Showing posts with label Hayek. Show all posts
Showing posts with label Hayek. Show all posts

Tuesday, March 18, 2014

မုန်ညင်းဖြူ မီးအိမ်ရှင်

 


“လက်ချောင်းကလေး နှစ်ချောင်း ထောင်ပြတတ်သော ဥာဏ်မျိုးကလေးသာ ရှိသည့် ဣတ္ထိယ ခေါ်  မိန်းမတို့သည် ဤမျှ ခက်ခဲလှသည့် သစ္စာတရားကို ထိုးထွင်းသိမြင် နိုင်ဖို့ရန် မဖြစ်နိုင်” (မာရနတ်မင်း)

“ အသိတရားကို မပြတ်ရှာမှီး၍
  စိတ်ကို ကောင်းစွာစောင့်သိသူ အဖို့
  မိန်းမဖြစ်ခြင်းသည်
  ဘာများ အရေးပါပါ သလဲ

  ယောင်္ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်
  ကျင့်ကြံစောင့်စည်းသူသည်
  တရားဓမ္မကို မှန်ကန်စွာ သိမြင်စမြဲ

  ငါသည် ယောင်္ကျား၊ ငါသည် မိန်းမ
  သို့တည်းမဟုတ်…
  ငါသည် အနှစ်သာရ ရှိသည့် တစ်စုံတစ်ယောက် ဟု
  ကြံစည်သိမြင်နေသူကို သာလျှင်
  နင် မာရမင်းသည်
  သည်လို စကားမျိုးနှင့် လာပြီး
  လိမ်ညာနိုင်ပါသည်”  ဘိက္ခုနီ ရှင်သောမ (ဝါ) အရှင်မ စန္ဓာ


ငါတို့၏ ဂေါတမ မြတ်စွာဘုရား ဖြစ်လာမည့် သုမေဓာ ရှင်ရသေ့သည် ဘုရားဖြစ်ရန် နိတယ ဗျာဒိတ်တော် ကို ဒီပင်္ကရာ မြတ်စွာဘုရား ရှေ့မှောက်တွင် ပထမဆုံး ခံယူတော်မူခဲ့ရာ ဒီပင်္ကရာ ဘုရား ရှေ့မတိုင်မီက ပွင့်တော်မူသော ရှေးဘုရားတို့ကို ဘွဲ့ နာမည်မသိလျှင် “ပုရာဏ မြတ်စွာဘုရား” ရှေးရှေး မတိုင်မီက မြတ်စွာဘုရားဟောင်းများ ဟု ညွှန်းဆိုသုံးနူန်း တတ်ကြပါသည်။ ခု ကျွန်တော် ပြောပြမည့် ရှေးဟောင်း ငါးရာ့ငါးဆယ် နိပါတ်တော်လာ “မင်းသမီး ဇာတက” ဇာတ်ကြောင်းသည် အဆိုပါ ရှေးရှေး မတိုင်မီက ပုရာဏ မြတ်စွာဘုရား တစ်ဆူ ၊  ဒီပင်္ကရာ မြတ်စွာဘုရား အလောင်းတော် ရဟန်းအိုကြီး တစ်ပါး နှင့် ငါတို့၏ ဂေါတမ မြတ်စွာဘုရား ဖြစ်လာမည့် ဘုရားလောင်းမိန်းကလေး တစ်ဦး၊ ဤ သုံးဦးသောသူတို့ကို အခြေခံထားပါ သတည်း။
        
         တစ်ခါက ရှေးရှေးဘုရားဟောင်း ပုရာဏ မြတ်စွာဘုရား တစ်ဆူသည် ဤလောကတွင် ပွင့်တော်မူလေသော အခါ ထိုဘုရား သာသနာတွင် ရဟန်းအိုကြီး တစ်ပါးသည် ဆီမီးအိမ်တို့ကို ထွန်းညှိ လှူဒါန်းရတာကို ဝါသနာ ပါလေ၏။ ပုရာဏ မြတ်စွာဘုရားတွင် လွန်စွာချောမော ပြေပြစ်သော ညီမငယ် မင်းသမီး ကလေး တစ်ဦးသည်လည်း ရှိရာ စင်စစ် ဤ ရှေးဘုရားရှင်၏ ညီမကလေးသည် ငါတို့၏ ဂေါတမ မြတ်စွာဘုရား ဖြစ်လာမည့် ဘုရားလောင်း ပါတည်း။

         တစ်ခါတွင် မင်းသမီး ကလေးသည် ရဟန်းအိုကြီး မီးအိမ်ထွန်းညှိဖို့ရန် လိုအပ်သော မုန်ညင်းဖြူဆီကို လှူဒါန်းဖို့ရန် ကြုံကြိုက်သဖြင့် ရဟန်းကြီး အလိုရှိသော မုန်ညင်းဆီကို လှူဒါန်းပြီးလျှင်
         
“ အရှင်ဘုရား၊ ဤတွင် အရှင်ဘုရား အလိုရှိသော မုန်ညင်းဆီ ဖြစ်ပါသည်။ တပည့်တော်မ၏ အကို မြတ်စွာဘုရားကိုလည်း အရှင်သည် ဤ မုန်ညင်းဆီဖြင့် ဆီမီးထွန်းညှိ လှူဒါန်းပါလော့။ ပြီးတော့ မြတ်စွာဘုရားရှင်ကို တပည့်တော်မ၏ တောင်းဆုစကားကိုလည်း ပြောကြားပေးတော် မူပါ…ဤသို့ မီးထွန်းရန် မုန်ညင်းဖြူဆီကို လှူဒါန်းရသော ကောင်းမှုကြောင့် တပည့်တော်မသည် နောင်ခါတွင် အကိုဘုရား နည်းတူ ဘုရားအဖြစ်ကို ရောက်ရပါလိုသည်။ ဘုရား အဖြစ်သို့ ရောက်သည့် နောက်ဆုံးဘဝတွင်လည်း တပည့်တော်မ၏ အမည်သည် ‘ထွန်းလင်းသော မုန်ညင်းဖြူဆီ’ ဟု အဓိပ္ဗာယ်ရသည့် ‘မယ် သိဒ္ဓတ္တ’ ဟူသော အမည်ကို ရရပါလိုသည်..”

         ထိုနေ့ ညချမ်းတွင် ရဟန်းအဘိုးကြီး သည် မြတ်စွာဘုရားရှင်ကို မုန်ညင်းဖြူ ဆီမီးအိမ်ဖြင့် ထွန်းညှိပူဇော် ပြီးလျှင် မိန်းကလေးက မှာလိုက်သော ဆုတောင်းကိုလည်း ဘုရားရှင်ကို လျှောက်ထား၍ “ကောင်မကလေး၏ ဆုတောင်း ပြည့်စုံအံ့မည်လော” ဟု ဘုရားရှင်ကို စပ်စုမေးမြန်းပါသည်။ ဤတွင် ပုရာဏ မြတ်စွာဘုရားက “ဘုရားဆုတောင်းလျှင် ပြည့်စုံဖို့ရန်မှာ အယုတ်ဆုံးအားဖြင့် အခြေခံ အချက်ရှစ်ချက် လိုလိမ့်မည် ဖြစ်ကြောင်း၊ မိန်းကလေးသည် ဒုတိယအချက် ဖြစ်သော ဣတ္ထိယဇာတ် မိန်းမဖြစ်တာနှင့်  ငြိနေသဖြင့် သူမ၏ ဆုတောင်း ပြည့်စုံလိမ့်မည် မပြည့်စုံလိမ့်မည်ဟု ခုခါမှာ ဗျာဒိတ်ဟောကိန်းထုတ်ဖို့ရန် မဖြစ်နိုင်ကြောင်း” ဟု ပြန်ကြားတော် မူပါသည်။
        
         ရဟန်းအိုကြီးသည် လွယ်လွယ်နှင့်တော့ ဘုရားရှင်ကို အလျော့မပေး။ “ကောင်မကလေး၏ ဆုတောင်း ပြည့်စုံမလား ဆိုတာ ခုခါမှာ ပြောဖို့ ခက်နေလျှင် မည်သို့သော အချိန်အခါမျိုးတွင် ကလေးမသည် အသေအချာ ဗျာဒိတ်ဟောကိန်ုးကို ပြောပြနိုင်သူ နှင့် ကြုံကြိုက်ပါမည်နည်း” ဟု ထပ်ပြီး စပ်စုလေ၏။ သည်ခါမှာတော့ ပုရာဏ ဘုရားရှင်သည် မနေသာတော့ဘဲ ဘုရားရှင်၏ ဥာဏ်တော်ဖြင့် မိန်းကလေး၏ ပါလာခဲ့သော ပုညကုသလ ပါရမီ အနုအရင့် ကိုလည်းကောင်း ၊ မိန်းကလေး၏ ဘုရားဆုပန်မှုဝယ် စိတ်အားထက်သန်မှု အပြင်းအပျော့ ကိုလည်းကောင်း သုံးသပ်တော် မူပါသည်။ ထို့နောက် အနာဂါတ်ကို ဥာဏ်တော်ကို လွှတ်၍ ကြည့်မြင်လေသဖြင့် ညီမငယ်သည် နောင်တစ်ချိန်တွင် ဘုရားဖြစ်မည့် အခြေခံ အချက်တို့ ပြည့်စုံအံ့သော အကြောင်းကို ပုရာဏ ဘုရားရှင်သည် မြင်တော်မူပါသည်။

“ရဟန်းကြီး၊ ခုမှစ၍ တစ်ဆယ့်ခြောက် အသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ကာလကို လွန်လေသော အခါတွင် နင်သည် ဒီပင်္ကရာ မည်သော ဘွဲ့တော်ဖြင့် ခု ငါဘုရားကဲ့သို့ပင် တရားမင်း ဗုဒ္ဓဘုရားရှင် အဖြစ်ကို ရလတ္တံ့၊ ထိုအခါမှာ နင်သည် ငါ့ ညီမငယ်ကို ဘုရားဖြစ်မည်လော ၊ မဖြစ်မည်လော ဟု ဗျာဒိတ်ကို ပေးရလတ္တံ့။ ထိုချိန်ကျလျှင် နင်တို့ နှစ်ဦးသားသည် မျက်နှာချင်းဆိုင် ပြန်ဆုံကြရပါ လိမ့်မည်”

ဟုတ်ကဲ့၊ ပုရာဏ ဘုရားက ပြောသော တစ်ဆယ့်ခြောက် အသင်္ချေ နှင့်ကမ္ဘာတစ်သိန်း လွန်မြောက်သော ကာလတွင် ရဟန်းအိုကြီး နှင့် ကလေးမကလေး မျက်နှာချင်းဆိုင် ပြန်ဆုံတွေ့သော ဇာတ်ပေါင်းခန်း ကတော့ ပရိသတ်အများ ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်ပါသည်။ ရဟန်းအိုကြီးသည် ဒီပင်္ကရာ မြတ်စွာဘုရား ဖြစ်တော်မူလာခဲ့ပြီး ကလေးမကလေးကတော့ ငါတို့၏ ဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့ ဖြစ်လာခဲ့ကာ ဒီပင်္ကရာ မြတ်စွာဘုရား ရှေ့မှောက်တော်တွင် ရှေးမင်းသမီး ဘဝက သူမ ဆုတောင်းခဲ့သည့် အတိုင်း “သိဒ္ဓတ္တဂေါတမ အမည်ရသော ဘုရားစင်စစ် ဖြစ်လိမ့်မည်မှာ မုချ” ဟူသော ဘုရားရှင်၏ ဗျာဒိတ်တော်ကို ခံယူရရှိခဲ့ ပါသည်။

မူလ ကျမ်းဂန်တွင် ထင်ရှားရှိသလောက် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ ပြောဟောလေ့ မရှိသည့် ဤ ‘မင်းသမီး’ ရှေးဇာတက ပုံပြင်သည် ထေရဝါဒ ဗုဒ္ဓဘာသာတွင် အစဉ်အဆက် ပဟေဠိသဖွယ် မသဲကွဲသော “မိန်းမဘုရား ၊ မရှိငြား”  စသည့် “မိန်းမသည် ယောင်္ကျားလောက် ဘုန်းမရှိ ၊ မင်းယောင်္ကျားတို့သည်သာ ဘုရား ဖြစ်နိုင်၍ ပိုမို မွန်မြတ်သူတို့ ဖြစ်သည်” ဆိုသည့် အယူအစွဲကြီးကို ပြန်လည် စဉ်းစားဆင်ခြင်ဖို့ရန် မြင်ကွင်းကျယ် တစ်ခု ဖြစ်ပါသည်။ သိရိုးသိစဉ် ငါတို့ သိခဲ့ကြသည့် “ယောင်္ကျားသည်သာ ဘုရားဆုကို ဗျာဒိတ်ခံယူ ရရှိနိုင်သည်” ဆိုသော တွေးခေါ်မှုမှသည် ဘုရားဆုကို အမှန်တကယ် ခံယူရရှိဖို့ “တင်ကြိုရှေးဦး ဗျာဒိတ်နေရာ” သည် အမျိုးသမီးတို့တွင် အထင်အရှား ရှိနေကြောင်း ထေရဝါဒ မူလ တရားကျမ်းဂန်တို့သည် ကောင်းစွာ အသိပေးထားပြီး ဖြစ်ကြောင်းကို (ဝီရသူ၊ သီတဂူ စသော ‘ဘုန်းကံပါရမီရှင်’ အမျိုးသမီးစောင့် ဘုန်းကြီးတို့အား) ကျွန်တော်တို့ တုံ့ပြန် ငြင်းခုံနိုင်သည့် အကောင်းဆုံး သက်သေကြီးတွေထဲက တစ်ခု ပါတည်း။

ဗမာ ဗုဒ္ဓဘာသာ ကောင်မကလေးတွေ နုံနဲ့အတ အတွေးအခေါ် နိမ့်ကျသောကြောင့် “အရှည်ကို ကောင်းစွာ တွေးမျှော်ဆင်ခြင် နိုင်သော ငါတို့လို  ဗမာ လူ့ဘောင်၏ ရှေ့ဆောင် သက်ကြီးဝါကြီးတို့က မျိုးစောင့်ဥပဒေကို လုပ်ရပါသည်” ဆိုသော အမျိုးကောင်းသား ဘဒ္ဒန္တ ဝံသပါလ ဘဘုန်း တို့၏ ‘ယောင်္ကျား ပညာမာန’ ကို အသေအချာ ချပစ်ဖို့ ဇာတ်လမ်းတွင် ကျန်ခဲ့သော ဇာတ်ကွက်တစ်ကွက်ကို ထပ်ပြီး ကျွန်တော် ဖော်ပြပါမည်။ ရဟန်းအိုကြီးက မုန်ညင်းဖြူဆီကို လာပြီး အလှူခံလေသော အခါ ပုရာဏ ဘုရား၏ ညီမကလေးသည် သူမတွင် ပညာဥာဏ် ပြိုးပြက်ပေါ်ထွန်းလာပြီး ရေရွတ်လေသည်မှာ

“အဆူဆူသော ရှေးဘုရားရှင်တို့သည် လည်းကောင်း၊ နောင်ပွင့်တော်မူမည့် ဗုဒ္ဓဘုရားရှင်တို့သည် လည်းကောင်း၊ ဘုရားမဖြစ်မီက နင်တို့ငါတို့လို ‘သာမန်လူ’ တို့သာ ဖြစ်ကြကုန်ပြီး ၄င်း (သာမန်လူ) တို့သည်  ဥစ္စာဓန၊ ဇနီးမယား၊ သမီးသား၊ ကိုယ်လက်အင်္ဂါ၊ အသက် ဟူသည့် စွန့်ခြင်းကြီး ငါးပါးကို မဖြည့်ကျင့်ပါဘဲ ဘုရား ဘယ်လိုမှ ဖြစ်လာလိမ့်မည် မဟုတ်။ (ငါစွဲ အတ္တကို တိုက်ဖျက်ရန်) ဥစ္စာဓန ကို စွန့်လွှတ်လှူဒါန်းခြင်း မရှိ ၊ ကိုယ့်ကျင့်သီလကို စောင့်ရှောက်မှု မရှိဘဲ နှင့် ငါသည် အသို့များ (သံသရာမှ) ထွက်ရပ်လမ်းကို ရှာတွေ့နိုင်ပါမည်နည်း”

မူလကျမ်းဂန် အရ ကောင်မကလေး၏ ဝေဖန်ရေရွတ်သံသည် ရဟန်းအိုကြီး၏  နှလုံးသားကို ရိုက်ခတ်သွားခဲ့ပြီး  ပုရာဏ ဘုရားရှင် နှင့် တွေ့သောအခါ ရဟန်းကြီး ကိုယ်တိုင်လည်း ဘုရားဆုကို ပန်ပါတော့ သတည်း။ ကျွန်တော့် အနေဖြင့် ဗုဒ္ဓကျမ်းဂန်တို့ကို နှစ်ပရိဒေစ္ဆများစွာ လေ့လာကျွမ်းဝင်သူ တစ်ဦးဖြစ်ရကား မူလကျမ်းဂန်တွင် တိုက်ရိုက် မပါသော်ငြားလည်း မိန်းကလေးထံမှ ရဟန်းကြီး ရယူခဲ့သော သင်ခန်းစာကို ကျွန်တော် ဇာတ်ကွက် ဖြည့်စွက် ပြသနိုင်ပါသည်။

ရဟန်းအိုကြီးသည် မင်းသမီး၏ ရေရွတ်သော စကားကိုကြားလေသော အခါ အိပ်မက်မှ လှုပ်နိုးခံရသူကဲ့သို့ ဖြစ်ပြီးလျှင်

“ငါသည် အသက်သာကြီး၍ အချိန်မစီး၊ ဆီမီးအလှူကို ပြုချင်သော ဆန္ဒရှိ၍သာ အမြဲ အလှူလုပ်နေသော ငါသည် ဤကလေးမကဲ့သို့ ကွဲပြားလင်းချင်းသော ပညာဥာဏ်ဖြင့် (အလှူပြုခြင်းဟူသည် မိမိ၏ အတ္တကို ချေမှုန်းဆုတ်နစ်ပစ်သော လက်နက် ဖြစ်ကြောင်း) ဒါနအလှူ၏ အမြတ်ဆုံး အရင်း ဦးတည်ချက်ကို မသိမလင်း နိုင်ခဲ့။ ရှက်စရာကောင်းသော ငါသည် ကလေးမ ကလေးကို အတုယူသဖြင့် ငါသည်လည်း ကောင်မလေးကဲ့သို့ ဘုရားဆုကို ပန်ရပါအံ့”

အလွန် ဆန်းကြယ်လှပါသည်။ ဝီရိယ ဓိက ဘုရားလောင်းဖြစ်သော ဒီပင်္ကရာ မြတ်စွာဘုရား အလောင်းတော် ရဟန်းအိုကြီး ၏ ပထမဆုံးအကြိမ် ဘုရားဆုပန်ရန် စိတ်အားထက်သန်ပြီး တစ်ဆက်တည်း (ညချမ်းအခါတွင်) ၄င်း၏ ဘုရားဆုပန်ခြင်း၏ အကြောင်းပြည့်စုံကြောင်း ပုရာဏ ဘုရားရှင်ထံမှ ဗျာဒိတ်ကို ရရှိခဲ့ခြင်း ဆုလာဘထူးကြီး သည် နောင်ခါတွင် ပညာဓိက ဂေါတမ မြတ်စွာဘုရားလောင်းတော် ဖြစ်လာမည့် ကလေးမကလေး တစ်ဦး၏ “နင်တို့ငါတို့ အားလုံးဟာ သာမန်လူတွေပါပဲ” (The rule of law ၏ အခြေခံ အကျဆုံး နိယာမတရား) ဆိုတာနှင့် “မယ်သိဒ္ဓတ္တ ဟူသော အမည်ဖြင့် သဗ္ဗေညုတ မြတ်ဗုဒ္ဓ ဖြစ်ရပါလို၏” ( Extensive order- ပိုပိုပြီး လူစုံတက်စုံ နေရာစုံမှာ ပါဝင်လာသော ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်) ကို တွေးခေါ်ပြခဲ့သည့် မိန်းမဥာဏ် ကလေးကို နမူနာ ယူ၍သာ ဖြစ်လာရကြောင်း ကို ပါတည်း။

တကယ်တော့ အာကျယ်မကလေး၏ “မယ်သိဒ္ဓတ္တ ဟူသော အမည်ဖြင့် ဘုရားဖြစ်ရပါလို၏”  ဟူသည့် မိန်းမဆုတောင်းသည်  ဒီပင်္ကရာ မြတ်စွာဘုရား နှင့် ဂေါတမ မြတ်စွာဘုရား ဟူသော ဘုရားနှစ်ဆူ လောကတွင် ပေါ်ထွန်းလာခဲ့ရခြင်း၏ အရင်းမူလ အကြောင်း၊ အမြတ်တကကာ့ အမြတ်ဆုံး ဆုတောင်း ပါတည်း။ သည်တွင် ငါတို့ အထင်အရှား မြင်အပ်သည်မှာ ဆုကြီးပန် သတို့သမီးငယ်သည် မည်သည့် ပါရမီရှင် ဘုန်းဘုန်းဘုရား၊ ရဟန်း မင်းယောင်္ကျားမှ မဟုတ်သလို ၊ သူမသည် မည်သူ တစ်ဦးတစ်ယောက်ကိုမှလည်း  သာလွန်ထူးခြားသူ ပါရမီရှင်တို့ အဖြစ် မယူဆထားကြောင်းကို ဖြစ်ပါ၏ “အဆူဆူသော ရှေးဘုရားရှင်တို့သည် လည်းကောင်း၊ နောင်ပွင့်တော်မူမည့် ဗုဒ္ဓဘုရားရှင်တို့သည် လည်းကောင်း၊ ဘုရားမဖြစ်မီက နင်တို့ငါတို့လို ‘သာမန်လူ’ တို့သာ ဖြစ်ကြကုန်ပြီး…”။

ရှေ့ဖက် ဆောင်းပါးတို့တွင် ဝီရသူ၊ အင်းစိန်ရွာမ၊ သီတဂူ စသောသူတို့သည် “ဘာကြောင့်များ ဤသို့  မျိုးစောင့်ဥပဒေ စသည့် ဖောက်ပြန်မှားယွင်းသော အကြံအစည်၊ အပြုအမူတို့ကို လုပ်ကုန်ရပါသနည်း” ဆိုတာနှင့် စပ်၍  “၄င်းတို့၏ လောကအမြင်သည် မှားယွင်း၊ ဤသူတို့၏ ကိစ္စတွင် ဖောက်ပြန်သည့် အဆင့်သို့တိုင် ရောက်နေလို့ ဖြစ်ကြောင်း" ကျွန်တော် ဖော်ပြခဲ့ပါသည် ။ တကယ်တော့လည်း လောကအမြင် မှားယွင်းမှု ဆိုသော သဘောတွင်၊ အထူးသဖြင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု “သမိုင်း” လွှမ်းမိုးသော နိုင်ငံများတွင် ၊ “သမိုင်း” ထဲမှာမှ အထူးသဖြင့် ဘုန်းကံရှင် အမျိုးသားတို့တွင်၊ အမျိုးသားတို့ထဲမှာမှ သာသနာ့ အမွေဆက်ခံသူ ဆိုသည့် ဘုန်းကြီးတို့တွင်၊ ထိုဘုန်းကြီးတို့ထဲမှာမှ အထူးသဖြင့် ဥာဏ်ပိုကြီး ကံပိုကြီး ဆိုသူ ဘုန်းကြီးခေါင်းဆောင် တို့တွင် “ငါသည် အများတကာ သာမန်လူတွေထက် အလွန် သာလွန်ထူးမြတ်သော အနှစ်သာရကြီး တစ်ခု” ဟူသော စိတ်ကူးမာန တို့သည် သူတို့၏ အတွေးအာရုံပြင်ဝယ် ထုနှင့်ထည်နှင့် လွှမ်းမိုးခံထားရတတ် ပါသည်။

သည်တွင် ကျွန်တော် အထူး စိုးရိမ်မိသည်မှာ ဤ ဘုန်းကြီးခေါင်းဆောင်တို့သည် သူတို့ဘာသာ သူတို့ “ငါသည် မဟိန္ဓိ လူထူးလူဆန်း၊ ဘာသာ သာသာနာကို စောင့်ရှောက်သူ အနှစ်သာရ ပါရမီရှင်ကြီးများ ဖြစ်သည်” ဆိုပြီး ဝက်လူးတဲ့ ရွှံ့အိုင်မှာ သူ့ဟာသူ လူးလွန့် ညစ်ပတ်နေတာက အကြောင်းမဟုတ်၊ အများပြည်သူ၏ နိုင်ငံရေး၊ လူမှုရေး၊ အထူးသဖြင့် ပတ္တမြား ရွှေဂူနှင့် တူသည့် ဘုရားအဆုံးအမ သာသနာကိုပါ ၄င်းဝက်မင်းတို့သည် သူတို့၏ ပေကျံနေသော အတ္တ အညစ်အကြေးတွေနဲ့  လာလူးပွတ်တိုက် ညစ်ပတ်စေသည့် ကိစ္စကို ဖြစ်ပါသည်။

မည်သည့်အခါကမှ ခြေလေးချောင်းထောက် ဝက်ကောင်ဟူသည် လင်းယုန်ဌက်လို ကောင်းကင်တွင် ပျံသန်းပြီး မြေပြင်အဝန်းကို စူးရဲကျယ်ပြန့်စွာ ခြုံငုံကြည့်ရူနိုင်စွမ်း မရှိသလို မိမိကိုယ်ကို အထူး အနှစ်သာရကြီး တစ်ခု အဖြစ် ကြည့်မြင်နေသူ တစ်ဦးသည် ဗုဒ္ဓတရားတော်ကို အမှန်တကယ် စူးရဲကျယ်ပြန့်သော ပရိယာယ်ဖြင့် ဆင်ခြင်နားလည်နိုင်စွမ်း မရှိပါ။ ဆိုးသည်မှာ ဗုဒ္ဓတရားကို ဤဘုန်းကြီးမိုက်တို့သည် ၄င်းတို့၏ ကျဉ်းကြုတ်သိမ်ငယ်သော အတ္တစွဲ မာနစွဲတွေ နဲ့ ပြန်ဆိုနားလည်ကြသလောက် သူတို့ မှားယွင်းဖောက်ပြန်စွာ နားလည်နေသော တရားတု တရားယောင်တွေကို တရားစစ် အဖြစ်၊ ဘုရင်လုပ်သူကလည်း မြှောက်ပေးရင် မြှောက်ပေးသလို မဏ္ဍပ်တိုင်တက်လာကာ အများပြည်သူကို ဖြန့်ဝေ ဟောကြားနေသော ကိစ္စမျိုး ဖြစ်ပါသည်။ နောက်ထပ်လည်း ဆိုးလှသည်မှာ ဤသို့ တရားတု တရားယောင်တွေကို တရားစစ်အဖြစ် ဖြန့်ဝေခြင်းဟာ တကယ်တော့ မွန်မြတ်လှသော ဗုဒ္ဓသာသနာကို ဖျက်ဆီးနေခြင်း စင်စစ် ဖြစ်ပါလျက် မိုက်မဲလှသည့် ဤသူတို့သည် ကိုယ့်ကိုကိုယ် သာသနာတော်စောင့် ရဟန်းကောင်းကြီးများဟု မှတ်ယူ ကြွေးကြော်နေခြင်း ပါတည်း။

“ဤ မြတ်သော သာသနာကို မည်သည့် ရုပ်ဝတ္ထု ခွန်အားတို့ကမှ အနိုင်ယူ မဖျက်ဆီးနိုင်။ တရားတု တရားယောင်တို့က တရားစစ်၏ နေရာတွင် အစားထိုး ယောင်ဆောင် ဝင်လာခြင်းသည် သာလျှင် ဤသာသနာ၏ ပျက်ဆီးကြောင်း ပေတည်း”      ရှင်မဟာကဿပ မေး၍ ဗုဒ္ဓဖြေ ၊ သံယုတ္တနိကာယ်

         ဘုရား သာသနာကို စစ်အာဏာ သုံးခြင်း၊ ဥပဒေ ပြဌာန်းခြင်း ၊ မွေးဇာတ် ခွဲခြားကန့်သတ်ခြင်း နဲ့ စောင့်ရှောက်လိုတဲ့ သည်ဘုန်းကြီးတွေဟာ တကယ်ကော ဘုရားစာကို သေသေချာချာ ဖတ်မှတ်လေ့လာခဲ့တဲ့လူတွေမှ ဟုတ်ရဲ့လား ဆိုတာ ငါတို့ အင်မတန်မှကို မေးချင် စရာပါပဲ။

         “အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေမှာ ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရခဲ့တဲ့ အကြောင်းရင်းဟာ မွတ်စလင်မ် လူဦးရေက လွှမ်းမိုးသွားလို့” လို့ ဗမာပြည် အနှံ့မှာ လိုက်ပြောနေတဲ့ ဝီရသူဟာ ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့တဲ့ မူလကျမ်းဂန်လာ အဖြေကို တွေ့လို်က်ရပြီ ဖြစ်တဲ့ ဗုဒ္ဓဘာသာ ပရိသတ်ရှေ့ မှောက်မှာ ၄င်း၏ အကြောင်းပြချက် မှန်တယ် ဆိုပြီး ဆက်ပြောဝံ့သေးသလား ဆိုတာ ငါတို့ သင်းကို မေးရပါလိမ့်မည်။ အဲသလို ဆက်ပြောဝံ့သေးတယ် ဆိုရင်တော့ သည်သတ္တဝါဟာ ကိုယ့်ကိုကိုယ် မြတ်ဗုဒ္ဓ နဲ့  ရှင်မဟာ ကဿပထက် ပိုပြီး သိမြင်နိုင်တယ်လို့ ယူဆနေတဲ့ ဘဝင်ရူး တစ်ယောက်သာ ဖြစ်ပါတယ်။ ဟုတ်ပါရဲ့၊ ဝီရသူလို အစစ်အမှန် သဒ္ဓါတရား မရှိတဲ့ ရဟန်းတု ရဟန်းယောင် အတွက်  ဘုရားဟော တရားထက် မောင်သိန်းစိန်ရဲ့ သေနတ်ပြောင်းဝက အာဏာဟာ အမြတ်ဆုံး အမှန်တရားအဖြစ် သူ့အတွက် ရှိခိုးကော်ရော်ရာ ဖြစ်နေမှာပါပဲ။

         တစ်ဆက်တည်းမှာပဲ “အမျိုး၊ ဘာသာ၊ သာသနာ” ဆိုတဲ့ အယူအဆကို ထေရဝါဒ ပါဠိဘာသာ ဗုဒ္ဓ ရှေးဟောင်း ကျမ်းဂန်တွေကကော၊  ပါဠိနိကာယ်ကျမ်းတွေနဲ့ အလားတူ ဘက်တူ ရှေးဟောင်း
သက္ကတအဂ္ဂမ ဗုဒ္ဓကျမ်းဂန်တွေကကော လုံးဝ လက်မခံကြောင်းကို ကျွန်တော် ဖွင့်ပြဆွေးနွေးပါမယ်။ သည်လို ဆွေးနွေးရင်းနဲ့ ပဲ “အမျိုး ဘာသာ သာသနာ” လို့ စွဲယူကြွေးကြော်သူ တစ်ဦးဟာ “ဗုဒ္ဓဘာသာ ရဟန်း” ဟူသော ဂုဏ်ဒြပ်ကို အမှန်တကယ် ခံယူပိုင်ခွင့် ရှိမရှိ ဆိုတာကို ကျွန်တော်တို့ သုံးသပ်ဖို့ လိုတယ်ဆိုတာ ကျွန်တော်တို့ နားလည်လာပါလိမ့်မယ်။

         တလောက ကိုညီညီလွင် (ရှင်ဂမ္ဘီရ) နဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ အင်တာဗျုးမှာ ၄င်းက ဆွေးနွေးရာမှာ ရဟန်းသံဃာဟာ ရဟန်းဝတ်ပြီ ဆိုတာနဲ့ “သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ကျင့်ကြံပါမယ်” ဆိုတဲ့ ပဋိဥာဉ်ကို ခံယူရပါတယ်။ ဒါကို နည်းစနစ်သဘောအားဖြင့် ပြောမယ်ဆိုရင် သေက္ခပုဂ္ဂိုလ် (ကျင့်ဆဲ နှင့် လွတ်မြောက်စပြုလာသူ) ဖြစ်အောင် ကျင့်ကြံအားထုတ် ရပါတယ်။ ရဟန်းသံဃာရဲ့  အလုပ်ဟာ အဲသည် အလုပ်သက်သက်ပါပဲ။ တကယ်ကတော့ ဒါကလွဲပြီး ရဟန်းသံဃာဆိုတာ ဘာမှ လုပ်ဖို့ မလိုပါ။

ကိုညီညီလွင်က လူမှုရေးလောက်တော့ လုပ်ပေါ့၊ နိုင်ငံရေးမှာ ပါဝင်တာမျိုးကတော့ သေက္ခဖြစ်ဖို့ အလွန်ဝေးသွားပြီ ဖြစ်တဲ့ အတွက် “ကျင့်ကြံအားထုတ်ပါ့မယ်” ဆိုတဲ့ ပဋိဥာဉ်လည်း ခံထားတာကြောင့် ရဟန်းတို့နဲ့ မသင့်လျော်ပါလို့ ပြောပါတယ်။ အကျဉ်းချုံးပြီး ပြောမယ်ဆိုရင် သေက္ခဖြစ်အောင် ကျင့်ကြံအားထုတ်မှု မရှိဘဲ ‘ရဟန်း’ လုပ်နေတဲ့ ‘ရဟန်း’ ဟာ ‘ဗုဒ္ဓဘာသာ ရဟန်း’ အဖြစ် ငါတို့ ဗုဒ္ဓဘာသာဝင်တို့၏ လှူဒါန်းပူဇော်မှုကို ခံယူပိုင်ခွင့် အမှန်တကယ် ရှိမရှိဆိုတာကို ငါတို့ စောကြောရပါ လိမ့်မယ်။

ကျွန်တော်တို့ အလွန် အရေးကြီးစွာ သိမှတ်ထားအပ်သော အချက်တစ်ချက်မှာလည်း ဗုဒ္ဓဘာသာဝင်တို့ ရည်ရွယ်စံထားရမည့် သေက္ခပုဂ္ဂိုလ် ၏ လောကအမြင်နဲ့ ဆန့်ကျင်ဘက် ပြောဆိုပြုမူလာသော ‘ရဟန်း’ ဆိုသူတို့ကို ကျွန်တော်တို့ အနေဖြင့် “ဗုဒ္ဓဘာသာ” ဟု လက်ခံ၍ မရကြောင်းကို ဖြစ်ပါသည်။ ထိုသူတို့ကို ‘ဗုဒ္ဓဘာသာဝင်’ ဟူပြီး ကျွန်တော်တို့ လက်ခံလိုက်ပါလျှင် သံယုတ္တနိကာယ်တွင် ဗုဒ္ဓက ရှင်မဟာကဿပကို ဖြေကြားခဲ့သလို ‘ဗုဒ္ဓတရား အမည်ခံ’ ဆန့်ကျင်ဘက် တရားအတုတို့သည် တရားအစစ်နေရာကို ဝင်ယူလာပါလိမ့်မည်။ ဗုဒ္ဓဘာသာသည် နောက်ဆုံး ဤ တရားတု တရားယောင်တွေကို ကိုးကွယ်နေသော ဗုဒ္ဓဘာသာ အယောင်ဆောင် မိစ္ဆာဒိဌိပုဂ္ဂိုလ်တို့၏ ဝါးမျိုစီးနင်းမှုကို ခံသွားရမည် ဖြစ်ပြီး တရားစစ်တရားမှန်တို့ ကွယ်ပျောက်ကုန်ကာ နာမည်အားဖြင့်သာ ဗုဒ္ဓဘာသာ၊ အယူမှား အမြင်မှားတွေကို ကိုးကွယ်နေသော မိစ္ဆာဒိဌိ ဂိုဏ်းကြီး သက်သက် နောက်ဆုံး ဖြစ်လာပါလိမ့်မည်။

ရှေ့ စကားဦးမှာ ကျွန်တော် ပြောခဲ့သလို ပါဠိနိကာယ် ဗုဒ္ဓကျမ်းဂန်ဘက်ကရော၊ ဘက်တူ ရှေးဟောင်း သက္ကတအဂ္ဂမ ဗုဒ္ဓကျမ်းဂန်ဘက်ကကော ‘အမျိုး ဘာသာ သာသနာ’ ဆိုတာကို လုံးဝ လက်မခံပါ။ ဘာလို့လဲ ဆိုတော့ ဒါဟာ သေက္ခပုဂ္ဂိုလ် (အရိယာ ခုနှစ်ပါး) က လက်မခံတဲ့ သဘောတရား စင်စစ် ဖြစ်လို့ပါပဲ။ လက်မခံတာ သက်သက်တောင် မဟုတ်ပါဘူး၊ သည် ‘အမျိုး ဘာသာ သာသနာ’ ဆိုတာဟာ ကျင့်ကြံသိမြင်ရမယ့် ဗုဒ္ဓတရားနဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်တဲ့အတွက် မွန်မြတ်သည့် သေက္ခပုဂ္ဂိုလ်တို့က အပြီးတိုင် ပယ်ချထားသော အယုတ်အညံ့ ဝါဒသာ ဖြစ်ပါတယ်။

ပါဠိတော် ဗဟုဓာတုက သုတ္တန်မှာ ဗုဒ္ဓဟာ ရှင်အာနန္ဒာကို သေက္ခပုဂ္ဂိုလ်သည် “ဘယ်တော့မှ သည်လိုလူမျိုး ဖြစ်လာလိမ့်မည် မဟုတ်” ဆိုပြီး ငါတို့ရဲ့ သည်နေ့ ဝီရသူ၊ သီတဂူ တို့ကို တိုက်ရိုက်ပင် ပြောနေသည့် အလား ဆုံးမထား ပါသည်။

“အာနန္ဒာ၊ သေက္ခပုဂ္ဂိုလ် - ကျင့်ဆဲ (ဝါ) အမှန်တကယ် မပြတ် ကျင့်ကြံကာ တရားဓမ္မကို သိမြင်စပြုလာသူသည် ဘယ်တော့မှ ဤသို့သော လောကအမြင်မျိုးတို့သည် မရှိနိုင်။

(၁) သဏ္ဍန်များ (အာရုံပုံရိပ်များ) မျှသာ ဖြစ်သည်တို့ကို မြဲမြံသည့် အရာများ ဟူ၍ လည်းကောင်း
(၂) သဏ္ဍန်များ (အာရုံပုံရိပ်များ) မျှသာ ဖြစ်သည်တို့ကို ကျေနပ်စရာ ဖြစ်သည် ဟူ၍လည်းကောင်း
(၃) သဏ္ဍန်များ (အာရုံပုံရိပ်များ) မျှသာ ဖြစ်သည်တို့ကို အနှစ်သာရရှိသည့် တစ်စုံတစ်ခု ဖြစ်သည်
     ဟူ၍လည်းကောင်း
(၄) ဗုဒ္ဓရှင်တော်၏ ဆုံးမချက်မှ အပ တခြားကိုးကွယ်ရာကို ရှာဖွေရန် လိုသည် ဟူ၍လည်းကောင်း

         ဗမာလူမျိုး၊ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာ (အမျိုး ဘာသာ သာသနာ) ဆိုတာ သဏ္ဍန်များမျှသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သင်ကြားမှတ်သားမိခြင်း ဆိုတဲ့ ဘဝ အတွေ့အကြုံနောက်ကို လိုက်ပြီး တကယ် ရှိနေတယ်လို့ ခန့်မှန်း ခံစားကြည့်နေတဲ့ အာရုံပုံရိပ်တွေ သက်သက်သာ ဖြစ်ပါတယ်။

         ဗုဒ္ဓတရားကို အမှန် ကြည်ညိုမြတ်နိုးသူ၊ ရဟန်းတရားကို အမှန်ကျင့်ကြံအားထုတ်သူ တစ်ဦးအတွက် သည် အာရုံပုံရိပ်တွေဟာ မြဲမြံသည့် အရာတွေ မဟုတ်ဘူး၊ ကျေနပ်စရာတွေ မဟုတ်ဘူး၊ အနှစ်သာရတွေ မဟုတ်ဘူး ဆိုတာကိုပဲ ပြောပါတယ်။ ဒါတွေဟာ ယုတ်ညံ့တဲ့ အစွဲအလမ်းတွေ အဖြစ် ပစ်ခွာဖို့ပဲ ပြောပါလိမ့်မယ်။ မျိုးစောင့်ဘုန်းကြီးတွေလို “ငါတို့ အမျိုးဘာသာဟာ သီးသန့် မြဲမြံ ကျေနပ်စရာ အနှစ်သာရ ဖြစ်လို့ သီးသန့်စောင့်ရှောက်ဖို့ လိုတယ်” ဆိုတဲ့ ပြောင်းပြန်တရားမျိုးကို ပြောလိမ့်မှာ မဟုတ်ပါ။ ဗုဒ္ဓရှင်တော်၏ ဆုံးမချက် မဟုတ်တဲ့ “ဥပဒေ ခြိမ်းခြောက်မှု၊ အာဏာ အဆောက်အဦ၊ လူမှုအစဉ် ပုံစံဒီဇိုင်း” စတဲ့ ပြင်ပအရာတွေကို အမြတ်တရားလုပ်ပြီးတော့လည်း ကိုးကွယ်လိမ့်မှာ မဟုတ်ပါ။

         တကယ်တော့ သည်လေးချက်နဲ့တင် မျိုးစောင့်ဂိုဏ်းဝင် ရဟန်းအားလုံးဟာ ဗုဒ္ဓတရား နဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သလို ဗုဒ္ဓတရားကို အမှန်တကယ် ကျင့်ကြံသူဆိုရင် လုံးဝ ပယ်ချပစ်ရမယ့် မိစ္ဆာဝါဒ ကို ကိုးကွယ်နေတဲ့ ‘ရဟန်း’ အမည်ခံ ပုဂ္ဂိုလ်တို့သာ ဖြစ်ကြောင်း ကျွန်တော် အသိပေး ကြေငြာအပ်ပါတယ်။

ဗုဒ္ဓဘာသာ ရဟန်း အယောင်ဆောင်၊ ၄င်း မိစ္ဆာဒိဌိများ တကယ် မိုက်ရဲတယ်ဆိုရင် “မြတ်စွာဘုရားဟာ ‘အမျိုး ဘာသာ သာသနာ’ ဆိုတာဟာ မြဲမြံတဲ့ အရာတွေ ဖြစ်တယ်၊ ကျေနပ်စရာတွေ ဖြစ်တယ်၊ အနှစ်သာရ ရှိသည့် အရာတွေ ဖြစ်သည်၊ ကိုးကွယ်ရာ ဖြစ်သည် ဟု တစ်နေရာရာမှာ ဘုရားဟောခဲ့တယ်” ဆိုပြီး ကြေငြာလိုက်စမ်းပါ။ ငါတို့ကတော့ တိုတောင်းလှတဲ့ ရေပွက်ပမာ တစ်ဘဝတာမှာ ဒါကို သည်းခံနိုင်ပါသည်။ ဒါပေမယ့် နင်တို့၏ ဘုရားသာသနာ အပေါ် သစ္စာမဲ့ခဲ့တဲ့ အကုသိုလ်ကတော့  ဘုရား အရေခြုံခဲ့သော နင်တို့နောက်ကို သံသရာတစ်ခုလုံး လိုက်နေပါလိမ့်မည်။

         တကယ်တော့လည်း ဗုဒ္ဓအရေခြုံ မျိုးစောင့်ဘုန်းကြီးတွေ ရဲ့  မျိုးစောင့် လူပ်ရှားမှုတွေ ဆိုတာဟာ ဗုဒ္ဓဘာသာ လှုပ်ရှားမှု လုံးဝမဟုတ်ပါ။ ဟိန္ဒူဘာသာကို တစ်ခေတ်တစ်ခါမှာ အင်မတန် ညစ်ထေးစွန်းထင်းစေခဲ့တဲ့ ဗြဟ္မဏဇာတ်ဝါဒ ကို ကောက်ကျစ်အောက်တန်းကျလှတဲ့ ဟိန္ဒူဘုန်းကြီးပျက်တွေကနေပြီး ရှေးခေတ် အိန္ဒိယ လူ့ဘောင်တစ်ခုလုံးကို သွပ်သွင်းခဲ့မှုနဲ့ သည် လှုပ်ရှားမှုတွေဟာ ထပ်တူပါပဲ။ “ဗြဟ္မာကြီး” နေရာမှာ “ဗုဒ္ဓ သိဒ္ဓတ္တဂေါတမ” လို့ နာမည်ပြောင်းတတ်လိုက်တာပဲ ကွာပါတယ်။

သည် ဗြဟ္မဏ ဇာတ်ဝါဒ (Caste Sytstem) ဟာ ဆိုရှယ်လစ်-ကွန်မြူနစ်၊ ဖက်ဆစ်၊ အမျိုးသားရေး၊ မျိုးချစ်၊ မျိုးစောင့် စသော လုံးစည်း လှုပ်ရှားမှု အားလုံးတို့ရဲ့  အခြေခံ ဖြစ်ကြောင်း ကျွန်တော် ရှေ့မှာ ပြောခဲ့ပါတယ်။ သည် အကြောင်းရင်းမြစ်ကို ရှင်းပြဖို့က စာမျက်နှာတွေ အများကြီး ယူရမှာ ဖြစ်လို့ ဖြေးဖြေးချင်းပဲ သည် ပရိယာယ်တွေကို ကျွန်တော် မိတ်ဆက်ပေးသွားပါမည်။

အခုလည်းပဲ ဗြဟ္မဏဇာတ်ဝါဒ၏ သဘော အကျဉ်းချုပ်ကို ကျွန်တော် အနည်းငယ်မျှ ပြောပြပါမည်။ ဗြဟ္မဏဇာတ်ဝါဒ၏ အနှစ်သာရကို နားလည်ဖို့ရန်မှာ အလွန် လွယ်ပါသည်။ ကျွန်တော်တို့ ဗမာစကားမှာ ပြောလေ့ပြောထရှိတဲ့ “ဒူးနေရာဒူး တော်နေရာတော်” ဆိုတာဟာ ဗြဟ္မဏဇာတ်ဝါဒ ရဲ့ ပင်ရင်းလိုလားချက် ဖြစ်ပါသည်။ ဆိုလိုတာက “ဒူးထောက်ခစားတဲ့သူက အမြဲခစားစေ၊ မြင့်မြတ်တော်ဝင်လို့ အဖူးမျှော်ခံရသူက အမြဲ အဖူးမျှော်ခံရစေ” ဆိုတဲ့ သဘောဖြစ်ပါတယ်။

ငါတို့ ဗမာပြည်မှာ “နိုင်ငံတော် တည်ငြိမ်ရေးကို တာဝန်ယူနေရတဲ့ ငါတို့ စစ်သားလူတန်းစား ဟာ ထာဝရ နိုင်ငံတော် အုပ်ချုပ်ရေးမှာ နေရာယူ စံစား ပိုင်ခွင့်ရှိသည်၊ နင်တို့ မိလက္ခူပြည်သူ သာမန် လူတန်းစား ဟာ အမြဲတမ်းထာဝရ အုပ်ချုပ်ခံ လူတန်းစား သက်သက်သာ ဖြစ်သည်” ဆိုတာဟာ “ဒူးနေရာဒူး၊တော်နေရာတော်” ဆိုတဲ့ အဲသည် ဗြဟ္မဏဇာတ်ဝါဒ အမြင်ပါပဲ။

“သခင် လူတန်းစားဟာ အမြဲ ထာဝရ သခင် လူတန်းစား၊ ကျွန် လူတန်းစားဟာ အမြဲ ထာဝရ ကျွန်လူတန်းစား၊ ဒါကြောင့် ကျွန်လူတန်းစားကို နေရာပေးဖို့ မလိုဘူး” လို့ မြင်တာဟာ သည် ကောက်ကျစ်တဲ့ ဗြဟ္မဏ ဝါဒရဲ့  လက်တွေ့လိုလားချက် ပါပဲ။

ကနေ့ ဗမာပြည် အခြေခံဥပဒေ ရဲ့  အဓိက ပရိယာယ်ဟာလည်း အဲသည် “ဒူးနေရာဒူး ၊တော်နေရာတော်” ၊ “သခင်ဟာ သခင်၊ ကျွန်ဟာကျွန်” ဆိုတာသာ လိုရင်းဖြစ်ပြီး ဒါကို “သမိုင်းစဉ်လာကြီးမားခဲ့သော နိုင်ငံ့တပ်မတော်” ၊ “နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ”  စသဖြင့် စကားလုံးတွေ လှယ်ပြီး သုံးထားလိုက်တာပါပဲ။

မျိုးစောင့်ဥပဒေ ရဲ့  အနုမာနကို သရုပ်ခွဲမယ် ဆိုရင်လည်းပဲ ဗမာ လူမျိုးစုဟာ ကျက်သရေရှိတဲ့ လူမျိုး၊  ကျန်လူမျိုးစုတွေဟာ ကျက်သရေမရှိ ယုတ်ညံ့တဲ့ လူမျိုး၊ ဒါမှမဟုတ်လည်း ဗမာ အမျိုးသား (national) ဟာ မြင့်မြတ်သန့်ရှင်း ယုံကြည်ကိုးစားထိုက်တဲ့ လူအုပ်စု၊ ကျန်တဲ့ နိုင်ငံခြားသား (foreigner) ဟာ ကောက်ကျစ်ယုတ်ညံ့ သံသယဝင်ထိုက်တဲ့ လူအုပ်စု၊ ဒါမှမဟုတ်လည်း ဗုဒ္ဓဘာသာဟာ ဗမာပြည်ကြီး ရဲ့  အနှစ်သာရ တန်ဖိုးကြီး သမိုင်းစဉ်လာ လက္ခဏာ၊ ကျန်ဘာသာတရားတွေဟာ အသေးပါမွှား တန်ဖိုးသေးသိမ် သမိုင်းစဉ်လာ မဟုတ်တဲ့ တစိမ်း လက္ခဏာတွေ စသဖြင့် “ဒူးနေရာဒူး၊ တော်နေရာတော်” ဆိုတဲ့ ဗြဟ္မဇာတ်ဝါဒ ရဲ့  “ခြင်္သေ့ဆီ ဆိုတာ  သိင်္ဂီရွှေခွက် နဲ့သာ တန်တယ်” ဆိုတဲ့ သဘောကို အထင်အရှား သိမြင်နိုင်ပါတယ်။

“ခြင်္သေ့ဆီ ဆိုတာ  သိင်္ဂီရွှေခွက် နဲ့သာ တန်တယ်” ဆိုတဲ့ သဘောဟာ ပေါ့သေးသေးလို့ မထင်လိုက်ပါနဲ့။ ခြင်္သေ့ဆီဆိုတာ စစ်သွေးမျိုးရိုး ကို ဆိုလိုတာပါ။ စစ်သွေးမျိုးရိုး (ဝါ) စစ်သား(ဝါ) စစ်အာဏာရှင်ဟာ ရာဇပလ္လင်ပေါ်မှာ စံစားဖို့ လုံးဝထိုက်တန်တယ်လို့ ဆင်ခြေညွှန်းနေတာပါ။ ဒါကြောင့် ဗြဟ္မဇာတ်ဝါဒကို အနုမာန အခြေခံခဲ့တဲ့ ဆိုရှယ်လစ်-ကွန်မြူနစ်၊ ဖက်ဆစ်၊ အမျိုးသားရေး၊ မျိုးချစ်၊ မျိုးစောင့် စသော လုံးစည်း လှုပ်ရှားမှု အားလုံးဟာ စစ်အာဏာရှင် စနစ်နဲ့သာ အဆုံးသတ်သွားရ ပါတယ်။

သည် ဗြဟ္မဏဇာတ်ဝါဒ ရဲ့  ကောက်ကျစ်ယုတ်မာတဲ့ လောကအမြင် (ဝါ) “ဒူးနေရာဒူး တော်နေရာတော်” ဆိုတာကို နောက်စာတစ်ပုဒ်မှာ ပါဠိတော် မူရင်းမှ ထင်ရှားလှသော ပုံဇာတ်လမ်းတစ်ခုကို အသုံးပြုပြီး ကျွန်တော် လုံးဝ ပယ်ချပြပါဦးမည်။ ခုနေခါမှာတော့ ကနေ့ခေတ် ဗမာဘုရင် စစ်သားတွေနဲ့ ဗမာလူ့မလိုင် ဘုန်းကြီးတွေဆိုတာ ဗုဒ္ဓဘာသာဝါဒကို မြတ်နိုးကိုးကွယ်သူတို့ မဟုတ်၊ ဗုဒ္ဓဘာသာ အမည်ခံပြီး စဉ်းလဲတဲ့ ဇာတ်ဝါဒကို ငါတို့ လူ့ဘောင်တွင် ပေါ်ပေါက်လာစေရန် ကျုံးခတ်သိမ်းသွင်း သူတို့သာ ဖြစ်ကြောင်းမျှ သိလျှင် လုံလောက်ပါပြီ။

၎င်းတို့၏ လောကအမြင်မှာ အရာရာဟာ “ဒူးနေရာဒူး တော်နေရာတော်” လို့ မြင်နေတဲ့ ဗုဒ္ဓဘာသာ အမည်ခံ ၊ သင်္ကန်းခြုံ ဗြဟ္မဏ ဘုန်းကြီးတွေဟာ “လက်ချောင်းကလေး နှစ်ချောင်း ထောင်ပြတတ်သော ဥာဏ်မျိုးကလေးသာ ရှိသည့် ဣတ္ထိယ ခေါ်  မိန်းမတို့သည် မှန်ကန်စွာ ရွေးချယ်ဆုံးဖြတ်နိုင်စွမ်း မရှိလို့ မျိုးစောင့်ဥပဒေ ပြဌာန်းဖို့ အရေးတကြီး လိုအပ်လာသည်” ဆိုတဲ့ အမြင်မျိုး ဖြစ်ပေါ်လာတာဟာ မဆန်းပါဘူး။

တကယ်တော့ သည်ဘုန်းကြီးတွေဟာ “ငါတို့လို ပါရမီရှင် ယောင်္ကျားကောင်းတို့သည်သာလျှင် အနာဂါတ် ကောင်းရာကောင်းကြောင်းကို တွေးခေါ်မျှော်မြင်တတ်သူတို့ ဖြစ်သည်၊ အမျိုးသမီးငယ်တို့ဟူသည် ဒို့လို ပါရမီရှင်တွေလိုမျိုး တွေးခေါ်မျှော်မြင်နိုင်သော ဥာဏ်မျိုးမရှိ” ဆိုကာ ဘဝင်ရူးထပြီး ဗုဒ္ဓဘာသာ အမျိုးသမီးထု တစ်ရပ်လုံးကို လာခွဲခြမ်း စော်ကားနေခြင်းသာ ဖြစ်ပါ၏ ။

အနှစ်ချုပ်ပြမည် ဆိုလျှင် သည်ဘုန်းကြီးတွေ၏ အဓိကကျသော အတွေးအခေါ်မှာ ‘အနိမ့်’ လိင်ဖြစ်သူသည် အနိမ့်လိင် ဖြစ်သည်နှင့် အညီ အသိကောင်း အသိမြတ် မရှိ ၊ ထို့ကြောင့် အမြင့်လိင်ဖြစ်လို့ ‘အသိကောင်း အသိမြတ်’ ရှိသော ငါတို့က ဆုံးဖြတ်ညွှန်ကြားတာကို ဘုန်းကံမရှိသော နင်တို့က လိုက်နာဆောင်ရွက်ရမည် ။ အရင်းအားဖြင့် ၄င်းဘုန်းကြီးတို့၏ “ဒူးနေရာဒူး တော်နေရာတော်” ဟူသော စဉ်းလဲသလောက် သေးသိမ်သည့် လောကအမြင်သည် ဤ မျိုးစောင့် ဥပဒေ လုပ်ရပ်တို့တွင် ဘူးပေါ်သလို ပေါ်နေပါသည်။

ကျွန်တော့် ညီမငယ် အမျိုးကောင်း သမီးအပေါင်းတို့၊ နင်တို့၏ ဘဝကို လာပြီး တုပ်နှောင်သည့် ဘဝင်ရူး ဘုန်းကြီးတွေကို သူတို့ လွတ်ပြီဟု ထင်နေသည့် ပိဋကကြိုးနဲ့ပဲ ပြန်ပြီး တုပ်နှောင်လိုက်ကြပါစို့။

မျိုးစောင့်တရား နှင့် လာညာသည့် ဘယ်သကောင့်သား ရဟန်းလိမ်ကို မဆို အရှင်မ စန္ဒာ၏ “ငါသည် ယောင်္ကျား၊ ငါသည် မိန်းမ သို့တည်းမဟုတ်… ငါသည် အနှစ်သာရ ရှိသည့် တစ်စုံတစ်ယောက် ဟု ကြံစည်သိမြင်နေသူကို သာလျှင်  နင်သည်လို စကားမျိုးနှင့် လာပြီး လိမ်ညာနိုင်ပါသည်”  ဟု အရှက်ရစေပါလော့။

ဗုဒ္ဓဘာသာဝင် အပေါင်း သက်ဝင်ယုံကြည် ကိုးကွယ်နေသူဟု ကိုယ့်ကိုကိုယ် အမှတ်မှားနေသည့် ဝီရသူ၊ သီတဂူ စသော အချိန်မစီးသည့် ရဟန်းမိုက်တို့ကို

ငါတို့ မိန်းမမျိုးရိုးဟူသည် ဒီပင်္ကရာ မြတ်စွာဘုရား လောကတွင် ပေါ်ထွန်းလာစေရန် အဘိဥာဉ် သမာပတ်ရှစ်ပါးနှင့် ပြည့်စုံသည့် ထေရ်ကြီးဝါကြီး ရဟန်းတော်ကိုပင် အဦးဆုံး လမ်းညွှန်ပြနိုင်ခဲ့သူတို့ ဖြစ်သည်”

“ငါတို့ မိန်းမ မျိုးရိုးဟူသည် ဘုရားဆုပန် မျိုးရိုး၊ ဘုရား ဗျာဒိတ်တော်ကို ခံယူရန် ကျင့်ကြံသော မြတ်သည့် မျိုးရိုး ဖြစ်သည်”

ငါတို့ဟာ လူတိုင်းလူတိုင်းသည် သူလိုငါလို သာမန်လူတွေသာ ဖြစ်သည်ဟူသော တရားဓမ္မ သဘောကို ယောင်္ကျားတို့ ရှေ့ ဦး သိမြင်ခဲ့သည့် ပညာဥာဏ် ကြီးမားသည့် မျိုးရိုးဖြစ်သည်”

“သည်လို မြတ်သော မျိုးရိုးဝင် ဗုဒ္ဓဘာသာ မိန်းမမြတ်တို့မှ လူကိုလူချင်း နှိမ်ချခွဲခြမ်းသည့် ဗြဟ္မဏဇာတ်ဝါဒကို ကိုးကွယ်ကော်ရော်နေသည့် နင်တို့လို ဘုန်းကြီးမိုက်တွေကို ကြည်ညိုစရာ အကြောင်း စိုးစဉ်းမျှပင် မရှိ”

“ငါတို့ကသာလျှင် နင်တို့လို ရဟန်း အယောင်ဆောင် ပုဏ္ဏား လူမိုက်တွေကို အမြင်မှန်ရလာစေရန် ဆုံးမညွှန်ကြားရလိမ့်မည် ဖြစ်သည်

ဟု တုံ့ပြန် ပြောဆိုကြပါလော့။


မယ်တို့ ဤဘုန်းကြီးမိုက်တွေကို ဘယ်တော့မှ မရူံးနိုင်ပါ။ ဘုန်းကြီးမိုက်တွေ၏ တရားဝင် ဆရာ၊ ငါတို့၏ ဘုန်းတော်ကြီးသော ဂေါတမ မြတ်စွာဘုရားသည် မုန်ညင်းဖြူ မီးအိမ်ရှင်မ ၏ “မယ်သိဒ္ဓတ္တ” ဟု နာမည်ရသော ဗုဒ္ဓဘုရား ဖြစ်ရပါလို၏ ဟူသော ဆုတောင်းကြောင့်သာလျှင် မွေးဖွား ပေါ်ထွန်းလာခဲ့ ပေသည် မဟုတ်လား။ မိန်းကလေးတို့သည် ငြိမ်းချမ်းမှု သင်္ကေတဖြင့် လက်ချောင်းကလေး နှစ်ချောင်း ထောင်ပြတတ်ပါ၏ ။ တကယ်ကတော့ ဒါဟာ ညီမတို့သည် နင်တို့ ဣတ္ထိယ ခေါ်  မိန်းမတို့သည် အစမထင်သော လောကသံသရာ၏ ရှေးတစ်ချိန်တစ်ခါဝယ် ဗုဒ္ဓဘုရားနှစ်ဆူကို စဦး မွေးဖွားပေးခဲ့သူတို့ ဖြစ်ကြောင်း အမှတ်ပြုနေသည့် သဘောပါတည်း။

Sunday, January 26, 2014

ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၂)



အစွဲထပ်ထပ် မခွဲကပ်၊ များကောင်းစားချစ် ‘ဗောဓိသတ်’၊ လုံးစည်းယုတ်ပတ် သူစွန့်ပြတ်၊ ဆင်ခြင်ဆတ်ဆတ် သူတော်တတ်၊ ‘ရှင်မြတ်’ကိုလည်း ‘သတ်’ ရမည်
ဝဇိရ သုတ္တန်။ ။ ဗုဒ္ဓ နှင့် သုဗုဒ္ဓိရဟန်း

ကျွန်တော်တို့ မြန်မာများ ဤ ကောသလအိပ်မက် ခေတ်စနစ် ပြဿနာ (“လုံးစည်းခေတ် ဖြစ်လျှင် ယုတ်မာသူတို့ အုပ်စိုးသော စနစ် ဖြစ်လတ္တံ့”ဟူသော သီအိုရီ ဟောကိန်း) ကို အထင်းသက်သေခံ သိမြင်နိုင်သည်မှာ လမ်းစဉ်ပါတီခေတ်တွင် ဗိုလ်နေဝင်းသည် ပြောဆိုနေကျ “လူတော်လူကောင်း”
ဆိုတာကို “လူကောင်းလူတော်” လို့ တစ်နိုင်ငံလုံးကို အတင်း ပြောင်းပြောခိုင်းခြင်း ပါတည်း။ သည်မှာ သိသာအပ်သည်မှာ ‘လူကောင်း’ တစ်ဦးဖြစ်ဖို့ ခက်ခက်ခဲခဲ လုပ်နေစရာ မလို။ ယုတ်မာသူတို့က ‘လူကောင်း’လို့ သတ်မှတ်လျှင် နင်သည် နေ့ချင်းညချင်း ‘လူကောင်း’ ဖြစ်သွားသည့် ဖြစ်အင်ကို ဖြစ်ပါ၏။ သီလသမာဆိုတာဟာ ဘာလဲဆိုတာကို ယုတ်မာသူတို့က သတ်မှတ်၊ လူတွေကို ယုတ်မာသူတွေက အတန်းအစားတွေခွဲကာ သူတို့ လိုလားတဲ့သူတွေကို ‘သူတော်ကောင်း’ ဘွဲ့တံဆိပ်တွေ တပ်ပေးနေသော သဘောကို ဖြစ်ပါသည်။

သည်လို လုံးစည်းခေတ်တွင် ယုတ်မာသူက ယုတ်မာသူကို ‘ကြီးမြတ်သူ’ အဖြစ် ဘွဲ့တံဆိပ်တပ် ချီးမြှင့်မြှောက်စားမှုတို့ အတောမတတ်နိုင်အောင် ကြမ္မာဆိုးငင်ပုံကို ကမ္ဘာ့ ထိပ်တန်း လစ်ဘရယ် တွေးခေါ်ပညာရှင် ကားပေါ့ပါးက အလွန်တိကျသော ဝေါဟာရနှင့် ပြောင်မြောက်စွာ ဖော်ပြခဲ့သည်မှာ တောမသတ် ဆုတ်ယုတ်မှု (infitite regress) ဟူပါသတည်း။ ဆိုလိုရင်းမှာ ရှေ့က ယုတ်မာစွာ အုပ်စိုးသူ တစ်ဦး လွန်မြောက်သွားလျှင် ဒါ့ထက် ယုတ်မာသူ၊ ထို ဒါ့ထက်ယုတ်မာသူ လွန်မြောက်သွားလျှင် ဒါ့ထက် ဒါ့ထက် ယုတ်မာသူ စသဖြင့် စိတ်အောက်တန်းစား ၊ ဒါ့ထက်ဒါ့ထက် စိတ်ယုတ်ညံတဲ့ အောက်တန်းစားတွေ ဆက်လက် မင်းမူကြီးစိုးသော သဘောပါတည်း။

ခေတ်မြန်မာတွေ ခဏခဏ ပြောရသော စကားမှာ “နေဝင်းကမှ တော်သေးတယ်၊ စောမောင်ကမှ တော်သေးတယ် ၊ ခင်ညွန့်ကမှ တော်သေးတယ်၊ သန်းရွှေကြီးကို လွမ်းနေရအုံးမယ်နော်” ဟုလည်း ဖြစ်ပြီး ကျွန်တော်တို့ ပြည်သူတွေ အနေဖြင့် ကမ္ဘာ့ဂန္တဝင် တွေးခေါ်ပညာရှင်များလို သုတေသန သေသေချာချာ ပြုခွင့် မရခဲ့လင့်ကစား ယင်း အရပ်စကား ခေတ်စကား တို့သည် လုံးစည်းစနစ်ဖော်ဆောင် မြန်မာလူ့ဘောင် တွင် ယုတ်မာသည်ထက် ယုတ်မာသူတို့ စိုးစံနေရာယူခွင့် ရလာသော တောမသတ်ယုတ်ညံ့လာမှု (infinite regress) ကို ကြေးမုံပြင်သဖွယ် ဟပ်ထင်ဖော်ပြထားနိုင်သည်သာ ဖြစ်ပါသည်။

ဝိနယပိဋကကို ဖွင့်မပြမီမှာ ကျွန်တော့်အနေဖြင့် Totalitarianism (လုံးစည်းစနစ်) ၏ သဘာဝ သရုပ်သကန်ကို အနည်းငယ်မျှ အသေးစိတ် ပြောနေရသည်မှာ အရေးကြီးသော ကိစ္စနှစ်ခု ရှိပါသည်။ ပထမ ကိစ္စမှာ ယခုမြန်မာပြည်၏ ဘုန်းကြီးထိပ်တန်းခေါင်းဆောင် ဆိုသူများသည် အမှန်တကယ် ကိုယ့်ကျင့် သိက္ခာ၊ သီလသမာဓိပညာ ရှိ၍ နေရာရလာသည် မဟုတ်ကြောင်း၊ စင်စစ် ခု ငါတို့ ကြုံတွေ့နေရသော ဤခေတ်စနစ်မျိုးတွင် ယုတ်မာသူတို့သာ အကောင်းဆုံးဆိုသော နေရာမျိုးကိုသာ ရဖို့ရှိကြောင်းကို အတိအလင်း အသိပေးရန် ဖြစ်ပါ၏ ။

 ဒုတိယကိစ္စမှာ လုံးစည်းစနစ်တွေထဲက အော့နှလုံးနာစရာ အကောင်းဆုံးတစ်ခု ဖြစ်သော ဖက်ဆစ်ဝါဒသည် ခု ကျွန်တော်ဖွင့်ပြမည့် သံဃဘေဒကံ (သံဃာသင်းခွဲမှု)ကို မြတ်စွာဘုရားက ဝိနည်းထုတ်ပြန် တားမြစ်ခဲ့ရသော အခင်းကိစ္စနှင့် ပရမတ္တဝိဇ္ဖာဗေဒ (ဝါ) သိခြင်းဗေဒပိုင်းဆိုင်ရာတွင် အခြေခံအကျဆုံး ပရိယာယ်များထဲက တစ်ခုဖြစ်သော Transcendental illusion ဗမာလိုအားဖြင့် ဘာမဆိုမှ လွန်မြောက်နိုင်ပြီဟု ထင်ယောင်ထင်မှား ဖြစ်နေခြင်း နှင့် သဘောသွား ချိတ်ဆက်နေသောကြောင့် ပါတည်း။ ဤ ဒုတိယကိစ္စသည် နိုင်ငံရေးရာ၊ လူမှုရေးရာဖြစ်စဉ်တို့ကို မှန်ကန်စွာ သုံးသပ်နိုင်ဖို့ အရေးကြီးဆုံး အခြေခံပရိယာယ်တို့ထဲက တစ်ခု ဖြစ်ပြီး ဒါသည် ခုဆက်ရေးတော့မည့် စာများတွင် ထင်ရှားလာပါအံ့။ 

စိတ္တလောကုတ္တရာ ယထာဘူတ ဒဿန ပင်လယ်ထဲသို့ ကျွန်တော့်လူများ ရေငုတ်မဆင်းခင်မှာ လူ့ဘောင်တစ်ခုတွင် လုံးစည်းစနစ် ပေါ်ပေါက်လာသော လူမှုဖြစ်စဉ်ကို ကျွန်တော်တို့ အရင် သရုပ်ခွဲစူးစမ်း ကြည့်ပါဦးမည်။ ခုအခါ အသက် အတော်အတန် ထောက်လာပြီ ဖြစ်သော ကျွန်တော့် အသက်ပိုင်းမှ မိတ်ဆွေများ အနေဖြင့် ကိုယ်တွေ့ ကြုံခဲ့ရသော လုံးစည်းဝါဒ နဲ့ လုံးစည်းအစိုးရဆိုတာ ဘယ်လောက်တောင် ဆိုးကြောင်း သိကြပါသည်။

ဒါပေမယ့်လည်း လုံးစည်းဝါဒတို့၏ ရွှေ့လျားဖြစ်စဉ်တွေဟာ ဘဝ အတွေ့အကြုံ စခါစ လူငယ်လူရွယ်များကိုသာ စည်းရုံးအခြေခံတတ်ကြရာ ၄င်းလူငယ်လူရွယ်တို့သည် လုံးစည်းအစိုးရ ပေမယ်လို့ “ကောင်းတဲ့လူတက်လာရင် တို့နိုင်ငံ ကောင်းတာပါပဲ” ဟု ခပ်ရိုးရိုးပဲ စဉ်းစားတတ်ကြပါသည်။ ထိုသို့ စဉ်းစားသဘောပိုက်မိခြင်းသည် ကျွန်တော်တို့၏ ကနေ့ခေတ် လူငယ်လူရွယ်များ မိမိတို့သည် ရိုးသားထက်မြက်သူတို့ ဖြစ်ပါလျက်နှင့် လုံးစည်းဝါဒ သူတို့ရှေ့မှာတင် တနေ့တခြား ကြီးထွားအားကောင်းလာသည့် တိုင်အောင် လက်ပိုက်ကြည့်နေမိတတ် စေပါသည်။

ဒါကြောင့် လုံးစည်းဖြစ်စဉ် (Totalitarianism) ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကို လေ့လာရာတွင် ကျွန်တော်တို့သည် အဘယ်ကြောင့် အမျိုးသားရေးဝါဒ၊ ဖက်ဆစ်ဝါဒ၊ ကွန်မြုနစ်ဝါဒ၊ မော်ဒန်ခေတ် မြန်မာဘုန်းကြီးတို့၏ သာသနာ့ပါလဝါဒ စသော လုံးစည်းဝါဒ စနစ်တို့တွင် “ယုတ်မာသောသူတို့သာ သူကောင်းပြုခံရသည် ၊ ထိပ်တန်းသို့ရောက်သည် ဆိုသော သဘောသဘာဝ” ကို သေသေချာချာ လေ့လာပါမည်။ ဟုတ်ပါ၏၊ “ယုတ်မာသော သူတို့သာ ထိပ်ဆုံးသို့ ရောက်သည်” ဟု ဆိုပါလျှင် “လုံးစည်းအစိုးရစနစ် တစ်ခုတွင် လူကောင်းလူတော် တစ်ဦးမှ တက်မလာနိုင်” ဟု နင်ပြောနေတာ ဖြစ်ပါသည်။ “ဒါဆို ငါတို့ ဗမာပြည်တွင် လုံးစည်းအစိုးရ စနစ် ဖြစ်လာခဲ့သော် လူကောင်းလူတော် တစ်ဦးဖြစ်သော အမေစုသည် ခေါင်းဆောင် တက် မဖြစ်နိုင်ဘူးလား” ဟူသည်မှာ ကျွန်တော်တို့ တန်ပြန် စစ်ကြည့်သင့်သော မေးခွန်းပါတည်း။

အဖြေကား “Absolutely, No” လုံးစည်းစနစ် မင်းမူ ထွန်းကားသော နိုင်ငံတစ်နိုင်ငံတွင် အမေစုသည် ဘယ်တော့မှ နိုင်ငံ့ခေါင်းဆောင် မဖြစ်နိုင်ပါ။ လုံးစည်း လူအုပ်က ဖုဿရထားလွှတ်ပင့်ပြီး မင်းဝတ်တန်ဆာ ငါးပါးနှင့် မင်းမြှောက်လျှင်လည်း အမေစု လက်ခံလိမ့်မည် မဟုတ်ပါ။

ဤသဘောကို အမြင်လင်းချင်းအောင် ဥပမာပြရမည် ဆိုလျှင် အမေစုလို မွန်မြတ် ထက်မြက်သူ တစ်ဦးအတွက် လုံးစည်းအစိုးရ၏ အရေးပါသော ရာထူးဌာနန္တရ တစ်နေရာမှာ အလုပ်လုပ်တယ် ဆိုတာဟာ အင်မတန်မှ နူးညံ့ညင်သာသော နှလုံးသားရှိသူ လုံမငယ် တစ်ဦးကို လယ်စိုက်ကွင်းတွေမှာ ကျွန်တွေကို ကျာပွတ်နဲ့ ရိုက်ပြီး ခိုင်းရတဲ့ ကျွန်ထိန်းအလုပ်ကို ဝင်လုပ်ခိုင်းတာမျိုးနဲ့ အတူတူ ပါပဲ။ အမေစု တင်လား မဟုတ်ပါဘူး။ ဗမာ လူတော်လူကောင်း ဟူသမျှဟာ ကနေ့ ဗမာပြည်မှာ အဓမ္မ အခြေခံဥပဒေ တည်မြဲနေသရွှေ့  ၊ ဗမာနိုင်ငံရေးဟာ လုံးစည်းအစိုးရ စနစ်ကို ရွှေ့လျားနေ သရွေ့ သူတို့ဟာ  ကျာပွတ်ကိုင်ကျွန်ထိန်း တစ်နေရာဝင်လုပ်လို့ ချီးမြှင့်ခံရမယ့် အခွင့်အရေးတွေထက် ကိုယ့်ထမင်းကြမ်း
ကိုယ်ယပ်ခတ်စားပြီး တော့ပဲ နေချင်ပါသည်။  ဤ အခြေခံသဘောကို နားလည်ပေးပါ၊ လုံးစည်းလူတွေကို တရဟော သူကောင်းပြုထားတဲ့ ဗမာလွှတ်တော်မှာ မျက်ရည်ကျမလို ခဏခဏ ဖြစ်ရတဲ့ အမေစုကို စာနာပါလို့ ကျွန်တော် ပြောလိုပါတယ်။

အမေစုလို လူတော်လူကောင်းတွေဟာ လုံးစည်းစနစ်မှာ နေရာယူလိုစိတ် အလျှင်း မရှိဘူးဆိုရင် လုံးစည်းစနစ် တစ်ခုမှာ နေရာယူထားတဲ့ လူတွေဟာ ဘယ်လိုမျိုးပါလိမ့်။ ဟုတ်ကဲ့၊ အဖွဲ့အစည်း အဆောက်အဦတစ်ခုမှာ အဖွဲ့အစည်း၏ သစ္စာကို စောင့်သိရိုသေသူတို့ သည်သာ ထိပ်နေရာသို့ ရောက်လာကြရပါသည်။ ထို့အတူသာပင် လုံးစည်းစနစ်၏ ထိပ်ခေါင်းနေရာကသူတို့ ဆိုသည်မှာ လုံးစည်းစနစ် အပေါ် အတိုင်းထက်အလွန် တံခွန်ထက်ကုက္ကား သစ္စာတော်ကြီးကို စောင့်သိသူများသာ ဖြစ်ကြပါသည်။

ဤ လုံးခေါင်းလူတို့၏ အံမခန်း သစ္စာရှိမှုကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ဥပမာ ပြရမည်ဆိုလျှင် လုံးစည်းခေါင်းဆောင် နေရာရ ငလွန်မသားတို့ ဟူသည် ၄င်းတို့ သစ္စာခံသော လုံးစည်းစနစ်၏ ‘အသက်ဝိဥာဉ်’ အတွက်ဆို မိမိရှေ့တွင် ကိုယ့်သားငယ်ကို မြေဘုတ်ဘီလူးက အရှင်လတ်လတ် ရင်ခွဲသတ်၍ နှလုံးသားကို စိမ့်စိမ့်စား၍ ဝါးမြိုသည့်တိုင် သူ့သားအသက်ကို စတေးရဲသည့် လူစွန့်လွှတ်တို့ ပါတည်း။

ဖက်ဆစ်စနစ် စသော လုံးစည်းဝါဒ အကြောင်း ပြောမည်ဆိုလျှင် “စွန့်လွှတ်စတေးခြင်း” ဆိုသော သဘောသည် ဤဝါဒ၏ ပင်မလက္ခဏာအဖြစ် မကြာမကြာ ပါလာတတ်ကြောင်း စာဖတ်ပရိသတ်တို့ သတိထားမိပါလိမ့်မည်။ သည်တွင် ရူပ်ထွေးသော အဓိကပြဿနာ တစ်ခုမှာ ‘စွန့်လွှတ်စတေးခြင်း’ ဆိုသော သဘောသည် လူမှုရေး နယ်ပယ် ၊ အထူးသဖြင့် ဘာသာရေးနယ်ပယ် တို့တွင် ကိုယ်ကျိုးမငဲ့သူ တို့သာ လုပ်ဆောင်ဝံ့သော မွန်မြတ်သည့် အလုပ်အဖြစ် ယျေဘုယျ မှတ်ယူကြလေ့ရှိရာ အဲဒီကိစ္စဟာ လူတွေကို အထူးကို ရောထွေးစေသော သဘောပါတည်း။

တခြား မကြည့်ပါနဲ့ ။ ကျွန်တော်တို့ ဗမာပြည်တွင် “နိုင်ငံရေး ဆိုတာ စွန့်လွှတ်ရဲသူတွေရဲ့  အလုပ်၊ ဘုရားလောင်းတွေသာ လုပ်တဲ့အလုပ်” ဟု နိုင်ငံရေးသမားက ပြောလိုပြော၊ “စစ်တိုက်တယ်ဆိုတာ အိုးပစ်အိမ်ပစ် စွန့်လွှတ်ရဲတဲ့ ၊ အသက်စွန့် သေရဲတဲ့ ပုရိသ ယောင်္ကျားကောင်းတွေရဲ့  အလုပ်” ဟု စစ်သားက ပြောလိုပြော နဲ့ ကျန်သော လယ်သမား အလုပ်သမား ပါမောက္ခ ဆရာဝန် အင်ဂျင်နီယာ ရဟန်းသံဃာ ပါမကျန် နိုင်ငံရေးသမား နဲ့ စစ်သားဆိုလျှင် ကိုးကွယ်ရှိခိုးရတော့ မလိုမျိုး တို့လည်း ဖြစ်လာတတ်ပါသည်။ တကယ်တော့လည်း လူ့သမိုင်း၏ အဆိုးဝါးဆုံး ဖြစ်စဉ်များဟာ အဲသလိုမျိုး ဘုရားလောင်း သူရဲကောင်းဝါဒ (Heroism) ―  “စွန့်လွှတ်သူဟာ အမွန်မြတ်ဆုံး သူရဲကောင်းပဲ” ဆိုတာကို စွဲကိုင်လုပ်တဲ့ လူလွန်မသား တွေကြောင့်  ပေါ်ပေါက်ခဲ့ရပါသည်။

လွန်ခဲ့သော နှစ်နှစ်က ကျွန်တော် ပြန်ဆိုထားသော ကျွန်ဖြစ်ရာလမ်း တွင်လည်း ဤ “ဘုရားလောင်း သူရဲကောင်း ဝါဒ” ဟာ ကျွန်တော်တို့ ဗမာလူ့ဘောင်အတွက် အင်မတန် အန္တရယ် ကြီးမားသော ဝါဒ၊ ကျွန်တော်တို့ လုံးဝ ပယ်ချရမယ့် ဝါဒ ဖြစ်ကြောင်း ၊ ကျွန်တော့်စာများတွင် ဆက်လက်၍ သည်ဝါဒ ၏ အန္တရယ် နှင့် ပယ်ချဖို့ စဉ်းစားပုံတို့ကို ကျွန်တော် ဆက်လက်ဆွေးနွေးမှာ ဖြစ်ကြောင်း အဲသည်တုန်းက ကျွန်တော် ဖော်ပြခဲ့ပါသည်။ ခုစာမှာ ကျွန်တော်တို့ ဤကိစ္စကို စကားစပ်မိလာပြီ ဖြစ်၏ ။

ဘုရားလောင်းသူရဲကောင်း ဝါဒကို ယုတ္တိသဘော အားဖြင့် ပယ်ချဖို့ရန်တော့ အလွယ်လေး ဖြစ်ပါ၏။ ကျွန်တော် ယုတ္တိဝါကျ နှစ်ကြောင်း ရေးပြပါအံ့။

(က) ငန်းတိုင်းသည် ရေကူးသည်
(ခ) ရေကူးသူတိုင်းသည် ငန်းဖြစ်သည်

ရှေ့ (က) က မှန်နေတာကို ကြည့်ပြီး  နောက်(ခ) ကို ကောက်ချက်ဆွဲလို့ ရပါသလား။

ခု ကျွန်တော်တို့ ဘုရားလောင်း သူရဲကောင်း ဝါဒ၏ အနုမာန အယူအဆကို အလားတူ ယုတ္တိဝါကျ နှစ်ကြောင်း ရေးကြည့်ကြပါ စို့လား။

(က) ဘုရားလောင်းတိုင်းသည် စွန့်လွှတ်သည်
(ခ) စွန့်လွှတ်သူတို့သည် ဘုရားလောင်း ဖြစ်သည်

ငန်းတိုင်း ရေကူးတာကို ကြည့်ပြီး ရေကူးသူတိုင်း ငန်းဖြစ်သည်ဟု ပြောလို့ မရသလို ဘုရားလောင်းတိုင်းဟာ စွန့်လွှတ်တာ မှန်ရုံနဲ့ စွန့်လွှတ်သူတို့သည် ဘုရားလောင်းဟူ၍ ဆွဲပြီး ကောက်ချက်ချလို့ မရသည်မှာ အထင်း ပါတည်း။

ယုတ္တိဗေဒ သရုပ်ပြတွင် ဤ အတွေးအခေါ်မျိုး “အားလုံး” ကို ကျွန်တော်တို့ အလွယ်လေး ပယ်ချနိုင်သော်လည်း ၄င်း အတွေးအခေါ်မျိုးသည် လူများစုတွင် အလွယ်လေးပင် စွဲထင်တတ်ကြပြီး ဘယ်တော့မှ ပြုပြင်မရလည်း ရှိတတ်ပါသည်။  နောက်ထပ် အလားတူ ဝါကျနှစ်ခုကို ကျွန်တော်တို့ ဆက်လေ့လာကြ ပါစို့လား။

(က) အကြမ်းဖက် ဗုံးခွဲသူတို့ သည် မူဆလင် ဖြစ်သည်
(ခ) မူဆလင် ဆိုလျှင် အကြမ်းဖက် ဗုံးခွဲသည်

         ကျွန်တော်တို့ ထင်လင်းနိုင်ပြီ ဖြစ်ပါသည်။ ကမ္ဘာကြီးမှာ လူမျိုးရေးခွဲခြားမှု ဘာသာရေးခွဲခြားမှု စတဲ့ ပြဿနာတွေ အပ်ကြောင်းထပ်ခဲ့တာ ၊ မဖြေရှင်းနိုင်တာဟာ ကျွန်တော်တို့ရဲ့  တွေးခေါ်မှု အခြေခံမှာကိုက အများကြီး မှားယွင်းနေလို့ပါ။ အကြမ်းဖက် ဗုံးခွဲသူဟာ မူဆလင် ဖြစ်ရုံနဲ့ မူဆလင်မှန်ရင် အကြမ်းဖက် ဗုံးခွဲတယ်လို့ သတ်မှတ်ချင်တာကိုက ကျွန်တော်တို့ဟာ အတွေ့အကြုံကို မှားယွင်းမွဲတေစွာ ရောင်ပြန်ဟပ်တတ်လေပြီး အသိတရား အမှားတွေကို ကိုင်စွဲလေကာ မူဝါဒ အမှားတွေ၊ အလုပ် အမှားတွေ ကျွန်တော်တို့မှာ မဆုံးတမ်း ဖြစ်လာလေတော့တဲ့ သဘောပါပဲ။

ဒါမျိုး “သည်ပုတ်ထဲက သည်ပဲ” ဆိုကာ လုံးပြီး မြင်တတ်တယ် ဆိုတာ ပညာသင်ကြားခွင့် ကောင်းကောင်း မရခဲ့သူတွေဆို ခွင့်လွှတ် နိုင်ပါသေးသည်။ ခွင့်မလွှတ်နိုင်တာက ထိပ်တန်း ပညာတတ်တွေ ကိုယ်တိုင်က သည်လိုမျိုး လုံးလုံး မှားယွင်းနေတဲ့ အခြေခံတွေနဲ့ ကိန်းခန်းကြီးတဲ့ သီအိုရီတွေ ထုတ်လာတာမျိုးပါ။

ဟားဗတ်ပါမောက္ခ တစ်ဦးဖြစ်တဲ့ ဆန်မျိုး ဟန့်တင်တန်ဟာ သည်လို လုံးလုံး မှားယွင်းနေတဲ့ အနုမာန အယူအဆတွေနဲ့ နောင် ကမ္ဘာ့သမိုင်းဆိုတာ “မူဆလင် ယဉ်ကျေးမှု နဲ့ အနောက်ကမ္ဘာ ယဉ်ကျေးမှု ထိပ်တိုက်တွေ့ လတ္တံ့” ဆိုပြီး သူရဲ့  သိပ္ဗံယောင်ဆောင် ဟောကိန်းကို ထုတ်ခဲ့သလို သည်ဝါဒဟာ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့  စစ်ရေးဗျုဟာပေါ်မှာ လွှမ်းမိုးသွားခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ခုလိုမျိုး ပြဿနာတစ်ရပ်ကို  အရပ်လူပြိန်း နားလည်သလို နားလည်ခြင်းမျိုးဟာ ဘယ်လောက် အန္တရယ်များလာတတ် သလဲ ဆိုတာ ကျွန်တော်တို့ နားလည် သတိထားကြပါစို့။

အမားတီးယားဆင်းက   အယောင်ဆောင် ပညာရှင် ဟန့်တင်တန် ကို ဘယ်လို ဝေဖန်သလဲဆို  “အရပ်ထဲက လူပြိန်းသိ သိတဲ့ဟာကို အားလုံးအတွက် သမိုင်းသက်သေ မှန်ကန်သော ယျေဘုယျ သိပ္ဗံ သီအိုရီဆိုပြီး ဆင်ထုတ်ပြတာဟာ သင်းမို့လို့ မရှက်တယ်” ဟု ဆဲပါသတည်း။

ခု တစ်ခါတည်း စကားစပ်သဖြင့် ‘၉၆၉’ ဆိုတာ အမြတ်ဆုံး ဘုရား၊ တရား ၊ သံဃာ လို့ လူတကာကို လိုက်ပြောနေတဲ့ ရွှေညဝါ စတဲ့ ဘုန်းကြီးတွေကို မိမိ၏ ခြောက်နှစ်သား သားငယ်သည်ပင် ဘယ်လိုမှ မရူံးနိုင်တဲ့ ယုတ္တိဝါကျ နှစ်ကြောင်းကို ရေးပြပါမယ်။

(က) I think that is    ငါတွေးမိတာက ဒါဟာ…
(ခ) That is I think     ဒါကတော့ ငါတွေးမိတာပါ ။

သည်ဝါကျ နှစ်ကြောင်းဟာ ကျွန်တော် အမေရိကမှာ အများပြည်သူရှေ့  တင်ဆက်မှု ထဲက တစ်ခုပါ။ သည် နှစ်ကြောင်းကို ဆလိုက်ထိုးပြီးတော့ ကျွန်တော် ပရိသတ်ကို မေးပါတယ်။ “သည် ဝါကျနှစ်ကြောင်း ၊ ဘယ်ဝါကျက မှန်ပါသလဲ”။

ပရိသတ်ဟာ ငြိမ်သက်မှင်သေ သွားပါတယ်။ အတော်လေး ကြာတော့ ပါမောက္ခ တစ်ဦးက တုံ့ပြန်ရာမှာ “နှစ်ခုလုံး မှန်တယ်လို့ ထင်ပါတယ်”။ ဘွဲ့ကြို ဒဿန ကျောင်းသား တစ်ဦးက “ဒုတိယဝါကျ ပဲ မှန်ပါတယ်” ။ ပရိသတ်က သြချပြီး လိုက်လာရာမှာ “ဟုတ်ပါရဲ့ ၊ ဒုတိယ ဝါကျပဲ မှန်ပါတယ်” ။

ဒုတိယ ဝါကျပဲ မှန်တယ်လို့ ဘာလို့မို့ ပြောနိုင်ရပါလိမ့်။  ကျွန်တော်တို့ ဆက်လေ့လာကြည့်ကြ ပါစို့။

(က) ငါ တွေးမိတာက ဘုရားတရားသံဃာ ဆိုတာ…၉၆၉ ပဲ
(ခ) “ဘုရားတရားသံဃာဟာ ၉၆၉  ပဲ” ဆိုတာကတော့ ငါ တွေးမိတာပါ

ပထမ ဝါကျရဲ့ သဘောမှာ “ငါတွေးမိတာက” ရဲ့  နောက်မှာ ဘာမဆို လိုက်လို့ ရပါတယ်။ ‘ငါ’ ဆိုတဲ့ အာရုံက ဖြစ်စဉ်(အတွေးစဉ်) ရဲ့ ရှေ့မှာ အရင်ပေါ်နေပြီး ကတ္တားဖြစ်တဲ့ ပုဂ္ဂိုလ်သာ ပဓာနလို့ အရင် ပိုင်းဖြတ်ထားပါတယ်။ အဲသလို ကတ္တား = ငါ ရဲ့  သတ္တိစွမ်းပကားသာ ပဓာနလို့ ယူတဲ့အတွက် သူ တွေးခေါ်နေတဲ့ ဖြစ်စဉ် = ကံ တွေဟာ နောက်ကနေ ဘာပဲဆက်လာလာ အမှန်တရားပဲ လို့ တွေးသူဟာ ယူဆနေ ပါတယ်။

အနှစ်ချုပ်မယ်ဆိုရင် သူတွေးတာ မှန်သမျှ “အမှန်” လို့ ပထမဝါကျက လူဟာ ထင်နေပါတယ်။ ထို့ကြောင့် ပထမဝါကျ သဘော အတိုင်း တွေးခေါ်သူဟာ  အမှန်တရားနဲ့ တအား အလှမ်းဝေးပြီး ဝါးလုံးခေါင်းထဲ ပိတ်ပြီး လသာနေတာကို ပြတာပါ (paradoxically closed system) ။

ဒုတိယ ဝါကျမှာတော့ တွေးလိုက်မိတဲ့ အကြောင်းအရာ ဖြစ်စဉ် That ဒါ ကို ဖြစ်စဉ်အတိုင်း ဖော်ပြမှုက ကနဦးဆုံး လာပါတယ်။ ပထမလူကဲ့သို့ သတ္တိစွမ်းပကားကို ပိုင်ဆိုင်တဲ့ ‘ငါ’ ရှိတယ်လို့ ကြိုတင် ရမ်းမှန်းပြီး မစဉ်းထားတာက အဓိက ထူးခြားချက် ပါပဲ။ သေချာကြည့်မယ်ဆိုရင် ဒုတိယလူအဖို့
ကံ = တွေးခေါ်နေတဲ့ ဖြစ်စဉ် ဟာ ကတ္တား ‘ငါ’ နဲ့ မကွဲပြားကြောင်း အရှိကိုအရှိအတိုင်း ၊ ဖြစ်စဉ်ကို ဖြစ်စဉ်အတိုင်း နှိမ့်ချ ဝန်ခံထားပါတယ်။

 ဖြစ်စဉ် (အတွေးစဉ်အတိုင်း) ဖော်ပြဝန်ခံတဲ့ အတွက် ပထမလူလို “ငါ တွေးမိတာက…” ဆိုပြီး နောက်က တွေးမိတဲ့အရာ (ဝါ) ကံက ဘာမဆို လိုက်လာလို့ရ ၊ စိတ်လိုသလို ပြင်လို့ပြောင်းလို့ အစားထိုးလို့ မရ ပါဘူး။

အနှစ်ချုပ်မယ်ဆိုရင် ကတ္တားကို ဖျောက်ထားတဲ့၊ ကံသဘော အတိုင်း ကြည့်ပြီး ပြောဆိုနေတဲ့ ဒုတိယလူ အတွက် တွေးခေါ်မိတဲ့ ဖြစ်စဉ်မှာ ပေါ်လာတဲ့ မည်သည့်အရာကမှ ခုထိ မမှန်သေး ပါဘူး ။ သည်လို လူမျိုးဟာ အမှန်တရားကို မျက်ဝါးထင်ထင် မြင်တွေ့ဖို့ အလွန်နီးစပ်နေတဲ့ ကံပွင့်ဥာဏ်ပွင့် လူပါ (paradoxically open system) ။

သည်မှာ ကျွန်တော်တို့ သိမ်မွေ့ခက်ခဲတဲ့ သဘောတရားကို မြင်နိုင်တာဟာ “ငါတွေးမိတာက…” ဆိုပြီး ဘာမဆို လိုက်လာလို့ရတဲ့ ပထမဝါကျက အတင်းပြေးနေတဲ့ လူဟာ ဘာမှ အသိတရားတိုးတက် ရစရာမရှိ၊ လုံးဝပိတ်နေတဲ့ စနစ် (closed system) ထဲမှာ နေနေတာ ဖြစ်ပြီး “ဒါဟာတော့ စဉ်းစားထားမိ သလောက်ပါ” လို့ ရပ်ပြီးသိတဲ့ ဒုတိယဝါကျက လူ အတွက် ဗဟိန္ဓပြင်ပ လောကကြီး တစ်ခုလုံးက ဘယ်အသိတရားကို မဆို လက်လှမ်းရယူဖို့ တံခါးဟင်းလင်းပွင့် နေတယ် ဆိုတာပါပဲ (open system) ။

ရုတ်တရက် ကြည့်ရင် ပထမဝါကျက လူဟာ လွတ်လွတ်လပ်လပ် မြန်မြန်ဆန်ဆန် တွေးခေါ်နိုင်သူ ၊ ဒုတိယ ဝါကျက လူက ကျဉ်းကျဉ်းကြုတ်ကြုတ် နှေးနှေးကွေးကွေး တွေးခေါ်နေသူ လို့ ထင်ရပါတယ်။ တကယ်တော့ ပထမဝါကျက ‘လွတ်လပ်စွာ တွေးခေါ်နေသူ’ ဆိုတဲ့ လူဟာ အသိတရား ဆုတ်ယုတ်အောက်ကျသည်ထက် အောက်ကျလာတဲ့ ဒေဝဒတ်ဖြစ်ပြီး ဒုတိယဝါကျက ‘ဝန်ခံရှက်ကြောက် တွေးခေါ်သူ’ ဟာ အသိတရား တိုးတက်သည်ထက် တိုးတက် ဘုရားဖြစ်နိုင်တဲ့လူ၊ ဘုရားလောင်း ပါပဲ။

Freedom of thought - အတွေးအခေါ် လွတ်လပ်မှု လို့ ခုအခါမှာ အများ နားလည်နေကြ ပါတယ်  ။ အတွေးအခေါ် လွတ်လပ်မှုဆိုတာ ကျွန်တော်တို့လူများ “ပထမလူ” လို ကျင့်သုံးရင် အန္တရယ် အများကြီး ရှိပါတယ်။ တကယ်က Freedom of argument - အငြင်းအခုံ လွတ်လပ်မှု = အခြေခံ အနုမာနတွေကို စစ်တမ်းထုတ် ဝေဖန်စမ်းသပ်မှု ဆိုတဲ့ “ဒုတိယလူ” ကိုယ့်လူတွေမှာ မမွေးဖွားခဲ့ပါရင် ငါတို့ ဗမာပြည်မှာ ဝီရသူ ရွှေညဝါတို့လို ခုနောက်ဆုံး သီတဂူ တိပိဋကတ်ကိုယ်တော် စသဖြင့် ဒေဝဒတ်တွေ တောမသတ်အောင် ထွက်ပေါ်လာနိုင် ပါတယ်။

ဟုတ်ကဲ့၊ ဗမာပြည် တကယ် လွတ်မြောက်တဲ့နေ့ဟာ ရွှေညဝါလို စိတ်အားလည်း ထက်သန် ၊ တရားဟောလည်း ကောင်းတဲ့ ဘုန်းကြီးတွေ လောကအမြင် မှန်ကန်လာပြီး “၉၆၉ ဆိုတာ ဘုရားတရားသံဃာ ပဲ ဆိုတာ (ငါ?) တွေးမိတာပါ” လို့ စပြီး ပြောဟောလာတဲ့ နေ့ ၊ ရွှေညဝါကိုယ်တော်ရဲ့ လောကအမြင်ထဲမှာ “အနိုင်းမဲ့ ပညာပါရမီရှင် ဘုရားလောင်း” ဒုတိယလူ စတင် မွေးဖွားလာတဲ့ နေ့ပါပဲ။

တကယ်တော့ လုံးစည်းစနစ် တစ်ခုလုံးရဲ့  အသက်ဝိဥာဉ်ဟာ ပထမလူ ရဲ့  အသက်ဝိဥာဉ်ပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့် ငါတို့ဟာ လုံးစည်းဝါဒ ကို ငါတို့ တိုင်းပြည်မှာ နောင် ဘယ်တော့မှ မပေါ်ပေါက် စေချင်ဘူး ဆိုရင် ‘ပထမလူ’ ကို သတ်ပစ်ရပါလိမ့်မယ်။ သည်လိုမှ သတ်မပစ်ဘူးဆိုရင် တောမသတ် အကျိုးအကြောင်း ဆက်စပ်ပြမှု (infinite regress) တွေကို ပထမလူဟာ မရပ်တန်း လုပ်လာပါလိမ့်မယ် ။ သည်အကျိုးသည် အဲသည်(အခြေခံ)အကြောင်း ကြောင့် … အဲသည်အကြောင်းသည် အဲဒါ(မူလ)အကြောင်းကြောင့် …အဲဒါအကြောင်းသည် …အဲသလို(အရင်းအမြစ်) အကြောင်းကြောင့်… စသဖြင့် ‘ဆင်ခြင်တုံတရား အတိနှင့် ပြည့်စုံသော’ ရဟန်း မင်းတရားကြီးတွေ နဲ့ စစ်ဗိုလ်ချုပ် မင်းတရားကြီးတွေ ပေါင်းပြီး ဗြောင်လိမ်ဗြောင်ညာ ဖာချတာကို ခံရတဲ့ တိုင်းပြည် ဘဝကို ငါတို့လူတွေ အနှေးနဲ့ အမြန် ရောက်သွားပါလိမ့်မယ်။

infinite regress (တောမသတ် ကျိုးကြောင်း ဆက်စပ်ပြမှု) ဟာ တောမသတ် စွန့်ဝံ့စွန့်စား လူယုတ်မာတွေနဲ့ ပြည့်နှက်နေတဲ့ လုံးစည်းစနစ်ကို ဘယ်လို မွေးဖွားပေးလိုက်ပုံကို သိချင်သပဆိုရင် ကျွန်တော်တို့ တတွေ I think that is ဆိုတဲ့ ပထမလူရဲ့  တွေးခေါ်ပုံကို ဥပမာကလေး တစ်ခုနဲ့ သရုပ်ခွဲကြည့်ကြ ပါစို့လား။

ပထမလူ ထောင်ဝါဒါက ခိုင်းစေသည့်အတိုင်းပဲ ပုံစံထိုင်တတ်၊ လောကအမြင် ပုံစံခေါက်ရိုးကျိုး နေသော အတွေးအကျဉ်းသား ရွှေညဝါ ဘုန်းကြီး၏ တွေးခေါ်သော ပုံစံကို ဥပမာ ပေးပါမည်။ အထင်အမြင် အကျဉ်းကျကြီး ရွှေညဝါသည် ကလို စတွေးလိုက်ပါ သတတ်…

ငါထင်တာက ဒါဟာ…

ငါထင်တာက ...

ကျုးကျော်သူများသည် ဘင်္ဂလီဖြစ်သည်…

ဘင်္ဂလီ ဆိုလျှင် မူဆလင် ဖြစ်သည်…

မူဆလင်တို့သည် ဘာသာခြားဖြစ်သည်…

ဘာသာခြားတွေထဲမှာ မူဆလင်တို့သည် ဆိုးသူများဖြစ်သည်…

မူဆလင်တို့ ဆိုးပုံမှာ ယုန်တွေလို အုပ်လိုက်အုပ်လိုက် မျိုးပွားသည် …

မျိုးပွားနူန်း မြန်လျှင် မူဆလင် ဦးရေ များမည်…

မူဆလင်ဦးရေ များလျှင် ဗမာလူမျိုးကို မြိုမည် ၊ ဗုဒ္ဓဘာသာ ဆုတ်ယုတ်မည်…

ဒါကြောင့် မူဆလင်သည် တိုင်းပြည်အတွက် အန္တရယ်ကောင် နှင့် ဗုဒ္ဓဘာသာ ရန်သူဖြစ်သည်…

တိုင်းပြည်အတွက် အန္တရယ်ကောင် နှင့် သာသာနာ့ရန်သူ ကို နှိမ်နင်းခြင်းသည် အပြစ်မရှိ…

တိုင်းပြည်အန္တရယ်ကို နှိမ်နင်းနိုင်လျှင် တိုင်းပြည် သူရဲကောင်း၊ သာသနာ သူရဲကောင်း အဖြစ် ငါ ဂုဏ်ယူလို့ ရသည်…

အစိုးရသည် မူဆလင်ကို မုန်းသည်၊ အစိုးရက မူဆလင်တွေကို နှိပ်ကွပ်ထားဖို့ အစဉ်တစိုက် ကြိုးစားသည်…

ငါကိုယ်တိုင် ခံခဲ့ရသော အတွေ့အကြုံအရ  အာဏာပိုင်အစိုးရသည် သူမကြိုက်တာလုပ်လျှင်
ဒုက္ခအရမ်းပေးပြီး သူကြိုက်တာ လိုက်လုပ်လျှင် သူကောင်း အကြီးအကျယ် ပြုသည်…

ဒါကြောင့် ငါသည် အာဏာပိုင်တို့ နဲ့ ပေါင်းပြီး မူဆလင်ကို နှိပ်ကွပ်လျှင် နာမည်ကြီး သာသနာ့ သူရဲကောင်းလည်းဖြစ်၊ ဘုရင်က လာဘ်လာဘ နှင့် မြှောက်စားတာကိုလည်း တဝကြီး ခံစားရမည်….

ဒါကြောင့် (ငါ့ကို တစ်ခါက နှိပ်ကွပ်ခဲ့သည့် သံဃနာယက အဖွဲ့တွေလိုပဲ အခွင့်အရေး အသာယူရန်) ငါသည် အာဏာပိုင် အစိုးရ နှင့် ပေါင်းမည်…

ငါတစ်ပါးထဲ သည် နာမည်ဆိုးရှိတဲ့ လူတွေနဲ့ သွားပြီး ပေါင်းလို့တော့ မဖြစ်…

ဒါကြောင့် ကျန်တဲ့ သံဃာတွေ နဲ့  လူထုကိုပါ ငါ့အဖွဲ့ထဲဝင်အောင် စည်းရုံးရမည်…

ဒါကြောင့် ငါ့ကိစ္စထဲ ကိုယ်တော်တွေ ပါလာစေရန် ငါလုပ်ဆောင်မည်…

ဒါမျိုး လုပ်တာသည် ငါက သာသနာ ကောင်းစေလိုသော ရည်ရွယ်ချက် စေတနာကောင်းနဲ့ လုပ်တာဖြစ်သည်…

ဒါကြောင့် သံဃာကို ငါ့ကိစ္စထဲ ပါလာရန် ဖဲ့ထုတ်ခြင်းသည် သင်းခွဲခြင်း မဟုတ် ၊ ငါသည် အပြစ်မရှိ၊ ကုသိုလ်လုပ်ခြင်းပင် ဖြစ်နေသေးသည်…

“သာသနာရေးကို ဆောင်ရွက်လျှင် အသက်ပင်ဆုံးစေအုံး” လို့ လွန်လေသူ မဟာဂန္ဓာရုံ ဆရာတော်ကြီးက ကဗျာစပ်၍ပင် ဆိုထားသေးသည်…

ဒါကြောင့် ‘သာသာနာရေး၊ တိုင်းပြည်အရေး၊ အများကောင်းစားရေး’ အတွက်ဆို
ငါ ဘာလုပ်လုပ် တင့်တယ်သည်…

ငါ ဘာလုပ်လုပ် တင့်တယ်သည့် အတွက်….


ဟုတ်ကဲ့၊ ငါ တွေးမိတာက ဒါဟာ ဟာ “ကျုးကျော်သူများသည် ဘင်္ဂလီဖြစ်သည်…” ကနေ စလိုက်တာ “ငါ ဘာလုပ်လုပ် တင့်တယ်သည်” မှာ ဆုံးနေပါလား အရပ်ကတို့ ။ ဘုန်းကြီးကောင်း ကနေ အယုတ်ပတ်ဆုံး ဘုန်းကြီး တစ်ခါတည်း ဖြစ်လာပါရော့လား ။ ပထမလူရဲ့  အဲသလို တောမသတ်ဆင်ခြေ (infinte regress) တွေပေးပြီး တောမသတ် ယုတ်ပတ်လာမှု ဟာ သူ့ရဲ့  အခြေခံ လောကအမြင် (ဝါ) လောကကို တင်ကြည့်တဲ့ စနစ်ဘောင် framework လွဲနေရာကနေ တောက်လျှောက် လိုက်လာတာ ပါပဲ။

တောမသတ် ယုတ်မာလာမယ့် ပထမလူ ရဲ့   တပင်တပန်း တောမသတ် ကျိုးကြောင်း ဆက်စပ်နေမှု နဲ့ ကွာခြားလှစွာ ဒုတိယလူဟာ ဘယ်နေရာမှာ မဆို သတိနဲ့  ရပ်တန့်သွားမယ် ဆိုတာ သိသာပါတယ်။ အနိုင်းမဲ့ ပညာပါရမီရှင် ဖြစ်လာမယ့် ဒုတိယလူ ရဲ့  တွေးခေါ်ပုံကို ကျွန်တော်တို့ သရုပ်ခွဲကြည့် ကြပါအုံးစို့ ။

ကျုးကျော်သူများသည် ဘင်္ဂလီဖြစ်သည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)

ဘင်္ဂလီ ဆိုလျှင် မူဆလင် ဖြစ်သည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)

မူဆလင်တို့သည် ဘာသာခြားဖြစ်သည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)

ဘာသာခြားတွေထဲမှာ မူဆလင်တို့သည် ဆိုးသူများဖြစ်သည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)

မူဆလင်တို့ ဆိုးပုံမှာ ယုန်တွေလို အုပ်လိုက်အုပ်လိုက် မျိုးပွားသည်   ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မချ)

မျိုးပွားနူန်းမြန်လျှင် မူဆလင် ဦးရေ များမည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)


မူဆလင်ဦးရေ များလျှင် ဗုဒ္ဓဘာသာ ဆုတ်ယုတ်မည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)

စသဖြင့် နောက်ဆုံး…

ဒါကြောင့် ‘သာသာနာရေး၊ တိုင်းပြည်အရေး၊ အများကောင်းစားရေး’ အတွက်ဆို ငါဘာလုပ်လုပ် တင့်တယ်သည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)

ဟုတ်ကဲ့၊ ဒုတိယလူအတွက် ‘ကျုးကျော်သူ’များသည် ‘ဘင်္ဂလီ’ ဖြစ်သည် ဆိုတဲ့ အဆင့်ကို ကျော်ဖို့တောင် အင်မတန် ခဲယဉ်းပါတယ်။ ဘာလို့လဲဆိုတော့ ‘ကျုးကျော်သူ’ နဲ့ ‘ဘင်္ဂလီ’ ဆိုတဲ့ ကတ္တားတွေ ကိုရော ၊ ကတ္တားနှစ်ခုကို ထပ်တူပြုထားတဲ့ ‘ဖြစ်သည်’ ဆိုတဲ့ ဝါစင်္ဂ ကိုပါ သူ တွေးမိ သလောက်သာ ဆိုတာ သူသိနေပါတယ်။ “ကျုးကျော်သူ” ဆိုတဲ့ ဝေါဟာရကို ဘယ်လို အဓိပ္ဗာယ်သတ်မှတ်ချက်တွေနဲ့ ဖွင့်မှာပါလဲ။ ‘ကျုးကျော်သူ’ လို့ သိမှတ်နေတဲ့ ဝေါဟာရကိုက အဓိပ္ဗာယ် မမှန်ဘူးဆိုရင် ‘ဘင်္ဂလီ’ ဆိုတာကို ထည့်စဉ်းစားစရာ လိုပါသလား။

သို့မို့ကြောင့်လို့ “ငါဘာလုပ်လုပ် တင့်တယ်တယ်” ဆိုတဲ့ လုံးဝ ဖောက်ပြန် မိုက်မှားနေတဲ့ နောက်ဆုံး အဆင့်ကို ရောက်လာဖို့ ဆိုတာ ဒုတိယလူ တစ်ဦး အတွက် အင်မတန် ခဲယဉ်းလှသလို သူ ကပေလို့ ရောက်ခဲ့လျှင်လည်း သည် နောက်ဆုံး (အယုတ်မာဆုံး) အဆင့်မှာ သူ့အတွက် ရှေ့ဆက်တိုး ဖို့ရာ ဖြစ်လာမှာ မဟုတ်ပါ။

ဒုတိယလူတွေဟာ အတွေးစဉ်ရဲ့ ဘယ်နေရာမှာ မဆို သူတို့ရဲ့  အသိဥာဏ်အား ဗဟုသုတဗလ ကွဲပြားမှု အလိုက် သတိတရားဝင်လာ ရပ်တန့်စဉ်းစား၊ လမ်းကြောင်းအမျိုးမျိုးကို ခွဲထွက်သွားပြီး အတွေးအခေါ် ကွဲပြားဆန့်ကျင် စုံလင်နေတဲ့ လူစုံတွေ ဖြစ်ထွန်းလာပါလိမ့်မယ်။ လူ့ဘောင်တစ်ခုမှာ ဒုတိယလူရဲ့  ဝိဥာဉ် ရှင်သန်နေသရွေ့  လွတ်လပ်မှု Freedom နဲ့ ကွဲပြားစုံလင်မှု Diversity ဟာ တည်မြဲရှင်သန် ပါလိမ့်မယ်။


ပထမလူတွေ အကုန်လုံးဟာ "ငါ ဘာလုပ်လုပ် တင့်တယ်တယ်” ဆိုတာမှာ မလွဲသေချာ ရပ်ပါတယ်။ “လူအများ အရေးသာ ပဓာန” ဆိုတဲ့ ရည်ရွယ်ချက်ပန်းတိုင်၊ “စွန့်လွှတ်စတေးမှု” ဆိုတဲ့ အစွန်းရောက် လုပ်ရပ်၊ “အများကောင်းကျိုး အတွက်ဆို ဘယ်သူ့မျက်နှာကိုမှ ထောက်နေစရာ မလို” ဆိုပြီး ဇွတ်ငြင်း ပိုင်းဖြတ်မှု စတဲ့ လက္ခဏာဆိုးတွေနဲ့ အဲသည်လူတွေ “အကုန်လုံး” ဟာ ဘုံတူ အဆုံးသတ် တတ်ကြပြီး ပထမလူရဲ့  ဝိဥာဉ်ဆိုးက တောမသတ် ချုပ်ကိုင်ပူးဝင်နေတဲ့ (infinite regress) လူ့ဘောင်တစ်ခုဟာ အယုတ်မာဆုံး လူတွေသာ ခေါင်းဆောင် တက်ဖြစ်တဲ့ လုံးစည်းစနစ် (Totalitarianism) အောက်ကို ကျရောက်သွားရ တာချည်း ပါပဲ။