Showing posts with label Moral relativism. Show all posts
Showing posts with label Moral relativism. Show all posts

Sunday, July 7, 2013

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၆)




“ကိုယ့်ကိုကိုယ်ကလွဲရင်  ဘယ်သိုင်းဝိုင်းလက္ခဏာကိုမှ အရေးပေးဖို့ မရှိခြင်း” နှင့် မတူပေမယ်လို့ အဲသလိုပဲ မဖုတ်မကင် ရှင်းပြပုံမျိုးပဲဖြစ်သည့် နောက်ပုံစံတစ်မျိုးသည်ကား “တစ်ဖွဲတည်းနှင့်သာ သင်းပင်းဖွဲ့ခြင်း” ဟု ခေါ်စကောင်းသည့် မျက်ရမ်းမှန်းဆအယူ ပါတည်း။ ထိုအနုမာန၏ ယူပုံမှာ လူ့ဘဝဖြစ်တည်မှု အဓိပ္ဗာယ်ဟူသည် တစ်ဦးတစ်ယောက်သည် တခြားဘာမဆိုထက် အနှစ်သာရဖြစ်သော အုပ်သင်းတစ်ခုခုထဲတွင် အပြီးအပြတ် ပါဝင်ခြင်းပါတဲ့။ ဟုတ်ကဲ့လားကွယ် မောင်တို့ ၊ နင်တို့က ပြင်လို့မရဘူးဆိုတဲ့ မွေးဇာတ်ကို လက်ညှိုးထိုးပြီး သည်လိုပြောပုံရပါ၏ ။ ကပေမယ့်လည်း ဖွားမြင်မြောက်ကာ ကြီးပြင်းလာသောအခါ လူ့ဘဝဇာတ်ခုံပေါ်   ငါတို့တတွေ စုရုံးမိတ်သဟာပြုမိတာတွေဟာ အလွန်များပြား၊ စင်စစ်
[သင်းကွဲ]လက္ခဏာများစွာနှင့် တို့လူသားပါ၊ မောင်တို့ ။ ငါတို့ မဖြစ်မနေ ဝင်ကကြရတဲ့ အုပ်သင်း တစ်ခုချင်းစီဟာလည်းပဲ လူတွေကို သွေးသောက်ရောင်းရင်းစိတ်မျိုးနှင့် အုပ်စုအပေါ် သစ္စာရှိခြင်းကို ဆင်ကြီးလည်းဆင်အထွာ ကြွက်သေးလည်းကြွက်အထွာ အုပ်စုအလျောက် ဖြစ်ပေါ်စေပါတယ်၊ နှမတို့။  သို့ဖြစ်လင့်ကစား တစ်ခုထီးထီးတည်းသော အုပ်စုသည်သာ ပဓာနဖွဲ့သင်းရာဟူသော အယူအစွဲမျိုးသည် အံ့သြဖွယ်ကောင်းလောက်အောင် လူကြိုက်များတတ်ပြီး အဲသည်ဒိဌိသည် လူမှုရေးပညာ သီအိုရီရှင်များ၏ တွေးခေါ်စဉ်းစားပုံကို နောက်ကွယ်ကာလကာမှ  လွှမ်းမိုးနေတတ် ပါ၏။ အသိုင်းအဝိုင်းသာပဓာန ဝါဒရှင်များနှင့် ယဉ်ကျေးမှုနှင့်နွယ်သော နိုင်ငံရေးဆိုပြီး လုပ်တတ်သည့် သီအိုရီသမားများသည် ဤ ပဲကြားတစ်လုံး ပုတ်တင်းတစ်လုံး ဒိဌိစွဲဖြင့် ကမ္ဘာတစ်ဝှမ်းလုံးမှ လူတွေကို မြို့ ပြယဉ်ကျေးမှု ပုတ်တင်းတွေထဲ ထည့်ပြီးတော့သာ ကြည့်မြင်လာပါတော့သည်။ ထိုသူတို့သည် ရူပ်ထွေးမြားမြောင် လောကီလူ့ဘောင် ဟူသော သဘောကို မသိကျိုးကျွံကြ၊ တွယ်ရာနွယ်ရာ များလုပါရလူ့ဘဝဟူသော သဘောကို ကျိုးကျွံဖျောက်ဖျက်ကြ၊ သွေးသည်အနိစ္စာ တို့ခန္ဓာလျှင် သစ္စာစောင့်ရာစုံလင်စွာကို ဖျောက်ဖျက်ထိန်ဝှက်ကုန်ကြ ပါ၏။ အဲသည် ပညာရှင်ဆိုသူတို့သည် ကြီးကျယ်တယ်လို့ ထင်ရသလောက် နုံနဲ့ကျဉ်းမြောင်းတဲ့ ဖော်မြုလာတွေထုတ်လာပြီး ကိုယ်ရွေးချယ်ရာ သွားချင်ရာကို သွားနိုင်တဲ့ ဒုလ္လဘလူသားတို့ကို နွားခြေရာတစ်ခွက်တည်းက မထွက်တတ်တဲ့ ဖားသူငယ်လေးတွေအလား အတင်းစွပ်စွဲတင်ပြလာတတ်ကြပါသည်။

[သင်းကွဲ] ဝေါဟာရ တစ်ခုတည်းကို သုံးစွဲလင့်ကစား သုံးစွဲသူ၏ စေတနာ နှင့် ဝန်းကျင်ကို လိုက်၍ အနက်သည် များစွာကွဲပြားသွားကြောင်းကို အောက်ပါ ဝါကျနှစ်ခုတွင် နိုင်းယှဉ်ကြည့်နိုင်ပါသည်။
    ဝါကျ (၁) သင်းကွဲလက္ခဏာများစွာနှင့် တို့လူသားပါ၊ မောင်တို့ ။
    ဝါကျ (၂) သင်းကွဲအုပ်စု အမုန်းတရား ဖြစ်ထွန်းရေးခေါင်းဆောင် ဝီရသူကဲ့သို့ အစ္စလမ် ဘာသာကို တုံ့ပြန်ခြင်း မဟုတ်ရေးချ   
            မဟုတ်နိုင်ပါသတည်း။

ပထမဝါကျမှာ သုံးထားသော သင်းကွဲသည် လိုလားနှစ်ခြိုက်အပ်သော အာရုံကို ဖြစ်ပေါ်စေပြီး ဒုတိယဝါကျမှာ ပါသော သင်းကွဲသည်ကား စက်ဆုပ်ကြောက်ရွံ့ဖွယ် အာရုံကို ပေါ်ပေါက်စေပါသည်။ သိမှတ်နားလည်အပ်သည့် သဘောမှာ ငါတို့၏ လောကဟူသည် စရိုက်တစ်မျိုးတည်းကိုပဲ ကြည့်ရူသူ၏ ကြည့်မြင်ခံစားသော စေတနာကို မူတည်၍ နတ်ဘုံအလား၊ ငရဲဘုံအလား ကွဲပြားဖြစ်ပေါ်သည် ဆိုသော သဘောကိုပါတည်း။ ဒုတိယဝါကျက ပြသည့် ဝီရသူ၏ အာရုံထဲတွင် မြင်နေသည့် သင်းကွဲလက္ခဏာ စရိုက်သည် ခုတွင်ပင် မြန်မာပြည်ကြီးသည် ငရဲပွက်နေပြီး ပျက်စီးသုဉ်းပါးသွားတော့မည့် အလား ဖြစ်ပါ၏။ ပထမဝါကျကပြသည့် အမားတီးယားဆင်း၏ အာရုံတွင်ပေါ်သည့် သင်းကွဲလက္ခဏာ စရိုက်သည်ကား ထိုသင်းကွဲလက္ခဏာတို့ စုံလင်ခြင်းသည်ပင် ငါတို့မြန်မာပြည်သည် သိကြားနေသောပြည်ကဲ့သို့ ကြွယ်ဝငြိမ်းချမ်းသည့် အဓိကအကြောင်းရင်းမ ဖြစ်သလို အလွန်တရာမှပင် နှစ်ခြိုက်မြတ်နိုးဖွယ်ရာ ဆိုသည်ကိုပါတည်း။
ဘုရားရှင်လက်ထက်တော်က ဒေဝဒတ်က သံဃာကို သင်းခွဲရန် ကြံစည်ခဲ့ပုံကို ငါတို့ အတန်ငယ် စူးစမ်းကြည့်ကြပါစို့။ ဒေဝဒတ်သည် ကိုယ်တော်မြတ်ကြီးကို ရဟန်းသံဃာဟူသည် တောထဲမှာသာ နေရမည်၊ ဆွမ်းခံပြီးရသော ဆွမ်းကိုသာ စားရမည် ၊ ဖျင်ကြမ်းဖြင့်ရက်လုပ်သော သင်္ကန်းကိုသာ ဝတ်ရမည်၊ အမိုးအရံရှိသော ကျောင်းဝင်းတွင်းတွင် မနေရ၊ သတ်သတ်လွတ်သာ စားရမည်ဟု အချက်ငါးချက်ကို တောင်းဆိုခဲ့ပြီး ဒါတွေမှ မရလျှင် သံဃာကို သင်းခွဲမည်ဟု ခြိမ်းခြောက်အကြပ်ကိုင်ခဲ့ပါသည်။ အနှစ်ချုပ်လျှင် ဒေဝဒတ်သည် သာသနာတွင် ရဟန်းသံဃာတို့ ကိုယ်စီကိုယ်ဌ သူတို့ တတ်သည့်အားလျော်စွာ ကွဲပြားစွာ ကျင့်ကြံခြင်းကို သည်းညှင်းမခံနိုင်ကြောင်းကို ပြနေတာဖြစ်ပြီး ရဟန်းဆိုတာ သည်လိုမျိုး လက္ခဏာ တစ်မျိုးတည်းပဲရှိရမည်၊ သည်တစ်မျိုးတည်းကိုပဲ လုပ်ရမည် ဟု ကျဉ်းမြောင်းသေးသိမ်စွာ မြင်နေတာ ဖြစ်သလို သူက အနှစ်အမှန်ဟု စိတ်ကူးကျရာလက္ခဏာကို သံဃာတွေအားလုံး စုစည်းလိုက်နာအောင် ခြိမ်းခြောက်အကြပ်ကိုင်နိုင်မည့် အာဏာကို လိုချင်နေခြင်း မုချပါတည်း။
ဗုဒ္ဓကိုယ်တော်မြတ်ကြီး အတွက်မှာတော့ အစုံအလင်သော ရဟန်းသံဃာတို့ သူတစ်ဦးချင်း တတ်သည့်အားလျော်စွာ ကွဲပြားစွာ (‘သင်းကွဲ’) ကျင့်ကြံခြင်းသည်ပင် အံဖွယ်ရှစ်ဖြာ ဗုဒ္ဓသာသာနာ၏ ဗဟုစုံလင် လက္ခဏာကြီး တစ်ခု ဖြစ်ပါသည် (ညွန်း။ ပဟာရဒသုတ္တ ၏ ခုနှစ်ခုမြောက် အမှတ်လက္ခဏာ) ။ ရဟန်း၏ ကျင့်ကြံမှုမည်သည် သမ္ဗပဓာန်တရားလေးပါးကို စောင့်စည်းဖို့သာ အခြေခံသ၍ မြတ်ဗုဒ္ဓသည် ရဟန်းသံဃာတို့၏ ထိုစုံလင်ကွဲပြားသော အကျင့်အကြံတို့ကို သာသာနာ၏ ပိုမိုကျယ်ပြော ကောင်းမွန်စုံလင် တိုးတက်ရာအဖြစ်သာ ရူမြင်၊ နှလုံးအေးချမ်း လိုလားစွာဖြင့် ကိုယ်တော်မြတ်ကြီး ခွင့်ပြုသည်သာတည်း။ သည်မှာ အထူးခြားနားအပ်သော အမြင်နှစ်မျိုးသည်ကား မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး၏ ဗဟုစုံလင်ကွဲပြားခြင်းကို လိုလားနှစ်သက်ခွင့်ပေးတော်မူသော ကျယ်ပြန့်ပျော့ပျောင်းသည့်အမြင်နှင့် ဒေဝဒတ် ရဟန်းမိုက်က ထို ဗဟုစုံလင်ကွဲပြားခြင်း စရိုက်ကိုပင် ယနေ့ပင် သာသာနာကြီးသည်ပင် ပျက်သုဉ်းရတော့မည့် အန္တရယ်ကြီး အဖြစ် စက်ဆုတ်ရွံရှာစွာ ရူမြင်ပိတ်ပင်ချင်သော ကျဉ်းမြောင်းတင်းမာသည့် အမြင်ကိုပါတည်း။
ဟုတ်ကဲ့၊ ဝီရသူ၏ တွေဝေမိုက်မဲသော အာရုံတွင် မြန်မာလူ့ဘောင်၏ ဗဟုစုံလင်ကွဲပြားသော လက္ခဏာတို့သည် လိုလားနှစ်ခြိုက်ဖွယ် အာရုံအဖြစ် ပေါ်မလာတတ်၊ ကနေ့ပင်လျှင် မြန်မာပြည်ကြီးသည် ကုလားတွေ မျို၍ ၊ ဒါမှမဟုတ်လည်း NLD ကမျို၍ ၊ (သူ့ဟာသူ ကဗျာတဖွဲ့ စာတလဲ့နဲ့ နေသည့် ကိုမင်းကိုနိုင်သည်ပင် မသက်သာ) မင်းကိုနိုင်ကြီးကမျို၍ ပျက်သုဉ်းတော့မည့်အလားသာ ကျဉ်းကြုတ်သေးသိမ်စွာ မြင်နေပါ၏ ။ ဒေဝဒတ် ရဟန်းမိုက်သည် သာသာနာအရေးဟု လက်ညှိုးထိုးကာ ဘုရားနေရာ တက်ယူဖို့ ကြိုးစားနေသလို သည်လူမိုက်ဟာလည်း ဘာအရေး၊ ညာအရေးတွေကို လက်ညှိုးထိုးပြီး တစ်နိုင်ငံလုံး၏ခေါင်းဆောင် တက်ပြီးလုပ်လို အာဏာရူးနေသည်မှာ အထင်းပါတည်း။ သည်မှာ ကျွန်တော်ပြောလိုသည်မှာ စရိုက်တစ်မျိုးတည်းကိုပဲ မကောင်းသောစိတ်၊ ကျဉ်းမြောင်းသေးသိမ်သောစိတ်ဖြင့် လူတို့သည် မြင်လျှင် မြင်တတ်သလို လောကသည် ငရဲဘုံသဖွယ် ပြောင်းလဲပူလောင်လာတတ်သည် ဆိုကြောင်းသည်လျှင် လိုရင်းပါတည်း။
ဤစာကို ရေးနေစဉ်မှာပင် ဝီရသူနှင့်စပ်၍ ရေးသားထားသော မဟန်နဘိခ်ျ၏ တိုင်းမဂ္ဂဇင်းပါ ဆောင်းပါး The Face of Buddhist Terror ကို မလိမ္မာသော အစိုးရ နှင့် ရောယောင်လိုက်တတ်သော လူတစ်ချို့က ‘ဗုဒ္ဓဘာသာကို အကြမ်းဖက်ဘာသာ အဖြစ် စော်ကားတာပဲ’ ဆိုပြီး ဒေါသူပုန်တွေ ထကြသော ကိစ္စကို ပြောရပါဦးမည်။ သည် ဒေါသူပုန်ထတဲ့ ကိစ္စဟာ ဝီရသူက လက်ရှိ မြန်မာလူ့ဘောင်ကို ငရဲပွက်နေပြီ ဆိုပြီး ဘာသာပြန်ပြတဲ့ ကိစ္စလောက်တော့ ဘေးဥပဒ် မကြီးမားပါ။ သို့သော်ငြားလည်း ဒါဟာ ဝေါဟာရတစ်ခုတည်း (စရိုက်တစ်ခုတည်း) ကို ကြည့်မြင်သောသူ၏ ကျဉ်းမြောင်းသေးသိမ်သော စေတနာပေါ်လိုက်ပြီး အဓိပ္ဗာယ် မှားယွင်းစွာဖြင့် ကောက်ယူတဲ့ နေရာမှာတော့ အတူတူပါပဲ။ နောက်ပြီး ပညာမျက်စိ မြင်မရှိတဲ့ အစိုးရနဲ့တကွ လူပေါ်လူဇော်လုပ်လိုသလောက် အသိကျဉ်းမြောင်းတဲ့ တချို့သူတွေကနေပြီး
“အန္တရယ် အန္တရယ်” ဆိုတာကိုပဲ စောင်းပေးပြီး ဖွင့်ပုံမျိုးကတော့ ဝီရသူက လက်ညှိုးထိုး အမြတ်ထုတ်တဲ့ “အမျိုးသားရေး အန္တရယ်” ဆိုတာနဲ့ တစ်သဘောတည်း သွားတာဟာတော့ အင်မတန် ရင်လေးစရာပါ။  တကယ်ကတော့ ဆောင်းပါးခေါင်းစဉ်ဟာ အင်မတန် ကျယ်ဝန်းကောင်းမွန်တဲ့ စေတနာနဲ့ မဟန်နဘိက သုံးထားတာဖြစ်ပါသည်။ ဤအကြောင်းကို အတန်ငယ်မျှ  ဆက်သွားပါအံ့။
လေ့လာမယ်ဆိုရင် ကျယ်ဝန်းများမြောင်တဲ့ ဗုဒ္ဓဘာသာ ကျမ်းဂန်စာပေတွေဟာ သည် တွေဝေရူပ်ထွေးကုန်တဲ့ ကိစ္စတွေကို ရှင်းလင်းသေချာ ကြည့်မြင်နိုင်ဖို့ သာဓကတွေ အထင်အရှားပါတာဟာ အံ့သြဖွယ်ပါ။ ပါဌိတော်မှာ မြတ်စွာဘုရားကိုယ်တော်တိုင် “ငါဘုရားဟာ တပည့်သာဝကတို့ကို ရိုက်နှက်ခြင်းအားဖြင့်လည်းကောင်း ၊ သတ်ခြင်းအားဖြင့်လည်းကောင်း” ဆုံးမ၏ ဟု အတိအလင်း ပြောထားပါသည်။ ဤသည်ကို “ဘုရားရိုက်သည်၊ဘုရားသတ်သည်”ဟု စာသားကိုပဲ ကြည့်ပြီး နောက်ခံရည်ရွယ်ချက် စေတနာကို မကြည့်ဘဲ ဇွတ်ပြန်ဆိုလို့ မရပါ။ ဟုတ်ကဲ့ ၊ ၁၉ဂ၀ နှစ်ပိုင်းတွေမှာ ထိုင်းနိုင်ငံတွင် ဘုန်းကြီးလူမိုက်တွေဟာ ခု ကျွန်တော်ပြောတဲ့ ပိဋိက စာသားကိုပဲကြည့်ပြီး  “နိုင်ငံအန္တရယ် ကွန်မြုနစ်တွေကို သတ်ခြင်းဟာ လူသတ်ခြင်းပေမယ့် အကုသိုလ်ကောင်တွေကို ရှင်းလင်းလိုက်ခြင်း ဖြစ်တဲ့အတွက် အကုသိုလ်မဟုတ်” လို့ ကြွေးကျော်၊ တယ်လီဗေးရှင်းအစီအစဉ်တွေမှာ သည် ပိဋက အကိုးအကားကို အင်တာဗျုး ၊ ပြည်သူလူထုတော်တော်များများကလည်း နားယောင်မိပြီး ဗုဒ္ဓဟာ အကုသိုလ်ကောင်တွေ ရှင်းဖို့ ခွင့်ပြုထားတယ်လို့ ယုံကြည်လာခဲ့တာဟာ သမိုင်းမှာ တော်တော်ဆိုးခဲ့တဲ့ အဖြစ်အပျက်ပါပဲ။ စင်စစ် မြတ်စွာဘုရားကပြောတဲ့ ရိုက်တယ်၊ သတ်တယ်ဆိုတာ လူကို ဆိုလိုတာ မဟုတ်ပါ။ တရားနာသူတွေရဲ့ အခံမှာ ရှိတဲ့ ညစ်ညမ်းမိုက်မဲသော အနုသယတွေကို ဆိုလိုခြင်းဖြစ်တယ်၊ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးဟာ သည်အနုသယတွေမှာ အိပ်မောသက်ဝင်နေတဲ့ လူတွေကို ‘လန့်’သွားအောင် နိုးလာအောင် စေတနာကောင်းနဲ့ သုံးနူန်းတာဖြစ်တယ် ဆိုတာကို နည်းနည်းလေး စူးစမ်းစဉ်းစားရုံနှင့်ပင် ကျွန်တော်တို့ သိသာနိုင်ပါသည်။
ရှေ့တွင် ရှင်းပြခဲ့သလိုပါပဲ ၊ မဟန်နဘိခ်ျက ကျယ်ဝန်းကောင်းမွန်သော စေတနာနှင့် ပေးသော ခေါင်းစည်း၏ စရိုက်ကို ပရိယာယ် ကြွယ်ဝလေ့မရှိတဲ့ အစိုးရနှင့်တကွသော တချို့သောသူတွေက သူတို့မြင်နေကျအတိုင်း တိုင်လုံးတစ်ဖက်တည်းကနေ ကြည့်ပြီး မကောင်းဘူးလို့ မြင်နေခြင်းပါပဲ။ The Face of Buddhist terror ဆိုတာ မဟန်နဘက်က တချို့ ခုခံသူတွေ ဖြေတွေးသလို “ဗုဒ္ဓဘာသာ၏ အကြမ်းဖက်မှု မျက်နှာစာ” လို့တော့ အတိအကျ အဓိပ္ဗာယ်မပေါက်ပါ။ ဟုတ်ကဲ့၊ နောက်တာတော့ မဟုတ်ပါဘူး။ မဟန်နက “ဗုဒ္ဓဘာသာ၏ သောက်ခွက်(မျက်နှာ)”လို့ သုံးထားတာတော့ အဟုတ်အမှန်ပါပဲ။ ဒါပေမယ့် အဓိက သိမ်မွေ့မွန်မြတ်တဲ့ စကားလုံးက သူမရဲ့ ကြောက်ရွံ့ခံစားရပုံကို ဖော်ပြတဲ့၊ လူတွေက စော်ကားတယ်လို့ ထင်တဲ့ Terror ဝေါဟာရက အဓိကဖြစ်ပါတယ်။ Terror ဆိုတဲ့ ဝေါဟာရဟာ အများသိကြသလို အကြမ်းဖက်မှုကိုတင် ဖော်ပြတာ မဟုတ်သလို သည်အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး လူတစ်ဦးချင်းမှာ ခံစားရလေ့ရှိတဲ့ စိတ်ခံစားမှုဖြစ်တဲ့ “စက်ဆုပ်ကြောက်ရွံ့မိခြင်း” ကိုပါ အဓိကညွန်းဆိုပါတယ်။ ထို့ကြောင့် သူမပြောလိုတဲ့ အတိအကျ အဓိပ္ဗာယ်က “ခြောက်ခြားစက်ဆုပ်စဖွယ် အကြမ်းဖက်မှု နှင့် ဗုဒ္ဓဘာသာဝင်၏ မျက်နှာ” လို့ အဓိပ္ဗာယ်ထွက်ပါတယ်။ ဗုဒ္ဓဘာသာဝင်မျက်နှာ ဆိုတာကတော့ သူမ စက်ဆုပ်ကြောက်ရွံ့မိတဲ့ ဝီရသူကို တစ်သီးပုဂ္ဂလိကချင်း ညွန်းတာတော့ မဟုတ်ပါဘူး၊ အကြမ်းဖက်မှုကို ဗုဒ္ဓဘာသာအမည်ခံပြီး လုပ်တဲ့သူအားလုံးကို ညွှန်းဆိုထားတာ ဖြစ်ပါတယ်။ အများဆိုင်နာမ်(သို့) အစုပြနာမ်လို့ ပြောလည်းမှန်ပါတယ်။ ဟုတ်ကဲ့၊ သေချာပေသပေါ့၊ ခုချိန်မှာ ဝီရသူရဲ့  သောက်ခွက်ကတော့ အဲသည် ဗုဒ္ဓဘာသာ အမည်ခံ စက်ဆုပ်ဖွယ်မျက်နှာတွေထဲမှာ ကြီးတောင့်ကြီးမား တစ်ခုအပါအဝင် ဖြစ်လို့ မျက်နှာဖုံးမှာကို တမင်ကို  ထည့်ထား၊ ဗုဒ္ဓဘာသာဘုန်းကြီး အမည်ခံပြီး ရမ်းကားနေသူတွေရဲ့ ဘာသာရေး သောက်ခွက်တွေအားလုံးကို ရူတ်ချချင်လို့ကို စိတ်ကူးကောင်းကောင်းနဲ့ အယ်ဒီတာက ထည့်ထားတာပါပဲ။
တကယ်က မဟန်နဟာ အင်မတန်ကောင်းမွန်တဲ့ စေတနာနဲ့ ပြောနေတာဖြစ်သလို မိုက်မဲလှတဲ့ မြန်မာအာဏာပိုင်တွေ၊နောက်ပြီး မြန်မာ နိုင်ငံရေးသမား အတိုက်အခံဆိုသူတွေကိုယ်တိုင် နှာစေးနေတဲ့ ပြဿနာကို ကမ္ဘာကြီးကို ကယ်တင်ပေးပါလို့ သူမ၏ စိတ်အားငယ်မှု ကို စိတ်အရင်းခံအတိုင်း ဖော်ပြတောင်းဆိုထားတဲ့ ဆောင်းပါးရိုးရိုးလေးပါပဲ။ တကယ်ကတော့ ခု သူမရဲ့ စိတ်အားငယ်မှုဟာ ခုနေမှာရော နောင်နေခါမှာ ၉၆၉  ဂိုဏ်းရဲ့  နှိပ်စက်ခြင်းကို ခံရတဲ့(ခံရမယ့်) လူတွေကို ကိုယ်စားပြုထားတာပါ ။ အင်မတန် ရိုးသားကောင်းမွန်တဲ့ စေတနာဖြစ်ပြီး မိန်းကလေးပေမယ့် ပြောင်မြောက်လှတဲ့ သတ္တိလို့ ဒို့များတော့ ချီးကျုးမိပါတယ် ။ နောင် ဆောင်းပါးကို ဆက်ကြည့်ရင် ပေါ်လွင်နေတာက သူမ ဘာဘာသာလဲဆိုတာ ကျွန်တော် မသိပေမယ့် သူမဟာ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မကို လေးစားသူ ဖြစ်တယ်ဆိုတာ ကောင်းကောင်း ခန့်မှန်းနိုင်ပါတယ်။ ဆောင်းပါးတစ်ခုလုံး၏ ဆိုလိုရင်းကို ဖော်ပြရလျှင် အင်မတန်လေးစားဖွယ် တရားဓမ္မတွေနဲ့ တကွ ကမ္ဘာ့ဘာသာတရားကြီးဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာဟာ ဝီရသူလို ဗုဒ္ဓဘာသာအမည်ခံ သောက်ခွက်နဲ့ စက်ဆုပ်ဖွယ်လူတွေကြောင့် ညှိုးနွမ်းရတော့မှာလားဆိုပြီး ဗုဒ္ဓတရားကို ကာကွယ် အသိပေးလိုတာ ဖြစ်ပါတယ်။ ဆောင်းပါး၏ နောက်ဆုံးစာပိုဒ်ကို ကြည့်ပါလေ။

မူဆလင်ဆိုရင် လူယုတ်မာပဲ ဆိုသော အဲသလို စိတ်ခံစားမှုမျိုးသည် မြန်မာဘင်လာဒင်က သြဘာပေးထောက်ခံ၍ လူထုကြားမှာလည်း လှုပ်ရှားလူးလွန့်စေလိုသော စိတ်ခံစားမှု ဖြစ်ပါသည်။ ဗုဒ္ဓ၏ ငြိမ်းချမ်းသော သုတ္တန်ဒေသနာတွေနဲ့ မူဆလင်တွေကို အကြမ်းဖက်သောကိစ္စ မြန်မာအများစု နေသည့် သူ့မြေတွင် အနှံ့အပြားဖြစ်ပေါ်နေခြင်းကို ဘယ်လို ညှိနိုင်းလို့ ရမှာလဲ ဟု ကျွန်မ ဝီရသူကို မေးပါသည် (ဘွဲ့ရှေ့တွင် ‘ရှင်’ မထည့်သည်ကို သတိပြုပါ) ။ “ဗုဒ္ဓတရားအရ ငါတို့ဟာ ရန်စောင်လို့ မရပါဘူး”  ကလေးတစ်ယောက်ကို သူ လက်ချာပေးနေရသည့်နှယ်မျိုး သူက ပြောပါသည် (ကျွန်မသည် ဗုဒ္ဓကျမ်းဂန်ပါ သဘောတွေကို လေ့လာထားပါတယ်။ ကလေးလို ညာလို့ရတယ်လို့ သူထင်နေပုံ ရပါ၏ ) ။ “ဒါပေမယ့် ဒို့ဟာ ဒို့အသိုင်းအဝိုင်းကို ကာကွယ်ဖို့ ဘာမဆိုလုပ်ပိုင်ခွင့် ရှိတယ်” (နာဇီဝါဒ - moral relativism ကို တိုက်ရိုက်ဖော်ပြသော စာသားဖြစ်ပါ၏ ၊ ဒါကို ကမ္ဘာကြီးကို မဟန်နသည် အသိပေးလိုခြင်းပါတည်း) ။ နောက်ညနေတွင် သူလူအုပ်ကို တရားဟောသောအခါ ကျွန်မလိုက်နားထောင်ပါသည်။ ပြုံးနေကြတဲ့ အိမ်ရှင်မတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေ၊ အဘွားအိုတွေ နှင့် ကျန်သူတို့ကို သူဆိုတာကို နောက်ကလိုက်ဆိုခိုင်းပါ၏ “ဗမာလူမျိုးတို့ အတွက် ငါတို့ကိုယ် ငါတို့ အနစ်နာခံ (စတေး)ပါအံ့” ။ ဗုဒ္ဓရှင်တော်သည် (စက်ဆုပ်ကြောက်ရွှံ့ဖွယ်)   ဤတရားကို ကောင်းချီးပေးလိမ့်မည်လို့တော့ ထင်မိဖို့ ခက်လှပါ၏။

ဘယ်မလဲ၊ ဗုဒ္ဓဘာသာကို အကြမ်းဖက်ဘာသာလို့ စွပ်စွဲတယ် ဆိုတဲ့ အဓိပ္ဗာယ်?  ဆောင်းပါးတစ်ခုလုံး အဲသလို အဓိပ္ဗာယ်မျိုး ဘယ်နေရာမှာမှ ကျွန်တော် မတွေ့မိပါ။
ညိုထွန်း

Tuesday, June 25, 2013

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၂)



ပထမအခန်းတွင် ဆွေးနွေးခဲ့သလို ဤစာအုပ်သည် လက်ရှိ ထိပ်တိုက်ရင်ဆိုင်မှုများကို နားလည်စဉ်းစားနိုင်ဖို့ရန် အသိသညာ အခြေခံစနစ်ဘောင် (framework) ကို ဖော်ဆောင်ပေးရန် ရည်သန်ပါသည်။ လူတွေကို တစ်ဖုံတစ်စားတည်း ခွဲခြားမှုသည် ယခု လက်ရှိသိနေကြသော အသိသညာစနစ်ဘောင်တို့တွင် တစ်ခန်းတစ်ကဏ္ဍ မင်းမူနေပြီး ဤသဘောသည် ကိစ္စတို့ကို ပိုမိုရူပ်ထွေးစေသော အကြောင်းရပ်လည်း ဖြစ်ပါသည်။ ဤရူပ်ထွေးမှုသည် ကျွန်တော်တို့နေသော ကမ္ဘာမြေကို မီးလောင်တိုက်ထဲ မောင်းချနေပါ၏။ သည်မှာ ကျွန်တော် ညွန်ပြမည့် ပြဿနာသည် အနောက်တိုင်းက လူတွေက တခြား ယဉ်ကျေးမှုများကို ဆီမစွတ်ဘဲ သေးသိမ်စွာ မြင်လိုသည့် အမြင်ကြမ်း အမြင်ရိုင်းတို့ထက် များစွာ သိမ်မွေ့နက်နဲလှလွန်း ပါ၏။ (လူတွေက ဥာဏ်ရှိသည် ယဉ်ကျေးသည် မှန်ကန်သည်ဟု မှတ်ယူကြသော - moral relativism) အနောက်၏ အမြင်သည် ဘယ်လို ရိုင်းတတ်သလဲဆို အမေရိကန် စစ်တပ်မှ ထိန်းမရအောင် မြှောက်သော လက်ဖတင်နင် ဗိုလ်ချုပ် ဝီလျံ ဘွိုင်းကင်း၏ ပြောပုံကို ကြည့်ပါ (သင်းက ဆိုသော ငါ့ဘုရားဟာ သည်ကောင်တွေ ဘုရားထက် ကြီးတယ် ဆိုတာကို ပထမ အခန်းတွင် ပြန်ရူပါလေ) ။ အဲသလို ဦးနှောက်မရှိ ပုစွန်ခေါင်းနှင့် ကြည့်မြင်သော အမြင်မျိုးတို့ကို ကနေ့ကမ္ဘာတွင် ကြုံတွေ့မိဖို့ရန် ခက်လှသည် မဟုတ်ပါ။
            ဒါမျိုး ဦးနှောက်မရှိတာတွေထက် ပိုမိုကြီးမား၍ ပိုလည်းယျေဘုယျကျသော ပြဿနာ တစ်ခုကို ငါတို့မြင်ရမည်မှာ (လူတွေကို လူဆိုးငပွေးဆိုပြီး ဗြောင်ကင်ပွန်းတပ်နေခြင်း မရှိသည့်တိုင်အောင်) လူတွေကို ဘာသာရေး အမှတ်လက္ခဏာဖြင့်သာ တစ်မျိုးတစ်စားတည်း ပိုင်းဖြတ်ကြည့်မြင်ရာမှ ဆက်လက် ဖြစ်ပေါ်လာသော ကြောက်စရာကောင်းသည့် အကျိုးဆက်တို့ကို ဖြစ်ပါသည်။ ဤကိစ္စသည် မျက်မှောက်ကမ္ဘာတွင် ပေါ်ထွန်းလာသော ကမ္ဘာလုံးဆိုင်ရာ မဟားတရားလုပ်မှု နှင့် အကြမ်းဖက်ဝါဒတို့၏ သဘာဝ နှင့် ရွှေ့လျားလည်ပတ်နေပုံကို နားလည်ဖို့ရန် အသည်းအသန် အရေးပါသည့် အမှတ်နေရာ ဖြစ်ပါ၏။ ကမ္ဘာကြီးကို ဘာသာရေးလက္ခဏာတို့ဖြင့် တံတိုင်းထရံကာပြီး အုပ်စုခွဲခြားခြင်းသည် ကမ္ဘာအနှံ့အပြားမှာ ရှိသည့် လူတွေနှင့် ၄င်းတို့ကြား ရှိသည့် စုံလင်ကြွယ်ဝသော နွယ်ဆက်မှုများကို အလွန်တရာ ချွတ်ချော်လွဲမှားစွာ နားလည်နေခြင်း ဖြစ်ရုံသာမက ယင်းသည် လူတစ်ဦးတစ်ယောက်ကို ၄င်း၏ သီးသီးသန့်သန့်  လက္ခဏာတစ်မျိုးတည်းကိုသာ ထင်းကွက်ပြီး မြင်နေတာဖြစ်ပြီးလျှင် ထိုသူတစ်ဦးတွင် ရှိသော အခြား အရေးပါသည့် လက္ခဏာ အရေးအရာ မှန်သမျှကို အပြီးဝကွက် ပစ်ပယ်ထားခြင်းမျိုး ဖြစ်သည်။
            အစ္စလမ် အကြမ်းဖက်ဝါဒကို ကိုင်တွယ်ဖို့ ကြိုးစားကြရာတွင် မူဆလင်တစ်ဦး ဖြစ်ခြင်းသည် ထိပ်တိုက်ရင်ဆိုင်လိုသော စစ်သွေးကြွဝါဒကို ကိုင်စွဲထားရန် တောင်းဆိုထားပါသလား ဆိုတာနှင့် စပ်ပြီး စကားငြင်းခုံပွဲများ ဖြစ်ပေါ်ခဲ့ပါသည်။ သို့မဟုတ်လည်း များစွာသော ကမ္ဘာ့ခေါင်းဆောင်တို့က နွေးထွေး ― စိတ်အားတက်ကြွဖွယ်ရာ  ငြင်းပြုသလိုပင် “မူဆလင် အစစ်အမှန်” တစ်ဦးသည် သည်းညှင်းခံသောသူ ဖြစ်သည် ဆိုတာမျိုးလည်း တင်ပြကြပါသည်။ အစ္စလမ်လို့ ဖြစ်ခဲ့လျှင် မဖြစ်မနေ ထိပ်တိုက်ရင်ဆိုင်ရမည် ဟူပြီး ဖတ်ရူဘာသာပြန်နေခြင်း မျိုးကို ငြင်းပယ်ခြင်းသည် မုချ သင့်လျော်မှန်ကန် သလို ကနေ့လိုမျိုး အချိန်အခါတွင် အင်မတန် အရေးကြီးသော ကိစ္စလည်း ဖြစ်ပြီး သည်အရေးကိစ္စမျိုးအတွက် အထူးသဖြင့် တိုနီဘလဲ၏ ဆောင်ရွက်ချက်များသည် ချီးမွမ်းသြဘာပေးဖို့ရန် ထိုက်တန်ပါပေ၏ ။ သို့သော် ဘလဲက ခဏခဏ ကိုးကားသည့် “အစ္စလမ်၏ အလယ်အလတ် သဘောထား ထင်ဟပ်ပေါ်လွင်နေသော စစ်မှန်သည့် အသံ” ဆိုသော သဘောမျိုးကိုတော့ ငါတို့ မေးခွန်း ထုတ်ရမည်မှာ ―  မူဆလင် အစစ်အမှန် ဆိုတာကို ထိပ်တိုက်ရင်ဆိုင်ခြင်း နှင့် သည်းညှင်းခံခြင်း စသည့် လူမှုရေး နှင့် နိုင်ငံရေးရာ ကိစ္စတို့တွင် လာပြီး ပိုင်းခြားသတ်မှတ်လို့ရသလား ဆိုတာနှင့် ငါတို့ရှေ့တွင် ဆွေးနွေးခဲ့သလို သမိုင်းတွင်လာသည့် မူဆလင်ပေါင်းစုံတို့၏ မတူကွဲပြားသည့် ကျင့်ကြံပြုမူဟန်များကို ကြည့်ခြင်းအားဖြင့် ― အဲသလို သတ်မှတ်ဖို့ တကယ်ကော လိုပါသလား ၊ ဤသို့ ပိုင်းခြားသတ်မှတ်လို့ကော လုံးဝ ရလို့လား ဆိုတာကို ပေတည်း။
            အဟုတ်အသေအချာ ပါပဲ၊ သွင်ပြင်လက္ခဏာ တစ်မျိုးတစ်စားတည်းကိုသာ စွဲယူနေသော အသိတရားဆိုင်ရာ ပြဿနာသည် မူဆလင်တို့ကိုသာ ရည်ညွှန်းမတ္တဖြစ်သော ပြဿနာ သီးသန့်ထူးခြား မဟုတ်ပါ။ ၄င်း အသိတရား ပြဿနာသည် ခရစ်ယာန်၊ ဂျုး ၊ ဟိန္ဒူ နှင့် ဆိ စသော ဘာသာတရား သက်ဝင်ယုံကြည်သူ လူမျိုးစုံ၏ နိုင်ငံရေးအမြင် နှင့် လူမှုရေးပိုင်းဆိုင်ရာ ပိုင်းဖြတ်ဆောင်ရွက်ချက်များကို မှန်ကန်စွာ နားလည်ဖို့ရန် ကြီးမားစွာ ဖုံးအုပ်ထားသော အယူအစွဲ ဖြစ်ပါသည်။ ယင်းသို့သော (ဇာတ်တူသား) အယူအစွဲ တစ်ခုတည်းပေါ် မူတည်ပြီး သိမြင်ခြင်းကြောင့်လည်း ဘာသာရေးခေါင်းဆောင်ဟု ကိုယ့်ကိုကိုယ် ညွှန်းဆိုသူတို့သည် (သို့မဟုတ်လည်း မီဒီယာတို့မှ မြှောက်ပင့်ခံရသူတို့သည်) ငါ့ရဲ့ “တိရစ္တာန်အုပ်” အတွက် ငါသည် ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်ဟု ကြော်ငြာမောင်းလည်ခြင်းတို့သည် ဖြစ်ပေါက်လာကုန်ကြ၏ ။ သည်လို တစ်ဇာတ်တူသား တစ်ဖုံတစ်စားချည်းတည်း ဟု ခွဲခြမ်းကြည့်မြင်သော အသိကြောင့် ဘာသာရေး အသီးသီးတွင်  အာဏာကို အဆင့်ဆင့် ကျောက်တိုင်ပမာ ကေသရာသို့ မိုးမတ်စိုက်ထူသူတို့၏  အမိန့်ပေးသော အသံမျိုးသည် ကျယ်လောင်လာတတ်သလို တစ်ခြားသော လူ့ဘဝမျက်နှာစာတို့သည် ဘာသာရေးနှင့် နိုင်းစာလျှင် သေးသိမ်သည့် သဖွယ် ၊ အရေးလုပ်ဖွယ် မလိုသည့်သဖွယ် ဖြစ်ပျက်လာကုန်ကြ ပေသည်။
            ကနေ့တွင် စိုးရိမ်ကြသလို ― အံအားလည်းသင့်ကြသည့် အချက်မှာ ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်ရန် ဆိုပြီး အနောက်ကမ္ဘာသည် မူဆလင် ဘာသာရေးအုပ်စုတို့ နှင့် ခရစ်ယာန်မဟုတ်သော ဘာသာရေးအုပ်စုတို့၏ ခေါင်းဆောင်ဆိုသူ တို့ကို အပြန်အလှန် စကားဆွေးနွေးပွဲများတွင် ဆွဲသွင်းပါဝင်လာစေပေမယ့်လည်း ဘာသာရေးအစွန်းရောက် ဝါဒ နှင့် စစ်သွေးကြွ လူခန့်အပ်မှု တို့သည် ယင်းအနောက်နိုင်ငံတို့တွင် သာပြီးတော့တောင် ဆိုးလာခြင်း ဖြစ်ပါသည်။ ဟုတ်ပါ၏ ၊ ဤသည်မှာ အဆန်းတကျယ် ဖြစ်ပြီး ပေါ်ပေါက်လာတာ မဟုတ်ပါ။ ဘာသာရေး ခေါင်းဆောင်ဆိုသူတို့နှင့် ဘုန်းကြီးများကို နိုင်ငံရေး ရည်ရွယ်ချက်တွေကို ထောက်ခံရန် နှင့် နောင်ပြီး  လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးရာ လူမှုရေးရာ သဘောထားတွေနှင့် ကိုက်ညီရန်ဆိုပြီး ဘာသာတရားဆိုတာကို ပြန်လည် သတ်မှတ်ဖွင့်ဆိုရန် ကြိုးပမ်းနေခြင်းသည် လူတွေမှာရှိသော ဘာသာရေး နှင့် မဆိုင်သည့် တန်ဖိုးများ၏ ထင်ရှား အရေးပါပုံ နှင့် ယင်း တန်ဖိုးများသည် လျောက်ပတ်သလို သူ့ အပိုင်းကဏ္ဍနှင့်သူ ရှိကြောင်းတို့ကို သေးသိမ်စေခြင်း ဖြစ်ပါ၏။
            ဗလီဆရာ နှင့် သင်းအုပ်ဆရာတွေကို ၄င်းတို့ နှီးရင်းသည့် ဘာသာရေးလောက၏ အပြင်ဘက်ကမ္ဘာတွင် တစ်ခန်းတစ်ကဏ္ဍ ပါဝင်ကပြစေခြင်းသည် ဗလီတွေ နှင့် ဘုရားကျောင်းတွေမှာ ဟောပြောပုံတွေကို အကျိုးခြားနား သက်ရောက်မှု တစ်စုံတစ်ရာ ရှိနိုင်ပါသည်။ သို့ပေမယ့် သည်လိုမျိုး လုပ်တာဟာ သဘောသဘာဝကိုက နိုင်ငံရေး နှင့် လူမှုရေးဖြစ်သည့် ပြဿနာများကို မူဆလင်ဘာသာဝင် ပြည်သူလူထုမှ အရပ်ဘက်ဆိုင်ရာ စဦးဆောင်ရွက်မှုများဖြင့် သူတို့ကိုယ်တိုင် (အများသူငါတို့နှင့်တကွ) ရွှေ့လျား ဖြေရှင်းလိုသော သဘောကို သေးသိမ်နူတ်နယ် စေပါ၏ ။ နောက်ထပ်လည်း ဤသို့ ဘာသာရေးဆရာတွေကို ပွဲတွေလုပ်ပေးပြီး အားပေးအားမြှောက်လုပ်ခြင်းသည် ထို မတူညီသော ဘာသာတရားတို့မှာ ရှိသည့် လူအပေါင်းကို ပိုမိုဝေးကွာသွားစေသော အာရုံမျိုးကို ဖြစ်ပေါ်စေပါသည်။ မည်သို့နည်းဟူမူ ထိုလူအပေါင်းတို့၏ သီးသန့် ထင်ရှားကွဲပြားသည့် ဘာသာတရား အမှတ်လက္ခဏာတို့သည်သာလျှင်  ပေါ်လွင်လာစေတတ်ပြီး ထိုသူတို့၏ ဘာသာရေးမဟုတ်သည့် လူမှုကိစ္စလက္ခဏာ အဝဝကို (ဥပမာအားဖြင့် တစ်နိုင်ငံတည်းသား ဖြစ်ခြင်း၊ တစ်မြို့တည်းသား ဖြစ်ခြင်း၊ တစ်စကားတည်းကိုပဲ ပြောသူဖြစ်ခြင်း၊ လွှတ်တော်အမတ်တွေကို မကြိုက်တာကတော့ အတူဖြစ်ခြင်း၊ အေးမြတ်သူကို သဘောကျတာကတော့ အတူဖြစ်ခြင်း စသည်ကို) ကွယ်ကာ၍ ထားတတ်ပါသည်။ စင်စစ် ဘာသာရေး မဟုတ်သည့် ထို အခြား လူမှုသွင်ပြင်လက္ခဏာ ပေါင်းစုံတို့သည် လူ့ဘောင်တစ်ခုတွင် လူတို့အား သဘောညီမျှ ရှိစေမှုကို ပိုမို၍ ဆောင်ကြဉ်းနိုင်အားပါ၏ ။ မူဆလင်ဖြစ်သည့် ဗြိတိသျှ နိုင်ငံသားတစ်ဦးသည် သူ့ လူတစ်ဦးချင်းကို မတော်မတရားလုပ်လာမှုတို့မှ ကာကွယ်စောင့်ရှောက်ခံရရန် အရေးကို ကြောင့်ကြသောအားဖြင့် နိုင်ငံတော် ဝန်ကြီးချုပ်ကြီး တိုနီဘလဲ နှင့် စကားပြောချင်ပါသော်လည်း ထိုဝန်ကြီးချုပ်ကြီး တိုနီဘလဲသည် ဘာသာရေး ခေါင်းဆောင်ကြီး ဆိုသူတွေနဲ့ပဲ စကားပြောရန် သီးသန့်တိပ စိတ်အားထက်သန် နေခဲ့ပါသော် ထိုမူဆလင်ပြည်သူသည် ဝန်ကြီးချုပ်ကို အကြောင်းကြားရန် ခေါင်းဆောင်ဆိုသူ မူဆလင် ဗလီဆရာတွေကို အားကိုးအားထား လုပ်နေရပါမည်လော။

စာချပ်။ ။ မူဆလင် နေရာမှာ ဗုဒ္ဓဘာသာ၊ ဗလီဆရာ နေရာမှာ ဘုန်းကြီးဟု မြန်မာပြည် လက်ရှိပြဿနာ နှင့် အစားထိုးပြီး မြင်တတ်ပါလေ။ စင်စစ် လူမှုရေး နှင့် နိုင်ငံရေး ပြဿနာတို့ ဆိုသည်မှာ လူ့ဘဝ လူမှုလူဘောင်၏ ပြဿနာသာ ဖြစ်၏ ။ ဘုန်းကြီး၏ ပြဿနာ မဟုတ်။ ဘုန်းကြီးဆိုသည်မှာ ယျေဘုယျအားဖြင့် လူမှု လူ့ဘောင်ဘဝ ဆိုတာမျိုးကို ရုန်းကန်လှုပ်ရှားခဲ့သော ဘဝအတွေ့အကြုံမျိုး ၊ ခံစားတတ်မှုမျိုး နှင့် နောင်ပြီး နားလည်တတ်ခြင်းမျိုး ရှိသည် မဟုတ် ။ ကိုယ်တော်တို့တွင် ထိုကိစ္စတို့နှင့်စပ်၍ စာသဘော လေ့လာမှုအားကြောင့် သုတမယဥာဏ် တမူကား ရှိနိုင်ပါ၏ ။ သို့သော် တကယ့် လူ့ဘဝတွင် ကျင်လည်ကျက်စားဖြတ်သန်းရသည့် လူဝတ်ကြောင် ပြည်သူတစ်ဦးချင်းတို့၏ ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ရသော လူမှုဘဝ အတွေ့အကြုံမှ လာသော ပြဿနာ၏ အတိမ်အနက်ကို ထွင်းဖောက်မြင်နိုင်သော ဝိဇ္ဖာမယဥာဏ်၊ ထို့ထက် အခက်အခဲတို့ကို လက်တွေ့စွမ်းဆောင် ကျော်လွှားနိုင်ရန် ကြပ်ကြပ်တည်းတည်း ကြံစည်ရသော စိန္တာမယဥာဏ်မျိုးသည်ကား ထိုကိုယ်တော်တို့တွင် မရှိနိုင် ။ ထို့ကြောင့် လူ့ဘဝ လူ့ဘောင်၏ “နိုင်ငံရေးရာ ၊လူမှုရေးရာ ပြဿနာတွေကို ကိုယ်တော်တို့ ပါဝင်ဦးဆောင် ဖြေရှင်းပါ” ဆိုသော မူဝါဒမျိုးသည် လုံးဝလွဲမှားသော မူဝါဒဖြစ်သည့် အပြင် ယင်းသို့ ဘာသာရေးအာဏာကို လူမှုကိစ္စတို့တွင် ရှေ့ကို ပွဲထုတ်လာခြင်းသည် ပြခဲ့သလို ပေါကြွယ်စုံလင်သော လူမှုလက္ခဏာ များစွာ၏ ဖြည့်ပါဝင်မှုကို တံခါးဟင်းလင်းဖွင့်လှစ်ထားသော လူ့ဘောင် (Open Society) မြန်မာပြည်တွင် ပေါ်ထွန်းဖို့ရာ အရေးကိစ္စကို သေးသိမ်နိမ့်ကျ စေခြင်းပေတည်း။ အမေရိကန် ပြည်ထောင်စု ၏ လွတ်လပ်ရေးကြေငြာစာတမ်းရှင် သောမတ် ဂျက်ဖာဆန်က သည်သို့ ချို့ယွင်းကျဉ်းမြောင်းသော အယူအဆနှင့် စပ်၍ ပြောခဲ့သည်မှာ

“သမိုင်းဟူသည်တွင် ငါယုံကြည်မိသည်မှာကား ဘုန်းကြီးစီးသည့် လူထုဟူသည် လွတ်လပ်သော အရပ်သားအစိုးရကို ထိန်းသိမ်းထားနိုင်သည့် ဥပမာဟူ၍ လုံးဝမရှိ ။ ဘုန်းကြီးစီးသည့် လူ့ဘောင်မျိုးကို လိုချင်ခြင်းသည်  မိုက်မဲပိတ်ဖုံးသည့် အနိမ့်ကျဆုံး အသိတရား၏ လက္ခဏာမျိုးဖြစ်သလို ဒါမျိုး အမိုက်တရား ထွန်းကားသည့် နိုင်ငံသည် အရပ်ဖက်ခေါင်းဆောင် တို့မှရော ဘာသာရေး ခေါင်းဆောင်တို့ပါမကျန် သူ့တို့ စီးပွားအမြတ်ထွက်ရဖို့သာ လိုက်ရှာနေမည့် လူ့ဘောင်မျိုးပေတည်း”

ညိုထွန်း