Showing posts with label Yogacara. Show all posts
Showing posts with label Yogacara. Show all posts

Sunday, January 19, 2014

ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၁)



ကျွန်တော်တို့၏ ထေရဝါဒ ဗုဒ္ဓဘာသာတွင် မြတ်စွာဘုရား၏ တရားဓမ္မတို့ကို ပစ်ထည့်ထားသည့် ခြင်းတောင်းကြီး သုံးတောင်း အဖြစ် ကျော်ကြားသော ဝိနည်း သုတ္တန် အဘိဓမ္မာ ဆိုပြီး ကဏ္ဍသုံးခုရှိရာတွင် ယင်းတို့အနက် ဝိနယပိဋက ဆိုသည်မှာ ရဟန်းသံဃာတို့သည် မည်သို့သော နည်းလမ်းအားဖြင့် သာသနာအား ကာကွယ်စောင့်ရှောက်အပ်ကြောင်း မသဲမကွဲ ချော်တလွဲတွေ လျှောက်မလုပ်စေရန် ဗုဒ္ဓရှင်တော်မှ  အတိအကျ “မူဝါဒ”ချမှတ်လမ်းပြခဲ့သည့် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်၏ အာဘော်လမ်းညွှန် ပါတည်း။ ထို့ကြောင့်လည်း ရှင်မဟာ ကဿပ အမှူးရှိသော ရှေးဦးဆုံး ပုဗ္ဗာစရိယ သံဃာတော်ကြီးများသည် ပထမဆုံးကျင်းပခဲ့သည့် သင်္ဂါယနာတွင် အရေအတွက် များပြားလှပါသည်ဆိုသော သုတ္တန်တရားများ၊ လူပညာရှိတို့ပင်လျှင် ဥာဏ်မမှီနို်င်အောင် နက်နဲသည် ဆိုသော အဘိဓမ္မာသင်္ကပ တရားတို့ကို ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးထားသော ဘုရား၏ ညီတော်ခေါက်ခေါက် ရှင်အာနန္ဒာကိုပင် ဓမ္မဝိဿဇ္ဇေတိ(အဖြေရှင်) ပလ္လင်ပေါ်သို့ ဦးဆုံး ပေးမတက်။  အနိမ့်ကျဆုံး သုဒ္ဓကျွန်မျိုးမှ ရဟန်းပြုလာသလောက် ၊ ဖောက်ပြန်လိုသော ချော်တလွဲရဟန်းတွေ အနေကြပ်အောင် သဲကွဲရှင်းလင်းစွာ ဝိနည်းအာပတ်ကို မပြတ်ဝေဖန်သည့် ဗုဒ္ဓသာသနာ၏ အခမဲ့ နှလုံးသားဝန်ထမ်းရှင် သာသနာစောင့် ရဲချုပ်ကိုယ်တော်ကြီး ရှင်ဥပါလိကို  ကိုယ်တော်မှ ငြင်းပါလျက်နှင့် ပလ္လင်ပေါ်သို့ ဇွတ်ကို မရမကဆွဲတင်ကာ ဝိနည်းတော်သည် သာသနာတော်အတွက် အထွတ်မြတ်ဆုံး နှင့် အရေးကြီးဆုံး အသက်ဝိဥာဉ် ဖြစ်ကြောင်းကို အကြောင်း သက်သေပြုခဲ့ပါသတည်း။

ယနေ့ချိန်ခါ မြန်မာပြည် ဗုဒ္ဓ သာသာနာသည် မင်းဆိုးမင်းကလိန်တို့မှ အတိအလင်း တစ်မျိုး၊လက်သိပ်ထိုးလည်း တစ်လှည့်ုဖြင့် ကျောထောက်နောက်ခံကို ရသော အဓမ္မ ရဟန်းတို့သည် ၉၆၉ အဖွဲ့ ၊ မျိုးစောင့်ဥပဒေ လှုပ်ရှားရေး အဖွဲ့ ၊ ခုနောက်ဆုံး သာသနာ့ပါလ သာသနာစောင့်ရှောက်ရေး အဖွဲ့ စသဖြင့် နာမည်အမျိုးမျိုးသုံးကာ မူလသံဃာအဖွဲ့အစည်း မှ သင်းခွဲဖဲ့ထွက် ၊ အရှက်အကြောက် မရှိ မာန်တက်ရမ်းကားပြနေသည်မှာ အထင်းပါတည်း (impunity) ။ သည်တွင် “သံဃာ့ အဖွဲ့အစည်း”ဆိုသော ဝေါဟာရ နှင့် စပ်လျဉ်း၍ ကျွန်တော့် အနေဖြင့် စဉ်းငယ်ရှည်လျားသော ပိဋကတ်တော် ကျမ်းဂန် အကိုးအကား တို့ ကို အလျင်ဦးဆုံး ဖွင့်မပြမီမှာ စာဖတ် ပရိသတ်တို့ လွယ်လွယ်ကူကူ စဉ်းစားဆင်ခြင်နိုင်သလို လက်တွေ့သုံးစွဲနိုင်သည့်  ဘုရားရှင်၏ ဆိုလိုရင်း အနှစ်ချုပ်ကို အလျင်ဖော်ပြထားလျှင် ကောင်းပါလိမ့်မည်။

ဘုရားရှင်၏ သားတော်ရင်းများ ဖြစ်ကုန်သော တည်ကြည်မွန်မြတ်သော မူလသံဃာ အဖွဲ့အစည်း နှင့် ဖောက်ပြန်ယုတ်မာသော အောက်တန်းစား သံဃာ အဖွဲ့အစည်းကို အသို့ ခွဲခြားနိုင်ပါသနည်း ဆိုသော် ဘုရားရှင်၏ သံဃာဟူသည်မှာ တစ်ကြောင်းတည်းသာရှိသောတရားသာလျှင် ကျင့်ကြံကိုးကွယ်ရာ သုံးစွဲရာရှိသည်ဟု ပြော၍ ပြောသည့်အတိုင်းလည်း ကျင့်ကြံသုံးစွဲနေထိုင်သည့် သူတို့ပေတည်း။ ဖောက်ပြန်သော မိစ္ဆာသံဃာတို့ သင်းပင်းပူးပေါင်းသော အောက်တန်းစား သံဃာ အဖွဲ့အစည်း ဆိုသည်မျိုး မှာကား အမြတ်ဆုံးဟူသည်မှာ “၉၆၉ဟေ့” ၊ တရားဟူသည်မှာ “အမျိုးသားရေးဟေ့”၊ “အမျိုး၊ဘာသာ၊ သာသနာဟေ့” ၊ ကျင့်ကြံကိုးကွယ်သုံးစွဲရာ ဟူသည်မှာ “မင်းအာဏာ၊ သမ္မတကြီးရဲ့  အာဏာ၊ လွှတ်မင်းကြီးတွေရဲ့  အာဏာဟေ့” ဟု လှည့်ဖြားပြောဆိုသလို သင်းတို့၏ အာရုံပြင်တွင် ၄င်း ယုတ်ညံ့သော မင်း၊ အာဏာ၊ နိုင်ငံရေး စသည့် မောက်မာဝင့်ကြွားနေသော ငရဲတံလျှပ်များ ပြက်ပြက်စွဲလောင်နေသည့် စိတ်ယုတ်မာညစ်ညမ်းပူးသွမ်းနေသူတို့ ပူးပေါင်းစည်းဝေးသော အဖွဲ့မျိုးပါတည်း။ ၄င်းတို့မှ အလေးအမြတ်ပြုနေသော အမျိုးသားရေး ကိစ္စဆိုသည်မျိုးသည် ဗုဒ္ဓဘုရားရှင်က ဘယ်တုန်းကမှ မဟောခဲ့သည်၊ တရား မဟုတ်သည်ကို အသေအချာ သိသည်လည်း ရှိစေ၊ မသိသည်လည်း ရှိစေ“ငါတို့လုပ်နေတာဟာ တရားပါ” (သို့မဟုတ်လည်း) “တရားဆိုတာ သည်နေရာမှာတော့ မလိုပါဘူး” (သို့မဟုတ်လည်း) “တချို့နေရာတွေမှာ မလိုပါဘူး”ဟု အမှန်တရားဆိုတာ ကြည့်ရူသူ၏ ရူဒေါင့်ပေါ်မှာပဲ မူတည်သည် လို့ moral relativism အယူဖြင့် လွှမ်းမိုးပိုင်းဖြတ် ပြုမူပြောဆိုနေကုန်ကြသူတို့ စည်းဝေးသည့် အစုအဖွဲ့တို့ ပေတည်း။

သို့ဆိုလျှင် ကိုးကွယ်ကျင့်ကြံသုံးစွဲအပ်သော “တရား” ဆိုတာဟာ ဘယ်လိုမျိုးပါလိမ့် ဆိုသော စောဒနာသည်  အင်မတန် ကောင်းသလောက် အရေးကြီးသော မေးခွန်းလည်း ဖြစ်ပါ၏။ သည်မေးခွန်းအတွက် အဖြေသည် စိတ်ဝင်စားစရာ ကောင်းလှသည့်အတိုင်း နောက်ပိုင်း ကျွန်တော့်စာများတွင် ဆက်လက် ဆွေးနွေးသွား ပါမည်။ ခုခါမှာတော့ ကျွန်တော် ခုရေးသောစာတို့သည် “တစ်ကြောင်းတည်းသာရှိသော တရား”ကိုသာလျှင် မြတ်နိုးဦးစိုက် ရေးသားထားသည်ကို သိလျှင် လုံလောက်ပြီ ဖြစ်ပါ၏။ တဒင်္ဂမျှ အနှစ်ချုပ်ပြမည်ဆိုလျှင် ဒေဝဒတ် မှနေ၍ သတ်သတ်လွတ်စားခြင်း မှသည် တခြား ပြင်းထန်စွာ ကျင့်ကြံခြင်းတို့ကိုမှ အနှစ်အမှန်ဟု စွဲထင်နေခြင်းမျိုးသည် တရားမဟုတ်။ တရားဟူသည်မှာ ကျွန်တော်တို့ လူသားအားလုံး၏ ဖြစ်တည်မှုတွင် ဖြေရှင်းဖို့ အခက်ခဲဆုံး ပြဿနာ အဖြစ် တွဲလျက်ပါလာသည့် တစ်စုံတစ်ရာသည် အနှစ်အမှန် ဟု တောက်လျှောက်ကို တွေးခေါ်နေသော အကျင့်အကြံကို  (တစ်ဝက်တစ်ပျက်နဲ့တော့ မရ) လုံးဝကို ကုစားရန် ကြိုးစားရသော သဘောပေတည်း။

လူ့ဘောင်၏ ရူပ်ထွေးမိုက်မဲမှု ပြဿနာ အပေါင်းတို့နှင့် စပ်၍ လွယ်သလောက် နက်နဲသော ၊ရိုးရှင်းသလောက် ဘယ်လိုမှ မငြင်းနို်င်အောင်မှန်ကန်သော အဖြေတို့ကို ဗုဒ္ဓတရားတော်တို့တွင် ရှာတွေ့နိုင်ပါ၏ ။ အကြင်သူတစ်ဦးသည် ဥပမာအားဖြင့် ဝီရသူ အင်းစိန်ရွာမ ရွှေညဝါ သီတဂူစသော ၉၆၉ ဘုန်းကြီးတစ်ဦးသည် အဘယ်ကြောင့် ဤသို့ တွေးခေါ်နေသနည်း၊ ဤသို့ ပြောဆိုနေပါသနည်း၊ ဤသို့ ပြုမူနေရပါသနည်းဟု မေးလာမည်ဆိုသော် ဗုဒ္ဓတရားမှ ပေးမည့် အဖြေကား လွယ်ပါ၏ ။ ဗုဒ္ဓ ပရမတ္တဝိဇ္ဇာဗေဒ (epistemologic logic) ရူဒေါင့်မှ ချည်းကပ်သုံးသပ်လိုက်မည် ဆိုပါလျှင် မလွဲသေချာ ပြောဆိုနိုင်သည်ကား ဤသူတို့၏ လောကကို မြင်သော အမြင် ၊ တစ်နည်းအားဖြင့် ၄င်းတို့၏ သူ့ကိုယ်သူ နှင့် အပြင်ဗဟိန္ဓမှ တစ်ပါးအရာတို့ကို ကြည့်မြင်သော အမြင်တို့သည် မှားယွင်း ၊ ယင်းပုဂ္ဂိုလ်တို့၏ ကိစ္စတွင် ဖောက်ပြန်မှောက်မှားသော အဆင့်သို့တိုင်ရောက် နေ၍ ပေတည်း။ ရှေ့ဆောင်းပါးတို့တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆိုပြီး အစိုးရက ဂုဏ်တင်ပြီးလုပ်နေသော ပွဲများသည် သည် အသိအမြင် မာန်မြောက်မှောက်မှားနေသော ဘုန်းကြီးရူးတွေကို လှေလူးပေးနေတာသာ ဖြစ်ကြောင်း ရှာရီရာ လက်ဆောင် အမှတ် (၇) စသည်တွင် ကျွန်တော် ပြောခဲ့ပါသည်။

အမြင်မှားယွင်းဖောက်ပြန် (ဝါ) ရူးနေသော ဘုန်းကြီးကို ၄င်း၏ ဖောက်ပြန်မှားယွင်းစွာမြင်နေသော (ဝါ) ရူးမိုက်စွာ သိမြင်နေသော လောကအမြင်ကို ပြောင်းလဲရန် မကြိုးစားပဲနှင့် လူရှေ့သူရှေ့ထွက် စကားတွေပြောခိုင်းပြီး လူတတ်သိကြီးတွေ အဖြစ် ပွဲတွေမြှောက်ကာ အားပေးအားမြှောက်လုပ်ခြင်းသည် ထိုသူရူးသူမိုက်တို့ နဂိုကပင် ရှေ့တန်းတင် နေသော အာဏာရှိသူနဲ့ ပေါင်းနိုင်တယ်ဆိုတာ တရား (သမိုင်းကြောင်း လိုအပ်မှု) ၊ လုပ်ပိုင်ခွင့်ကို တိုးတက်ရယူမှု ဆိုတာ ဓမ္မဝေယျာဝစ္စ (သမိုင်းပေး တာဝန်)၊ အမျိုး ဘာသာ သာသနာ ဆိုတာ အနှစ်အမှန် ဝဋ္ဋတိ (သမိုင်းဆက် အမွေအနှစ်) စသော ဖောက်ပြန်ဖောက်လွဲ မိုက်မွဲသော လောကအမြင်တွေ ပျံ့ပွားလာကာ ထိုသို့ အတ္တနှင့် ယှဉ်သော သညာသိကို ကိုးကားကော်ရော်မှုမှ နေ၍ ပေါက်ကွဲပျက်စီးမည့် ဖြစ်စဉ်များ တောမသတ်အောင် ကျွန်တော်တို့၏ သမိုင်းတွင် ဆက်ဖြစ်မည့် သဘောကို ဆောင်နေပါ၏ ။ သည်မှာတင် ပရမတ္တ ဝိဇ္ဖာဗေဒ (ဝါ) လောကအမြင် ဘာသာရပ် (mereology) တွင် ကျွန်တော့်အနေဖြင့် နှစ်ပေါင်း အတော်အတန် အပတ်တကုတ် ကြိုးစားလေ့လာခဲ့ရကား ယင်းလေ့လာမှုတို့မှ ရသော အသိတရားသည် ခုခါမှာ  ဘုန်းကြီးမိုက် ခေါင်းဆောင်တွေနဲ့ ယင်းလူမိုက်နောက်လိုက်တို့မှ မင်းအာဏာ ကျောထောက်ရ၍ တရားဝင်ဖြစ်ပါသည်ဟု ယူမှတ်ကြွေးကြော်နေသော လူမိုက်တရားတို့ကို တန်ပြန်နှိမ်နင်းဖို့ရန် အားထုတ်ဖို့ စေတနာ ကျွန်တော့်အား ဖြစ်ရပါသတတ်။

ခု ကျွန်တော်မှ လောကအမြင်ဗေဒ ဟု လွယ်လွယ်ဘာသာပြန်ပြသလောက် ကျွန်တော့်လူ ခေတ်မြန်မာများအတွက် တစိမ်းဆန်နေဦးမည့် ဝေါဟာရများဖြစ်သည့် epistemology (သိခြင်းဗေဒ) ၊ mereology  (တစ်ခုလုံး ဆိုတာ နှင့် အစိတ်အပိုင်း တစ်ခုချင်း ဆိုတာ ဆက်စပ်ပုံ ဗေဒ) တို့သည် စင်စစ် ကျွန်တော်တို့၏ ထေရဝါဒ ပိဋကတ်တို့တွင် အခြေခံအကျဆုံး ဓမ္မပရိယာယ် နည်းစနစ်တို့ အဖြစ် ထုနဲ့ထည် ဖော်ပြပါဝင်နေသော နည်းစနစ်တို့ ဖြစ်ပါ၏။ မဟာယာန ဗုဒ္ဓဘာသာတွင် ယောဂကာရ နှင့် မဒြာမိက စနစ်တို့ဟူသည် ကျွန်တော်တို့ ထေရဝါဒလို စိတ်တစ်ခုယုတ် ကိုးဆယ်ဟာ ဘာတွေလဲဟု ၏သည် မရွေး ကျက်မှတ်နေခြင်းထက် ယင်း အခြေခံအကျဆုံး ဓမ္မပရိယာယ်တို့ကို အထူး အာရုံစိုက်ကာ ကျွမ်းကျင်စွာ နားလည်ဆွေးနွေးနိုင်သော အဆင့်သို့ရောက်အောင် သုတေသနပြုထားသည့် စနစ်တို့ ဖြစ်ပါ၏။

ဗုဒ္ဓတရားတော်များကို တစ်ပွေ့ ကြီး လေ့လာခွင့် ရခဲ့ပါလျက်နှင့် ဖောင်စီးရင်း ရေငတ်ဆိုသလို ခေတ်ရာဇဝင် အဆက်ဆက် အသိမိုက်မဲလှသည့် အနော်ရထာ မင်းတုန်းစသော မင်းလူလည်တို့မှ သင်းတို့ နာမည်ကြီး သာသနာ့ ဒါယကာခံဖို့ သာသာနာကို ကြုံးသွင်းကြိုးကိုင်ဖို့ ကြိုးစားခံခဲ့ရသော ကျွန်တော်တို့ မြန်မာပြည်သည် “ထေရဆိုလျှင် မဝေဖန်နဲ့၊ ကံကြီးထိုက်လိမ့်မယ်” ဆိုတာနဲ့ အပိတ်ခံခဲ့ရကား ယနေ့ မြန်မာပြည် ဗုဒ္ဓဘာသာတွင် ထိပ်ဆုံးက ဥာဏ်အကောင်းဆုံး ဘုန်းကြီးဆိုသူတို့ပင် ဤ အရေးပါဆုံး ဓမ္မ ပရိယာယ်တို့တွင် အလွန်တရာ အားနည်းကြသည်ဆိုသည်ကို ကမ္ဘာတိုးလျှိုပေါက်လာသော သည်ဘက်ခေတ် (Globalized era) တွင် ကိုယ့်ငါးချဉ် ကိုယ်မချဉ်စတမ်း နိုင်းယှဉ်ဝေဖန်သည့် မြန်မာ ဘာသာရေးပညာရှင်တို့သည် စိတ်မသက်သာစွာ သိမြင်ခဲ့ပြီး ဖြစ်ပါ၏။ သည်လို စူးစမ်းဝေဖန်တွေးခေါ်သော သန္နိဌိက အလေ့အကျင့်သည် ကျွန်တော်တို့၏ ရိုးရာတွင် ဆိတ်သုဉ်းသုည ဘူလုံးလုံးကျနေလို့လည်း ဒီမိုကရေစီ လမ်းကြောင်းကလေးကို မြင်စပြုလာသော သည်မှာခေတ်တွင် “ဘုရားတရားဆိုတာ ၉၆၉ ဟဲ့ ၊ မူဆလင်ကို နှိပ်ကွပ်ဟန့်တားတာဟာ သာသနာကို စောင့်ရှောက်တာဟဲ့” ဟူသော မိစ္ဆာအယူဝါဒ နောက်သို့ စစ်အစိုးရ မြှောက်ပေးလို့သာ  ပြည်သူကလည်း မစူးစမ်း မစောကြောလို့သာ နာမည်ကြီးလို့နေ အမှန်တကယ် အားဖြင့် သိမ်မွေ့ခက်ခဲလှသည့် တရားဓမ္မ ပရိယာယ်နယ်ပယ်တို့တွင် အသိအလင်း ဟောင်းလောင်း ဖြစ်နေသော ဘုန်းကြီး ထိပ်တန်းခေါင်းဆောင် ဆိုသူတို့သည် ကောက်ကောက်ပါအောင် လိုက်စားမာန်မြောက်ကုန်ကြခြင်း ပေတည်း။

တချို့ကလည်း ဆိုပါ၏။ သည် ဝီရသူစတဲ့ ဘုန်းကြီးတွေ အစိုးရက ဆေးခတ်ပြီး ခိုင်းတာ ခံရတာပါလို့ သည်ဘုန်းကြီးတွေကိုပင် ကိုယ်ကနေပြီး သနား ကရုဏာပင် သက်စရာ ကောလာဟလတို့လည်း ပေါ်ထွက်လာပါ၏။ ကျွန်တော့် စဉ်းစားပုံ အားဖြင့် မြန်မာ အစိုးရသည် သည်လောက် စွမ်းမယ်လို့လည်း မထင်၊ သည်လောက်လည်း အပင်ပန်း ခံမယ်လို့လည်း မထင်။ 

နိုင်ငံရေး အတွေးအခေါ် ဗေဒဖြင့် နည်းစနစ်ကျကျ ပြောမည်ဆိုလျှင် တကယ်တော့ မြန်မာ အစိုးရက လုပ်နေသော နိုင်ငံရေး အညှာမှာ နေဝင်း တော်လှန်ရေးကောင်စီ ခေတ်ကတည်းကပင်  နည်းဗျုဟာဆိုလို့ ဝါးလုံးထိုးတတ်ရုံ တစ်တန်းတစ်စား သာတည်း။ အဲဒါဟာ ဘာလဲဆိုတော့ အယုတ်မာဆုံး သို့မဟုတ်လည်း ခိုင်းလို့အကောင်းဆုံး လူတို့ကို ထိပ်ဆုံးနေရာသို့ ခုတင်ပေးထားခြင်း ဖြစ်ပါ၏။ “ကျီးမိုက်ကို ဟသာင်္တို့ ခစားရသဟဲ့” ဟူသော ကောသလအိပ်မက် တစ်ဆယ့်ခြောက်ချက်ဆိုတာ မြန်မာများ နှစ်ရာစုဝက်မက လက်တွေ့မြင်တွေ့ထားပြီး ဖြစ်လို့ ဒါကို အလွယ်ပင် နားလည် သဘောပေါက်နိုင်ပါ၏။ တစ်ခုပဲ ပိုမှတ်ရန်မှာ ကောသလအိပ်မက် ဆယ့်ခြောက်ချက်သည် မြန်မာတွေ ခေတ်တစ်ခေတ်မှာ ကံဆိုးလို့ တွေ့ခံခဲ့ရသော အဖြစ်သနစ်တို့ မဟုတ်။

ထိပ်တန်း နိုင်ငံရေးတွေးခေါ်ပညာရှင် ဟိုင်းရက်က သူ့ ကမ္ဘာ့ဂန္တဝင် ကျွန်ဖြစ်ရာလမ်း တွင် အသေအချာကို ပြောခဲ့သည်မှာ နိုင်ငံတစ်နိုင်ငံတွင် ပြည်သူလူထုသည် လုံးစည်းဝါဒယန္တရားစနစ် (Totalitarianism) စနစ်အောက်ကို ပြားပြားမှောက် ကျရောက်သွားပြီဆိုလျှင် ယင်းစနစ်သည် မလွဲသေချာ လူယုတ်မာ စိတ်အောက်တန်းတို့ကိုသာ ထိပ်ဆုံးသို့ ရောက်လာအောင် တွန်းပို့ပေးပါသတည်း။ ခေတ်စနစ်ဟု မြန်မာတို့ ပြောလေ့ရှိပါ၏။ ဒါကြောင့် ကျွန်တော်တို့ လွယ်လွယ်သိမှတ်နိုင်သည်မှာ လုံးစည်းဝါဒ လွှမ်းမိုးသော ခေတ်တိုင်းမှာ လူယုတ်မာတွေ မင်းမူတဲ့စနစ်သည် သက်ဆိုးရှည်စမြဲ ပေတည်း။ မြန်မာတွေ မက်ခဲ့ရသော ၊ ခုလည်း အိပ်မက်ထဲက မထွက်နို်င်သေးသော၊ ဘယ်တော့ သည်အိပ်မက်ဆိုးတွေ ပြီးသွားမှာလည်း ဆိုတာကိုလည်း ဘယ်သူမှ မမှန်းနိုင်သော ကောသလ အိမ်မက်တို့သည် ခေတ် -> စနစ်တို့ ဖြစ်ပါ၏။ မြန်မာတွေ ကံခေလို့ တစ်ခါတစ်ရံ လောကဓံမှာ ကျီးကန်းအောက်ကလိတွေ ပလ္လင်ညာရံ ရွှေဘုံပျံမှာ လာစိုးစံခွင့်ရသည့် ခဏတဖြုတ် သဘောမဟုတ်။

Wednesday, October 16, 2013

"ဘုရား" "တရား" "သံဃာ" ဆိုတာ မရွှေ့လျား မပြောင်းလဲတဲ့ အနှစ်အခဲတွေ မဟုတ်ပါ



အဘိဓမ္မာ ကိုတည်ဆောက်တဲ့ အခါ သုတ္တန် ထဲ က ဓမ္မ ဝေါဟာရ တွေ ကို စာရင်းစု ကက်တလောက်လုပ် အနက်ဖွင့် အုပ်စုခွဲ အကြောင်း အကျိုး ဆက်စပ် စတာတွေ လုပ်ရတယ်။
လုပ်တဲ့ အခါမှာလည်း အားလုံး ကို စီတန်းချကြည့်တဲ့ နည်း Objective method နဲ့ လုပ်တာဖြစ်တယ်။

ရလာဒ် ကတော့ အဘိဓမ္မာ ရဲ့ ပရမတ္ထ၀ါဒ မွေးဖွား လာတာပဲ ဖြစ်တယ်။ မူရင်း သုတ္တန်တွေ မှာ သက်ဆိုင်ရာ context အလိုက် ထွေပြားချိန်ဆ ဟောတာတွေဟာ တရားသေသတ်မှတ်ထားတဲ့ အနက်တွေဖြစ်လာတာကို တွေ့ရတယ်။

ဘာသာစကားကို ပကတိသဘော လုပ်တာကြောင့် မူလလမ်းကြောင်းနဲ့ အံချော်သွားတာကို တွေ့ရပါတယ်။

ဓမ္မ " ဝေါဟာရ" တွေတင် မဟုတ်ပါဘူး။ "ရဟန်း သံဃာ" ဆိုတဲ့ ဝေါဟာရသည်ပင် Fluid အရည်ကဲ့သို့ ရွှေ့လျားနေတဲ့ ဝေါဟာရ ဖြစ်ပါတယ်။

ဥာဏ်စမ်း ပုစ္ဆာ တစ်ခု ဖြေကြည့်ကြရအောင်။ အနာဂဝံသ ကျမ်းအလိုအရ လူတွေ အဆုံးစွန်ရောက် တရားပျက်တဲ့ အခါကာလမျိုးမှာ လက်မှာ သင်္ကန်းစ ကလေးပတ်ထားတဲ့ သီလကြောင့် အကောင်တစ်ကောင်ကိုလှူရင်တောင် ရဟန္တာကို လှူတဲ့ အကျိုးနဲ့ အတူပဲတဲ့။နောက် ဘုရားဟော အဘိဓမ္မာ နိဒါန်းမှာလည်း ဖော်ပြထားတာက တစ်ဆယ့်နှစ်နှစ်ပတ်လုံး ဇမ္မူဒိပ်ကျွန်း တစ်ကျွန်းလုံးက လူတွေကို အဝကျွေးတာဟာ လှူတာ မင်္ဂဖိုလ် ကျေးဇူးရှိတဲ့ သံဃာတစ်ပါးကို တစ်ဇွန်းမျှသော အစာအာဟာရ လှူတာကို ခြေဖျားတောင် မမီပါဘူးတဲ့။

ဒီဥပမာ နှစ်ခုကို နက်နက်နဲနဲ မစဉ်းစား မဝေဖန်ခဲ့ပါရင် သီလကြောင်ဝီရသူနဲ့ သူ့တပည့် သင်္ကန်းရုံ ဒေဝဒတ် နောက်လိုက် သံဃာတစ်ပါးကို ပိုက်ဆံ တစ်ကျပ်လောက်လေး ထောက်ပံ့ပံ့ပိုးတာသည်ပင် မြန်မာပြည်မှာ ခုအင်မတန် အာဟာရချို့တဲ့နေတဲ့ လူဝတ်ကြောင် အဆင့် ဖြစ်ဖို့ ဆိုတာတောင် (အသက်မပြည့်သေးတဲ့) ကလေး သူငယ် အားလုံးကို အငတ်ဘေးက ကယ်ဖို့ ဝါဒမထုတ်သူ သူတော်ကောင်းတစ်ဦးဟာ အဲသည် ဝီရသူနောက်လိုက် ဒါယကာ၏ ခြေဖျားမှပင် မမှီဘူးလို့ ထင်မြင်ကောက်ချက် ဆွဲစရာပဲ။ ဒါဘယ်လိုမှ မှန်စရာ မရှိပါဘူး။ ဒါဆို ခုနက ဥပမာနှစ်ခုကို ပေးခဲ့တဲ့ သဗ္ဗေညုတ ဥာဏ်တော်ရှင် ဗုဒ္ဓဟာ အကြီးအကျယ် မှားနေသလို ဖြစ်နေပါတယ်။ ဒီပြဿနာကို ဖြေကြည့်ရအောင်။

ဗုဒ္ဓဟာ သင်္ကန်းစ ကလေး ပတ်ထားတဲ့ လူကြောင်လူပျက်ကို လှူတာတောင် ရဟန္တာကို လှူသော အကျိုးနဲ့ တူတယ်လို့ ရဲရဲကြီး ပြောနိုင်တဲ့ အကြောင်းရင်းက အသေအချာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ သည်လူကြောင်လူပျက်ဟာ လူသားအားလုံး သစ္စာတရားဆိုတာကို လုံးလုံး မသိတတ်တော့ဘဲ စားဖို့ ၊ Fuck ဖို့ နဲ့ မတည့်သူကို နှိပ်ကွပ်ဖို့ဆိုတဲ့ အောက်ကျတဲ့ ကျင့်သုံးမှုတွေကို အကြီးအကျယ် တရားဝင် တန်ဖိုးတွေအဖြစ် ကျင့်သုံးလာချိန်မှာ ဒါနဲ့ ဆန့်ကျင်ဘက် "ခြိုးခြံရောင့်ရဲ သည်းခံတဲ့" တန်ဖိုးတစ်ခုဟာလည်း မွန်မြတ်သော တန်ဖိုးတွေရှိကောင်း ရှိနေပါလိမ့်မယ်လို့ လူအားလုံးထဲက ဖောက်ထွက်ပြီး ခြားနားတဲ့ တန်ဖိုးတစ်ခုကို သူဘာမှန်းမသိ (အမှန်တကယ်လည်း မကျင့်သုံးပေမယ့်) သူ့စိတ် ဝိဥာဉ်က ဦးတည်လိုက်လို့ပါပဲ။

သို့မို့ကြောင့် အဲဒီ့ အချိန်ကာလ လောက အဝှမ်း တိရစ္ဆာန် သားရဲစိတ်တွေ ပထမတန်ဖိုးတွေ အဖြစ် လွှမ်းမိုးလာတဲ့ အခါမှာ လောကမှာသည် တိရစ္ဆာန်စိတ်တွေနဲ့ ဆန့်ကျင်ဘက် မွန်မြတ်သော သဘောတစ်ခုသည်လည်း ရှိတန်ရာပါ၏လို့ ဖောက်ထွက်တဲ့ သည်လူကြောင်၊ လူပျက်ဟာ ဘုရားခေတ်က ရဟန္တာ (ရဟန်းအစစ်နဲ့) နိုင်းယှဉ်မှုအားဖြင့်ဆို တန်ဖိုး တစ်ထပ်တည်း သွားကျတဲ့ သဘောပါပဲ။

သည်မှာ အရမ်းထင်ရှားသိသာတဲ့ အချက်က ရဟန္တာ (ဝါ) ပရမတ္တ သံဃာရဲ့ တန်ဖိုးနဲ့ သွားညီဖို့ အတွက် ပရိက္ခရာ ရှစ်ပါး ဆောင်ယူဆင်မြန်းဖို့တောင် မလိုသလို၊ ဘုရား တရား ဂုဏ်တော်တွေကို သိရှိနားလည်ဖို့တောင် မလိုပါ။

ဒါဆို သည် ယုတ္တိချိတ်ဆက်မှုကို ကျွန်တော်တို့ သေသေချာ ချာ နားလည် နိုင်လောက်ပါပြီ။ ဒါဟာ ဗုဒ္ဓအထင်အရှား ဘာကို တိတိကျကျ ညွှန်ပြ အသိပေးခဲ့တာလဲဆိုသည် ဇာတ်သွားနှစ်ခုကို ခုခါမှာ (အစဉ်တစိုက် ဆိုသလို လည်းပဲ) ပေါ့ပေါ့တန်တန် နားလည်နေကြသလို သင်္ကန်းရဲ့ တန်ဖိုးဟာ အနှိုင်းမသိ ဘာမဆိုထက် မြတ်တယ်လို့ ဗုဒ္ဓက ပြောတာ လုံးဝ လုံးဝ မဟုတ်ပါဘူး။

ရဟန္တာတန်ဖိုး (ရဟန်းတန်ဖိုး) နဲ့ ညီဖို့ ဘာသင်္ကန်းမှတောင် မလိုပါဘူးလို့ ပြောနေတာပါ။ မွန်မြတ်သော သစ္စာတရားရဲ့ တန်ဖိုးကို တစ်ခဏမျှ သတိရပါလျှင် ကြီးနိုင်ငယ်ညှင်း တိရစ္ဆာန် တန်ဖိုးတွေ ကြီးစိုးနေတဲ့ခေတ်ကြီးမှာ ထိုသူသည် အဲသည် တိရစ္ဆာန် တန်ဖိုးကို ကိုးကွယ်နေသူတွေနဲ့ ယှဉ်တဲ့ အခါမှာ ရဟန္တာ စစ်စစ်ဖြစ်နေလို့ပါပဲ။ ဒါဟာ ပြောရတာ ရှည်ဝေးပါတယ်။

စိန်သုတ္တမှာလည်း ဗုဒ္ဓက ဒါကို ရှင်းပြပြီးပါပြီ။ " သုဗုဒ္ဓိ နင်မြင်နေတဲ့ ဘုရားဆိုတာ နင့်စိတ်က ဘုရားလို့ မြင်နေတာပါ၊ ဒါဟာ (ဘုရားဗုဒ္ဓဟာ) ရေပွက်ပါ။ အိပ်မက်ပါ၊ လျှပ်စီးပါ။ နှင်းရည်စက်ပါ" တစ်ခဏတွေကိုပဲ နားလည်မှတ်ယူနိုင်တဲ့ သုဗုဒ္ဓိအတွက် ဗုဒ္ဓဟာ ဘုရား စစ်စစ်ပါပဲ။ ဒါပေမယ့် "ဘုရား" အတွက်တော့ ဗုဒ္ဓဟာ အတု စစ်စစ်ပါပဲ။

ဒုတိယဇာတ်လမ်း အဘိဓမ္မာ နိဒါန်းကိုလည်း သည်သဘောသွားအတိုင်း နားလည်နိုင်ပါတယ်။

သို့ဆိုလျှင် မွန်မြတ်သော သစ္စာတရားကို ရှေးရူမှု (ဝါ) သမ္ဗာပဓာန် တရား (ဝါ) infinite goodness ကို without any stop ကျင့်ကြံဖို့ စိတ်ဝိဥာဉ်က ဦးစိုက်မြတ်နိုးမှု ဆိုတာကို ပဲ "ရဟန်း" တန်ဖိုးအဖြစ် ကျွန်တော်တို့ သိမှတ်လာနိုင်ပါပြီး။

ရဟန်းတန်ဖိုးဆိုတာ ဆရာတော်ကြီး ဖြစ်တာ၊ ဘုရားဂုဏ်တော် တရားဂုဏ်တော်တွေကို ရွတ်ဖတ်တာမှ မဟုတ်ပါ။ ၉၆၉ ဘုန်းကြီးတွေလည်း ဘုရားဂုဏ်တော်ကို ဟောပြောတာပဲ၊ ရဟန္တာ အရှင်မြတ်ကြီး ရှင်ဝက္ကလိဟာလည်း ဘုရားဂုဏ်တော်တွေကို ချီးမွမ်းမှာပါပဲ။
သည် ဒေဝဒတ် သီလကြောင်တွေနဲ့ ရဟန္တာကြီး ရှင် ဝက္ကလိ ဘာကွာနေပါသလဲ ?

ဟုတ်ကဲ့၊ ရှင် ဝက္ကလိက ချီးမွမ်းသော ဗုဒ္ဓဟာ သူကိုယ်တိုင်လည်း ထို အပြည့်စုံဆုံး ဗုဒ္ဓကဲ့သို့ infinite goodness ကို ဦးတည်ထားတဲ့ ခုနက ဆိုခဲ့တဲ့ ရဟန်းတန်ဖိုး (ဝါ) သမ္ဗပဓာန်တရားကို ဦးတည်ထားမှု ရှိပါတယ်။ ၉၆၉ ဘုန်းကြီးတွေက ချီးမွမ်းတဲ့ ဘုရားဂုဏ်တော်ဆိုတာကတော့ သူတစ်ဖက်သား အားနည်းသူကို ညှင်းပန်းလိုတဲ့ တိရစ္ဆာန်စိတ်ကို တရားဂုဏ်တော်က အတည်ပြုပေးနေသယောင် ဦးတည်တဲ့ မိစ္ဆာစိတ် ဖြစ်ပါတယ်။

စိတ်သာရှင်ဇော ဘုရားဟောတဲ့။ ရဟန်းသံဃာတန်ဖိုးဟာ အသွင်သဏ္ဍန်မှာ မတည်နိုင်တာ ကလေးတောင် စဉ်းစားနိုင်ပါတယ်။ မေတ္တာ ခန္တီ ဆိုတဲ့ မင်္ဂလတရားတွေ အမြတ်ဆုံး တန်ဖိုးတွေ အဖြစ် လူတွေ သိနားလည်နေတဲ့ အချိန်မှာ ကြီးနိုင်ငယ်ညှင်း တိရစ္ဆာန်စိတ်ကို အမြတ်ဆုံး ဘုရားဂုဏ်တော်နဲ့ ထပ်တူလုပ်နေတဲ့ သင်္ကန်းဝတ်တွေကို လှူတာဟာ တိရစ္ဆာန်ကို ကျွေးမွေးတာထက် နည်းနည်းလေးပဲ သာတဲ့ ကုသိုလ် ကိုသာ ရနိုင်ပါတယ်။

ဒါတောင် ကိုယ်က ကျွေးချင် မွေးချင်တဲ့ စေတနာသက်သက်နဲ့ ကျွေးမွေးပါမှ အဲသည် ကုသိုလ်ပိစိကို ရနိုင်တာပါ။ အဲသည် စေတနာ သက်သက်မဟုတ်ပဲ သူတို့ရဲ့ ကြီးနိုင်ငယ်ညှင်း တိရစ္တာန်စိတ်ကို (အမျိုး ဘာသာ သာသာနာ) လို့ အားရဝမ်းသာ ချီးမြှောက်လိုတဲ့ စိတ်မျိုးနဲ့ လှူပါရင် မိမိမှာလည်း ထပ်တူမိုက်မဲတဲ့ မိစ္တာအဓမ္မစိတ်ဖြစ်တဲ့အတွက် ဤအလှူဟာ အကုသိုလ် စိတ်သာ ပဓာနဇောကျပြီး ငရဲကျနိုင်ပါတယ်။


အသိအမှတ်ပြုချက် ။ ။ နိဒါန်း အိုင်ဒီယာကို ကိုဆွေ၏ Facebook မှ တိုက်ရိုက် ကူးယူပါသည်။ ကျန် စာကိုယ်လာ စဉ်းစားပုံများမှာ ယောဂစာရ ဗုဒ္ဓဘာသာ ကျမ်းပြု ဆရာတော် ရှင် ဗီသျှုဗန္̕̕ဓူ Ven. Vasubandhu၊ ထေရဝါဒ ဗုဒ္ဓဘာသာ ကျမ်းပြုဆရာတော် ရှင် ဗုဒ္ဓဃောသ Ven.Buddhaghosa နှင့် နောက် (ဂျာမန်ဘာသာ အားဖြင့်) ကမ္ဘာ့ ထိပ်သီး နံပါတ်တစ် တွေးခေါ်ပညာရှင် အီမန်နွိုင့် ကန့် Immanuel Kant တို့မှ ဆင့်ပွားယူထား ပါသည်။