Sunday, July 7, 2013

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၆)




“ကိုယ့်ကိုကိုယ်ကလွဲရင်  ဘယ်သိုင်းဝိုင်းလက္ခဏာကိုမှ အရေးပေးဖို့ မရှိခြင်း” နှင့် မတူပေမယ်လို့ အဲသလိုပဲ မဖုတ်မကင် ရှင်းပြပုံမျိုးပဲဖြစ်သည့် နောက်ပုံစံတစ်မျိုးသည်ကား “တစ်ဖွဲတည်းနှင့်သာ သင်းပင်းဖွဲ့ခြင်း” ဟု ခေါ်စကောင်းသည့် မျက်ရမ်းမှန်းဆအယူ ပါတည်း။ ထိုအနုမာန၏ ယူပုံမှာ လူ့ဘဝဖြစ်တည်မှု အဓိပ္ဗာယ်ဟူသည် တစ်ဦးတစ်ယောက်သည် တခြားဘာမဆိုထက် အနှစ်သာရဖြစ်သော အုပ်သင်းတစ်ခုခုထဲတွင် အပြီးအပြတ် ပါဝင်ခြင်းပါတဲ့။ ဟုတ်ကဲ့လားကွယ် မောင်တို့ ၊ နင်တို့က ပြင်လို့မရဘူးဆိုတဲ့ မွေးဇာတ်ကို လက်ညှိုးထိုးပြီး သည်လိုပြောပုံရပါ၏ ။ ကပေမယ့်လည်း ဖွားမြင်မြောက်ကာ ကြီးပြင်းလာသောအခါ လူ့ဘဝဇာတ်ခုံပေါ်   ငါတို့တတွေ စုရုံးမိတ်သဟာပြုမိတာတွေဟာ အလွန်များပြား၊ စင်စစ်
[သင်းကွဲ]လက္ခဏာများစွာနှင့် တို့လူသားပါ၊ မောင်တို့ ။ ငါတို့ မဖြစ်မနေ ဝင်ကကြရတဲ့ အုပ်သင်း တစ်ခုချင်းစီဟာလည်းပဲ လူတွေကို သွေးသောက်ရောင်းရင်းစိတ်မျိုးနှင့် အုပ်စုအပေါ် သစ္စာရှိခြင်းကို ဆင်ကြီးလည်းဆင်အထွာ ကြွက်သေးလည်းကြွက်အထွာ အုပ်စုအလျောက် ဖြစ်ပေါ်စေပါတယ်၊ နှမတို့။  သို့ဖြစ်လင့်ကစား တစ်ခုထီးထီးတည်းသော အုပ်စုသည်သာ ပဓာနဖွဲ့သင်းရာဟူသော အယူအစွဲမျိုးသည် အံ့သြဖွယ်ကောင်းလောက်အောင် လူကြိုက်များတတ်ပြီး အဲသည်ဒိဌိသည် လူမှုရေးပညာ သီအိုရီရှင်များ၏ တွေးခေါ်စဉ်းစားပုံကို နောက်ကွယ်ကာလကာမှ  လွှမ်းမိုးနေတတ် ပါ၏။ အသိုင်းအဝိုင်းသာပဓာန ဝါဒရှင်များနှင့် ယဉ်ကျေးမှုနှင့်နွယ်သော နိုင်ငံရေးဆိုပြီး လုပ်တတ်သည့် သီအိုရီသမားများသည် ဤ ပဲကြားတစ်လုံး ပုတ်တင်းတစ်လုံး ဒိဌိစွဲဖြင့် ကမ္ဘာတစ်ဝှမ်းလုံးမှ လူတွေကို မြို့ ပြယဉ်ကျေးမှု ပုတ်တင်းတွေထဲ ထည့်ပြီးတော့သာ ကြည့်မြင်လာပါတော့သည်။ ထိုသူတို့သည် ရူပ်ထွေးမြားမြောင် လောကီလူ့ဘောင် ဟူသော သဘောကို မသိကျိုးကျွံကြ၊ တွယ်ရာနွယ်ရာ များလုပါရလူ့ဘဝဟူသော သဘောကို ကျိုးကျွံဖျောက်ဖျက်ကြ၊ သွေးသည်အနိစ္စာ တို့ခန္ဓာလျှင် သစ္စာစောင့်ရာစုံလင်စွာကို ဖျောက်ဖျက်ထိန်ဝှက်ကုန်ကြ ပါ၏။ အဲသည် ပညာရှင်ဆိုသူတို့သည် ကြီးကျယ်တယ်လို့ ထင်ရသလောက် နုံနဲ့ကျဉ်းမြောင်းတဲ့ ဖော်မြုလာတွေထုတ်လာပြီး ကိုယ်ရွေးချယ်ရာ သွားချင်ရာကို သွားနိုင်တဲ့ ဒုလ္လဘလူသားတို့ကို နွားခြေရာတစ်ခွက်တည်းက မထွက်တတ်တဲ့ ဖားသူငယ်လေးတွေအလား အတင်းစွပ်စွဲတင်ပြလာတတ်ကြပါသည်။

[သင်းကွဲ] ဝေါဟာရ တစ်ခုတည်းကို သုံးစွဲလင့်ကစား သုံးစွဲသူ၏ စေတနာ နှင့် ဝန်းကျင်ကို လိုက်၍ အနက်သည် များစွာကွဲပြားသွားကြောင်းကို အောက်ပါ ဝါကျနှစ်ခုတွင် နိုင်းယှဉ်ကြည့်နိုင်ပါသည်။
    ဝါကျ (၁) သင်းကွဲလက္ခဏာများစွာနှင့် တို့လူသားပါ၊ မောင်တို့ ။
    ဝါကျ (၂) သင်းကွဲအုပ်စု အမုန်းတရား ဖြစ်ထွန်းရေးခေါင်းဆောင် ဝီရသူကဲ့သို့ အစ္စလမ် ဘာသာကို တုံ့ပြန်ခြင်း မဟုတ်ရေးချ   
            မဟုတ်နိုင်ပါသတည်း။

ပထမဝါကျမှာ သုံးထားသော သင်းကွဲသည် လိုလားနှစ်ခြိုက်အပ်သော အာရုံကို ဖြစ်ပေါ်စေပြီး ဒုတိယဝါကျမှာ ပါသော သင်းကွဲသည်ကား စက်ဆုပ်ကြောက်ရွံ့ဖွယ် အာရုံကို ပေါ်ပေါက်စေပါသည်။ သိမှတ်နားလည်အပ်သည့် သဘောမှာ ငါတို့၏ လောကဟူသည် စရိုက်တစ်မျိုးတည်းကိုပဲ ကြည့်ရူသူ၏ ကြည့်မြင်ခံစားသော စေတနာကို မူတည်၍ နတ်ဘုံအလား၊ ငရဲဘုံအလား ကွဲပြားဖြစ်ပေါ်သည် ဆိုသော သဘောကိုပါတည်း။ ဒုတိယဝါကျက ပြသည့် ဝီရသူ၏ အာရုံထဲတွင် မြင်နေသည့် သင်းကွဲလက္ခဏာ စရိုက်သည် ခုတွင်ပင် မြန်မာပြည်ကြီးသည် ငရဲပွက်နေပြီး ပျက်စီးသုဉ်းပါးသွားတော့မည့် အလား ဖြစ်ပါ၏။ ပထမဝါကျကပြသည့် အမားတီးယားဆင်း၏ အာရုံတွင်ပေါ်သည့် သင်းကွဲလက္ခဏာ စရိုက်သည်ကား ထိုသင်းကွဲလက္ခဏာတို့ စုံလင်ခြင်းသည်ပင် ငါတို့မြန်မာပြည်သည် သိကြားနေသောပြည်ကဲ့သို့ ကြွယ်ဝငြိမ်းချမ်းသည့် အဓိကအကြောင်းရင်းမ ဖြစ်သလို အလွန်တရာမှပင် နှစ်ခြိုက်မြတ်နိုးဖွယ်ရာ ဆိုသည်ကိုပါတည်း။
ဘုရားရှင်လက်ထက်တော်က ဒေဝဒတ်က သံဃာကို သင်းခွဲရန် ကြံစည်ခဲ့ပုံကို ငါတို့ အတန်ငယ် စူးစမ်းကြည့်ကြပါစို့။ ဒေဝဒတ်သည် ကိုယ်တော်မြတ်ကြီးကို ရဟန်းသံဃာဟူသည် တောထဲမှာသာ နေရမည်၊ ဆွမ်းခံပြီးရသော ဆွမ်းကိုသာ စားရမည် ၊ ဖျင်ကြမ်းဖြင့်ရက်လုပ်သော သင်္ကန်းကိုသာ ဝတ်ရမည်၊ အမိုးအရံရှိသော ကျောင်းဝင်းတွင်းတွင် မနေရ၊ သတ်သတ်လွတ်သာ စားရမည်ဟု အချက်ငါးချက်ကို တောင်းဆိုခဲ့ပြီး ဒါတွေမှ မရလျှင် သံဃာကို သင်းခွဲမည်ဟု ခြိမ်းခြောက်အကြပ်ကိုင်ခဲ့ပါသည်။ အနှစ်ချုပ်လျှင် ဒေဝဒတ်သည် သာသနာတွင် ရဟန်းသံဃာတို့ ကိုယ်စီကိုယ်ဌ သူတို့ တတ်သည့်အားလျော်စွာ ကွဲပြားစွာ ကျင့်ကြံခြင်းကို သည်းညှင်းမခံနိုင်ကြောင်းကို ပြနေတာဖြစ်ပြီး ရဟန်းဆိုတာ သည်လိုမျိုး လက္ခဏာ တစ်မျိုးတည်းပဲရှိရမည်၊ သည်တစ်မျိုးတည်းကိုပဲ လုပ်ရမည် ဟု ကျဉ်းမြောင်းသေးသိမ်စွာ မြင်နေတာ ဖြစ်သလို သူက အနှစ်အမှန်ဟု စိတ်ကူးကျရာလက္ခဏာကို သံဃာတွေအားလုံး စုစည်းလိုက်နာအောင် ခြိမ်းခြောက်အကြပ်ကိုင်နိုင်မည့် အာဏာကို လိုချင်နေခြင်း မုချပါတည်း။
ဗုဒ္ဓကိုယ်တော်မြတ်ကြီး အတွက်မှာတော့ အစုံအလင်သော ရဟန်းသံဃာတို့ သူတစ်ဦးချင်း တတ်သည့်အားလျော်စွာ ကွဲပြားစွာ (‘သင်းကွဲ’) ကျင့်ကြံခြင်းသည်ပင် အံဖွယ်ရှစ်ဖြာ ဗုဒ္ဓသာသာနာ၏ ဗဟုစုံလင် လက္ခဏာကြီး တစ်ခု ဖြစ်ပါသည် (ညွန်း။ ပဟာရဒသုတ္တ ၏ ခုနှစ်ခုမြောက် အမှတ်လက္ခဏာ) ။ ရဟန်း၏ ကျင့်ကြံမှုမည်သည် သမ္ဗပဓာန်တရားလေးပါးကို စောင့်စည်းဖို့သာ အခြေခံသ၍ မြတ်ဗုဒ္ဓသည် ရဟန်းသံဃာတို့၏ ထိုစုံလင်ကွဲပြားသော အကျင့်အကြံတို့ကို သာသာနာ၏ ပိုမိုကျယ်ပြော ကောင်းမွန်စုံလင် တိုးတက်ရာအဖြစ်သာ ရူမြင်၊ နှလုံးအေးချမ်း လိုလားစွာဖြင့် ကိုယ်တော်မြတ်ကြီး ခွင့်ပြုသည်သာတည်း။ သည်မှာ အထူးခြားနားအပ်သော အမြင်နှစ်မျိုးသည်ကား မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး၏ ဗဟုစုံလင်ကွဲပြားခြင်းကို လိုလားနှစ်သက်ခွင့်ပေးတော်မူသော ကျယ်ပြန့်ပျော့ပျောင်းသည့်အမြင်နှင့် ဒေဝဒတ် ရဟန်းမိုက်က ထို ဗဟုစုံလင်ကွဲပြားခြင်း စရိုက်ကိုပင် ယနေ့ပင် သာသာနာကြီးသည်ပင် ပျက်သုဉ်းရတော့မည့် အန္တရယ်ကြီး အဖြစ် စက်ဆုတ်ရွံရှာစွာ ရူမြင်ပိတ်ပင်ချင်သော ကျဉ်းမြောင်းတင်းမာသည့် အမြင်ကိုပါတည်း။
ဟုတ်ကဲ့၊ ဝီရသူ၏ တွေဝေမိုက်မဲသော အာရုံတွင် မြန်မာလူ့ဘောင်၏ ဗဟုစုံလင်ကွဲပြားသော လက္ခဏာတို့သည် လိုလားနှစ်ခြိုက်ဖွယ် အာရုံအဖြစ် ပေါ်မလာတတ်၊ ကနေ့ပင်လျှင် မြန်မာပြည်ကြီးသည် ကုလားတွေ မျို၍ ၊ ဒါမှမဟုတ်လည်း NLD ကမျို၍ ၊ (သူ့ဟာသူ ကဗျာတဖွဲ့ စာတလဲ့နဲ့ နေသည့် ကိုမင်းကိုနိုင်သည်ပင် မသက်သာ) မင်းကိုနိုင်ကြီးကမျို၍ ပျက်သုဉ်းတော့မည့်အလားသာ ကျဉ်းကြုတ်သေးသိမ်စွာ မြင်နေပါ၏ ။ ဒေဝဒတ် ရဟန်းမိုက်သည် သာသာနာအရေးဟု လက်ညှိုးထိုးကာ ဘုရားနေရာ တက်ယူဖို့ ကြိုးစားနေသလို သည်လူမိုက်ဟာလည်း ဘာအရေး၊ ညာအရေးတွေကို လက်ညှိုးထိုးပြီး တစ်နိုင်ငံလုံး၏ခေါင်းဆောင် တက်ပြီးလုပ်လို အာဏာရူးနေသည်မှာ အထင်းပါတည်း။ သည်မှာ ကျွန်တော်ပြောလိုသည်မှာ စရိုက်တစ်မျိုးတည်းကိုပဲ မကောင်းသောစိတ်၊ ကျဉ်းမြောင်းသေးသိမ်သောစိတ်ဖြင့် လူတို့သည် မြင်လျှင် မြင်တတ်သလို လောကသည် ငရဲဘုံသဖွယ် ပြောင်းလဲပူလောင်လာတတ်သည် ဆိုကြောင်းသည်လျှင် လိုရင်းပါတည်း။
ဤစာကို ရေးနေစဉ်မှာပင် ဝီရသူနှင့်စပ်၍ ရေးသားထားသော မဟန်နဘိခ်ျ၏ တိုင်းမဂ္ဂဇင်းပါ ဆောင်းပါး The Face of Buddhist Terror ကို မလိမ္မာသော အစိုးရ နှင့် ရောယောင်လိုက်တတ်သော လူတစ်ချို့က ‘ဗုဒ္ဓဘာသာကို အကြမ်းဖက်ဘာသာ အဖြစ် စော်ကားတာပဲ’ ဆိုပြီး ဒေါသူပုန်တွေ ထကြသော ကိစ္စကို ပြောရပါဦးမည်။ သည် ဒေါသူပုန်ထတဲ့ ကိစ္စဟာ ဝီရသူက လက်ရှိ မြန်မာလူ့ဘောင်ကို ငရဲပွက်နေပြီ ဆိုပြီး ဘာသာပြန်ပြတဲ့ ကိစ္စလောက်တော့ ဘေးဥပဒ် မကြီးမားပါ။ သို့သော်ငြားလည်း ဒါဟာ ဝေါဟာရတစ်ခုတည်း (စရိုက်တစ်ခုတည်း) ကို ကြည့်မြင်သောသူ၏ ကျဉ်းမြောင်းသေးသိမ်သော စေတနာပေါ်လိုက်ပြီး အဓိပ္ဗာယ် မှားယွင်းစွာဖြင့် ကောက်ယူတဲ့ နေရာမှာတော့ အတူတူပါပဲ။ နောက်ပြီး ပညာမျက်စိ မြင်မရှိတဲ့ အစိုးရနဲ့တကွ လူပေါ်လူဇော်လုပ်လိုသလောက် အသိကျဉ်းမြောင်းတဲ့ တချို့သူတွေကနေပြီး
“အန္တရယ် အန္တရယ်” ဆိုတာကိုပဲ စောင်းပေးပြီး ဖွင့်ပုံမျိုးကတော့ ဝီရသူက လက်ညှိုးထိုး အမြတ်ထုတ်တဲ့ “အမျိုးသားရေး အန္တရယ်” ဆိုတာနဲ့ တစ်သဘောတည်း သွားတာဟာတော့ အင်မတန် ရင်လေးစရာပါ။  တကယ်ကတော့ ဆောင်းပါးခေါင်းစဉ်ဟာ အင်မတန် ကျယ်ဝန်းကောင်းမွန်တဲ့ စေတနာနဲ့ မဟန်နဘိက သုံးထားတာဖြစ်ပါသည်။ ဤအကြောင်းကို အတန်ငယ်မျှ  ဆက်သွားပါအံ့။
လေ့လာမယ်ဆိုရင် ကျယ်ဝန်းများမြောင်တဲ့ ဗုဒ္ဓဘာသာ ကျမ်းဂန်စာပေတွေဟာ သည် တွေဝေရူပ်ထွေးကုန်တဲ့ ကိစ္စတွေကို ရှင်းလင်းသေချာ ကြည့်မြင်နိုင်ဖို့ သာဓကတွေ အထင်အရှားပါတာဟာ အံ့သြဖွယ်ပါ။ ပါဌိတော်မှာ မြတ်စွာဘုရားကိုယ်တော်တိုင် “ငါဘုရားဟာ တပည့်သာဝကတို့ကို ရိုက်နှက်ခြင်းအားဖြင့်လည်းကောင်း ၊ သတ်ခြင်းအားဖြင့်လည်းကောင်း” ဆုံးမ၏ ဟု အတိအလင်း ပြောထားပါသည်။ ဤသည်ကို “ဘုရားရိုက်သည်၊ဘုရားသတ်သည်”ဟု စာသားကိုပဲ ကြည့်ပြီး နောက်ခံရည်ရွယ်ချက် စေတနာကို မကြည့်ဘဲ ဇွတ်ပြန်ဆိုလို့ မရပါ။ ဟုတ်ကဲ့ ၊ ၁၉ဂ၀ နှစ်ပိုင်းတွေမှာ ထိုင်းနိုင်ငံတွင် ဘုန်းကြီးလူမိုက်တွေဟာ ခု ကျွန်တော်ပြောတဲ့ ပိဋိက စာသားကိုပဲကြည့်ပြီး  “နိုင်ငံအန္တရယ် ကွန်မြုနစ်တွေကို သတ်ခြင်းဟာ လူသတ်ခြင်းပေမယ့် အကုသိုလ်ကောင်တွေကို ရှင်းလင်းလိုက်ခြင်း ဖြစ်တဲ့အတွက် အကုသိုလ်မဟုတ်” လို့ ကြွေးကျော်၊ တယ်လီဗေးရှင်းအစီအစဉ်တွေမှာ သည် ပိဋက အကိုးအကားကို အင်တာဗျုး ၊ ပြည်သူလူထုတော်တော်များများကလည်း နားယောင်မိပြီး ဗုဒ္ဓဟာ အကုသိုလ်ကောင်တွေ ရှင်းဖို့ ခွင့်ပြုထားတယ်လို့ ယုံကြည်လာခဲ့တာဟာ သမိုင်းမှာ တော်တော်ဆိုးခဲ့တဲ့ အဖြစ်အပျက်ပါပဲ။ စင်စစ် မြတ်စွာဘုရားကပြောတဲ့ ရိုက်တယ်၊ သတ်တယ်ဆိုတာ လူကို ဆိုလိုတာ မဟုတ်ပါ။ တရားနာသူတွေရဲ့ အခံမှာ ရှိတဲ့ ညစ်ညမ်းမိုက်မဲသော အနုသယတွေကို ဆိုလိုခြင်းဖြစ်တယ်၊ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးဟာ သည်အနုသယတွေမှာ အိပ်မောသက်ဝင်နေတဲ့ လူတွေကို ‘လန့်’သွားအောင် နိုးလာအောင် စေတနာကောင်းနဲ့ သုံးနူန်းတာဖြစ်တယ် ဆိုတာကို နည်းနည်းလေး စူးစမ်းစဉ်းစားရုံနှင့်ပင် ကျွန်တော်တို့ သိသာနိုင်ပါသည်။
ရှေ့တွင် ရှင်းပြခဲ့သလိုပါပဲ ၊ မဟန်နဘိခ်ျက ကျယ်ဝန်းကောင်းမွန်သော စေတနာနှင့် ပေးသော ခေါင်းစည်း၏ စရိုက်ကို ပရိယာယ် ကြွယ်ဝလေ့မရှိတဲ့ အစိုးရနှင့်တကွသော တချို့သောသူတွေက သူတို့မြင်နေကျအတိုင်း တိုင်လုံးတစ်ဖက်တည်းကနေ ကြည့်ပြီး မကောင်းဘူးလို့ မြင်နေခြင်းပါပဲ။ The Face of Buddhist terror ဆိုတာ မဟန်နဘက်က တချို့ ခုခံသူတွေ ဖြေတွေးသလို “ဗုဒ္ဓဘာသာ၏ အကြမ်းဖက်မှု မျက်နှာစာ” လို့တော့ အတိအကျ အဓိပ္ဗာယ်မပေါက်ပါ။ ဟုတ်ကဲ့၊ နောက်တာတော့ မဟုတ်ပါဘူး။ မဟန်နက “ဗုဒ္ဓဘာသာ၏ သောက်ခွက်(မျက်နှာ)”လို့ သုံးထားတာတော့ အဟုတ်အမှန်ပါပဲ။ ဒါပေမယ့် အဓိက သိမ်မွေ့မွန်မြတ်တဲ့ စကားလုံးက သူမရဲ့ ကြောက်ရွံ့ခံစားရပုံကို ဖော်ပြတဲ့၊ လူတွေက စော်ကားတယ်လို့ ထင်တဲ့ Terror ဝေါဟာရက အဓိကဖြစ်ပါတယ်။ Terror ဆိုတဲ့ ဝေါဟာရဟာ အများသိကြသလို အကြမ်းဖက်မှုကိုတင် ဖော်ပြတာ မဟုတ်သလို သည်အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး လူတစ်ဦးချင်းမှာ ခံစားရလေ့ရှိတဲ့ စိတ်ခံစားမှုဖြစ်တဲ့ “စက်ဆုပ်ကြောက်ရွံ့မိခြင်း” ကိုပါ အဓိကညွန်းဆိုပါတယ်။ ထို့ကြောင့် သူမပြောလိုတဲ့ အတိအကျ အဓိပ္ဗာယ်က “ခြောက်ခြားစက်ဆုပ်စဖွယ် အကြမ်းဖက်မှု နှင့် ဗုဒ္ဓဘာသာဝင်၏ မျက်နှာ” လို့ အဓိပ္ဗာယ်ထွက်ပါတယ်။ ဗုဒ္ဓဘာသာဝင်မျက်နှာ ဆိုတာကတော့ သူမ စက်ဆုပ်ကြောက်ရွံ့မိတဲ့ ဝီရသူကို တစ်သီးပုဂ္ဂလိကချင်း ညွန်းတာတော့ မဟုတ်ပါဘူး၊ အကြမ်းဖက်မှုကို ဗုဒ္ဓဘာသာအမည်ခံပြီး လုပ်တဲ့သူအားလုံးကို ညွှန်းဆိုထားတာ ဖြစ်ပါတယ်။ အများဆိုင်နာမ်(သို့) အစုပြနာမ်လို့ ပြောလည်းမှန်ပါတယ်။ ဟုတ်ကဲ့၊ သေချာပေသပေါ့၊ ခုချိန်မှာ ဝီရသူရဲ့  သောက်ခွက်ကတော့ အဲသည် ဗုဒ္ဓဘာသာ အမည်ခံ စက်ဆုပ်ဖွယ်မျက်နှာတွေထဲမှာ ကြီးတောင့်ကြီးမား တစ်ခုအပါအဝင် ဖြစ်လို့ မျက်နှာဖုံးမှာကို တမင်ကို  ထည့်ထား၊ ဗုဒ္ဓဘာသာဘုန်းကြီး အမည်ခံပြီး ရမ်းကားနေသူတွေရဲ့ ဘာသာရေး သောက်ခွက်တွေအားလုံးကို ရူတ်ချချင်လို့ကို စိတ်ကူးကောင်းကောင်းနဲ့ အယ်ဒီတာက ထည့်ထားတာပါပဲ။
တကယ်က မဟန်နဟာ အင်မတန်ကောင်းမွန်တဲ့ စေတနာနဲ့ ပြောနေတာဖြစ်သလို မိုက်မဲလှတဲ့ မြန်မာအာဏာပိုင်တွေ၊နောက်ပြီး မြန်မာ နိုင်ငံရေးသမား အတိုက်အခံဆိုသူတွေကိုယ်တိုင် နှာစေးနေတဲ့ ပြဿနာကို ကမ္ဘာကြီးကို ကယ်တင်ပေးပါလို့ သူမ၏ စိတ်အားငယ်မှု ကို စိတ်အရင်းခံအတိုင်း ဖော်ပြတောင်းဆိုထားတဲ့ ဆောင်းပါးရိုးရိုးလေးပါပဲ။ တကယ်ကတော့ ခု သူမရဲ့ စိတ်အားငယ်မှုဟာ ခုနေမှာရော နောင်နေခါမှာ ၉၆၉  ဂိုဏ်းရဲ့  နှိပ်စက်ခြင်းကို ခံရတဲ့(ခံရမယ့်) လူတွေကို ကိုယ်စားပြုထားတာပါ ။ အင်မတန် ရိုးသားကောင်းမွန်တဲ့ စေတနာဖြစ်ပြီး မိန်းကလေးပေမယ့် ပြောင်မြောက်လှတဲ့ သတ္တိလို့ ဒို့များတော့ ချီးကျုးမိပါတယ် ။ နောင် ဆောင်းပါးကို ဆက်ကြည့်ရင် ပေါ်လွင်နေတာက သူမ ဘာဘာသာလဲဆိုတာ ကျွန်တော် မသိပေမယ့် သူမဟာ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မကို လေးစားသူ ဖြစ်တယ်ဆိုတာ ကောင်းကောင်း ခန့်မှန်းနိုင်ပါတယ်။ ဆောင်းပါးတစ်ခုလုံး၏ ဆိုလိုရင်းကို ဖော်ပြရလျှင် အင်မတန်လေးစားဖွယ် တရားဓမ္မတွေနဲ့ တကွ ကမ္ဘာ့ဘာသာတရားကြီးဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာဟာ ဝီရသူလို ဗုဒ္ဓဘာသာအမည်ခံ သောက်ခွက်နဲ့ စက်ဆုပ်ဖွယ်လူတွေကြောင့် ညှိုးနွမ်းရတော့မှာလားဆိုပြီး ဗုဒ္ဓတရားကို ကာကွယ် အသိပေးလိုတာ ဖြစ်ပါတယ်။ ဆောင်းပါး၏ နောက်ဆုံးစာပိုဒ်ကို ကြည့်ပါလေ။

မူဆလင်ဆိုရင် လူယုတ်မာပဲ ဆိုသော အဲသလို စိတ်ခံစားမှုမျိုးသည် မြန်မာဘင်လာဒင်က သြဘာပေးထောက်ခံ၍ လူထုကြားမှာလည်း လှုပ်ရှားလူးလွန့်စေလိုသော စိတ်ခံစားမှု ဖြစ်ပါသည်။ ဗုဒ္ဓ၏ ငြိမ်းချမ်းသော သုတ္တန်ဒေသနာတွေနဲ့ မူဆလင်တွေကို အကြမ်းဖက်သောကိစ္စ မြန်မာအများစု နေသည့် သူ့မြေတွင် အနှံ့အပြားဖြစ်ပေါ်နေခြင်းကို ဘယ်လို ညှိနိုင်းလို့ ရမှာလဲ ဟု ကျွန်မ ဝီရသူကို မေးပါသည် (ဘွဲ့ရှေ့တွင် ‘ရှင်’ မထည့်သည်ကို သတိပြုပါ) ။ “ဗုဒ္ဓတရားအရ ငါတို့ဟာ ရန်စောင်လို့ မရပါဘူး”  ကလေးတစ်ယောက်ကို သူ လက်ချာပေးနေရသည့်နှယ်မျိုး သူက ပြောပါသည် (ကျွန်မသည် ဗုဒ္ဓကျမ်းဂန်ပါ သဘောတွေကို လေ့လာထားပါတယ်။ ကလေးလို ညာလို့ရတယ်လို့ သူထင်နေပုံ ရပါ၏ ) ။ “ဒါပေမယ့် ဒို့ဟာ ဒို့အသိုင်းအဝိုင်းကို ကာကွယ်ဖို့ ဘာမဆိုလုပ်ပိုင်ခွင့် ရှိတယ်” (နာဇီဝါဒ - moral relativism ကို တိုက်ရိုက်ဖော်ပြသော စာသားဖြစ်ပါ၏ ၊ ဒါကို ကမ္ဘာကြီးကို မဟန်နသည် အသိပေးလိုခြင်းပါတည်း) ။ နောက်ညနေတွင် သူလူအုပ်ကို တရားဟောသောအခါ ကျွန်မလိုက်နားထောင်ပါသည်။ ပြုံးနေကြတဲ့ အိမ်ရှင်မတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေ၊ အဘွားအိုတွေ နှင့် ကျန်သူတို့ကို သူဆိုတာကို နောက်ကလိုက်ဆိုခိုင်းပါ၏ “ဗမာလူမျိုးတို့ အတွက် ငါတို့ကိုယ် ငါတို့ အနစ်နာခံ (စတေး)ပါအံ့” ။ ဗုဒ္ဓရှင်တော်သည် (စက်ဆုပ်ကြောက်ရွှံ့ဖွယ်)   ဤတရားကို ကောင်းချီးပေးလိမ့်မည်လို့တော့ ထင်မိဖို့ ခက်လှပါ၏။

ဘယ်မလဲ၊ ဗုဒ္ဓဘာသာကို အကြမ်းဖက်ဘာသာလို့ စွပ်စွဲတယ် ဆိုတဲ့ အဓိပ္ဗာယ်?  ဆောင်းပါးတစ်ခုလုံး အဲသလို အဓိပ္ဗာယ်မျိုး ဘယ်နေရာမှာမှ ကျွန်တော် မတွေ့မိပါ။
ညိုထွန်း

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၅)




လူတစ်ဦး၏ ဘာသာတရားသည် သူ့ကို ထက်ဝန်းကျင်သိမ်းကြုံးပြီး အားလုံးကို ထီးမိုးနေသော အမှတ်လက္ခဏာ ဖြစ်ရမည်လို့ မဟုတ်ပါ။ အထူးသဖြင့် ဘာသာတရားတစ်ခုဖြစ်သော အစ္စလမ်သည်လည်း မူဆလင်များကို ဘဝ၏ အနေအထားများစွာတွင် သူတို့ဘာသာသူတို့ တာဝန်ယူကာ ရွေးချယ်ခြင်းကို ကာ၍ မထားပါ။ အဟုတ်သေချာပါ၏ ၊ မူဆလင်တစ်ဦးသည် ထိပ်တိုက်အမြင်ကို ယူပါသော်လည်း ကျန်တစ်ဦးသည် တပါးကွဲလွဲသော အမြင်တို့ကို လက်ခံနိုင်သူ ဖြစ်နေတတ်ပါ၏ ။ ထိုသို့ နှစ်ဦးအမြင် မတူရုံမျှ သက်သက်နှင့်တော့ သူတို့နှစ်ဦးလုံး ဘယ်သူတစ်ဦးကမှ မူဆလင်အဖြစ်ကနေ တိမ်းပါးရွှေ့လျောလို့ မသွားပါလေ။
            အစ္စလမ်အစွန်းရောက်ဝါဒ နှင့် ဒါနဲ့ တွဲဖက်ဖြစ်ပေါ်သော အကြမ်းဖက်ဝါဒ တို့ကို တုံ့ပြန်ကြရာတွင် ထင်ထင်ရှားရှား ရောထွေးကုန်တတ် ကြသည်မှာ အစ္စလမ်သမိုင်း နှင့် မူဆလင်တို့၏ သမိုင်းကို ယျေဘုယျအားဖြင့် ကွဲပြားခြားနားစွာ ခွဲလင်းနားလည်နိုင်မှု မရှိခြင်း ဖြစ်ပါသည်။ မူဆလင်တွေ ဆိုသည်မှာ ကမ္ဘာအရပ်ရပ်က တခြားတပါးသော ပုပုရွရွ ပုဂ္ဂိုလ်ပေါင်းစုံလိုပါပဲ။ သူတို့တွင် များမြောင်ကွဲပြားတဲ့ စိတ်ဝင်စားရာလိုက်စားမှု ပေါင်းစုံရှိပြီးလျှင် ထိုသူတို့၏ အရည်အသွေးတန်ဖိုး အများစုဟာ အစ္စလမ် ဖြစ်တာ၊ မဖြစ်တာနှင့် ဘာမှမဆိုင်တတ်ပါ (သည်ကိစ္စကို ကျွန်တော် အခန်း ၄ တွင် ပိုပြီး သွားပါဦးမည် ) ။  အဆန်းတကြယ်လို့လည်း မဟုတ်သလောက် သိပ်ကိုဟုတ်တဲ့ ပြဿနာကတော့ အစ္စလမ်အစွန်းရောက်ဝါဒ၏ ရှေ့ဆောင်သူချန်ပီယံတို့သည် မူဆလင်တို့၏  သွင်ပြင်လက္ခဏာတပါးတို့ကို ထိန်ထားလိုက်ပြီး အစ္စလမ် အနှစ်လက္ခဏာကိုသာ ရမယ်ဖွဲ့ပြကြခြင်း ပါတည်း။ သူတို့ကလို ကတော့ သူရို့ကလောက်ပါပဲ၊ ဒါပေမယ့် အင်မတန်မှပင်မတော် အကြည့်ရဆိုးသည်မှာ အစွန်းရောက်ဝါဒကို တုံ့ပြန်ဖြေရှင်းသူတို့ ကိုယ်၌သည်လည်း မူဆလင်တို့ကို ကြည့်မြင်ကြကုန် သည်မှာ ‘အစ္စလမ်’ ‘အစ္စလမ်’ ဆိုတာမှတပါး တခြားတပါးသော သွင်ပြင်လက္ခဏာတွေကို မမြင်နိုင်ကြတော့ခြင်း ပေတည်း။
            လူတို့သည် ကိုယ့်ကိုကိုယ် မြင်တတ်ကြပါ၏ ― ထိုသို့ မြင်ရန်လည်း အကြောင်းရှိပါ၏ ― ဘင်္ဂလားဒေ့ရှ်မူဆလင် တစ်ဦးသည် မူဆလင်တစ်ဦးမျှသာ မဟုတ်၊ ဘင်္ဂလီတစ်ဦး နှင့် ဘင်္ဂလားသားတစ်ဦးလည်း ဖြစ်ပြီးလျှင် သူသည် ပုံမှန်အားဖြင့် ဘင်္ဂလီဘာသာစကား၊ စာပေနှင့်ဂီတကို ဂုဏ်ယူတတ်မြဲဖြစ်ပါ၏ ။ တခြားသော သူမြတ်နိုးတွယ်တာရာရာ လူတန်းစား၊ ကျားမ၊ အလုပ်အကိုင်၊ နိုင်ငံရေး၊ အလှအပ စသည်ကို ထည့်ပြောဖို့ပင် မလိုပါ။ ပါကစ္စတန်မှနေ၍ ဘင်္ဂလားဒေ့ရှ်က ခွဲထွက်ခဲ့ခြင်းသည် ကိုးကွယ်မှု ဘာသာတရား နှင့် လားလားမှပင် မဆိုင်၊ အဘယ်ကြောင့်ဆိုသော် မူဆလင် သွင်ပြင်လက္ခဏာသည် မကွဲခင် ပါကစ္စတန်၏ နှစ်ဖက်တောင်ပံက ပြည်သူလူထုတွင် အတူတူ ပေတည်း။ ခွဲထွက်ရေးကိစ္စတွင် များစွာ ပတ်သက်ခဲ့သည်မှာကား ဘာသာစကား ၊ စာပေ နှင့် နိုင်ငံရေးတို့ ဖြစ်ပါ၏။
            ထို့အတူသာပင် အတိတ် မူဆလင်သမိုင်းကို ရေးမည်ဆိုပါလျှင် အာရပ်လောက ဆိုသည်မှာ ဘာသာရေးယုံကြည်မှု သက်သက်ဖြစ်၍ သိပ္ဗံ နှင့် သင်္ချာတို့ မပါဝင်ဟု မဟုတ်သက်သေ လုပ်လို့် မရပါလေ။ သိပ္ဗံ နှင့် သင်္ချာပညာ နယ်ပယ်ရပ်များတွင် အာရပ် နှင့် မူဆလင် မျိုးဆက်တို့မှ ထည့်ဝင်ခဲ့ခြင်းမှာ ကျယ်ပြန့်ပေရာ ၄င်းပညာရပ်တို့ကိုလည်း မူဆလင်နှင့်အာရပ်တို့၏ အမှတ်လက္ခဏာများအဖြစ် တွဲဖက်ပြီး မြင်သင့်ပါသည်။ ထိုသို့ ရာဇဝင်စာတင်ဖွယ် မျိုးရိုးဆက်ပင် ဖြစ်ပေမယ်လို့ သိပ္ဗံနှင့်သင်္ချာကို အနောက်လူတော်တွေ၏ လောကဓာတ်ပညာ  ဟူ၍ ပစ္ဆိမတင်းတောင်းထဲကို ပို့ပစ်လိုက်ပြီး ကျန်အရပ်က လူများအားလုံးကို စိတ်ဝိညဉ်ပို်င်းဆိုင်ရာမှာသာ အားသန်သူတွေဟု အကြမ်းဖျင်း ခွဲခြမ်းမှုမျိုးသည် ပေါ်ပြုလာ ဖြစ်တတ်ပါ၏ ။ မကျေချမ်းသဖြင့် လှုပ်ရှားသူ အာရပ်အရေးတိုက်ပွဲဝင် ပုဂ္ဂိုလ်သည် အစ္စလမ်သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး မှလွဲ၍ အာရပ်ရာဇဝင်၏ အခြားမြောက်မြားလှသော သမိုင်းမျက်နှာစာတို့ကို မမြင်တော့တတ်သလို သူက ရန်သူတော်လို့ သတ်မှတ်ထားသူတို့ ကိုယ်တိုင်ကလည်း အာရပ်ဆိုတာ ဘာသာရေးစွဲသလောက် ဥာဏ်မရှိတဲ့သူတွေ စိုးမိုးတဲ့ကမ္ဘာဟု အမြင်သိမ်နေလေ့ ရှိပါသည်။ အဲသလို ဘာသာတရားကိုသာ ပင်မအနှစ်လက္ခဏာရယ်လို့ မတည့်တဲ့ နှစ်ဖက်လုံးက စစ်သည်တို့မှ မြင်နေခြင်းဟာလည်း ပြခဲ့သည့် ပတ်ကြုံးထိုးထည့် ထောင်ဗူးခေါင်းဝါဒ တွင်ကျယ်ကြီးစိုးလာရခြင်းတွင် တစ်ခုပါဝင်သည့် အကြောင်းမူလ ပါတည်း။
            ထို့ပြင်မစွ အနောက်ကမ္ဘာကနေပြီး မရူတ်မရှင်းနှင့်  “အလယ်အလတ် သဘောထားရှိသူ မူဆလင်” ဆိုသည်ကို အသည်းအသန် ရှာဖွေလာရာ တစ်ဦးတစ်ယောက်၏ နိုင်ငံရေးခံယူချက် အလယ်အလတ်ရှိလျှင် ထိုသူ၏ ဘာသာရေး ခံယူချက်မှာလည်း အလယ်အလတ် ရှိလိမ့်မည်ဟု ရောထွေးကုန်ကြပြန်ပါသည်။ အကြင်သူတစ်ဦးသည် ဘာသာရေးယုံကြည်ချက် ခိုင်မာကြီးမားစွာ ရှိနိုင်ပါ၏ ― အစ္စလမ်ဘာသာဝင်ရယ်မှ မဟုတ်၊ ဘယ်ဘာသာဝင်မှာ မဆို ။ မစဉ်းစားတတ်ကြသည်မှာ ဘာသာရေးတွင် ယုံကြည်ချက် ကြီးမားခိုင်မာပေမယ်လို့လည်း နိုင်ငံရေးတွင် သည်းခံတရား လက်ကိုင်ထားမှုကို ထိုယုံကြည်မှုနှင့် ယှဉ်တွဲ၍ အကြင်သူတစ်ဦးသည် အခိုင်အမာ ကျင့်သုံးနိုင်သည် ဆိုသော အချက်ဖြစ်ပါသည်။ တစ်ဆယ့်နှစ်ရာစုတုန်းက ခရစ်ယာန် ခရူးဆိတ် ဘာသာရေးစစ်ပွဲတို့တွင် အစ္စလမ်ဘာသာဘက်မှ သတ္တိပြောင်မြောက်စွာ ခုခံကာကွယ်ခဲ့သည့် အင်ပါယာပြည့်ရှင် [ဆာလာဒင်] သည် ဂျုး ဒဿနိက ပညာရှင် မှိုင်မိုနိဒီးကို သူ့မှာ (ကွဲလွဲခြင်းကို) သည်းခံမှု မရှိသည့် ဥရောပမှ ကိုယ်လွတ်ရုန်း ပြေးလာသောအခါတွင် အီဂျစ်တော်ဝင် တရားရုံး၌ ရာထူးတန်ဆောင် တစ်နေရာ အပို်င်စားပေးပါ သတည်း။ သည်အဖြစ်နှင့် တခြားဘာသာဖက်က အဖြစ်တွေ နိုင်းယှဉ်ကြည့်ကြ ပါစို့လား။ တစ်ဆယ့်ခြောက်ရာစုသို့ ရောက်လာသည့်တိုင်အောင် ဥရောပက ရောမသည်  ကမ်ပို ဒီး ဖီရော်ရီ ရင်ပြင်တွင် [ဂျော်ဒန်နို ဘရူနို] ကို ကားစင်တင် မီးရို့ ပြီး စီရင်သတ်ဖြတ်နေသော အချိန်တွင် [မူဂါ အင်ပါယာ] ၏  ပြည့်ရှင် အက္ကဘာသည် (မူဆလင်အဖြစ်မွေး၍ မူဆလင် အဖြစ်ဘဲ သေခဲ့သူ) အာဂရာ နေပြည်တော်တွင် လူနည်းစုများ၏ အခွင့်အရေးတို့ကို စနစ်တကျ ကာကွယ်ဖို့ဌာ တရားဝင်ဥပဒေ ရေးဆွဲနေသော သူ့ မင်းမှာသစ္စာ စီမံကိန်းကို ပြီးရုံကလေး ရှိသေးခါစ ရှိပြီး ထိုပြည့်ရှင်မှ လူနည်းစုတို့ကို အတိအလင်း ဥပဒေပြဌာန်း ကာကွယ်ပေးခဲ့သည်တွင် ပါဝင်နေသည်မှာကား အားလုံးအတွက် ဘာသာရေးလွတ်လပ်ခွင့် ပေတည်း။

[ဆာလာဒင်] တစ်ဆယ့်တစ်ရာစု နှင့် တစ်ဆယ့်ခြောက်ရာစု အတွင်းဝယ် ခရူးဆိတ်စစ်ပွဲ (ဝါ) လက်ဝါးကပ်တိုင်စစ်ပွဲ သည် ရိုမန်ကက်သလစ် ခရစ်ယာန်ဂိုဏ်း၏ အကြီးအမှူး ဘုန်းတော်ကြီး ပုတ်အာဘန် ၂ ၏ ဦးဆောင်လှုံ့ဆော်မှုဖြင့် မူဆလင်တို့ကိုသာ မဟုတ်၊  မိစ္ဆာဒိဌိတွေကို အရေးယူရန်ဆိုပြီး ဘာသာခြားများစွာနှင့် ခရစ်ယာန်တပ်တို့ တကျက်ကျက် စတင်ရန်ဖြစ်လာခဲ့သည့် စစ်ပွဲပါတည်း။
            သည် ခရူးဆိတ်စစ်ပွဲတွင် မူဆလင်တို့ဘက်မှ စွမ်းစွမ်းတမံ ခုခံတိုက်ခိုက်ခဲ့သူ ဘုရင် ဆာလာဒင်၏ ရန်သူအပေါ်သက်ညှာခြင်း၊ အင်မတန် ကြီးမားလှသော စစ်ပွဲကြီး ဖြစ်ပေမယ့်လည်း ပြည်သူပြည်သားတို့ အပေါ် စစ်ဘေးစစ်ဒဏ် မသင့်စေရန် တတ်နိုင်သမျှ လုပ်ဆောင်ပေးခဲ့ခြင်း တို့သည် သမိုင်းတွင် အလွန်ပင် ထင်ရှားခဲ့ပါ၏။ ပမာအားဖြင့် တစ်ဆယ့်တစ်ရာစု မီးစာငြိမ်းခါနီး နှစ်ပိုင်းများနှင့် တစ်ဆယ့်နှစ်ရာစု ဆည်းဆာနှစ်များတွင် ဂျေရုဆလင်သည် ခရစ်ယာန်တပ်တွေလက်ထဲကို ကျသွားလိုက်၊ မူဆလင်တပ်တွေလက်ထဲကို ကျသွားလိုက် နှင့် လွန်းပျံသွားနေခဲ့ရာ ထို ဂျေရုဆလင်သိမ်း တိုက်ပွဲတို့တွင် ခရစ်ယာန်တပ်တို့သည် သူတို့ စစ်နိုင်ခဲ့သော ပထမ ခရူးဆိတ်စစ်ပွဲကာလ ၁၀၉၉ မှာတစ်ကြီမ် ၊ တတိယ ခရူးဆိတ်စစ်ပွဲကာလ ၁၁၉၁ မှာတစ်ကြိမ် ဂျေရုဆလင်တွင်းနေ ဘာသာခြား သာမန်အရပ် ပြည်သူပြည်သားများကို အစုလိုက်အပြုံလိုက် တမင်ကလာ လို်က်လံသတ်ဖြတ်ခဲ့ပေသည်။ ဤလူမဆန်သော လုပ်ရပ်တို့နှင့်ခြားနားစွာ ဆာလာဒင်က ဂျေရုဆလင်ကို သိမ်းပိုက်လိုက်နိုင်သော တတိယ ခရူးဆိတ်၏ ၁၁၈၇ တွင် ရှေ့  ပထမခရူးဆိတ် ၁၀၉၉ တွင် ဖြစ်ပွားခဲ့သည့် ပြည်သူပြည်သားတွေကို အုံလိုက်ကျင်းလိုက် လက်စားချေ သတ်ဖြတ်ခြင်းမျိုး မဖြစ်ရလေအောင် စစ်ရူံးသူ ခရစ်ယာန်ခေါင်းဆောင်တို့နှင့် ညှိုနိုင်းပြီး စီမံဆောင်ရွက်ပေးခဲ့သည်မှာ မူဆလင်လောက တစ်ခုလုံးသာမက လူ့သမိုင်းတစ်ခုလုံးကပါ ဂုဏ်ယူဖွယ်အင်မတန်ကောင်းသည့် အထင်ကရ သမိုင်းမှတ်တိုင် တစ်ခုပါတည်း။
တတိယခရူးဆိတ် စစ်ပွဲအကြောင်းကို နာမည်ကျော် ဗြိတိသျှဒါရိုက်တာ ရစ်ဒလီ စကော့ ရိုက်ကူး၍ ဆီးရီးယား သရုပ်ဆောင်မင်းသား အကျော်အမော် အာဆန်မစု မှ မူဆလင်ဘုရင် ဆာလာဒင်အဖြစ် သရုပ်ဆောင်သော  Kingdom of Heaven ဇာတ်ကားကြီးသည် အမေရိကရော ဥရောပပါ ဟိုးလေးတစ်ကျော် လွန်စွာကျော်ကြားပေါက်ရောက် ခဲ့ပြီး ဥရောပ နှင့် အမေရိက ရုပ်ရှင်ဆုများစွာ ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါ၏ ။ အထူးသဖြင့် အာဆန်မစု ၏ ဆာလာဒင် အဖြစ် သရုပ်ဆောင်မှုမှာ သမိုင်းထဲမှာလာသော ဘုရင်ဆာလာဒင် အစစ်၏ သွင်ပြင်လက္ခဏာတို့သည် မော်ဒန်ပရိသတ်ရှေ့တွင် ခုပင် ရောက်နေသည့်အလား ထင်မှတ်မှားရပုံကို နယူးယောက်တိုင်း သတင်းစာက ချီးမွမ်းခဲ့သည်မှာ “ရေတကောင်းရှည် တစ်ခုကဲ့သို့ အေးမြတည်ငြိမ်သော ပုံဟန်” ဟု သြဘာပေးခဲ့ပါသည်။
သမိုင်းထဲမှာ တကယ်လာမလာ မသေချာပေမယ့် ရုပ်ရှင်ထဲက မူဆလင်ဘုရင် ဆာလာဒင် နှင့် အစ်ဘလန် ရဲတိုက်က ခရစ်ယာန်စစ်သည် ဘယ်လီရန် တို့ ဇာတ်ကား၏ နောက်ဆုံးဇာတ်ကွက်တွင် ပြောခဲ့သည့် စာသားတို့မှာလည်း ကျဉ်းမြောင်းသော ဘဝတစ်နေရာမှ ကျွန်တော်တို့ လူသားတွေအားလုံး၏ ဖြစ်တည်မှုကို ခါးသီးလှသော ထိုစစ်ပွဲမှ ဤစစ်သည်နှစ်ဦးတို့  သင်ခန်းစာယူ သံဝေဂဥာဏ် ရင့်သန်သိမြင်ခဲ့ပုံကို ဖော်ကျုးပြသနေပါ သတည်း။

   အစ်ဘလန် က ဘယ်လီရန်။ ။ ဂျေရုဆလင် ဘယ်လောက်တန်ပေ သလဲ
   ဆာလာဒင် ။ ။ ဘာမှ မဟုတ်ပါဘူး (ကျောခိုင်းထွက်သွား၍ )
   ဆာလာဒင် ။ ။ အရာရာပါပဲ !

တတိယ ခရူးဆိတ်စစ်ပွဲသည် ရုပ်ရှင်ထဲမှာတော့ ထိုစစ်သည်တော်ကြီး နှစ်ဦးက စောစီးစွာ အဆုံးသတ်နိုင်ခဲ့သည်သာ။

[ဂျော်ဒန်နို ဘရူနို] တစ်ဆယ့်ခြောက်ရာစု၏ မီးရူးတန်ဆောင်၊ သင်္ချာနှင့် နက္ခတ္တဗေဒ ထိပ်တန်းပညာရှင် ဖြစ်ပြီး သူ၏ ခရစ်ယာန်နှင့် ဆန့်ကျင်ပြီး အနန္တ စကြာဝဌာ နေကြတဲ့ များသတ္တဝါ အယူအဆကို ဖြန့်ဖြုးမှုကြောင့် ခရစ်ယာန်ဘာသာတရားကို အသရေ ညှိုးနွမ်းစေမှု စသော စွဲချက်မျိုးစုံဖြင့် ညှင်းပန်းစွဲဆိုကာ ရောမအာဏာပိုင်များက စီရင်ခဲ့ပါသည်။
            သည်ဖက်ခေတ် ၂၁ရာစုမှာ ခေတ်ပြောင်းတော်လှန်ရေးကို ဆင်နွဲနေတယ် ဆိုတဲ့၊ ကိုယ့်ကိုကိုယ်လည်း ဘယ်ဘာသာကို မှ မဖက်မပင်းကြေးလို့ (secular state) ကြေငြာတဲ့ မြန်မာနိုင်ငံတော်က မြန်မာအာဏာပိုင်ဆိုသူ တို့ကို မေးစရာ ရှိပါသည်။ မြင်းမိုရ်တောင်ဆိုတာ ဘယ်မှာရှိလို့လဲလို့ ဗုဒ္ဓဘာသာ မယုံကြည်သူတစ်ဦးက စာတတန်ပေတတန် နှင့် ရေးပြခဲ့လျှင်ကော ထိုသူကို ရောမအာဏာပိုင်တို့က ဘရူနိုကို လုပ်သလို လုပ်ဦးမှာလား။ အနည်းဆုံးမတော့ ငါတို့ မနှစ်မြို့သည်ကား မူဆလင်တစ်ဦးက ၉၆၉ တံဆိပ်ကို သွားခွာတာနဲ့ ဘာသာတရားကို အသရေညှိုးနွမ်းစေမှု ဖြင့် ထောင်နှစ်နှစ်ချပစ်သည် ဆိုသော မော်ဒန်ဒီမိုကရေစီခေတ် မြန်မာအာဏာပိုင်ဆိုသူတို့သည် တစ်ဆယ့်ခြောက်ရာစု ဥရောပအမှောင်ခေတ်က ရောမအာဏာရှင်တွေလိုပဲ သည်ဘက်ခေတ်ထိအောင် လူမိုက်ချေးတက် ရမ်းကားနေခြင်းကိုပါတည်း။
            ဟုတ်ကဲ့ ၊ ဝါရှင်တန်ဒီစီတွင် သူရဦးရွှေမန်းက “၉၆၉ တွေကို အရေးယူဖို့ စလုပ်နေပါပြီ” ဟု ပြောသောအခါ များစွာသောသူတို့သည် သူတို့ကပ်ထားသော ၉၆၉ စတစ်ကာတွေကို ကြောက်အားလန့်အားဖြင့် ပြန်ခွာကြကုန်၏။ ထိုသူတို့ကိုလည်း ဘုရားတရားသံဃာ သာသနာကို အသရေညှိုးနွမ်းစေမှုဖြင့် သူတို့ခွာသော ၉၆၉  ကပ်ခွာ တစ်ခုလျှင် ထောင်နှစ်နှစ်နူန်းနှင့် ချရန် ၉၆၉ ခေါင်းဆောင် ဘုန်းကြီးတို့သည် သူတို့အပေါင်းပါ မြန်မာအာဏာပိုင်တို့ကို တောင်းဆိုသင့်ပါပေသည် မဟုတ်လား၊ ဗျာတို့။

[မူဂါ အင်ပါယာ] ဘင်္ဂလား ဒေသမှသည် ကက်ရှ်မီးယား နှင့် ကာဗာရီ ချို့င်ဝှမ်းသို့တိုင်အောင် ကျယ်ပြန့်ခဲ့ပါသည်။
ညိုထွန်း

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၄)




လူသားတို့ကို အနှစ်လက္ခဏာ တစ်မျိုးတစ်စားတည်း ရမ်းသမ်းမှန်းဆပြီး ထိုးထည့်ပစ်မှုသည် မှတ်သားလောက်စဖွယ် တွင်ကျယ်ခဲ့ခြင်းကို တွေ့ရသည်မှာ ယင်းသို့သော အခြေခံအယူမှားသည် ဥာဏသိုင်းဝိုင်းတို့၏ နောက်ခံပိတ်ကား တွေးခေါ်မှု မှသည် “The clash of civilizations”  (မြို့ ပြ ယဉ်ကျေးမှုကြီးများ၏ နောင်ဂျိန်ရန်ပွဲ) ဟူပြီး ကျယ်ကျယ်လောင်လောင် ဆွေးနွေးလာသော မျက်ရမ်းမာနအယူအဆ ဖြစ်လာခဲ့ခြင်း ပါတည်း။ အထူးသဖြင့်ဆို ဆန်မျိုး ဟန့်တင်တန် (Samuel Huntington) ၏ သြဇာလွှမ်းမိုးသော The Clash of Civilizations and the Remaking of the World Order (မြို့ ပြယဉ်ကျေးမှုများ၏ နောင်ဂျိန်တွေ့ပွဲ နှင့် ကမ္ဘာ့လားရာ အစဉ်ကို တစ်ဖုံပြန်လုပ်ခြင်း) စာအုပ်ထွက်လာပြီးနောက်တွင် ထိုမှဖြန့်ဝေသည့် ယဉ်ကျေးမှုကြီးများ မဖြစ်မနေ နောင်ဂျိန်ပလေးကြေး ဟူသော မျက်ရမ်းဟောကိန်းသည် ခေတ်အင်မတန် ထခဲ့ပါသည်။
ထိုဝါဒမျိုး၏ ပြဿနာမှာ အစမှာကတည်းကိုက  လူတွေကို အတန်းအစား တစ်ပုံစံတည်းနဲ့ ခွဲခြမ်းထိုးထည့်နေခြင်း ပေတည်း။ စင်စစ်အားဖြင့် ပညာရှင်ဆိုသူ ဟန့်တင်တန်က လုပ်လာသည့် မြို့ ပြယဉ်ကျေးမှုတို့ နောင်ဂျိန်တွေ့သံ ညိုးညိုးညံ လတ္တံ့  ဟူသော ဟောကိန်းကို အရင်းစစ်ကြည့်မည်ဆိုလျှင် သူပြောသလို ယဉ်ကျေးမှုတွေ အနာဂါတ်မှာ တစ်ကမ္ဘာလုံး တကယ် ထိပ်တိုက်နောင်ဂျိန် တွေ့တာမတွေ့တာ အပထား၊ အဲဒါသည် ယဉ်ကျေးမှုမျဉ်းကြောင်းတို့ကို လိုက်ပြီး လူတွေကို ဘယ်လိုမှ မမှားယွင်းနိုင်ဘူးဟု ဆိုကာ ပုတ်တစ်လုံးထဲစီ ပစ်ထည့်လိုက်သော အောက်တန်းကျယုတ်ညံ့လှသည့် အသိသညာလုံးလုံး ဖြစ်ပါ၏ ။ လူတွေကို ကိုးကွယ်မှု ဘာသာတရားကွဲပြားမှု မျဉ်းကြောင်းတစ်ကြောင်းတည်းကိုသာ ကွက်ကြည့်ပြီး အတန်းအစားခွဲပစ်ခြင်းသည်  အောက်တန်းကျလှသည့် သူ၏ဥာဏ်ကို အဆင့်မြင့်ပညာရေး၏ ဥာဏ်ရောင်ဥာဏ်ဝါသဖွယ် လုပ်ခြင်း ဖြစ်ပါသည်။ကမ္ဘာကြီးကို ဟန့်တင်တန် သည် အနောက်မြို့ ပြ ယဉ်ကျေးမှုအစ္စလမ် ယဉ်ကျေးမှု” ၊ “ဟိန္ဒူ ယဉ်ကျေးမှုဗုဒ္ဓဘာသာ ယဉ်ကျေးမှု စသဖြင့် ခြားနားပြလေပြီးလျှင် ယင်းသို့ ဗလာချည် ခွဲခြမ်းခြားနားပြမှုတို့ကို “ဘာသာတရားခြားနားမှုတို့ကြောင့် သင်းယဉ်ကျေးမှုတို့ ထိပ်တိုက်တွေ့လာလိမ့် လတ္တံ့” ဟူသော သူ၏ မိုက်မဲယုတ်ကန်းသည့် ရမ်းသမ်းစွပ်စွဲမှုကို တည်ဆောက်ရန် အဲသည် လက်သမားဆရာသည် ဘာသာတရား သစ်လုံးတွေကို ရွေပါတော့သတည်း။

စာညှပ်။ ။ “Identity and Violence သည် Clash of Civilizations ၏ (နိုင်ငံတကာနှင့် ကမ္ဘာကြီး တစ်ခုလုံးကို) တလွဲမှားယွင်းစွာ လမ်းညွှန်ထားသည့် (မိစ္ဆာ)သီအိုရီတို့ကို ခမ်းနားကြီးကျယ်စွာ နှင့် ကြွယ်ဝကုံလုံစွာသော သုခုမဖန်တီးမှုဖြင့် လက်ခမောင်းခတ် တုံ့ပြန်နိုင်သော လက်ရာမွန် ပေတည်း”Jeffrey Sachs
           
အမှန်ကတော့ ၊ သိပ်ကိုလည်း ဟုတ်သည်မှာကား ကမ္ဘာကြီးမှာ လူတွေကို တခြားတပါးသော ခွဲခြမ်းစိတ်ဖြာစရာ စနစ်များစွာ ရှိပါသေးသည်။ ထို တခြားကုန်သော စိတ်ဖြာစနစ်တို့သည် ကျွန်တော်တို့အတွက် သင့်တော်လျော်ကန်မှု တစ်ခုခုတော့ ရှိနေတတ်ပါ၏ ။ ဥပမာအားဖြင့် နိုင်ငံသား ၊ နေရာအရပ်၊ လူတန်းစား၊ အလုပ်အကိုင် ၊ လူမှုရေး အနေအထား၊ ဘာသာစကား၊ နိုင်ငံရေး  စသဖြင့် တခြား သင့်တော်ရာရာ စိတ်စရာခြမ်းစရာ များစွာရှိပါ၏။ သည်နှစ်များပိုင်းတွင် ဘာသာတရားကိုလိုက်ပြီး အုပ်စုခွဲသော လေအိုးတို့၏ အသံသည် ကျယ်လာခဲ့ပါသည်။ အရွက်ပေါ် အရိုးမဖုံးသင့်သည်မှာ လေအိုးတွေက ဖြန့်ဝေထင်ပေါ်စေသော ဘာသာဇာတ်ခွဲစနစ်သည် ငါတို့တွင် တခြားထင်ရှားရှိသည့် လူ့သွင်ပြင်လက္ခဏာ များစွာကို မှေးမှိန်လွှမ်းအုပ် မသွားစေသင့် ပါလေ။
ထို်လေအိုးတို့ထက် ဆိုးသလောက် ဘယ်လိုမှလည်း မြင်ရက်ဖွယ်မရှိသော ကိစ္စမှာ ပညာရှင်ဆိုသူတို့ ကိုယ်တိုင်က ယင်းသို့ ဘာသာတရားကို အခြေခံပြီး အုပ်စုခွဲခြင်းသာလျှင် ကမ္ဘာတစ်ဝှမ်းက လူအားလုံးကို အုပ်စုခွဲရာတွင် စစ်မှန်ဆီလျော်သော စနစ်ဖြစ်သည်ဟု ယူဆလာခြင်းမျိုး ပေတည်း။ ကမ္ဘာ့ လူထု တစ်ရပ်လုံးကို “အစ္စလမ်ကမ္ဘာ” ၊ “အနောက်ကမ္ဘာ” ၊ “ဟိန္ဒူကမ္ဘာ” ၊ “ဗုဒ္ဓကမ္ဘာ” စသဖြင့် ဘာသာတရား ထောင်ဗူးခေါင်းတွေထဲကို မရမက ကြပ်ညှပ်ထိုးထည့် ခွဲလှောင်ပစ်ခြင်းမျိုး ပါတည်း။ အခြားထင်ရှားရှိသည့် ခွဲခြမ်းစရာစနစ် အကုန်လုံးသည် (ဆိုပါစို့ ။ ချမ်းသာသူ နှင့် ဆင်းရဲသူ၊ လူတန်းစား အလွှာ အမျိုးမျိုး နှင့် အလုပ်အကိုင် အမျိုးမျိုး ၊ နိုင်ငံရေး စနစ်၊ နိုင်ငံသား၊ ခြေမဦးစိုက်နေထိုင်ရာ၊ [ဘာသာစကား ရင်းမြစ်] စသဖြင့်) လှိုင်းလုံးကြီးလို တို်က်ချလာသော အဲသည် ဘာသာတရား ထောင်ဗူးခေါင်း သွပ်ထည့် ခွဲခြမ်းစနစ် အောက်တွင် မျှောပါနစ်မြုပ်သွားတတ် ကြပါသည်။

စကားကြွင်း ။ ။
[ဘာသာစကားရင်းမြစ်] ဟူသော လက္ခဏာကို ဥပမာပြုရမည် ဆိုလျှင် အလွန်စိတ်ဝင်စားဖွယ် ကောင်းပါသည်။
မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင်မှုကို ဦးဆောင်လှုပ်ရှားခဲ့သူ ဒို့ဗမာအစည်းအရုံး၏ တိုက်ပွဲခေါ်သံ ဆောင်ပုဒ်ဖြစ်သည့်
“ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား” ဆိုတာကို ကြားရလျှင် ကျွန်တော်တို့တွင် ဇာတိပုည ဂုဏ်မာနတို့ ဟုန်းဟုန်းထတတ်ကြ၍ “သူ့နိုင်ငံသား ၊ သံမှုန့်စားမှ ၊ ဒို့ဓားတုံးမည်၊ မှတ်သော်တည်လော့”ဟု စစ်သွေးစစ်မာန် တို့လည်း တစ်ခါတစ်ရံ ကျွန်တော်တို့မှာ ရဲရဲလျှံဝေတတ်ကြပါသည်။ ခွန်အားကြီးသော နယ်ချဲ့ အင်္ဂလိပ်ကို အံတုဆန့်ကျင်ဖို့ ကျွန်တော်တို့တတွေမှာ အမျိုးသားရေးစိတ်ဓာတ် မြင့်မားလာဖို့ ဟိုဘက်တစ်ခေတ်တွင် လွတ်လပ်ရေးတိုက်ပွဲဝင် သခင်ကြီးတွေ သခင်မကြီးတွေ သည်လို မြန်မာတို့၏ အနှစ်လက္ခဏာကို မောင်းတင်ပေးခဲ့သည်ကို အပြစ်မတင်လိုပါ။ သို့ပေမယ့် သည်ကြွေးကြော်သံဟာ ကျွန်တော်တို့ ကြွေးကြော်သလို မှန်သလား၊ မမှန်သလား ဆိုတာကိုတော့ ကျွန်တော်တို့ အနဲဆုံး စူးစမ်းဖို့ လိုပါသည်။
ပထမဦးစွာ လွယ်ကူစွာ သက်သေပြနိုင်သော မြန်မာစာကိုပဲ ပြောပါမည်။ ခု စာရူသူဖတ်နေသော မြန်မာစာ၏ ဗျည်း ၃၃လုံးနှင့် သရ ၁၂လုံးသည် အိန္ဒိယပြည် တမီးလ်လူမျိုးတို့ဆီမှ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော်ပြီး ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။ ဟုတ်ကဲ့၊ တမီနာဒူး ပြည်နယ် အနှံ့ သို့ ကို်ယ်တိုင်ရောက်ရှိခဲ့၍ အိန္ဒိယမိတ်ဆွေများ၏ မေတ္တာကြောင့် ရှေးဟောင်းပြတိုက်များစွာတို့ကိုလည်း ကျွန်တော်လည်ပတ်နိုင်ခဲ့လေရာ အလွန်အိုမင်းသော တမီးလ်ကျောက်စာတို့တွင် ကျွန်တော်တို့၏ အ၊ အာ၊ အိ၊အီ သရ တစ်ဆယ့်နှစ်လုံးကို ရေးထွင်းထားတတ်သည်ကို တွေ့ရပါ၏။ ကျွန်တော်သည် ထိုကျောက်စာတို့ကို အသံထွက်ပြီး အအာအိအီဟု ဖတ်လေရာ ပြတိုက်သို့ လာလည်သော တမီးလ် ကုလားပြည်သူတို့သည် အလွန်မှပင်လည်း အံ့သြ ၊ သူတို့စာကို သိတဲ့သူ ကပေပဲဟု ဖက်လဲတကင်း လာမိတ်ဆက်ကြပါ၏ ။ ဒါတင်မကသေး အိန္ဒိယတစ်ဝှမ်းမှာ ရှိသည့် ကုလားလမ်းဘေး လ္ဘက်ရည်ဆို်င်တို့တွင် ကျွန်တော်နှင့် လုပ်ဖော်ကိုင်ဖက်တို့သည် လ္ဘက်ရည်ဝင်သောက်လေ့ရှိရာ ထိုဆိုင်တို့တွင် သတင်းစာများကိုလည်း တင်ထားတတ်ကြ၍ သတင်းစာထဲက တချို့သော စာလုံးတို့မှာ မြန်မာစာအလား ဖြစ်နေတတ်ပြီး ကျွန်တော်စမ်းကာ အသံထွက်ဖတ်ကြည့်ရာ အိန္ဒိယမိတ်ဆွေတို့မှာ ဝမ်းမြောက်ဝမ်းသာဖြစ်ကြ၊ အသံထွက်မှန်သည် ဟုလည်း အတည်ပြုပေးကြပါ၏။ ကျွန်တော် မေးမြန်းမိသလောက် တမီးလ်စာတွင် ဗျည်း ရာနှင့်ချီရှိပြီး သရကတော့ တစ်ဆယ့်နှစ်လုံးပဲ ဖြစ်ပုံရပါသည်။ ပထမဆုံး ကမ်းမြောင်ဒေသနေ မွန်က ၃၆လုံး ယူသွားပြီး၊ နောက်ကုန်းတွင်းပိုင်းနေ ဗမာက ၃၃လုံး ပွားယူသွားခဲ့ပုံရပါသည်။ ဟုတ်ကဲ့၊ ဗမာစာသည် ဒို့စာကတော့ မှန်ပါ၏ ။ ဒါပေမယ့် ထို့ထက် များစွာမှန်သည်မှာ “ဗမာစာသည် တမီးလ်စာ” ပါတည်း။
ဗမာစကားသည် ဒို့စကား ဆိုတာကို ပြောရပါဦးမည်။ ကျွန်တော့်တွင် ငယ်ပေါင်းကြီးဖော်လိုခင်သော ကျောင်းနေဘက် တိဗက်လူမျိုး သူငယ်ချင်း ကွမ်ချုပ် ဟူ၍ ရှိပါသည် (ကွမ်ချုပ်၏ အဓိပ္ဗာယ်မှာ ကွမ်ရင်ဟု ဖြစ်၍ ဗမာတချို့ လည်း မယ်တော်အဖြစ် ကိုးကွယ်သော ဘုရားလောင်း ကရုဏာရှင် ကွမ်ရင်ကို စွဲ၍ မွန်ဂိုလူမျိုး နှင့် တိဗက်လူမျိုးတို့သည် သူတို့၏ နာမည်ကို မှည့်ခေါ်လေ့ ရှိပါ၏) ။ တိဗက်လူမျိုးတို့သည် ကျွန်တော်တို့နှင့် အသားအရေချင်း ဆင်တူယိုးမှားဖြစ်ပြီး တချို့မှာ ဖြုဖြုသန့်သန့် ကချင်တိုင်းရင်းသားတို့ နှင့် ဆင်ကာ တချို့ကတော့ ကျွန်တော်တို့ ဗမာညိုညိုမည်းမည်း တွေနဲ့ ဆင်ပါသည်။ ကွမ်ချုပ်ကတော့ ပုဆိုးဝတ်ထားရင် ဗမာလို့ပဲ ထင်မည့် ကျွန်တော်တို့နှင့် ဆင်လှသော ခပ်ညိုညို တိဗက်မျိုးထဲက ဖြစ်ပါ၏ ။ ကျွန်တော်က မေးသည်မှာ “ဟဲ့ ကွမ်ချုပ် ၊ ငါနားစွန်နားဖျား ကြားဖူးတာက ဒို့ဗမာတွေ နင်တို့ဆီရောက်ရင် တိဗက်စကားကို တစ်လတည်းနဲ့ တတ်တယ်ပြောတယ်” ဟု သူ့ကိုမေးရာ ကွမ်ချုပ်က “ဟယ်၊ဟုတ်ပါ့မလား။ တို့ဆီမှာ စကားသုံးမျိုးတောင် ကွဲတာဟ။ ကဲကဲ၊ ငါပြောတဲ့ စကားနဲ့ နင်တို့ ဗမာစကား တူသလား စစ်ကြည့်ရအောင်” ဟုဆိုကာ  “One ကို နင်တို့ ဘယ်လိုခေါ်လဲ” ဟု မေးရာ “ကျွန်တော်က တစ်” ဟု ဖြေရာ သူသည် အံ့အားသင့်စွာဖြင့် “ဟဲ့၊ တို့နဲ့ အတူပဲဟဲ့” ဟု One, two, three မှ တစ်ဆယ်ထိ သူ့ လက်ချောင်းကလေးတွေ ထောင်ကာ မေးပါတော့သည်။ ဟုတ်ကဲ့ ၊  တစ်မှ တစ်ဆယ်ထိ ကျွန်တော်တို့ နှင့် ကွမ်ချုပ်တို့ အပိုင်းက တိဗက်လူမျိုးတို့သည်  တသွေမတိမ်းကို အတူတူ အသံထွက်ပါသည်။ တကယ်မှာလည်း ဗမာစကား၏ ပင်ရင်းသည် တိဗက်မှဖြစ်ပြီး ကျွန်တော်တို့ နှင့် ကွမ်ချုပ်တို့ တိဗက်မျိုး၏ စကားရင်းမြစ်ကို Tibeto-Burman language ဟု ဘာသာစကား ဗေဒ၏ ပင်ရင်းတစ်ခုအဖြစ် နိုင်ငံတကာ သုတေသနပညာရှင်တွေက ခွဲခြားပါသည်။ ကျွန်တော်တို့သည် တိဗက်ကုန်းမြင့်ကြီးမှ ၊ ဒါမှမဟုတ်လည်း တရုတ်ပြည်ယူနန်မှ ရွှေ့ပြောင်းလာခဲ့သူတွေလား ဆိုတာသည် အလွန် စိတ်ဝင်စားဖွယ်ကောင်းသော သုတေသန မေးခွန်းပါတည်း။ ဘာပဲဖြစ်ဖြစ် ကျွန်တော်သည် ဗမာစကားသည် ဒို့စကားလို့ ပြောပါမည်။ ဒါပေမယ့်လည်း ကျွန်တော်တို့အနေဖြင့် သိနားလည်ထားအပ်သည့် ပိုမိုမှန်ကန်သော ဖြစ်အင်မှာ တိဗက်စကားသည် ဒို့စကား ဆိုတာပါတည်း။
ဗမာပြည်သည် ဒို့ပြည်ဆိုတာ အကျယ်တဝင့် မပြောလိုတော့ပါ။ ဒါဟာ လွတ်လပ်ရေး သွားတောင်းတုန်းက ဗြိတိသျှ ကက်ဘိနက်မှ အဆုံးအဖြတ်တွင် ပါဝင်မည့် ဆီနီယာ အစိုးရအဖွဲ့ဝင်များ ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းကို “မြန်မာပြည်လွတ်လပ်ရေး တောင်းတယ်ဆိုတော့ မြန်မာပြည်ဆိုတာ မောင်ရင် ဘာကို ခေါ်တာပါလဲ” ဟု မေးသောအခါ ကျွန်တော်တို့ ဗိုလ်ချုပ်ကိုယ်တိုင် ဒေါင်းတောက်ခဲ့ရသော မေးခွန်းဖြစ်ပါ၏။ တစ်ခါက ကျွန်တော့်ဆီသို့ ထိုင်းနိုင်ငံ ချုလာလောင်ကွန်း တက္ကသိုလ်မှ ပါမောက္ခ ဆရာဝန်လင်မယားသည် အလုပ်ကိစ္စနှင့် လာလည်ကြ၍ ကျွန်တော်နှင့် လွန်စွာခင်မင် ၊ တစ်ဦးနှင့် တစ်ဦး အလွန်တရာ စကားပြောချင် ကြသည်မှာ အထူးသဖြင့် အလုပ်ကိစ္စနှင့် ဘာမှမပတ်သက်သော ဗုဒ္ဓတရားတော်တို့ကို ဘာသာရေးဝါသနာတူ ကျွန်တော်တို့တတွေ ဆွေးနွေးကြသော အခါတွင်ပါတည်း။ တစ်ခါမှာ တရားတော်၏ နက်ရိုင်းပုံတွေကို ဆွေးနွေးရင်း စကားဖောက်၍ ကျွန်တော်က “သမိုင်းစဉ်ဆက် ငါတို့ တိုင်းပြည်နှစ်ခု မတည့်ခဲ့ဘူးပေါ့နော်။ ဘာလို့ ငါ့နိုင်ငံ သူ့နိုင်ငံ ခြားနားတာတွေကို ကြည့်ပြီး ရန်ဖြစ်နေကြတာလဲ။ ငါတို့ နှစ်နိုင်ငံလုံး ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာက အတူဖြစ်ရက်နှင့်” ။ သည်မှာ ယောင်္ကျားပါမောက္ခ ဆူကွန်းက ပြောသည်မှာ “ကွယ်၊ ဒါတွေ ပြောမနေပါနဲ့ ။ နိုင်ငံဆိုတာ လူရောက်ပြီးမှ ဖြစ်တာပါ။ နယ်နိမိတ်တွေ ဆိုတာ လူတွေရဲ့  ဖန်တီးမှုပါပဲ” ။ ဟုတ်ကဲ့၊ မြန်မာပြည်သည် ဒို့ပြည်ဆိုတာကတော့ မှန်ပါသည်။ သို့သော် ဒါထက်မှန်သေးသော သဘောကို ကျွန်တော်တို့ သိရအုံးမည်မှာ တိုင်းပြည်ဆိုတဲ့ နယ်နိမိတ်တွေဟာ ကျွန်တော်တို့ရဲ့  သတ်မှတ်ဖန်တီးမှု ၊ အမှန်အားဖြင့် အတုအယောင် နယ်နမိတ်မျဉ်းတွေပါပဲ။
ဟုတ်ကဲ့။  တမီးလ်စာဟာ ဒို့စာ၊ တိဗက်စကားဟာ ဒို့စကား၊ လက်ရှိ မြန်မာပြည်ဟာလဲ ဒို့ရဲ့ သတ်မှတ်ဖန်တီးချက် (ဝါ) စီးဆင်းလာတဲ့ မြစ်တစ်စင်း မှာ  ဆက်လက်ရွှေ့လျားနေတဲ့ အမှတ်တစ်နေရာသာ ဖြစ်ပါတယ်။ ကျွန်တော်တို့တင် မဟုတ်ပါဘူး ။ ကမ္ဘာပေါ်မှာ ဘယ်လူမျိုးကမှ ကိုယ်ပိုင်ထာဝရ နေရာတစ်နေရာ နဲ့  သီးသန့်မြဲမြံနေတဲ့ အနှစ်လက္ခဏာတစ်ခုရယ်လို့ မရှိပါ။

ညိုထွန်း။ ။ ခေါင်းစည်းနာမည်ကို နေ့သစ်မီဒီယာ http://www.naytthit.info မှ ပံ့ပိုးပါသည်။