဆွဲချမှတ်နိုင် ပါသည်။
မည်သည်က မျှတသည်၊ မည်သည်က ဆင်ခြေလုံလောက်သည် ဆိုသော ယျေဘုယျ ပဋိညဉ် အသိတို့ပေါ်မှာပဲ
မှီတည်ပြီး ထိုသူတော်ကောင်းသည် စဉ်းစားစီမံနိုင်လောက် ပါသည်။ ဤသို့ တုံ့ပြန်ငြင်းခုံမှုသည်
သီးသန့် စီးပွားရေးလုပ်ငန်းကြီး တစ်ခုခုတွင် စီမံကိန်း ရေးဆွဲချမှတ်ဖူးသည့် အတွေ့အကြုံရှိသူ
တို့၏ ထောက်ခံမှုမျိုးကို ရတတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သီးသန့် စီးပွားရေးလုပ်ငန်း
တစ်ခုခုတွင် ပတ်သက်ရာ ပုဂ္ဂိုလ်အားလုံးတို့ တစ်ခါတည်းနဲ့ မျှတပါပေသည်ဟု လက်ခံနိုင်လောက်သော
စီမံကိန်းမျိုးကို ရေးဆွဲခြင်းမျိုးဆိုသည်မှာ ဘယ်လိုမှမဖြစ်နိုင်လောက်အောင် ခက်ခဲနေသော
မဟာ အလုပ်ကြီး အကိုင်ကြီးမျိုး မဟုတ်သောကြောင့် ပါတည်း။ စင်စစ် ထိုကဲ့သို့သော အတွေ့အကြုံမျိုးသည်
ယခု ဆွေးနွေးနေသော (လူ့ဘောင် တစ်ခုလုံး နှင့်ဆိုင်သည့်)
အမှုအခင်း အတွက်ဆို ဘာမှ မဟုတ်။ အကြောင်းရင်းကား ထိုကိစ္စမျိုးတွင် ပတ်သက်ရာပတ်သက်ကြောင်း
ဆိုသူတို့သည် “သီးသန့်” လုပ်ငန်းကိုင်ငန်း တစ်ခုခုတည်းဟူသော (သေးငယ်သည့်) အကွက်အကွင်း
စည်းဝိုင်းအတွင်း တွင်သာ ရှိပြီး စီမံချက်သည်လည်း ထို စည်းဝိုင်းကျဉ်းကျဉ်းလေး ထဲမှာသာ
တစ်သီးတစ်သန့် ရှိနေသောကြောင့် ပေတည်း။ သီးသန့်ကဏ္ဍ တစ်ခုခုတွင် ပတ်သက်ရာရာ ပုဂ္ဂိုလ်တို့ကို
ချက်ချင်းလက်ငင်း အကောင်းဆုံး အကျိုးကို ရအောင် စွမ်းဆောင်နိုင်သူ ဆိုသူတို့သည် လူ့ဘောင်လောက
တစ်ခုလုံး အတွက် ဆိုလျှင်လည်း အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်သူများ ဖြစ်ကို ဖြစ်လောက်ပါရဲ့
ဆိုသော သဘောမျိုးကို ပိုင်းဖြတ်၍ ရသည်မဟုတ်။ ဤလက္ခဏာ၏ ဥပမာအခင်းကို ထင်လင်းစွာ ယူပြပါအံ့။
အရင်းအနှီးရှင် နှင့် လုပ်အားရှင် တို့သည် ထုတ်လုပ်သည့် ကုန်ပစ္စည်းကို သုံးစွဲသူ ဖောက်သည်တို့အပေါ်
ရောင်းချ အမြတ်ထုတ်ခြင်းမှနေ၍ မိမိထံ ဝင်လာမည့် ငွေအင်အားကို ချိန်ဆပြီးလျှင် စည်းမျဉ်းကန့်သတ်မှု
တစ်ခုခုကို သဘောတူ သွားကြပါသည်။ သို့တည်းမဟုတ် ယခုပြဆိုသော သဘောမျိုး တစ်ဖက်နှင့် တစ်ဖက်
တစ်နည်းမဟုတ် တစ်နည်း ညှိုလို့ ရသွားခြင်းမျိုးပေတည်း။ လူထောင်ပေါင်းများစွာ ဖြစ်စေ၊ လူသန်းပေါင်းများစွာ ဖြစ်စေ အများပြည်သူ၏
ဆုံးရူံးမှုမှာ ခွဲဝေမျှခံခြင်းသာ ဖြစ်၍ ထိုသို့ ဆုံးရူံးမှုမျိုးကို သောက်ရေးမလုပ်၊
အရေးလုပ်ပြန်လျှင်လည်း ဝတ်ကြေတန်းကြေ မျှလုပ်ပြီး ပြီးသွားလို့ ရပါသည်။ သို့ရာတွင်
“တရားမျှတမှု” ကို စီးပွားရေး စီမံချက် ချမှတ်မှုတွင် သုံးစွဲနိုင်ပါသလား ဆိုသည်ကို တို့များ
စမ်းသပ်ကြည့်လိုပါက ပြဆိုခဲ့သော အခင်းလာ ပုစ္ဆာလာအချက် ဖြစ်သည့် (တစ်ဖက်တွင် တင်စီးသွားမည့်)
အကျိုးအမြတ် နှင့် (တစ်ခြားတစ်ဖက်တွင် နိမ့်ပါးသွားမည့်) ဆုံးရူံးမှုတို့သည် နှစ်ဖက်လုံးမှ
နေ၍ အညီအမျှ ရှင်းလင်းမြင်သာ ရှိပါသလား (ကွဲကွဲပြားပြား ကျေနပ်ပါသလား) ဆိုတာကို မေး
ရပါလိမ့်မည်။ သည် အခြေအနေမျိုး မတော့ တို့များ အလွယ်တကူ သိမြင်နိုင်သည်မှာ တရားမျှတမှု
ကဲ့သို့သော အားလုံးနှင့် သက်ဆိုင်သည့် လောကပါလ တရားမျိုးသည် အဖြေကို မပေးနိုင်ပါ။ တို့များသည်
သူနာပြုများ ဆရာဝန်များကို လခတိုးပေးတာက ကောင်းသလား၊ ဒါမှမဟုတ် နာမကျန်းသူ တို့အတွက်
ဝန်ဆောင်လုပ်ငန်းများကို တိုးချဲ့တာက ကောင်းသလား၊ အလုပ်အကိုင် မရှိသူတို့ကို အလုပ်အကိုင်
အခွင့်အလမ်း တိုးပွားစေတာက ကောင်းသလား ဒါမှမဟုတ် လက်ရှိ အလုပ်အကိုင် ရှိသူတို့ကို လခတိုးပေးတာက
ကောင်းသလား စသဖြင့် ရွေးချယ်စတမ်း ဆိုပါလျှင် ဘယ်သူဘယ်ဝါမဆို ဘယ်အုပ်စုမဆို၏ ဘယ် လိုအင်ဆန္ဒမဆို
သည် တိတိကျကျ တစ်နေရာတွင် ပါဝင်သော အန္တိမ စနစ်ပြည့်ကြီးထက် ဘယ်အတန်းကမှ မလျှော့သော
တန်ဖိုးဖြတ် တော်ဝင်စနစ်ကြီး တစ်ခုကို အဖြေပေးရန် တည်ဆောက်ရပါလိမ့်မည်။
အမှန်မတော့
စီမံချက်တို့သည် ပိုပိုပြီး တိုးချဲ့လာလေလေ ဥပဒေမှနေ၍ ယင်းတိုးချဲ့မှုတို့ မှာ တရားမျှတမှု
ရှိပါသည် အကြောင်းအကျိုးတို့နှင့် ဆီလျော်ပါသည်ဟု လူကောင်းသူကောင်းလုပ်ရပ် အမှန်ပါပဲဆိုပြီး
ကိုးကား အတည်ပြုပေးဖို့ မှန်တမ်း လိုလာရလေလေ ဖြစ်လာသည် သာတည်း။ သည်သို့ ဖြစ်ပုံသည်
ဘာကို ဖွင့်ပြနေသနည်း ဟူမူ အခင်းကိစ္စ တစ်ခုကို ပိုင်းသတ် ဆုံးဖြတ်ချက်သည် သံသယပြု မေးမြန်းရမည့်
ဥပဒေ အာဏာပိုင် အစိုးရအာဏာပိုင်တို့၏ ကြိုက်နှစ်သက်သလို ပိုင်းသတ်ဆုံးဖြတ်ချက်တို့
အပေါ် ပိုပြီး တည်မှီလာခြင်းပေတည်း (legal positivism) ။ အကြင်သူ တစ်ဦးသည် လောကပါလ
ဝါရိတ္တ တရားတို့၏ ကျဆင်းခြင်း ထုံးတမ်းစဉ်လာ လောကနီတိ တရားတို့၏ ခန့်ညားစိုးမိုးမှုတို့
ပျောက်ကွယ်ခြင်းကို သမိုင်းတွင် ရေးချေရာ၏ ။ ထို ဝေဝါးနေသော ဖော်မြုလာတို့ကို ဥပဒေပြုမှုနှင့် တရားစီရင်ဆုံးဖြတ်မှုတို့ ထဲသို့
တစ်စထက်တစ်စ တိုး၍ သွပ်သွင်းလာခြင်း၊ (အစိုးရဆိုသော ပုဂ္ဂိုလိတို့ ) လုပ်ချင်ရာ လုပ်လို့ရအောင်
တိုး၍ ရယူခြင်း၊ (ပြည်သူလူထု) မှာတော့ မသေချာမှုမခန့်မှန်းနိုင်မှု တို့ဖြင့် ပိန်ရူံ့လာခြင်း
တို့သည် စင်စစ် လောကပါလ ဝါရိတ္တ ဓမ္မစက်ကို အလေးမမူ ပြုခြင်းမှ သက်ဆင်းလာသော နောက်ဆက်
ဆိုးကျိုးတို့သာတည်း။ ထို ကိစ္စမျိုးတို့တွင် ဥပဒေနှင့် တရားရေးတို့၏ စိုးမိုးမှု ဟူသည်
စင်စစ် အစိုးရဆိုသူတို့က လုပ်ချင်သော မူဝါဒ၃ တို့ကို အကောင်အထည်ဖော်ရန်
အတွက် အသုံးချခံရသော တန်ဆာသက်သက် သာတည်း။ ဤတွင်
အရေးကြီးစွာ ညွှန်ပြအပ်သည်မှာ ဂျာမနီတွင် ဟစ်တလာ အာဏာမရခင်တွင် လောကပါလ ဝါရိတ္တ ဓမ္မစက်မှာ
တရိပ်ရိပ်နှင့် ကျဆင်းပြီးရင်းကျဆင်း လာခဲ့ပြီး ဖြစ်သည်နှင့်အညီ တစ်လုံးတစ်စည်းတည်း
စုစည်းချုပ်ကိုင် စီမံချက်ချသော စနစ်ကို ဦးတည်သည့် မူဝါဒတို့ အားကောင်းစွာ ဖြစ်ထွန်းတိုးတက် လာခဲ့သလောက် သူတို့
များစွာ ဖြဲစီးခဲ့ပြီးသော အလုပ်ကို ဟစ်တလာကိုယ်တော်မြတ်က ပြည့်စုံ အပြီးသတ် စေခဲ့ခြင်း
ပေတည်း။
မှတ်ချက်။ ။ ဟစ်တလာသည်လည်း ဒီမိုကရေစီနည်းစနစ်ဖြင့် အများမဲထည့်
အမှန်တကယ် တင်မြှောက်ခံရသူဖြစ်သည်။ လောကပါလ ဓမ္မစက်ကို အခြေခံသည့် လူတစ်ဦးချင်းကို
အပြည့်အဝတန်ဖိုးထား လွတ်လပ်ပွင့်လင်း အားကုန်ပြိုင်ဆိုင်ခွင့်ပေးသည့် လစ်ဘရယ်ဝါဒကို
အခြေမခံဘဲ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်လျှင် ပဒေသရာဇ် သက်ဦးဆံပိုင် ဒာာဏာရှင်စနစ်ထက်ပင်
များစွာဆိုးဝါးခြင်းတို့သာ ဖြစ်ပုံကို ဟိုင်းရက်မှ အဘယ်ကြောင့် အယုတ်မာဆုံးသူတို့သာ ထိပ်ဆုံးသို့
ရောက်လာရကုန် သနည်း ဟု တစ်ခန်း အကျယ်တဝင့်
ရှင်းပြထားပြီး ဤ အခန်းအပြီးတွင် ဆက်လက် ပြန်ဆိုသွားပါမည်။
သံသယ ဖြစ်ဖွယ်
မရှိသည်မှာ စီမံကိန်းဟူ၍ ဖြစ်လာပြီဆိုလျှင် ကွဲပြားသော လူတို့၏ သီးသန့်လိုအပ်ချက်တို့ကို
မျက်နှာခွဲခြမ်း လူတစ်ဦးကို သူလုပ်ချင်တာကို ပေးလုပ်ပြီး တစ်ခြားတစ်ယောက်ကိုတော့ မလုပ်ရဘူး
ဆိုပြီး တားမြစ်ချက်ဟူသည် မဖြစ်မနေ ပါလာသည် ချည်းသာတည်း။ ဥပဒေ စည်းမျဉ်းပုဒ်မ တစ်ခုခုဖြင့်
သီးသန့်လူတန်းစားများကို မည်မျှကောင်းစားစေပါမည် လှည်းနေလှေအောင်း မြင်းဇောင်း လူအပေါင်းကို
ဘယ်ဟာတော့ဖြင့် ပိုင်ဆိုင်နိုင်သည် ဘယ်ဟာကိုတော့ဖြင့် ပိုင်ဆိုင်ခွင့်မရှိ ဟု ခွဲခြားကန့်သတ်ခြင်း
တို့သည် ဖြစ်သည်သာတည်း။ ဆိုလိုသည်မှာ ယင်းသည် စင်စစ် “ဘုန်းကံကျက်သရေ ရှိသူတို့၏ စိုးမိုးမှု” ဟူသော ပဒေသရာဇ်
ခေတ်ဟောင်းကို ပြန်ပြောင်းဦးလှည့် နေခြင်း ဖြစ်၏ ။ ယင်းသည် ဆာ ဟင်နရီမိန်းမှ ဖွင့်ပြခဲ့သည့်
ယခုမှစ၍ ဘုန်းကံကျက်သရေ မှသည် စာချုပ်၎ ဆီသို့ ဆိုသည့် “တိုးတက်ပြောင်းလဲလာသော
လူ့ဘောင်များ၏ ရွှေ့လျားမှု နှင့် ပြောင်းပြန်” ကို သွားနေခြင်းသာတည်း။ စင်စစ် ဓမ္မစက်၏
စိုးမိုးမှုဟူသည် စာချုပ်၏ စိုးမိုးမှု ထက် များစွာကျယ်ဝန်း သလို ဘုန်းကံ ကျက်သရေ စိုးမိုးမှုနှင့်
ဆန့်ကျင်ဘက်လားရာ အစစ်အမှန်အဖြစ် တို့များ
အလေးအမြတ် ပြုအပ်ပေသတတ်။ ဓမ္မစက် ၏ စိုးမိုးမှု (တရားဓမ္မ၏ စိုးမိုးမှု) ၏ အာရုံတွင်ထင်စေသော
လက္ခဏာသည်ကား ရှေ့မှသာ ကြိုလာသော ထုံးတမ်းစဉ်လာ နီတိစည်းမျဉ်း၏ စိုးမိုးမှု ပေတည်း။ ထုံးတမ်းစဉ်လာ
နီတိစည်းမျဉ်း၏ စိုးမိုးမှုမည်သည် မင်းအစိုးရမှနေ၍ တော်ကောက်သော အခွင့်ထူးခံလူတန်းစားတို့၏
တရားဝင် အခွင့်အရေး ဆိုသည် အလျှဉ်း မရှိရခြင်းပေတည်း။ ထိုသို့ ဓမ္မစက်၏ စောင့်ရှောက်ခြင်း
မည်သည် ဥပဒေရှေ့တွင် မည်သူမည်ဝါ ရယ်မှ မျက်နှာသာ မရခြင်း ဖြစ်ပြီးလျှင် ယင်းသည် ထင်တိုင်းကြဲ
အုပ်ချုပ်သော အစိုးရ နှင့် ဆန့်ကျင်ဘက် ဖြစ်ချေသတည်း။
ပြောဖို့ လိုအပ်လှသလောက်၊
ထင်တာတခြား တကယ်ဖြစ်တာတလွဲ ဖြစ်လာသလောက် သာမန်မျှသာ ထင်ရှားသော ရလဒ်မှာ အစိုးရသည် မတူညီသော
လူတို့ကို ဥစ္စာစနကို တူညီစေရေး သို့တည်းမဟုတ် တိုက်ရိုက်ဝင်စွက် တူညီစေရေးကို ရည်ရွယ်ချက်ထားပြီး
၎င်းမှ လူစွမ်းကောင်းငတက်ပြားကြီး လုပ်ကာ ဥစ္စာ ပြန်ဖြန့်ဝေ ခွဲပေးရေးကို တမင်ကလာ ဦးတည်
ဆောင်ရွက်လာမည် ဆိုပါလျှင် ယင်းသည် ထုံးတမ်းစဉ်လာဖြစ်သည့် ဥပဒေရှေ့တွင် မည်သူမှ မျက်နှာသာ မရကြေး (Equality before
the law) လောကပါလ ဓမ္မစက် စည်းမျဉ်းကို ဖျက်ဆီးခြင်းသို့ သွားသည်သာတည်း။ မတူညီသော
လူတို့အား တူညီသော ရလဒ်တစ်ခုကို ထွက်စေလိုပါလျှင် သူတို့ကို မတူညီစွာ ကိုင်တွယ်မှ ရပါလိမ့်မည်။
မတူညီသော လူတို့ကို အခြေခံခိုင်လုံသော အခွင့်အရေးတို့ကို တူညီစွာ ပေးလိုပါလျှင် ယင်းမှာ
သူတို့ကို ကိုယ့်စိတ်အခြေခံဖြင့် ရော်ရမ်းထင်သည့် အားလုံး သည်လမ်း တစ်လမ်းတည်းပေါ်လျှောက်ချေပစမ်း
ဟူသော ရွှေဘုန်းတော်ကြောင့် မိုးပေါ်ကကျလာသည့် ရွှေ”ကံ”လမ်းမျိုးကို မပေးမိဖို့ လိုပါလိမ့်မည်။
လောကပါလ ဝါရိတ္တ ဓမ္မစက်((ဝါ) အလိုအလျောက် ဖြစ်စဉ်) သည် ဥစ္စာပိုင်းဆိုင်ရာ မတူညီမှုကို
ထွက်ပေါ်စေသည် (တန်းမညီမှုတို့ကို ဖြစ်ပေါ်စေသည်) ဆိုသည်ကို ငြင်းဆိုနိုင်ဖွယ် အကြောင်းမရှိပါ။
သို့သော် လောကပါလ ဝါရိတ္တကိုသာ လူ့ဘောင်၏ အခြေခံပြုရေးတွင် ၎င်းမှ လမ်းကုန် ကြေငြာနိုင်သလောက်သည်ကား ထိုမညီမျှမှုတွင် သီးသန့်လူတန်းစား တို့အတွက် သီးသန့်လမ်းကြောင်း
တစ်ခုဖြစ်လာစေရန် ယင်းမှနေ၍ (“တမင်သက်သက်”) ပုံစံဒီဇိုင်းချမှု မရှိသောကြောင့်ပေတည်း။
လွန်စွာ ထင်ရှားသည်မှာကား ဆိုရှယ်လစ်ဝါဒီများ (နှင့် နာဇီဝါဒီများ) သည် “သဘောသက်သက်မျှ” ဆိုသော ထုံးတမ်းစဉ်လာ ရှေ့ကလာသော ဓမ္မစက် သဘော နှင့်
သီးသန့် လူတန်းစားတစ်ရပ်ရပ် ထိုက်တန် ကောင်းစားရေး၅ အတွက် ရည်ရွယ်ပြီး မရေးဆွဲသော
ဥပဒေ မှန်သမျှကို အစဉ်အမြဲ ဆန့်ကျင် ကန့်ကွက်ကြခြင်း
ပေတည်း။
ဤသို့သော်မှလည်း
ဆိုတန်ရာပါ၏ ။ ဓမ္မစက် ဆိုသည်ကို အာနိသင် ကောင်းစွာ ဖြစ်ထွန်းစေလိုပါလျှင် ပိုမို အရေးကြီးပေသည်မှာ
ယင်း စည်းမျဉ်းသည် အဘယ်စည်းမျဉ်း ဖြစ်ပေသနည်း ဆိုသည်ထက် ခြွင်းချက် အကြွင်းမရှိသော
စည်းမျဉ်း ဖြစ်စေခြင်းပေတည်း။ အကယ်၍ စည်းမျဉ်းကို လောကအဝှမ်း ဖြန့်ကျက်နိုင်သည် ဆိုပါက
မကြာခဏဆိုသလို စည်းမျဉ်းပါ အကြောင်းအရာသည် စင်စစ် သာမန်ကာရှန်ကာမျှသော အရေးပါမှု ပေတည်း။
ရှေ့က ပြဆိုခဲ့သော ဥပမာကို ပြန်ကောက် ကြပါစို့။
ငါတို့သည် ကားပေါ်လမ်းမောင်း ကြရာတွင် ငါတို့ ဘယ်ကို ချိုးသလား၊ ညာကို ချိုးသလား
ဆိုတာသည် ငါတို့ အားလုံး (ချိုးဖို့ကွေ့ဖို့ ) လုပ်ဆောင်နေသရွှေ့ အရေးပါသော ကိစ္စမဟုတ်။
အရေးပါသော ကိစ္စသည်ကား ချမှတ်ထားသော စည်:မျဉ်းသည် တစ်ပါးသူတို့၏ အပြုအမူကို ငါတို့အား
ကောင်းစွာ ခန့်မှန်းနိုင်စေရေး နှင့် ထိုစည်းမျဉ်းသည် အမှုအားလုံးနှင့် (မခြွင်းမချန်)
အကြုံးဝင်ခြင်းပေတည်း ― မည်သည့် သီးသန့် အမှုအတွက် မဆို (စည်းမျဉ်းဖောက်မှုအား) ငါတို့မှ
မတရားမှုဟု ခံစားမိရေး ပေတည်း။
တစ်ဖက်တွင်
ရှေ့ကလာသော ဓမ္မစက်နှင့် ဥပဒေရှေ့တွင် မည်သူမှ မျက်နှာသာ မရခြင်း၊ အခြား တစ်ဖက်တွင်
များမြောင်သော ဥပဒေတို့ဖြင့် ပုံဖော်ထားသော တရားမျှတမှု နှင့် တန်းတူညီမျှ ရှိရေး တို့သည်
“အခွင့်အရေး အသာစီးယူမှု” ဆိုသည့် သဘောတရားတွင် (ကွဲပြား နားလည်ဖို့ရန်မှာ) ကျယ်ကျယ်ပြန့်ပြန့်
ကို ရူပ်ထွေးလျက်ရှိပြီး ထို ရူပ်ထွေးမှုကို အလွဲသုံးစားရန် အခြေခံပြီး မတော်မတရား ပြုမူမှုတို့
ပေါ်ပေါက်လာရပါသည်။ ထိုသို့ မတော်မတရား ပြုမူမှု၏ အရေးကြီးဆုံး ဥပမာသည်ကား ဥစ္စာဓန ပိုင်ဆိုင်မှုနှင့်
စပ်သော အခွင့်အရေး ပေတည်း။ အတိတ်မှာတုန်းကလို မြေယာပိုင်ဆိုင်မှု ဆိုသည်ကို သူကောင်းမျိုးတို့
အတွက်သာ သီးသန့် ချန်လျပ်ထားသည် မှန်ပါလျှင်
အဲသလို ကိစ္စမျိုးသည် အခွင့်အရေး အသာစီးယူမှု မုချစင်စစ် ဖြစ်၏ ။ ထို့အတူ ငါတို့ခေတ်တွင်လည်း သီးသန့် ကုန်ပစ္စည်းတို့ကို ထုတ်လုပ်ရောင်းချ ပိုင်ခွင့်ကို
သီးသန့် လူများအတွက်သာ အစိုးရအာဏာဖြင့် ပုံစံကွက်ချ၍ သီးသန့် ချန်လှပ်ထားပါလျှင် အဲဒါသည်လည်း
အခွင့်အရေး အသာစီးယူမှု မုချစင်စစ် ပေတည်း။ သို့သော် (ကျောသားရင်သား မခွဲမခြား) တစ်သမတ်တည်းသော
စည်းမျဉ်းတို့အောက်တွင် မည်သူမဆို တက်လှမ်းပိုင်ဆိုင် နိုင်သော ဥစ္စာစီးပွားကို လူအချို့သာလျှင်
အောင်အောင်မြင်မြင် ရှာဖွေပွားစီး ပိုင်ဆိုင်လာသော ပုဂ္ဂလိက ဓနဥစ္စာကို အခွင့်အရေး အသာစီးယူမှုဟု
ဆိုသည်ကား မည်သည့် အသာစီးယူထားသော သဘောမှ အလျှင်းမရှိရကား အတင်း ဇွတ်ခေါ် စွပ်စွဲ နေခြင်းသာတည်း။
သီးသန့်သီးခြား
ရလဒ်များ အတွက် မှန်းဆ၍ မရနိုင်ခြင်း သည် လစ်ဘရယ်စနစ်၏ အခြေခံ ရှေ့မှလာသော လောကပါလ တရားတို့၏ ကွဲပြားထင်ရှားသော
လက္ခဏာ ပေတည်း။ ဤ လက္ခဏာသည် လည်းပဲ အရေးကြီးပါသည်။ အဘယ်ကြောင့်နည်းဟူမူ ၎င်းလက္ခဏာသည် ငါတို့မှ
နေ၍ ဝါဒ၏ သဘာဝ သဘောလက္ခဏာ အဖြစ် ရောထွေးစွာ မှားယွင်းသိမှတ်သော နိုင်ငံတော်မှ အရေးယူလုပ်ဆောင်မှု
မရှိခြင်း ကို ဦးတည် ရပ်တည်ရမည် ဟူသော အချက်ကို
ရှင်းလင်း စေသောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ပေမယ့်လည်း ထိုသို့ အရေးယူခြင်း စွက်ဖက်ခြင်းတို့
လုပ်ရမည် ဆိုသည့် အချက်ကို ပြောဆိုနေဖွယ် အကြောင်းမရှိ။ ဤနေရာတွင် မေးခွန်းထုတ်ရမည့်
အရေးကိစ္စသည်ကား နိုင်ငံမှ အရေးယူ စွက်ဖက် ဆောင်ရွက်မလား မဆောင်ရွက်မလား သဘောအစုံ ရွေးချယ်ဖွယ်
နှစ်ခုလုံးသည် မှားယွင်းသည့် လမ်းကြောင်း ရပ်တည်မှုတို့ ဖြစ်နေကြောင်း ဆိုသည်ကို ပြောလိုခြင်းပေတည်း။ တို့များဘာသာ
ထားခဲ့စမ်းပါ (Laissez faire) ဝေါဟာရသည် ကောင်းစွာ ကွဲပြားမှု မရှိသလောက် လစ်ဘရယ်ဝါဒမှ
အခြေခံထားသော လောကနီတိ ဖြစ်သည်ဟု မှားယွင်း ဖော်ပြခံရသော လမ်းတလွဲ ပေတည်း။ သေချာစွာ
အတည်ပြု ပြောဆိုလိုက်ပါ၏ ။ နိုင်ငံတိုင်းသည် အရေးယူလုပ်ဆောင်မှု ရှိကို ရှိရပါမည်။ တစ်စုံတစ်ရာ
သို့မဟုတ် တစ်ခြားတစ်ခုခုကို ဝင်ရောက် စွက်ဖက်မှုလည်း လုပ်ကို လုပ်ရပါမည်။ အရေးကြီးသည့်
မေးခွန်းသည်ကား ပြည်သူတစ်ဦးသည် အစိုးရ၏ အရေးယူလုပ်ဆောင်ချက်ကို ကြိုတင်ခန့်မှန်း နိုင်ချေ
ရှိသလား ဆိုတာနှင့် ထို ကြိုတင်ခန့်မှန်း နိုင်သည့် သုတအသိကို မိမိကိုယ်ပိုင် စီမံကိန်းတို့ကို
ဖြစ်ပေါ်စေရာတွင် အချက်အလက် အဖြစ် အသုံးပြုနိုင်ပါသလား ဆိုသည့် မေးခွန်းပေတည်း။ ထိုသို့
ခန့်မှန်းနိုင်သော အသိအားဖြင့် နိုင်ငံတော်သည် ၎င်း၏ အာဏာ အုပ်ချုပ်မှု ယန္တရားကို အခွင့်ကောင်းယူ၍
ပြည်သူကို ထိန်းချုပ်ရန် မတတ်သာသော ရလဒ်သည် ဖြစ်ထွန်းချေ၏ ။ ပြည်သူ တစ်ဦးသည် မိမိအား
တစ်ပါးသူတို့ သို့မဟုတ်လည်း နိုင်ငံတော်ကိုယ်တိုင်ကနေ၍ စွက်ဖက်နှောင့်ယှက်မှု ရန်မှ
မည်မျှ အတိုင်းအတာထိ ကာကွယ်ထားခံရသည်ကို တိကျသေချာစွာ သိခြင်းပေတည်း။ ချိန်ခွင်တင်းတောင်း
တိုင်းတာမှု စံချိန်စံနူန်း တို့ကို (မသမာမှု လူပါးဝမှုတို့ စသည် မဖြစ်ပေါ်စေရန်) ထိန်းသိမ်းကွပ်ကဲ
ထားရသည့် အစိုးရဟူသည် အရေးယူဆောင်ရွက်မှု မရှိမနေ ရှိရပါသတတ်။ အချွန်အတက် ဂျင်ဂလိ တို့နှင့်
ဆူပူအုံကြွခြင်းကို လွှတ်ထားသော အစိုးရ မည်သည်ကား ငနုံ့ ဘိန်းတုံး အစိုးရသာတည်း။ ဟုတ်ပါ၏
။ ပထမကိစ္စတွင် အစိုးရသည် လစ်ဘရယ် နီတိတို့နှင့် အညီ လိုက်နာဆောင်ရွက်၍ ဒုတိယ ကိစ္စတွင်
အစိုးရသည် လစ်ဘရယ် နီတိတို့ကို လိုက်နာမှု မရှိ။ ထို့နှင်နည်းတူ ယျေဘုယျနှင့် ထာဝရ ဖြစ်သော
သဘောစည်းမျဉ်းတို့ကို အလေးအမြတ်ပြု ခြင်းအားဖြင့် နိုင်ငံတော်သည် ကုန်ထုတ်လုပ်မှု ပိုင်းဆိုင်ရာတို့တွင်
အရေးယူဆောင်ရွက်ချက် တို့ကို ပြုအပ်ရာ၏ ။ ပမာအားဖြင့် ဆိုသော် အဆောက်အဦ ဆောက်လုပ်ရာတွင်
လုံခြုံမှုပိုင်းဆိုင်ရာ ကန့်သတ်ချက်များ၊ စက်ရုံ အလုပ်ရုံ တို့ကို လုံခြုံမှုပိုင်းဆိုင်ရာ
ကန့်သတ်ချက်များကို ပြဌာန်းခြင်းမျိုးပေတည်း။ ထို ကန့်သတ်ချက်တို့သည် ပါးနပ်လိမ္မာသည်လည်းရှိ
မပါးနပ် မလိမ္မာသည်လည်း ရှိတတ်ပါသည်။ သို့သော် ၎င်းကန့်သတ်ချက်တို့သည် ထာဝရစွဲမြဲရန် သဘောနှင့်
မည်သည့် သီးသန့်လူများ တို့ကို ပစားပေးရန် ဒါမှမဟုတ်လည်း နှိပ်ကွပ်ရန် မရည်ရွယ်ထားသရွှေ့
ထိုလုပ်ဆောင်ချက်တို့သည် လစ်ဘရယ် နီတိတို့နှင့် ကန့်လန့်ဆန့်ကျင်ခြင်း မည်သည် မရှိ။
မှန်ပါ၏ ။ ထိုသို့ ကန့်သတ်ချက်များသည် ရေရှည်ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုများကို
ခန့်မှန်းနိုင်ရာမှာ ခက်သော်လည်း ရေတိုတွင် သက်ရောက်ခံရမည့် သီးသန့်လူတို့ကို ကွဲပြားရှင်းလင်းစွာ
သိသာတတ်သည် သာတည်း။ သို့သော် ထိုသို့သော ဥပဒေပြဌာန်းမှုတို့တွင် ရေတို အကျိုးသက်ရောက်မှုဟူသည်
ယျေဘုယျအားဖြင့် (အနည်းဆုံး မဖြစ်သင့်သော သဘောသည်ကား) လမ်းညွှန်အဖြစ် ယူအပ်သည် မဟုတ်။
သို့ကပေလည်း ချက်ချင်းဖြစ်ပေါ်နိုင်သည့် ကြိုတင်ခန့်မှန်းနိုင်လောက်သည့် အကျိုးသက်ရောက်မှု
တို့ မည်သည် ရေရှည်တွင် ဖြစ်ပေါ်လာမည့် (ကောင်းစွာ မခန့်မှန်း နိုင်သော အကျိုးသက်ရောက်မှု)
တို့ထက် အရေးထားအပ်သည် ဖြစ်ရကား နိဿယ အားဖြင့် မည်မျှပင် ရှင်းရှင်းလင်းလင်း ရှိစေကာမူ
တကယ် လက်တွေ့တွင် (ထိုသို့ ပြတ်သားစွာ လုပ်ဆောင်နိုင်ရန်မှာ) ခက်ခဲဝေဝါး နေတတ်ပါ၏ ။
ဓမ္မစက်ဟူသည်
ဟီရိသြတ္တပ္ပတရားနှင့် ယှဉ်တွဲ၍သာ လစ်ဘရယ် ခေတ်တွင် ပေါ်ထွန်းရသည် သာတည်း။ ဓမ္မစက်ကို အရင်းခံထားသော
ဥပဒေတို့၏ စိုးမိုးခန့်ညားမှု မည်သည် (မြတ်စွာဘုရား၏) စောင့်ရှောက်မှု မျိုးကဲ့သို့ ဖြစ်သလို
လွတ်လပ်မှု ဝေရောချန ဘုရား၏ လူ့ဘောင်ဥပဒေတွင် ထပ်ဟပ်ပေါ်လွင်နေသော ဥပဒေ သကျမုနိ ကိုယ်ပွားပေတည်း။
အီမန်နွိုင့် ကန့် မှ ဆိုခဲ့သလို (ဗော်တဲ မှလည်း အလွန်တရာမှပင် တူညီသော ဆိုရိုးစကား
ရှိခဲ့သလို) “ဥပဒေမှလွဲ၍ ဘယ်သူ့ကိုမှ လိုက်နာခယ နေ စရာ မလိုသော အခါ လူသည် လွတ်လပ်ပေတော့
သတည်း”၆။ သေချာရှင်းလင်းသဲကွဲမှု မရှိသော စံနမူနာပြု သဘော ဖြစ်သော်ငြားလည်း
ဤသဘောသည် အနည်းဆုံး ရောမခေတ်ကတည်းက တည်ရှိခဲ့သော သဘောသာတည်း။ စင်စစ် ပြီးခဲ့သော ရာစုနှစ်အနည်းငယ်
အတွင်းတွင် ထိုသဘောသည် ယနေ့ခေတ်တွင် ဆိုးဝါးစွာ ဖြစ်ပျက်နေသည်လောက် ဖျက်ဆီးခံရဖို့ရန်
ခြိမ်းခြောက်ခံနေရခြင်းသည် မရှိ။ ပေါ်ပင်အများကြိုက် အချုပ်အခြာ အာဏာ ဝါဒ (Popular
soverignity) နှင့် ဒီမိုကရေစီ အစိုးရ စနစ်တို့သည် ထိုစနစ်တို့မှ တင်မြှောက်လိုက်သော
ဥပဒေပြုအမတ်၏ အာဏာသည် အကန့်အသတ် မရှိဟူသော (မိုက်မဲသော) စိတ်ကူးကို ဖြစ်ပေါ်စေလေ၏။ ထို
(လူပြိန်း) စိတ်ကူး ကို မီးလောင်ရာ လေပင့်ပေးသည် မှာကား (မဟုတ်တမ်း တရား) ယုံကြည်လာသော
ဥပဒေပြုမှုတိုင်းသည် နိုင်ငံတော်၏ အရေးယူဆောင်ရွက်ချက် မှန်သမျှကို ခြွင်းချက်မရှိ တရားဝင်အတည်ပြုချေသည်
ဆိုသော သဘောတရားပေတည်း။ ထို မိစ္ဆာအယူမှားသည် ဓမ္မစက်၏ အဓိပ္ပာယ်ကို ဥပဒေဟု လွှဲမှားစွာ
နားလည်သဘောပေါက်ခြင်း ဖြစ်၏ ။ ဓမ္မစက်သည် အစိုးရ တစ်ရပ်၏ လုပ်ဆောင်ချက်တို့မည်သည် စီရင်ဆုံးဖြတ်ပိုင်ခွင့်
ပိုင်နက် (jurisdiction) ဟူသော အဓိပ္ပာယ် အားဖြင့် တရားဝင် ဥပဒေ ဖြစ်သလား မဖြစ်သလား
ဆိုသော မေးခွန်းနှင့် လားလားမှ မဆိုင်။ ဥပဒေပိုင်းဆိုင်ရာ ပြဌာန်းပိုင်ခွင့် အာဏာ အပြည့်အဝ
ရှိခြင်း ဆိုသော မျက်မြင်အချက်သည် ဥပဒေမှနေ၍ ၄င်းကို စိတ်ထင်ရာ ကြဲနေတာလား ဒါမှမဟုတ်လည်း
ဥပဒေမှနေ၍ ၄င်းကို သမာသမတ်မှန်ကန်စွာ လုပ်ဆောင်နေတာ ဟုတ်သလား ဆိုသော မေးခွန်းကို ဖြေနိုင်အံ့သော အကြောင်းချင်းရာ မဟုတ်။ ဟစ်တလာသည်
အခြေခံဥပဒေမှနေ၍ အတိအကျကို ပေးအပ်ထားသော လုပ်ပိုင်ခွင့်တို့ကို သုံး၍ အကြွင်းမဲ့ အာဏာကို
ရရှိလာခြင်း ဖြစ်၏ ။ ဟစ်တလာ လုပ်သမျှသည် စီရင်ဆုံးဖြတ်ပိုင်ခွင့် ပိုင်နက်သဘောကို ယူ၍
ပြောမည်ဆိုလျှင် ဥပဒေနှင့် အညီ တရားဝင် အမြဲ ဖြစ်နေမည် သာတည်း။ သို့သော် ဂျာမဏီ၏ အုပ်ချုပ်ကိုင်တွယ်မှုသည်
ဓမ္မစက် နှင့် အညီ တရားဝင် ခန့်ညား လေးစားဖွယ်ရာ ဖြစ်သည် ဟု ပြောဆိုနိုင်ရာသော ဆင်ခြေသည်
ရှိပေသလော။
စီမံကိန်းချ၍
သွားချင်သော လူ့ဘောင်တစ်ခုတွင် ဓမ္မစက်၏ လွှမ်းမိုးမှု မတည်တံ့နိုင်ဟု ပြောခြင်းမှာ အစိုးရ၏
အရေးယူဆောင်ရွက်ချက် တို့သည် တရားဝင်ခြင်းမရှိ ဟု ပြောခြင်း မဟုတ်သလို ထိုသို့သော လူ့ဘောင်တစ်ခုသည်
မြေကြီးလက်ခတ်မလွဲ ဥပဒေမဲ့ ဖြစ်နေသည် ဟု ဆိုလိုခြင်း လည်း မဟုတ်။ ဤတွင် ဆိုလိုရင်းမှာကား
အစိုးရ၏ ခြိမ်းခြောက်အကြပ်ကိုင် နိုင်သော အာဏာသည် ရှေ့မှ ကြိုလာသော လောကပါလ နီတိတို့ဖြင့်
ကန့်သတ်ထားမှုမျိုး မရှိတော့ခြင်းကို ဆိုလိုရင်းပေတည်း။ (ထိုသို့သော နိုင်ငံမျိုးတွင်)
ဥပဒေသည် စီးပွာရေး ဗဟိုလမ်းကြောင်းတစ်ခု ဖြစ်ထွန်းစေရန် ရည်ရွယ်သည် ဆိုပြီး နောက်ကွယ်တွင်
ပါဝင်နေသော (မရိုးသားသော) စေတနာ နှင့် ရည်ရွယ်ချက် အလုံးစုံနှင့် ထင်တိုင်းကြဲမှုကို
ဥပဒေနှင့် အညီ တရားဝင် ဖြစ်ပါသည်ဟု အတည်ပြု နေခြင်းသာတည်း။ စင်စစ် ဥပဒေမှနေ၍ ထိုထိုသော
ကောင်စီ၊ သမ္ပဂ္ဂ တို့ သူတို့အလိုကျ ထင်ရာ လုပ်နိုင်ပါသည် ဟု ဆိုထားပါလျှင် ထို ကောင်စီထိုထို
တို့ ထင်ရာလုပ်တာ မှန်သမျှသည် ဥပဒေ နှင့် အညီ တရားဝင် ဖြစ်နေသည်သာတည်း။ သို့သော် သင်းတို့၏
ထိုသို့သော လုပ်ကိုင်ဆောင်ရွက်ချက်တို့သည် ဟီရိ သြတ္တပ္ပတည်းဟူသော လောကပါလ ဓမ္မစက်ကို
လေးစားရိုသေမှု မရှိသည်ကား အထင်းပေတည်း။ အစိုးရ ဆိုသည်မှာ အကန့်အသတ်မရှိသော အာဏာမျိုးကို
ပေးအပ်နှင်းမည်ဆိုလျှင် အဆိုးဆုံးသော မင်းမာန်စောင် ထင်ရာစိုင်းသော ပြဌာန်းချက်တို့သည်
ဥပဒေနှင့် အညီ ဖြစ်အောင် သင်းတို့ လုပ်နိုင်သည်သာတည်း။ ထိုသို့သော သဘောအားဖြင့် ဒီမိုကရေစီသည်
စိတ်ကူးခဲ့သမျှ၇ မင်းဆိုးမင်းမိုက် စနစ် တို့၏ အင်္ဂါခြေလက် ပြည့်စုံလာစေ
အပ်သော သဘောကို သတိချပ်ချပ် ထားအပ်လှစွာ သတည်း။
အကယ်၍ ဥပဒေသည် အာဏာပိုင်
(သို့မဟုတ်လည်း အာဏာလွှဲခံ) အဖွဲ့အစည်း တစ်စုံတစ်ရာကို စီးပွားရေး ဘဝတွင် လမ်းညွှန်ထိန်းကျောင်းရန်
ဆိုပြီး ဖြစ်စေမည် ဆိုပါလျှင် ယင်း အဖွဲ့အစည်းတို့သည် ကြိုပြီး မမြင်ထားသော ( လက်ရှိတွင် မြင်ထားသည့်
သိထားသည့် အခြေအနေ ကို ဆိုလိုသည် ) ကာလ ဒေသ ပယောဂတို့ နှင့် ယျေဘုယျ သဘော မဟုတ်သော
သဘောစည်းမျဉ်းတို့ကို အခြေခံပြီး ဆုံးဖြတ်မှုတို့ကို အကြပ်ကိုင် စီမံ ဆောင်ရွက်ကြကုန်ပါ၏
။ နောက်ဆက်တွဲ ရလဒ်သည်ကား စီမံချက်တို့ တိုးချဲ့လာလေလေ အများအမြောင်သော ဘုတ်အဖွဲ့ နှင့်
အာဏာပိုင် အဖွဲ့အစည်း တို့၏ ဥပဒေ နှင့် အညီ ဆောင်ရွက်ပိုင်ခွင့် ရှိသည် ဆိုတာတို့ ပိုပိုပြီး
များများမြောင်လာသော သဘော ပေတည်း။ လွန်လေသူ လော့ဒ် ဟီဝပ် က လောလောလတ်လတ် တုန်းကမှ အာရုံထားစေရန် သူ ဆွဲဆောင်ခဲ့သော တရားရေးကိစ္စ တစ်ခုကို
ပြောလိုပါ၏ ။ “နောက်ဆုံး စစ်ကြီး မပြီးခင်မှာ တရားသူကြီးမင်း ဒါလင်က ပြောခဲ့သည်မှာ
မနှစ်ကမှ ပါလီမန်သည် (အလန့်တကြားဖြင့်) လယ်ယာစိုက်ပျိုးရေး ဘုတ်အဖွဲ့သည် ပါလီမန် သူ့ထက်ပင်
ဖောက်ပြန်ဖောက်လွဲလုပ် မှုဖြင့် တရားအစွဲ မခံရ စတမ်း ဆိုသော သဘော ဟူသည် မရှိ ဆိုသည်
ကို အသိပေးပြဌာန်းရန် သတိရသည်” ဆိုသတည်း။ ဟိုတုန်းကတော့
သည်လို ဖြစ်လာတာမျိုးသည် ရှားပါသေးသည်၈။ ကနေ့ခေတ်တွင် ထိုသို့ ဥပဒေနှင့်
အညီ တရားဝင် ဗိုလ်လုပ်ခြင်း သည် နေ့တစ်ဓူဝ အဖြစ်အပျက်သာတည်း။
စင်စစ်အားဖြင့် အာဏာကို ကျယ်ပြန့်စွာ ဆန့်တန်း ခွဲဝေလာ၍ အာဏာပိုင် အဖွဲ့အစည်းအသစ်တို့
သည် ဖွဲ့စည်းဖြစ်ပေါ်လာလေသော အခါ ယင်းအဖွဲ့အစည်းတို့သည် ရှေ့မှကြို၍လာသော ဓမ္မစက် ထုံးတမ်း
နီတိတို့ဖြင့် ကိုယ့်ကိုကိုယ် ချည်ထားရမည်ဆိုသည်ကို မသိမနားလည်ဘဲ လူတို့ကို ဟိုဟာလုပ်ရမည် သည်ဟာလုပ်ရမည်ဟု ပုတ်သင်ညို
ရွေးတပြားနှင့် မာန်စောင်မြောက်ခြင်းသည် ဖြစ်လာသည် သာတည်း။
မှတ်ချက်။ ။ ဓမ္မစက် မရှိသော
မြန်မာပြည် ဒီမိုကရေစီတွင်လည်း ထိုသို့သော ဘုတ်အဖွဲ့ ၊ ကောင်စီအဖွဲ့တို့ ကို စစ်အစိုးရမှ
ဖွဲ့စည်းခွင့်ပေးပြီး ယင်း ဘုတ်အဖွဲ့ ၊ ကောင်စီ အဖွဲ့ ၊ သမ္ပဂ္ဂ အဖွဲ့တို့ သည်လည်း ဥပဒေ
အရ တရားဝင်ဖြစ်သည်ဟု ပြဆိုခဲ့သော ဥပမာ အတိုင်း မာန်စောင်မြောက်ပြီး ထင်ရာလုပ်မည် ကိုလည်း
ရူမြင်အပ်ရာ၏ ။ စင်စစ် ဒီမိုကရေစီစနစ်သည် မည်သည့် အဖွဲ့အစည်းကိုမှ (နိုင်ငံတော် ဆိုသည်ကိုပင်)
ဓမ္မစက်သဘောနှင့် စပ်လျဉ်းလျှင် ခန့်ညားစရာမလိုသော (အရေးကြီးဆုံး အခြေခံဖြစ်သည့်) လူတစ်ဦးချင်း၏
အကြွင်းမဲ့ လွတ်လပ်မှု (individualism) ဖြစ်ထွန်းခြင်းမရှိပါလျှင် ဘုတ်ကျွန်၊ကောင်စီကျွန်၊
သမ္ပဂ္ဂကျွန်၊ သူဌေးကျွန်၊ ဥပဒေပြု အမတ်ကျွန်၊ နိုင်ငံတော်သမ္ပတကြီးကျွန်၊ နိုင်ငံတော်မူဝါဒမြတ်ကြီးများ၏
ကျွန် နှင့် ပြည်ထောင်စုမြန်မာ နိုင်ငံတော်သား သောက်ရူးအပေါင်းတို့၏ ကျွန်ဖြစ်ရာ လမ်း
တမ်းတမ်းမတ်မတ် ပေတည်း။
ထို့ကြောင့် လောကပါလ ဓမ္မစက် သဘော မည်သည် ဥပဒေပြုပိုင်ခွင့်၏ ပိုင်နက်ဂွင်ကို
ကန့်သတ်ထားခြင်းဟု သဘော သက်ရောက်ချေ၏ ။ ဓမ္မစက်သဘောသည် ယျေဘုယျ နီတိစည်းမျဉ်းများ၏ ပိုင်နက်အတွင်းတွင်သာ
ကိုယ့်ကိုကိုယ် ကန့်သတ်၍ နေပြီး ဥပဒေပြုမှုသည် သီးသန့် လူတို့ အတွက်သာ ရည်ရွယ်ခြင်း
၊ ဥပဒေပြုမှုကို ထိုကဲ့သို့ (မကောင်းသော) ရည်ရွယ်ချက်ဖြင့် ခြိမ်းခြောက် အကြပ်ကိုင်မှု အာဏာ အဖြစ် အသုံးချရန်
ရည်ရွယ်ခြင်း စသော သဘောတို့ ပါဝင်ခြင်း အလျှင်း မရှိ။ ၄င်းသည် အရာရာသည် ဥပဒေဖြင့် စိုးမိုးထိန်းကွပ်
ရမည် ဟု ရည်ရွယ်ခြင်း မဟုတ် (မြန်မာ အတိုက်အခံ အင်အားစုတို့ အနေဖြင့် ဤ သဘောကို သေသေချာချာ နားမလည်ပါလျှင် လုံးဝပြားထွက် သွားပါလိမ့်မည် ။ ပြားထွက်သွားမည့်
သူတို့မှာ လက်ရှိအခြေ အနေအရ ထိုအတိုက်အခံ အင်အားစု တို့မဟုတ်။ ရိုးသားမှု သီလကို မြင်လိုသူ
မည်သူမဆိုသော လှည်းနေလှေအောင်း ပြည်သူ အပေါင်းတို့ ပေတည်း။) ။ ထိုနှင့် ဆန့်ကျင်ဘက် နိုင်ငံတော်၏ ခြိမ်းခြောက်
အကြပ်ကိုင်ပိုင်ခွင့် အာဏာဟူသည် (ဓမ္မစက် ကို
အခြေတည်ထားသော) ဥပဒေမှ ကြိုတင် သတ်မှတ်ထားသည့် ဘောင် အတွင်းသာ အသုံးချနိုင်ခြင်း နှင့်
ထိုသို့ အသုံးချ နိုင်ခြင်းကို (ပြည်သူလူထုမှ နေ၍) ကောင်းစွာ ကြိုတင် သိမြင်ထားပြီး
ဖြစ်မှသာ ထိုသို့ အသုံးချခြင်းသည် တရားဝင် လုပ်ရပ်ဟု မည်ခြင်း ဆိုသော သဘော ပေတည်း။
ထို့ကြောင့် သီးသန့် အရေးကိစ္စ တစ်ခုခု အတွက် ရည်ရွယ်၍ ပြဌာန်းသော မည်သည့် ပြဌာန်းမှု
ဥပဒေမဆိုသည် ပထမဆုံးလာသော ဓမ္မစက် ဥပဒေ နှင့် ညိစွန်းမှု သည် ဖြစ်နိုင် သည်သာတည်း။ ယခု
ပြဆိုသော အချက်ကို ငြင်းဆိုလိုသူ မည်သူမဆိုသည် ယနေ့ ဂျာမနီ၊ အီတလီ နှင့် ရုရှားတို့
တွင် ဖြစ်ပေါ်နေသော (ဆိုးဝါးသော) အဖြစ်အပျက်များသည် ဓမ္မစက်ကို အခြေခံ၍ ဖြစ်ပျက်နေတာလား
၊ ဒါမှမဟုတ် ယင်းနိုင်ငံတို့ကို အုပ်စိုးနေသော (ယုတ်မာဆုံး) အာဏာရှင်တို့သည် ၄င်းတို့၏
တုဖက်ကင်း မြေဆုံးဟုန်းဟုန်း အာဏာလက်ရုန်းကို အခြေခံဥပဒေ တော်ကြီး၉ ကို
အခြေခံ၍ ရယူခဲ့တာလား လို့ ဦးစွာ ပယ်ချ ငြင်းဆို
ဖို့ လိုပါသည်။ (အယုတ်မာဆုံး အာဏာရှင်များဖြစ်သော ဟစ်တလာ၊ မူဆိုလီနီ နှင့် စတာလင်
တို့ အားလုံးသည် ၄င်းတို့ နိုင်ငံကိုယ်စီတွင် ပြဌာန်းထား အခြေခံဥပဒေ တို့နှင့် ပဲ အာဏာကို
ရယူလာခဲ့သူများ ဖြစ်ပါသည်။ ဓမ္မစက်ကို အခြေမခံထားပါလျှင် မောဟလွှမ်းမိုးသော အခြေခံဥပဒေ စနစ် နှင့် သုတအသိ ကို တန်ဖိုးမထားသော ဒီမိုကရေစီ
စနစ်သည် အယုတ်မာဆုံးလူတို့ အတွက် အကောင်းဆုံး အခွင့်အလမ်း သဘောဖြစ်ကြောင်းကို ပြဆိုခြင်း
ပေတည်း။ )
နှလုံးညှိုးနွမ်း ရင်မောဖွယ်ကောင်းသည်မှာ ငါတို့ဆီက
ပညာတော်တတ်သိ ဆိုသူများသည် စံပြု ယုံကြည်ချက် များသည် ထိပ်တိုက်ဆန့်ကျင်နေခြင်းနှင့်
ထို ဆန့်ကျင်နေမှုကို သင်းတို့သည် မသိသား မိန်းမော နေခြင်းပေတည်း။ ဗဟို စီမံကိန်း ဝါဒကို
ထောက်ခံသူတို့ထဲတွင် ခေါင်းဆောင် တစ်ဦးဖြစ်သူ အိတ် ဂျီ ဝဲ သည် တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားပြင်းထန်စွာဖြင့်
လူသား အခွင့်အရေး ခုခံမှု စာတမ်းကို ရေးသား စီရင်ပေသတည်း။ မစ္စတာ ဝဲ က တန်ဖိုးထား ထိန်းသိမ်းလိုသော
လူသား တစ်ဦးချင်း၏ အခွင့်အရေးတို့ ဟူသည် သူ လိုလားသည့် စီမံကိန်း ဆိုတာကို မလွဲမသွေ
တားဆီးကန့်ကွက် စမြဲသာတည်း။ တစ်စုံတစ်ရာသော အတိုင်းအတာထိ သူသည် သည်လို ရှေ့တိုးထမ်းပိုး
နောက်ဆုတ်လှည်းတုတ် ရွေးချယ်ရခက်သော ပြဿနာကို မြင်ခဲ့ပုံရပါသည်။ သို့ဖြစ်ရကား သူက အဆိုတင်သွင်းသော
“ လူသားတို့၏ အခွင့်အရေး ကြေငြာစာတမ်း”၁၀ တွင် ပေးအပ်မည်ဟု ပြောထားသော အခွင့်အလမ်း
တို့ မည်သည် ခြွင်းချက်တို့နှင့် မွမ်းမံထားရကား
ထို အခွင့်အလမ်းတို့၏ ကျေးဇူးလက္ခဏာတို့သည် သုဉ်းပြီးဆယ်ပြီး သာ ဖြစ်သွား ရချေပါ၏။ ပမာအားဖြင့်
သူ့ စာတမ်းက ကြေငြာလိုက်သည်မှာ “အချင်းလူသား မည်သူမဆိုသည် မျက်နှာခွဲခြမ်း ကန့်သတ်ခံရမှု
မရှိဘဲ ဥပဒေဘောင်နှင့် အကြုံးဝင်သော မည်သည် ရောင်းဝယ်မှုကို မဆို ပြုလုပ်ပိုင်ခွင့်သည်
လူသားတကာ ၏ အခွင့်အရေး ပေတည်း” ။ ထိုသို့သော ကြေငြာမှုမျိုးသည် နှစ်လိုချီးမွမ်း ဖွယ်ရာပါတည်း။
ခက်သည်မှာ သူက ချက်ချင်းဆိုသလို ဆက်၍ ဆိုသည်မှာ နတ်သုဒ္ဓါ ထမင်းပွဲသည် တစ်ပဲလောက် ရွှေမစင်
ရောဝင်၍ သူပါသဖြင့်လည်း တစ်ခါတည်း ပစ်လိုက်ရ သလိုမျိုး ပါတည်း။ သူက ဖြည့်စွက်မိသော
ရွှေမစင်တစ်ပဲသည်ကား ထိုဖောက်ကား ရောင်းဝယ်မှု တို့မှ ကူးလူးဖလှယ်သော “အရေအတွက် သည် ဘုံ လူ့ဘောင် သာယာဝပြောရေး၁၁နှင့် တူယှဉ်တွဲနိုင်သော
အခြေအနေတွင် ရှိစေရမည်ဟူသော ခြွင်းချက်ကို ချန်ထားရမည် ဖြစ်၏” ဟု ဆိုခြင်းပေတည်း။ စင်စစ်အားဖြင့်
ကူးသန်းရောင်းဝယ်မှု တို့ကို ချုပ်ချယ်ကန့်သတ်မှု မှန်သမျှသည် ဘုံ လူ့ဘောင် သာယာဝပြောရေးကို
အကြောင်းပြု၍ သာ ကန့်သတ်ရကား ဤ ကြေငြာစာပိုဒ်သည် တကယ်တော့ ဘယ် လာရောက် ထိပါးကန့်သတ်မှုကို
မှ ထိထိရောက်ရောက် ကာကွယ်ဟန့်တား ထားခြင်း မည်သည် မရှိ၊ ထို့နှင်နည်းတူ မည်သည့် လူသားတစ်ဦးချင်းစီ၏
အခွင့်အရေးကို မှ အမှန်တကယ် ကာကွယ်ထားခြင်း ဟူ၍လည်း မမည် နိုင်သည် သာတည်း။
မှတ်ချက် ။ ။ မရင့်ကျက်သော
အာဏာရှင်များ၊ နိုင်ငံရေးသမားများ သည် နိုင်ငံကောင်းစားရေး၊ လူအများ
ကောင်းစားရေး စသည့် လေသံဖမ်းတရားနာ
ဝေါဟာရ တို့ကို အများဆုံး သုံးစွဲ ကိုယ့်ကိုကိုယ်လည်း ဘုရားလောင်းထင်၍ ထိုဝေါဟာရတို့ကို တွင်တွင် သုံးစမြဲသာတည်း ။ တကယ့် လောကနီတိ ဓမ္မစက်ကို
မြတ်နိုး အခြေခံသော နိုင်ငံပြုသူ အစစ်အမှန် ဘုရားအလောင်း သူတော်ကောင်း သည် ထိုသို့
ပိန်ဖျင်းသေးသိမ် အဓိပ္ပာယ်မရှိသော စကားမျိုးကို မပြော။ ထို့ထက် လူတစ်ဦးချင်း၏ အခွင့်အရေးကို
မထိပါးရေး ဆိုသည် ကိုသာ ပဓာနပြု၍ ပြောပေသတည်း ။ အဘိဓမ္မာ သဘော ကို ယူ၍ ပြောမည် ဆိုလျှင် မြန်မာပြည်
နိုင်ငံရေးတွင် ဆိုးဝါးစွာ အမြစ်တွယ်နေသော နာဇီဝါဒ သည် လည်းကောင်း ၊ လူသန်းပေါင်း များစွာကို
သေမင်းနိုင်ငံသို့ လက်ငင်းပို့ ခဲ့သော မော်စီတုံး နှင့် ဟစ်တလာ တို့၏ ငါ့မြင်းငါစိုင်း
ဝါဒ တို့သည် လည်းကောင်း၊ ကမ္ဘာ့ရာဇဝင်တွင်လည်း ယနေ့ထက်တိုင် ကျီးမိုက်တို့သည် ဟသာင်္တို့
အပေါ်တွင် တက်၍ အတင်း ဗိုလ်လုပ် ခြင်းသည် လည်းကောင်း ဘုရားအလောင်း သူတော်ကောင်း ထွတ်မကြီး
လုပ်လိုသော မရင့်ကျက်သော အဓိမာန အနူသယစိတ် ကို အခြေခံ၏ ။ ဘုရားအလောင်း
သူတော်ကောင်း ထွတ်မကြီး လုပ်လိုခြင်း သည် စင်စစ် ကမ္ဘာ့ ရာဇဝင် သောင်းခြောက်ထောင် သော
ပြဿနာတို့ ထဲက အဆိုးဆုံးသော အဖြစ်အပျက်များ၏ ပင်မ အခြေခံ ဖြစ်ရကား လစ်ဘရယ်ဝါဒ၏ တွေးခေါ်ရှင်
ခံစစ်မှူး ကြီးများ ဖြစ်သော ကားပိုပါး နှင့် ဖရက်ဒရစ် ဟိုင်းရက်သည် ဤ အန္တရယ် ကြီးမားလှသော
ဘုရားလောင်း သူရဲကောင်း ဝါဒ
ကို အကျယ်တဝင့် ငြင်းခုံ
ပယ်ချ ခဲ့ပြီး ၎င်းတို့၏ ပယ်ချပြမှုများကို နောက်ပိုင်းတွင် ဆက်လက် ခေါ်ယူ ဆွေးနွေးပြသွားပါမည်။
ဤသို့ ရှေ့က
ဆိုခဲ့သဖြင့် ဗုဒ္ဓဘာသာ၏ ဘုရားဆုပန်ခြင်းကို မမှန်ကန်ဟု တားမြစ်နေခြင်း မဟုတ်။ နားလည်
အပ်သော သဘောမှာ သူရိယ ဂါမသုတ် ကဲ့သို့သော
ရှေးဦးအကျဆုံး ဗုဒ္ဓကျမ်းဂန်တို့က အတိအလင်း ညွှန်ပြ ခဲ့သည်မှာ ဘုရားလောင်း အစစ်အမှန်ဆိုသူသည်
ကိုယ့်ကိုကိုယ် ဘုရားလောင်းဟု ဘယ်တော့မှ မထင်၊ ဘုရားဖြစ်လိမ့်မည် ဟုလည်း မမှန်းထားဟု
ဆို၏ ။ ထို အမြွက်သဘောကို နားလည်အပ်သည် ရှိသော် ကိုယ့်ကိုကိုယ် ဘုရားလောင်း ဟု ထင်ယောင်ထင်မှား
ဖြစ်သောသူ အားလုံးသည် ဘုရားလောင်း မဟုတ်ရေးချ မဟုတ်ပါသတည်း။ အကျဉ်းအားဖြင့် ဤသဘောကို
နားလည်နိုင်သည်မှာ ဘုရားလောင်း အစစ်အမှန် သည် မြတ်သော ဘုရားလောင်း အလုပ်တို့ကို တွင်တွင်သာ
မပျက်မယွင်းလုပ်ပြီး ယုတ်နိမ့်သော သဘော အသေအချာ ဖြစ်သည့် ငါမှ ငါ ဘုရားလောင်းဟု ထင်နေမှု၊
ဘုရားဖြစ်လိမ့်မည် ဟု မှန်းနေမှု တို့ မရှိခြင်းပေတည်း။ မြတ်စွာဘုရားမှ နေ၍ ပဉ္စဝဂ္ဂီ
ငါးပါးကို ငါ နင်တို့ကို ငါ ဘုရားဖြစ်ပြီဟု
ရှေးဦး အလျဉ်တုန်းက ဝန်ခံခဲ့ခြင်း မျိုး ရှိသလား ဟု စတင် မေးမြန်းခဲ့ခြင်းကို ရူ၍လည်း ဤ ပရိယာယ် ကို
နားလည် အပ်ပေစွ။ စင်စစ် ဗုဒ္ဓအလောင်းတော် က အားတက်သရော ရှာဖွေခဲ့သည်မှာ သစ္စာတရား အသိ
ဖြစ်၏ ။ ဘုရား အဖြစ်ကို အားတက်သရော မှန်းနေသည် မဟုတ်။ သစ္စာတရားကို ဦးဆုံးသိလာသဖြင့်
ဘုရားဟု ခေါ်ဆိုခြင်းမျှသာတည်း။ ငါတို့ ဗုဒ္ဓဘာသာ၏ ဘုရားသည် ဘယ်သတ္တဝါ တို့ ကိုမှ အကြွင်းမဲ့
ကယ်တင်ပါမည် ဟူသော ကတိကို မပေး။ ကယ်တင်မှု ဟူသည် ကိုယ့်ဟာကိုယ်လုပ်ရမည့် ကိစ္စ၊ လွှတ်မြောက်ရာ
ပင်မလမ်းကြောင်းသည် ဤသို့ နားလည်သိမြင်အပ်၏ ဟုသာ အသိပေး ညွှန်ပြရုံ သက်သက် ပေတည်း ။
ဘုရားအဖြစ်သို့ ရှေးရူခြင်းမည်သည် အသိတရား၏ ရင့်ကျက် တိုးတက်မှု ကို တစတစ စိတ်ရှည် သည်းခံ
တိုးတက်ရှာဖွေခြင်းပေတည်း။ နဂိုကတဲက ငါဘုရားလောင်း ဟု အဓိမာန လှည့်ဖြား ကယောင်ကတမ်း
ထင်နေသူများသည် ထိုသို့သော စိတ်ရှည်သည်းခံမှု မျိုး နှင့် ရှာဖွေနိုင်ခြင်းမျိုး
ချွတ်ယွင်းရကား ဘုရား ဖြစ်ဖို့ ဝေးသည်ထက် ဝေးနေမြဲသာတည်း။
ဒါမှမဟုတ်လည်း နောက် စာပိုဒ်တစ်ခုကို
ရူကြပါစို့ ။ စာတမ်းက ဖော်ပြသည်မှာ “လူတိုင်းသည် ဥပဒေနှင့် ညီသော မည်သည့် အသက်မွေးဝမ်းကျောင်းကို
မဆို လုပ်ပိုင်ခွင့် ရှိသည်” ဟူပြီး “ အချင်းလူတစ်ဦးသည်
အခကြေးငွေ ရရှိသည့် အလုပ်ခန့်အပ်ခံရမှုကို ရယူပိုင်ခွင့် ရှိစေရမည် ဖြစ်၏ ။ သူ့ကို ဖွင့်ပေးထားသည့်
မျိုးစုံသော အလုပ်ခန့်အပ်မှု တို့ကို သူသည် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိစေရမည်
ဖြစ်၏ ။” ဟု ဆိုထားပြန်ပါ သတည်း။ မဖော်ပြထားသည်မှာ မည်သူမှ နေ၍ မည်သို့သော သီးသန့်
အလုပ်အကိုင် အခွင့် အလမ်း သည် မည်သို့သော သီးသန့် အရည်အချင်း ရှိသူ တစ်ဦးအတွက် ဖွင့်ပေးရမည်
ကို ဆုံးဖြတ်ပေးရ ပါမည်နည်း ဟူသော မေးခွန်းပေတည်း။
မစ္စတာ ဝဲ က ထပ်မံ ထည့်သွင်း ချုပ်ဆိုထားသော အချက်မှာ “ သူ၁၂ သည် ဘယ်အလုပ်အကိုင်ဟာ
မိမိအတွက် သင့်တော်ပါရဲ့ ဟု အကြံပြုကောင်း ပြုရပါမည် ဖြစ်၍ သူ့ အကြံပြုချက်ကို လူသိရှင်ကြား
ပြည်သူတို့အကြား စဉ်းစားပြီး ထိုအကြံပြုချက်ကို လက်ခံသည် လည်းကောင်း၊ ပယ်ချသည်၁၃
လည်းကောင်း ပြုလုပ်ရမည် ဟူသတတ်။ ဒါ ဘာကို ပြဆိုနေသနည်း ဟူမူ မစ္စတာ ဝဲ သည် အာဏာပိုင်
အဖွဲ့အစည်း တစ်စုံ တစ်ရာ သည် မည်သို့သောသူ သည် မည်သို့သော အလုပ်ရာထူးနေရာကို ရယူခံစားပိုင်ခွင့်
ရှိသည် ဟု ဆုံးဖြတ်ရမည် ဟု ထင်နေကြောင်း ဖော်ပြနေခြင်း ပေတည်း။ သို့နှင်နှင် မည်သို့သော
အချင်းအားဖြင့် လူတစ်ဦးနှင့်
တစ်ဦး ဆက်ဆံခြင်း နည်းလမ်း တို့ နှင့် ငွေကြေးစနစ်
ကို ထိန်းချုပ်ထားမှုတို့ အပြင် စက်မှုလုပ်ငန်း မျိုးစုံကို နိုင်ငံတော်မှ စီမံကိန်းချ
ဝင်လုပ်နေသော စီမံကိန်း ကမ္ဘာကြီး တစ်ခုတွင်
လွတ်လပ်စွာ ခရီးသွားလာပိုင်ခွင့် နှင့် လွတ်လပ်စွာ ပြောင်းရွှေ့ အခြေချ ပိုင်ခွင့်တို့
မည်သည် မည်သို့ ကာကွယ်ထားနိုင်ပါမည်နည်း။ စက္ကူထုတ်လုပ်ရေး နှင့် စာအုပ်ဖြန့်ဝေရေး လုပ်ငန်း
မှန်သမျှ ကို နိုင်ငံတော်မှ မောင်ပိုင်စီးထားသော စီမံကိန်း ကမ္ဘာကြီးတစ်ခုတွင် စာပေလုပ်ငန်း
လွတ်လပ်ခွင့် ဟူသည် မည်သို့ လုံခြုံစိတ်ချ နိုင်ရပါမည်နည်း ။ ထိုသို့သော မေးခွန်းမျိုးတို့သည်
မစ္စတာ ဝဲ အပါအဝင် စီမံကိန်း လုပ်ချင်သူ သကောင့်သား မည်သူတစ်ဦးတွင်မှ အဖြေဆိုလို့ နည်းနည်းလေးပင်
မပြနိုင်သော မေးခွန်းတို့ပေတည်း။
ဤသို့ ပိတ်ဆို့နေသဖြင့်လည်း ဆိုရှယ်လစ်
လူပ်ရှားမှု ရှေ့ဦးခေတ်ပိုင်းမှပင် စ၍ များစွာသော ပြုပြင်ပြောင်းလဲရေး သမား ဆိုသူ တို့သည်
ပိုမို ရှေ့နောက်ဆီလျော်စွာ ပြောတာ ဖြစ်အောင် ငြင်းခုံလာကြသည်မှာ (အနက်ရိုင်းဆုံး)
“လောကုတ္တရာ” (Metaphyscis) ရူဒေါင့် ဖြစ်သည့် လူတစ်ဦးချင်း၏ အကြွင်းမဲ့
လွတ်လပ်ပိုင်ခွင့် အခွင့်အရေးကို တိုက်ခိုက်လာခဲ့ခြင်း ပေတည်း။ သင်းတို့က ဆိုသည်မှာ
ဆင်ခြင်တုံတရားဖြင့် စီမံဆောင်ရွက်ထားသော ကမ္ဘာကြီးတစ်ခုတွင်
လူဟူသည်မှာ လူတစ်ဦးချင်း၏ အခွင့်အရေး ဆို၍ မရှိ၊ လူတစ်ဦးခြင်းမှ ထမ်းရွက်ရမည့် တာဝန်တို့သာ
ရှိ၏ ဟု ဆိုသတည်း။ ထိုသို့သော ရပ်တည်ချက်သည် မည်ကာမတ္တ မလိုလဲ လိုလဲ ခေါ်ရသော တိုးတက်ပြောင်းလဲရေးသမား
တို့၏ ဘုံသဘောထား ဖြစ်လာခဲ့ပါပေ၏ ။ သို့ဖြစ်ရကား ပိုမို ကျိန်းသေ လာခဲ့သည်မှာ တစ်စုံတစ်ဦးသည်
၎င်း လူတစ်ဦးချင်း၏ အခွင့်အရေးကို ထိပါးပါသည်ဟု ကန့်ကွက်မည် ဆိုပါလျှင် ထိုသူအား ကလန်ကဆန်လုပ်သူ
ဟု ကင်ပွန်းတပ်ရူပ်ချ ခံရမှုသည် အသေအချာ ပေတည်း။ လစ်ဘရယ် စာစောင်တစ်ခု ဖြစ်သော စီးပွားရေးပညာရှင် (the Economist) ကပင် ပြင်သစ်တို့ကို ဥပမာပြ၍ ငါတို့ကို
ချုပ်ကိုင် (ညှင်းစဲ) ပြီး နှစ်အနည်းငယ် တုန်းက ဆိုခဲ့သည်မှာ “ ဒီမိုကရေစီ အစိုးရ ဟူသည်လည်း
အာဏာရှင် စနစ်ထက် မလျော့သော အကြွင်းမဲ့ အာဏာကို တကယ့် လက်တွေ့တွင် မကျင့်သုံးပါသော်ငြား
ကျင့်သုံးနိုင်ပိုင်ခွင့် သည် ရှိသည်သာတည်း။ ထိုသို့ ကျင့်သုံးခြင်းအားဖြင့် ဒီမိုကရေစီနည်းကျ
ရွေးချယ်မှု နှင့် ကိုယ်စားပြုမှုတို့ကို ဆုံးရူံစတေး လိုက်သည် မဟုတ်။ တကယ့် ကိန်းကြီးခန်းကြီး
ကိစ္စတို့တွင် အရေးပါလှသည် မဟုတ်သော လူတစ်ဦးချင်း၏ အခွင့်အရေးတို့ကို မည်သည့် အခြေအနေ
အချိန်အခါမှာ မဆို (ဒီမိုကရေစီ နည်းကျ တင်မြောက်ထားသော)
အစိုးရသည် မိမိ၏ အုပ်ချုပ်စီမံရေး ကိစ္စတို့တွင် အကြောင်းကိစ္စ ရှိသော် ဝင်ရောက် ကိုင်တွယ်
ရမည်သာတည်း။ လက်ရှိ အုပ်ချုပ်နေသူတို့၏ အာဏာကို ကန့်သတ်အပ်ရာသော အကြောင်းချင်းရာမည်သည်
မရှိ။ အဘယ်ကြောင့် ဆိုသော် ပြည်သူတို့မှ လွတ်လပ်စွာ ရွေးကောက် တင်မြောက်ထားပြီး အတိုက်အခံ၁၄မှလည်း
လွတ်လပ်စွာ ဝေဖန် တိုက်ခိုက် နိုင်သော လက်ရှိ အုပ်စိုးနေသူတို့တွင် ထိုကဲ့သို့ အာဏာကို
အကန့်အသတ်မဲ့ ကျင့်သုံးပိုင်ခွင့်သည် အမြဲ ရှိအပ်သည် သာတည်း” ဟူသတတ်။
ထိုသို့သော အကြွင်းမဲ့ အာဏာကျင့်သုံးပိုင်ခွင့်
ဟူသည် စစ်ဖြစ်နေသော အချိန်မျိုးများတွင် ရှောင်လွဲလို့ မရတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။
မှန်ပါသည် ။ စစ်ဖြစ်နေသော အချိန်မျိုးတွင် အတိုက်အခံ၏ ဝေဖန်ပြောဆိုမှုတို့ကိုပင် လိုအပ်သည့်အတွက်လည်း
ပိတ်ပင်ထားကောင်း ပိတ်ပင်ထားပါရပါ လိမ့်မည်။ သို့သော် စီးပွားရေးပညာရှင် စာစောင်က ပြောသည့် “အမြဲ” ဆိုသော ဝေါဟာရသည် ဝန်ခံထိုက်သည့် စစ်အတွက် လိုအပ်မှု
အရသာ လုပ်ရသည် ဆိုသော သဘောကို ဆိုလိုထားပုံ မပေါ်ပါ ။ ထို့ထက် ဤ “အမြဲ ထိုသို့ ကျင့်သုံး
မှတ်ယူထိုက်သည်” ဆိုသော အတွေးအခေါ်သည် သေချာပေါက်ကို လောကပါလ ဓမ္မစက်နှင့် သဘောကိုက်ညီ
ခြင်း မရှိ ၊ ထိုသို့သော သဘောသည် တစ်လုံးတစ်စည်းတည်း အုပ်ချုပ်သော နိုင်ငံတော်ချုပ်စနစ်
ကို တမ်းတမ်း မတ်မတ် ဦးတည်လို့ နေမြဲသာတည်း။ သို့သော် ထိုသို့သော ဝါဒမျိုးသည် အစိုးရမှ
သူတို့ ဘဝကို လမ်းညွှန်ဦးဆောင် စေလိုသော သူတို့က လိုချင်သော ဝါဒ ဖြစ်မြဲ ဓမ္မတာ သာတည်း။
ဥရောပ အလယ်ပိုင်း၏ တိုင်းပြည်မျိုးစုံတို့တွင်
လူတစ်ဦးချင်း၏ အခွင့်အရေးများ သို့မဟုတ် လူနည်းစုကို ကျောနှိမ်ဖိနှိပ်စေမှု မရှိစေရ
ဟူသည့် လူ့ အခွင့်အရေးများ၏ လက္ခဏာတို့ကို အသိအမှတ်ပြုခြင်း တို့သည် ဆုံးရူံးလေသော အခါ
လူတိုင်း၏ စီးပွားရေး ဘဝသည် လုံးဝချုပ်ကိုင်ခံရသော အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်ကို
အတွေ့အကြုံတို့သည် သရုပ်ပြခဲ့ပြီး ဖြစ်ပါ၏ ။ အတွေ့အကြုံ တို့က ပြသခဲ့သည်မှာ စီးပွားရေး မူဝါဒ တို့ကို ကိရိယာပြု
ခုတုံးလုပ်၍ နိုင်ငံတွင် ရှိနေသော လူနည်းစု တို့ကို အညှာအတာမဲ့ ကျောနှိမ် ခွဲခြမ်းခြင်းသည်
ထိပ်ဆုံး ဥပဒေတို့မှ ဖော်ပြထားသော လူနည်းစုတို့ကို ကာကွယ်လုံခြုံစေရမည် ဟူသော စာပိုဒ်တို့ကို
မထိပါးဘဲ ဖြစ်စေနိုင်သည် ဆိုသော အကြောင်းပေတည်း။ အဘယ်ကြောင့် ဆိုသော် နိုင်ငံတစ်ခုတွင်
သီးသန့် စီးပွားရေးလုပ်ငန်းများသည် လူနည်းစု၏ လက်ဝယ်တွင် ရှိတတ်သောကြောင့် ပေတည်း။
ထို့ကြောင့် ထိုသီးသန့် စီးပွားရေး လုပ်ငန်းများကို တိုက်ခိုက်အရေးယူ မှုသည် စင်စစ်
လူနည်းစုကို မရမနေ ဖိနှိပ်လိုခြင်း ပေတည်း။ ထိုသို့ ခွဲခြမ်း ဖိနှိပ်မှုတို့ကို အကောင်အထည်ဖော်မည့်
မူဝါဒတို့ လုံးဝနီးပါး စည်းမရှိ ဘောင်မရှိ ဖြစ်လာတန်ချေများသည် အပေါ်ယံ ကြည့်လိုက်လျှင်
အဆိပ်အတောက် ရှိပုံမရသည့် “အစိုးရမှနေ၍ စက်မှုလက်မှု လုပ်ငန်းတို့၏ တိုးတက်မှုကို ထိန်းကွပ်ပေးရေး”
ဟူသော သဘောတရားတို့ကို အခြေခံလျက်ရှိပြီး ထို သဘောတရားတို့မှ ထွက်ပေါ်လာသော ကြမ္မာဆိုးတို့သည်
စီမံကိန်းကို လုပ်ချင်ကိုင်ချင် ၊ (ငါတို့လုပ်လိုက်သော) စီမံကိန်းမှ နေ၍ ဘာတွေထွက်လာသလဲ
ဆိုတာကို ကြည့်ချင်မြင်ချင်သူတို့ကို အလျှံပယ် သက်သေပြ နေစမြဲ ပင် ဖြစ်ချေသတည်း။ ။
စာကြွင်းစာချဲ့။
။
၁. Karl Mannheim, Man and Society in an Age of Reconstruction,
op. cit., p.180. —Ed.
၂. ဂန္တဝင်
ဖော်ပြချက် ဖြစ်သော A.V Dicey ၏ Introduction to the study of the Law of the
Constitution 8th ed.
(London: Macmilland and Co., 1915), p.198 အရ “ the Rule of Law (ဓမ္မစက်) မည်သည် ပထမ
ဦးဆုံးသော နေရာတွင် ပုံမှန်ဖြစ်သော လောကနီတိ ဓမ္မသတ်ဥပဒေ ၏ ခြွင်းချက်ဟူ၍ မရှိ အလျင်ဦးဆုံး စိုးမိုးမှု ပေတည်း။
ထိုသို့သော စိုးမိုးမှုသည် မင်းမာန်မြောက် ထင်ရာကြဲ အာဏာကို ဆန့်ကျင်ဖို့ရန် ဖြစ်၏ ။ အာဏာကို ထင်ရာကြဲမှု ၊ အာဏာကို ငါ့တွင် သီးသန့် ကျင့်သုံးပိုင်ခွင့်ကို
ကျင့်သုံးခံ လူတို့မှ စောကြော မေးခွန်းထုတ်ရန် မလို ဟုယူပြီး လက်လွတ်စပယ် အာဏာကျင့်သုံးမှု၊ သို့မဟုတ်လည်း ယုတ်စွအဆုံး
အစိုးရ အဖွဲ့အစည်း (ဒါမှမဟုတ် လက်ဝေခံ အဖွဲ့အစည်း)
တစ်ရပ်မှ သူလိုရာ သူသန်ရာ အာဏာကျင့်သုံးမှု အားလုံးနှင့် နီတိ ဓမ္နသတ်သည် ဆန့်ကျင်လျက်
တည်သည်သာတည်း။” ဟူသတတ်။ ဒစ်စီ၏ (အတွေးအခေါ်) လက်ရာ လွှမ်းမိုးမှု ကြီးမားစွာ အင်္ဂလန်တွင်
သက်ရောက်ခဲ့သော်ငြား အင်္ဂလန်မှ နေ၍ Rule of Law(ဓမ္မစက်) ကို ဖွင့်ဆိုပုံမှာ လုပ်ငန်းသဘောဆန်
ကျဉ်းမြောင်း၍ ဤ ကျမ်းဂန်၏ ဖွင့်ဆိုချက်သည် အင်္ဂလန်၏ လက်ရှိ လုပ်ငန်းသဘော ကျဉ်းမြောင်းသော
ဖွင့်ဆိုချက် ကို မယူပါ။ လောကနီတိ ဓမ္မစက်ကို လက်ရှိ လုပ်ငန်းသဘောဖြစ် ဖွင့်ဆိုချက်တို့ထက်)
များစွာ ကျယ်ဝန်းသော အင်္ဂလိပ်ရှေးဟောင်း ဖွင့်ဆိုချက်တို့သည် စင်စစ် အင်္ဂလန်၏ ရိုးရာယဉ်ကျေးမှု
အဖြစ်ပင် ဖြစ်တည်ခဲ့ပြီး ဖြစ်၏ ။ သို့သော် မျက်မှောက် အင်္ဂလန်သည် ထို ရှေးဟောင်း အင်္ဂလိပ်ရိုးရာမှ
လာသော ကြီးမားသော ကျေးဇူးသည် မျက်မှောက်တွင်
ဗြောင်လိုက်ကြီး အချိန်ပြည့် တည် နေသဖြင့် ထိုကျေးဇူးကို ရှိလို့ ရှိမှန်းပင် မသိ။
ထိုကျေးဇူး၏ အဖိုး အနဂ္ဃထိုက်တန်ပုံကို ဆွေးနွေးရ စကောင်းမှန်း မသိ။ အဘယ်ကြောင့် နည်းဟူမူ
၁၉ ရာစုဦးမှ စပြီး ဂျာမနီသည် ဓမ္မစက်၏ အခြေခံစိုးမိုးမှုကို
မေးခွန်းထုတ်လာသော ပြဿနာသည် ကြီးမားသည်ထက်
ကြီးမားလာသော အခါ ထိုသို့ ရှိလွန်းလို့ ရှိနေမှန်း မသိ၊ စကားထဲ ထည့်ပြောရကောင်းမှန်းပင်
မသိသော လောကနီတိ ဓမ္မစက် ၏ သဘောသည် အပြည့်အစုံ ညွန်းပြ နိုးဆော်အပ်သော အကြောင်းပေတည်း။
၃. ဟေးရက်မှနေ၍
The Constitution of Liberty (အကြွင်းမဲ့လွတ်လပ်သော အခြေခံဥပဒေ) အခန်း ၁၆
တွင် လောကနီတိ ဓမ္မစက်၏ ကျဆင်းပုံကို အကျယ်တဝင့် ဆွေးနွေးထားပါသည်။
၎. Sir Henry Maine, Ancient Law: Its Connection with
the Early History of Society and Its Relation to Modern Ideas. Fourth American
edition from the Tenth London edition. (New York: Henry Holt, 1906), p. 165. [အင်္ဂလိပ်
ဂျုရီ လူကြီးမင်း နှင့် သမိုင်း ပညာရှင် ဖြစ်သူ ဆာ ဟင်နရီမိန်း (၁၈၂၂-၁၈၈၈) သည် ကမ်းဘရစ်၏
နိုင်ငံတကာဥပဒေ ဘာသာရပ် ဝီးဝဲ ပါမောက္ခဖြစ်ပြီး ဥပဒေ နှင့် လူမှုအဆောက်အဦတို့၏ မူရင်း
အစနှင့် တိုးတက် ဖြစ်ထွန်းမှုတို့ ကို ကျယ်ပြန်စွာ လေ့လာရေးသားခဲ့ပါသည်။ ဖော်ပြထားသော
စာကြောင်းမှာ ၄င်း၏ "Primitive Society and Ancient Law" (ရှေးဦးကျ လူ့ဘောင်များ
နှင့် ရှေးဟောင်းဥပဒေ) စာအုပ် အခန်း (၅) နောက်ဆုံး စာပိုဒ်မှ ကောက်နုတ် ထားပါသည်။
]
၅. အမျိုးသား ဆိုရှယ်လစ်ဝါဒ ၏ ဥပဒေသီဝရီ ပညာရှင် ကား ရှမစ်၏
လစ်ဘရယ် ဓမ္မစက် လွှမ်းမိုးမှု သဘောကို ဆန့်ကျင်သဖြင့် စွဲဆိုပြသော အချက်များ အားလုံး
မှားနေသည်တော့ မဟုတ်ပါ ။ ခက်သည်မှာ အမျိုးသား ဆိုရှယ်လစ် ဝါဒ၏ အထွတ် သဘော ဖြစ်သည့်
“နိုင်ငံတော်သာလျှင် တရားမျှတမှု ပဓာန” သဘောသည် ရှေ့ဦးဆုံးလာ တရားမျှတမှု လောကပါလ ဓမ္မစက်
ဖြစ်သည့် လူကိုလူချင်း မခွဲခြမ်း မဖိနှိပ်ရေးကို ဆန့်ကျင်သည့် မတော်မတည့် တရားမျှတမှု
ပေတည်း။ [ ဂျာမန် ဂျုရီလူကြီးမင်း ကား ရှမစ် (၁၈၈၈-၁၉၈၅) သည် လစ်ဘရယ် ပါလီမန်ဝါဒ ကို
ဝေဖန်သူ ဖြစ်ပြီး အာဏာရှင် နိုင်ငံ ဝါဒကို ခုခံသူ ဖြစ်၏ ။ ၁၉၃၀ နှစ်များတွင် သူသည်
၎င်း၏ မူဝါဒများကို နာဇီတို့ နှင့် ညိုညှက်ဖို့ ကြိုးစားခဲ့ပြီး နာဇီတို့၏ အစိုးရနေရာကို
ရယူမှု နှင့် ဂျုးတို့ကို ပြည်သူ့ ဘဝနှင့် လူမှု ဘဝ တို့မှ ကြဉ်ပစ်ခြင်းတို့ကို အကျိုးအကြောင်း
ညီညွတ်မှု ရှိပါပေသည်ဟု ခုခံခဲ့၏ ။ ၁၉၃၆ တွင် သူသည် ဂျာမန်တို့၏ မျက်နှာသာပေးမှုကို လက်လွတ်ခဲ့ရသော်လည်း
ဂျာမနီ နိုင်ငံ ပြင်ပတွင်မူ သူသည် အမျိုးသား ဆိုရှယ်လစ် ဝါဒ၏ ဥပဒ သီအိုရီ ပညာရှင် အဖြစ်
ထင်မှတ်ခံခဲ့ရ၏ ။ ရှမစ်သည် leagal positivism ကို ဆန့်ကျင်သည့် သဘောထား ကောင်းမွန်
ရင့်ကျက်သည့် ဂျုရီလူကြီးတို့၏ မျှတသော ဟီရိသြတ္တပ တရား အခြေခံဖြင့် ဥပဒေ အမှန် ထွက်ပေါ်စေသင့်သည်
ဟူသော ဥပဒေကို လူသူတော်ကောင်း တို့၏ တရားအသိဖြင့်
တော်တည့်မှန်ကန်စေခြင်း ဝါဒ (legal realism) ကို ဂျာမနီတွင် ဦးဆောင် လှုပ်ရှားခဲ့သူပေတည်း။
ဟိုင်းရက်မှ Freirechtsschule ဟု ညွှန်းဆိုခဲ့ပြီး ၄င်းသည် leagal realism ၏ ဂျာမန်
ဝေါဟာရ ဖြစ်သည်။]
၆. ကိုးကားထားသော ကန့် ၏ အဆိုအမိန့်ကို ဘယ်မှာဖော်ပြထားပါသလဲ
ဟု ရှာ၍ မတွေ့သေးပါ။ သို့သော် ဗော်တဲ အတွက်မူ
ဟိုင်းရက်မှ Arouet de Aoltaire, Oeuvres Complete de Voltaire, vol. 23 (Paris:
Garner, 1879), p. 526 တွင် ဗော်တဲ ရေးသားထားသော
"La liberte consiste a ne dependre que des Lois." ကို ကိုးညွန်း ထားပါသည်။
၇. ထို ထိပ်တိုက်ဆန့်ကျင်မှုသည် ၁၉ ရာစုတွင် ပေါ်ပေါက်လာသော
ဆွေးနွေးမှုများတို့ မကြာခဏ တလွဲတချော် သတိပြုမိသလို အကြွင်းမဲ့ လွတ်လပ်မှု နှင့် ဥပဒေ
နှစ်ခုကြားက ရန်စောင်မှု မဟုတ်ပါ။ ဂျွန်လော့ (လစ်ဘရယ် ဝါဒ၏ ဖခင်ကြီး နှင့် ခေတ်ပေါ် ဗြိတိသျှ
အာရုံပဓာန ဝါဒ ၏ ရှေ့ဆောင် အတွေးအခေါ် ပညာရှင် ) မှ သိသိလင်းလင်း ပြောခဲ့သည်မှာ ဥပဒေ
မရှိဘဲ နှင့် အကြွင်းမဲ့ လွတ်လပ်မှု ဟူသည် မရှိနိုင်
ဆိုပါသတည်း။ တကယ့် ပြဿနာမှာ မျိုးစေ့ဗီဇ ခြားနားနေသော
ဥပဒေများကို ဥပဒေဟုသာ မခေါ်သင့် မခေါ်ထိုက် သိမ်းကြုံးခေါ်ဝေါ်သော ပြဿနာ ပေတည်း။ တစ်ခုသော
မျိုးစေ့ဗီဇမှာ ဓမ္မစက်၏ အမွေခံ ဥပဒေမျိုး ဖြစ်၍ ယင်းသည် ယျေဘုယျ နီတိစည်းမျဉ်းတို့ကို
ကြိုချထားခြင်း၊ ကစားပွဲတစ်ခု တရားမျှတစေရန် ကြိုချထားခြင်း မျိုး ဖြစ်ပြီး ယင်းတို့သည်
ပြည်သူပြည်သား လူတစ်ဦးချင်းစီကို နိုင်ငံတော်သည်
၎င်း၏ ခြိမ်းခြောက် အကြပ်ကိုင်ပိုင်ခွင့်ကို မည်သို့ အသုံးချနိုင်သည် ကို ကြိုတင်၍
မြင်စေရန်၊ ၄င်း နိုင်ငံတော်နှင့် ၄င်း၏ ဆွေသဟာ ပြည်သူပြည်သားတို့သည် ဖော်ပြထားပြီးသော
အခြေအနေတို့တွင် မည်သို့သော အရေးကိစ္စတို့ကို ဆောင်ရွက်ပိုင်ခွင့် ရှိသည်၊ ဆောင်ရွက်ထား
ရမည်ဟူသည်တို့ကို ကွဲပြားရှင်းလင်းစွာ သိမြင်စေရန် အကျိုး အတွက်ပေတည်း။ နောက် ဗီဇတစ်မျိုးမှ
ပေါက်သော ဥပဒေမှာ အာဏာပိုင်တို့ကို သူတို့မှ သင့်လျော်သည်ဟု ထင်တာကို ဆောင်ရွက်ပိုင်ခွင့်ကို
လက်တွေ့အပ်နှင်း ခြင်းမျိုးပေတည်း။ ဤသို့အားဖြင့် ဓမ္မစက်၏ ဖြန့်ကျက်လွှမ်းမိုးမှု မည်သည်
ကွဲပြားသော လူတန်းစားတို့၏ အကျိုးအမြတ်များ ပဋိပက္ခ ဖြစ်ပွားမှု မှန်သမျှကို ကောင်းမွန်သော
ရလဒ်တို့ ထွက်ပေါ်စေရန် ရည်ရွယ်သည် ဆိုပြီး ကြိုတင် တံတိုင်း ကန့်ချထားသော နီတိစည်းမျဉ်းတို့ကို
အရေးမမူ ပြီးစေကရော ပြတ်စေကရော တစ်ထိုင်တည်း ဆုံးဖြတ်ချက်ချ ပေးလိုသည့် ဒီမိုကရေစီ
စနစ်မျိုးတွင် ထိန်းသိမ်းစောင့်ရှောက် ခံရခြင်းမည်သည် မရှိ။ [ဂျွန်လော့မှ နေ၍ အစိုးရတို့
မတည်ထောင်ရသေးသော လူတို့ အဦးဆုံး စုဝေးလာကြသော သဘာဝ အခြေအနေ သည် “အပြည့်ဝဆုံး လွတ်လပ်သော
အခြေအနေ” ပေတည်း ။ သူမှ ဆက်၍ ဆိုသည်မှာ ထို အကြွင်းမဲ့ လွတ်လပ်မှု နှင့် သူတို့၏ ဥစ္စာဓနကို
ဆက်လက် ထိန်းသိမ်း နိုင်ရန် အလို့ဌာ လူတို့သည် သူတို့ ဆန္ဒသဘော အရသာလျှင် ပြည်သူ့ အဖွဲ့အစည်းတို့ကို
ဖွဲ့စည်းတည်ထောင် လာကြပြီး ၎င်းတို့ကိုယ် ၎င်းတို့ ဥပဒေအောက်တွင် မာန်လျှော့ နေထိုင် ကြကုန်လေသတည်း
ဟူသတတ်။ John Locke, Two Treatises of Government (အစိုးရမင်းတို့၏ ပဌာန်းကျမ်း နှစ်ကျမ်း),
ed. Peter Laslett (Cambridge: Cambridge University Press, 1988), Treatise 2,
chapters 4, 9. Ed. တွင် ရူပါ။]
၈.[အင်္ဂလိပ် ဂျုရီလူကြီး ချားဂျွန် ဒါလင်သည် ဗြိတိသျှ ပါလီမန်၏
ကွန်ဆားဗေးတစ် ဝါဒရှင် ကိုယ်စားလှယ် ဖြစ်ပြီး၊ တရားသူကြီး အဖြစ် လည်းကောင်း၊ တော်ဝင်
ကော်မရှင် အဖွဲ့အစည်းတို့တွင် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ပါသည်။ အင်္ဂလန်၏ ဘာရွန်
ဒါလင်ဘွဲ့သည် သူ့ကို ဂုဏ်ပြုသော အားဖြင့် ပေးအပ်ခြင်း ဖြစ်၏ ။ လော့ဒ်
ဟီဝပ် ၏ အကျယ် အတွက်မူ ၁၉၅၆ စက္ကူကျောဖုံး
တည်းဖြတ်မှု၏ နိဒါန်း အမှာစာ မှတ်စု ၂၅ တွင်
ရူပါ။]
၉. ဓမ္မစက်ကို ချိုးဖောက်သော အခြား ဥပမာ တစ်ရပ်မှာ ဗြိတိသျှ
သမိုင်းတွင် ဖြစ်ပွားခဲ့သော အများပြည်သူ ရှေ့မှောက် တရားရုံးတွင် ခုခံပိုင်ခွင့် မပေးဘဲ
လူတစ်ဦးချင်းကို ဖြစ်စေ ၊ လူတစ်အုပ်စုလုံးကို ဖြစ်စေ စီရင်ခဲ့ခြင်းမျိုး ပေတည်း။ ဓမ္မစက်မှ
နေ၍ ရာဇဝတ်မှုခင်းတို့တွင် သက်ရောက်သော ပုံစံကို လက်တင်စကား tag nulla poena sine lege ဖြင့် ဖော်ပြပြီး ယင်းသည် မည်သူ တစ်ဦးတစ်ယောက်ကိုမှ
ဥပဒေမှ ရှေ့မှ ကြိုတင်၍ တိကျစွာ ဖော်ပြထားခြင်း မရှိဘဲ အပြစ် မပေးရဟူသော သဘော ဖြစ်သတည်း။
ထို နီတိစည်းမျဉ်း၏ အနှစ်သာရမှာကား မည်သည့် လူတစ်ဦးချင်း၏ ကိစ္စမဆို ဥပဒေတွင် ယင်းကိစ္စ
နှင့် အကြုံးဝင်သော သဘောစည်းမျဉ်းကို တိတိကျကျ ဖော်ပြထားခြင်းမျိုး ကြိုတင် ရှိထားရခြင်း
ပေတည်း။ ဟင်နရီ ရှစ်မှ ချုပ်ကိုင်ထားသော ပါလီမန်သည် ရိုချက်စတာက ဘုန်းတော်ကြီး၏ ထမင်းချက်ကို
“မသေမချင်း အပူအိုးထဲသို့ နှစ်သတ်စေ ။ ထို သေစားသေစေ အမိန့် အတွက် ရာဇဝတ်သားသည် သာသနာ၏
အကာအကွယ်ကို အသာစီး ရယူပိုင်ခွင့် မရှိစေရ” ဟု စီရင်ခြင်းမျိုးကို (ရက်စက်ပင် ရက်စက်လင့်
ကစား) ဓမ္မစက် သဘော မဟုတ်ဟု မည်သူကမှ ငြင်းခုံနိုင်စွမ်း မရှိ။ ထိုသို့ ဓမ္မစက်သည် လစ်ဘရယ်
နိုင်ငံတို့တွင် (ကျောသား ရင်သား မရွေး စီရင်ရန်) လုပ်ငန်းစဉ် ဖြစ်လာခဲ့သော်လည်း ထိုသို့သော
သဘောသည် တစ်လုံးတစ်စည်းတည်း ချုပ်ကိုင်အုပ်ချုပ်သော အစိုးရစနစ် နိုင်ငံတို့တွင် ထိန်းသိမ်းထားနိုင်ခြင်း
မည်သည် မရှိ။ အီး ဘီ အယ်တွန်က ကောင်းမွန်စွာ ဖော်ပြခဲ့သလို ဆိုခဲ့သော (ကျောသားရင်သား
မခွဲခြားရသော) လစ်ဘရယ် နီတိသည် nullum crimen sire poena-no ဖြင့် အစားထိုးလာခဲ့ပြီး
ဥပဒေမှ အတိအကျ ညွန်းပြထားသည် ဖြစ်စေကာမူ ရာဇဝတ်မှုတို့ကို အပြစ်ဒဏ် မပေးဘဲ ချန်လျပ်ထားရန်
လိုက ချန်လှန်ထားနိုင်သည် ဟူသော (ကြည့်ကြပ်လုပ်ပေးလိုက်) နီတိဖြင့် အစားထိုး လာခဲ့ပါသည်။
“နိုင်ငံတော်၏ အခွင့်အာဏာဟူသည် ဥပဒေ ချိုးဖောက်သူများကို အပြစ်ပေးရမည် ဟု ဆိုရုံမျှ
နှင့်လည်း မလုံလောက်သေး။ ထိုသို့သော ဓမ္မစက်သဘော ဖြင့် (တိတိကျကျ မခွဲမခြမ်း မချန်မလှပ်ဘဲ)
အပြစ်ပေးခြင်းမျိုးကို နိုင်ငံတော်က တကယ် အရေးယူဆောင်ရွက် သလား မဆောင်ရွက်သလား ဆိုတာကို
ပြည်သူတို့က လိုအပ်လျှင် လိုအပ်သလို တင်းတင်းကြပ်ကြပ် စောင့်ကြည့်ရမည် ဖြစ်၏ ။ အဘယ်ကြောင့်နည်းဟူမူ
ထိုသို့သော ဓမ္မစက် သဘောသည် လူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်၍
ထိုသဘောသည် ပိုမို အခြေခံကျသလောက် မဖြစ်မနေ လိုအပ်သော နိဿယ နည်းနာ များထဲမှ တစ်ခုပေတည်း။ E. B. Ashton, The Fascist: His State and His Mind, (ဖက်ဆစ်သမား။ ။ သူ့ နိုင်ငံ နှင့် သူ့စိတ်) op. cit., p. 127. တွင် ရူပါ။
ပြဿနာ ဖြစ်နေသည်မှာ လူထု၏ အကျိုးစီးပွားကို ထိခိုက်သလား မထိခိုက်သလား ဆိုသော သဘောသည်
အာဏာပိုင်တို့က ဆုံးဖြတ်နေသော ကိစ္စ ဖြစ်နေခြင်း ပေတည်း။
၁၀. [အင်္ဂလိပ် စာရေးဆရာ အိပ် ဂျီ ဝဲ (၁၈၆၆-၁၉၄၆) ကို ယနေ့
အကောင်းဆုံး မှတ်မိနိုင်သည်မှာ သူ၏ ဂန္တဝင် သိပ္ပံ ဇာတ်လမ်းများ ဖြစ်သည့် Time
Machine နှင့် The War of the Worlds တို့နှင့် တွဲဖက်၍ ဖြစ်၏ ။ သူ့ခေတ်တွင် သူသည်
၎င်း၏ နာကျည်းခါးသီးသော လူမှုဘဝပြက်လုံးများ ၊ လူများနားလည်လွယ်သော သမိုင်း ရေးသားခြင်းများ
တို့ နှင့်အတူ တိုးတက် ပြုပြင် ပြောင်းလဲရေး ကိစ္စတို့နှင့် ကောင်းစွာ လူသိများ ခဲ့လေ၏
။ ၁၉၃၉ တွင် သူသည် “လူသားတို့၏ အခွင့်အရေးများ” ကြေငြာစာတမ်းကို အကြမ်းရေးသားခဲ့ရာ
ထို ကြေငြာစာတမ်းသည် The Daily Herald သတင်းစာ အပါအဝင် သတင်းစာများစွာတွင် ဖော်ပြခံခဲ့ရပြီး
ဝေဖန်ချက်များစွာ ဖြစ်ပေါ်ခဲ့လေသည်။ ထို စာတမ်း၏ တစ်ချို့သော စိတ်ကူးစိတ်သန်းများသည်
၁၉၄၈ တွင် ကုလသမ္ပဂ္ဂ အထွေထွေညီလာခံမှ လက်ခံ အတည်ပြုခဲ့သော လောကအဝှမ်းကို လူသားတို့၏ အခွင့်အရေးကို ကြေငြာခြင်း (the Universal Declaration of Human Rights) တွင်
ထည့်သွင်း ပါဝင်လာခဲ့ပါသည်။ ဝဲ၏ မူရင်း ကြေငြာစာတမ်းကို Ten Points for World
Peace, (ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် အချက်ဆယ်ချက်) Current Hzstory, vol. 51, March
1940, pp. 16-18 တွင်ရူပါ။]
၁၁. " [Wells,
"Ten Points for World Peace," op. cit., p. 18. Ed.]
၁၂. [Ibid. Ed.]
၁၃. [Ibid. Ed.]
၁၄. ဟိုင်းရက်က The Economist, vol. 87, November 18,
1939, pp 242-43. Ed. မှ “True Democracy”
(အစစ်အမှန် ဒီမိုကရေစီ ) ကို ကိုးကားထား ပါသည်။
အစိတ်အပိုင်း. နိုင်ငံတော်သည် စက်ယန္တရား၏ အစိတ်အပိုင်းသာ ဖြစ်သည်ဟု ဆိုရခြင်းမှာ
ထို နိုင်ငံတော်ဟူသော အစိတ်အပိုင်း ထက်ပင် လူထုမှ မည်သူမဆို ဝိုင်းဝန်းသုံးစွဲနိုင်သော သဘောတို့ ဖြစ်သည့် ဘာသာရေး၊ နီတိ၊
လွတ်လပ်မှု ဆိုသော အရာတို့သည်လည်း အစိတ်အပိုင်း အဖြစ် လူ့ဘောင်ဝန်းကျင် လူသားတို့၏ ပူးပေါင်းဖြစ်စဉ်
တွင် ပါဝင်သောကြောင့် ဖြစ်၏ ။
သတ္တဝါဝေနေယျ. မူရင်း စာရေးဆရာမှ နိမ့်ကျသောအာရုံ ကို ဖြစ်ပေါ်စေသည့် အကောင်တန်းစားများ ဟူသော သဘောဖြင့် ရေးသားပါသည်။
ဤတွင် ဆက်စပ်သတိထားအပ်သည်မှာ မေတ္တာ ကရုဏာစသော ဗြဟ္မာစိုရ် တရားများကို သတ္တဝါဝေနေယျ တို့အားများ
ပွားများသည်ဟု ဆိုပါလျှင် အကောင်တန်းစားများ
ဟူသော အာရုံမျိုးကို ပြု၍ ပွားများပါက ဗြဟ္မစိုရ်တရား မည်သည် မဖြစ်ဘဲ ဝန်တိုပလွှားခြင်း
တည်းဟူသော မစ္ဆရိယ သဘော လွှမ်းမိုးကြောင်း ပါတည်း။
သာကီနာဇီ. သကျသာကီ (ဝါ) သခင်မျိုးဟေ့ တို့ဗမာ (ဝါ) အမျိုးသားရေးစိတ်ဓာတ်
တို့သည် နာဇီဝါဒ (Narzism) နှင့် တစ်သဘောတည်း ဖြစ်၏ ။
Equality
before the law. ကို ဥပဒေရှေ့တွင် အားလုံး
တန်းတူရှိရေး ဟု ပြန်ဆိုလျှင် လုံးဝမှားယွင်းပြီး
တကယ့်ဆိုလိုရင်းနှင့် လမ်းကြောင်း လုံးဝလွဲချော်သွားသော အနက်ထွက်ပါသည်။ အဘယ်ကြောင့်ဆိုသော်
တန်းဟူသည့် သဘောမှာ ဥပဒေကနေ၍ ဘယ်တော့မှ ဝင်ညှိုမှာ
မဟုတ်သောကြောင့် ဖြစ်သည်။ ဥပဒေကို အသုံးချ၍ တန်းကို ညှိုသည့် သဘောမှာ ဆိုရှယ်လစ် ကွန်မြုနစ်တို့၏
လောကပါလ ဝါရိတ္တဓမ္မစက် နှင့် ဆန့်ကျင်၍ ဥပဒေ၏ အနှစ်သာရ ဖြစ်သော မျက်နှာသာ မည်သူမှ မရကြေးကို ချေဖျက်လုပ်ကိုင်သော
သဘောဖြစ်သည် ။
လူတစ်ဦးနှင့် တစ်ဦး ဆက်ဆံခြင်း နည်းလမ်း
မြန်မာ့လွှတ်တော်ကို တစ်ဦးနှင့် တစ်ဦး ဆက်ဆံမှု ကျယ်ပြန့်စေရန် ဖွင့်ပေးထားသော
ဇာတ်ခုံဟု အများမှ အမြင်မှား ကြလေ၏ ။ စင်စစ် လူတစ်ဦးနှင့် တစ်ဦး ဆက်ဆံမှု လမ်းကြောင်းသည်
ဘာ ဇာတ်ကနား ဘာလွှတ်တော် မှ မလို။ အစစ်အမှန် လွတ်လပ်သော ဘဝကို ပိုင်ဆိုင်သူ မည်သည် မည်သူမဆို
လမ်းဘေး သေးပန်းရင်းနှင့် လည်း ခုံတော် မောင်ကျဘမ်း တို့လို ပိဋကတ် အိုးကွဲ ငြင်းခုံ
နိုင်သည်သာတည်း။ စင်စစ် “လွှတ်တော်ထဲကနေပဲ စကားပြောပါ” ဆိုသော သဘောသည် လူတစ်ဦး နှင့်
တစ်ဦး ဆက်ဆံခြင်း နည်းလမ်း ကို မရမက ထိန်းချုပ်နေသော အကောက်ကြံ ဖိနှိပ်လိုသူတို့ ၏
နည်းလမ်း ပရိယာယ် သာတည်း။
ဆင်ခြင်တုံတရား ဤ ဆင်ခြင်တုံတရား ပဓာနဝါဒ (Rationalism) သဘောတရားသည် လူမှုဒါဝင်ဝါဒ
နှင့် ဆိုရှယ်လစ်ဝါဒ၏ ကျောရိုး အတွေးအခေါ်ဖြစ်ပြီး လစ်ဘရယ်ဝါဒ၏ ရှေ့ဆောင် နိုင်ငံပြု
စာပေသူရဲကောင်း ဂျိမ်းမက်ဒီဆင် စသည့် အမေရိကန်ပြည်ထောင်စုကို စဦးတည်ထောင်သူ လင်းယုန်ဖခင်တို့က
လောကုတ္တရာ ရူဒေါင့်မှ နေ၍ အပြီးသတ် အဓိကရ
ပယ်ချခဲ့ရသော ဝါဒ ဖြစ်သည်။ ၁၇၈၇ တွင် အမေရိကန် အခြေခံဥပဒေ၏ လင်းယုန်ဖခင်များ ဖြစ်သော
အလက်ဇန်းဒါး ဟန်မေတင် နှင့် ဂျိမ်းမေဒီဆင်တို့သည် ကမ္ဘာ့ ဂန္တဝင် စကော့ အတွေးအခေါ် ပညာရှင်
ဒေးဗစ် ဟွမ်းမှ သြဇာသက်ရောက်သည့် အမွေခံ တပည့် များဖြစ်ပြီး အမေရိကန် အခြေခံဥပဒေကို
ရေးဆွဲရာတွင် ဒေးဗစ်ဟွမ်း၏ လူ့စိတ်မနောကို သုံးသပ်ချက်များအား အသေအချာ နားလည် ပြန်ဆိုပြီး
ကမ္ဘာ့ သမိုင်းတစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့သော၊ ဓမ္မစက် အဖြစ်
ယနေ့ထက်တိုင် အထင်ကရ ခန့်ညားစွာ ရပ်တည်ဆဲ ဖြစ်သည့် အမေရိကန် ဥပဒေကို ရေးဆွဲနိုင်
ခဲ့လေသည် ။
ကမ္ဘာ့အတွေး အခေါ်သမိုင်းတွင် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ၏ ကျောရိုးနှင့်
အခြေခံတူညီစွာ တွေးခေါ်သလောက် သိမ့်သိမ့်တုန်ကျော်ကြားသည့် ဂန္တဝင် ပညာရှင် သုံးဦး
ရှိလေသည်။ ပထမ တစ်ဦးမှာ မှန်သွေးဆရာ စပင်နိုဇာ၊ ဒုတိယ တစ်ဦးမှာ စာရေးလူပြက် ဒေးဗစ်ဟွမ်း
နှင့် တတိယတစ်ဦးမှာ နာဇီတို့ မျက်မုန်းကျိုးသည့် ပရော်ဖက်ဆာ ဟတ်ဆာရဲတို့ ဖြစ်၏ ။ သူတို့သုံးဦး
အနက် ဒေးဗစ်ဟွမ်း၏ ဆင်ခြင်တုံတရား ပဓာနဝါဒ
ကို ပယ်ချခဲ့သော သတ္တဝါဟူသည် အာရုံသာလျှင် အခြေခံရှိခြင်း
ဝါဒ (Empiricism) သည် မေဒီဆင်တို့မှ အမေရိကန် အခြေခံ ဥပဒေတွင်
မဖြစ်မနေ ထည့်သွင်းရေးဆွဲ ခဲ့ရသော ဝါဒ ဖြစ်သည်။ ဖာတစ်လုံးခေါင်းကျား ဒေးဗစ်ဟွမ်းမှ
နေ၍ ဆင်ခြင်တုံ တရား ပြည့်ဝသူ ဆိုသူ ဥာဏ်ကြီးရှင်ကြီးများကို ဟားတိုက်ပြက်ရယ်ပြု ပြောခဲ့သည်မှာ
“နင်ဆိုလျားလျား ဆင်ခြင်တုံတရား၊ တကယ့်မှာတော့
နင့်ဖြစ်အာရုံ စိတ်ခံစားမှုသာ လုံးလျားလျား ၊ နင့်စိတ်ထင်ရာ မွန်မြတ်ပါပေ့ နိုင်းဆချင့်တုံ
ဆင်ခြင်တုံတရား တကယ့် တကယ်မှာတော့ နင့်စိတ်အာရုံ ရုန်းမကုန် တွေရဲ့ ကျွန်မသား” သည် ယနေ့ခေတ် ကမ္ဘာတွင် ပညာကို အမှန်တကယ် သင်ယူထားပြီးသူများ အားလုံး မဖတ်မလေ့လာစဖူး
မရှိသော အဆိုအမိန့် ဖြစ်၏ ။ စင်စစ်လည်း ကမ္ဘာ့သမိုင်းကို ဗုဒ္ဓဘာသာ အမည်မခံသူ ဗုဒ္ဓဘာသာအစစ်
(သိမြင်သူ အစစ်) တို့က ပြောင်းလဲစေခဲ့သည်ဟု ဆိုသင့်ပေ၏ ။
Google search: wisdom, compassion ; The apology
No comments:
Post a Comment