Sunday, February 2, 2014

ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၃)



သံဃာ သင်းကွဲမှု (သံဃဘေဒ) ဟူသည်မှာ နယ်ပယ်ရပ်ဝန်း တစ်ခုတွင် ဓမ္မဝိနယ နှင့် အညီ ကျင့်ကြံညီညွတ်သည့် မူလ သံဃာ အဖွဲ့အစည်းမှ အဖွဲ့ နှစ်ဖွဲ့ ကွဲထွက်သွားပြီး  ထိုနှစ်ဖွဲ့ အနက် တစ်ဖွဲ့တွင် အနည်းဆုံး သံဃာငါးပါး ပါဝင်ကာ ကျန်တစ်ဖွဲ့တွင် အနည်းဆုံး သံဃာလေးပါး ပါဝင်ခဲ့သော် သံဃာသင်းကွဲခြင်း မြောက်ပါသည်။

ဗုဒ္ဓသည် သံဃာသင်းကွဲမှုကို ပြင်းထန်စွာ ရူံ့ချပြီး ရှင်တော်က မြွက်ကြားသည်မှာ ပုဂ္ဂိုလ်တစ်ဦးသည်  ဓမ္မဝိနယကို မှန်ကန်စွာ နားလည် ကျင့်ကြံသော သံဃာ အဖွဲ့အစည်းတွင် မူလတွင် ပါဝင်ခဲ့ပြီး တရားဓမ္မနှင့် မလျော်ညီစွာ ကျင့်ကြံသည့် သံဃာ အဖွဲ့အစည်း ဘက်သို့ ၄င်းသံဃာအဖွဲ့သည် တရားဓမ္မ နှင့် မလျော်ညီစွာ ကျင့်ကြံသည်ကို မိမိက သိထားပါလျက် (သို့မဟုတ်) သံသယ ရှိပါလျက် နှင့်  ကူးပြောင်းခဲ့သော် ထို ပုဂ္ဂိုလ်သည် ကပ်ကမ္ဘာ တစ်ခုလုံး ငရဲတွင် ကျက်ရပါလိမ့်မည် ။

ခန္ဓကဝဂ် တွင် ဗုဒ္ဓသည် ရဟန်းသံဃာတို့အား သံဃာသင်းကွဲမှုကို ကာကွယ် တားဆီး ဖြတ်တောက်ရန် နည်းလမ်းတို့ကို ညွှန်ပြထားပြီး သံဃဘေဒ အမှုကို တားဆီးဖို့ အတွက်ဆို ဘိက္ခုတို့ ဝါမဆိုနိုင်ခြင်းကိုပင် အထူးခြွင်းချက် အနေဖြင့် ခွင့်ပြုတော် မူပါသည်။ သို့သော် ခန္ဓကဝဂ် တွင် ကိုယ်တော်မြတ်ကြီးသည် လူပုဂ္ဂိုလ်များ သံဃာသင်းကွဲသော ကိစ္စမှာ ဝင်မပါနဲ့လို့ တော့ တားမြစ်လို့ ထားတော် မမူပါ။ ထိုအစား ရှင်တော်က တရားဓမ္မနှင့် အညီ ကျင့်ကြံသော အဖွဲ့ဘက်သို့ ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းတော် မူပါသည်။

နောက်ပြီးတော့လည်း သံဃာသင်းကွဲမှုကို အလျင်စလို စေ့စပ်ပြေငြိမ်းခြင်းကို ကိုယ်တော်မြတ်ကြီး အားပေးတော် မမူပါ။ အကယ်၍ ကွဲပြားခဲ့သော သံဃာတို့သည် ကွဲပြားရခြင်း အကြောင်းရင်းကို ပြန်လည် မတည့်မတ် နိုင်ဘဲ  ပြန်ပူးပေါင်းခဲ့သော် ထိုသို့ ပူးပေါင်းခြင်းသည် တရားဝင်လိမ့်မည် မဟုတ်ဘဲ ကွဲပြားခဲ့ရသော အမှု အကြောင်းရင်းကို ပြန်ဖွင့် စစ်ဆေးရပါမည်။

ဥပမာ ၉၆၉ ကို ကိုးကွယ်မှု နှင့် ရတနာ သုံးပါးကို ကိုးကွယ်မှုဆိုပြီး ကွဲပြားခဲ့ပြီ ဆိုလျှင် နှစ်ခုလုံး ကိုးကွယ်လို့ရသည်ဆိုပြီး သံဃာနှစ်ဖွဲ့ ပြန်ဇာတ်ပေါင်း၍ မရပါ၊ ၉၆၉ သံဃာတို့သည် မိမိတို့သည် တရားဓမ္မ နှင့် အညီ မကျင့်ကြံခဲ့ပါ ၊ အဓမ္မ တရားတို့ကို ပြုမိမိုက်မှား ဟောပြောခဲ့ ပါသည် ဟု သံဃာကောင်းတို့ကို လူသိရှင်ကြား တရားဝင် ဝန်ခံရပါမည်။ ထို့အတူပင် သာသနာ့ပါလ အဖွဲ့ ဝင်တို့သည်လည်း ၄င်းအဖွဲ့၏ ဖွဲ့စည်းခြင်း ရည်ရွယ်ချက် စေတနာ (ဝါ) အမျိုး ဘာသာ သာသနာ သည် ဘုရားဆုံးမထားသည့် တရားဓမ္မနှင့် မညီပါ ဟု အတိအလင်း ကြေညာဝန်ခံမှ သာလျှင် မူလသံဃာ နှင့် ပြန်ပေါင်းခွင့် (ဝါ) သံဃာတော် ပြန်ဖြစ်ခွင့် ရှိပါသည်။

တစ်နည်းအားဖြင့် ဗုဒ္ဓသည် အပေါ်ယံ ညီညွတ်သော သံဃာကို လုံးဝ ခွင့်ပြုတော် မမူပါ။ အဘယ်ကြောင့်လဲဆိုတော့ အဲသလို အပေါ်ယံ ညီညွတ်ပြတယ် ဆိုတာမျိုးဟာ သံဃာဟာ တရားဓမ္မကို မရိုသေ၊ ခြေနဲ့နင်း ခုတုံးလုပ်တဲ့ သဘော ဖြစ်သည်ဟု ကိုယ်တော်မြတ်ကြီးက မြင်သောကြောင့် ပါတည်း။

ဥပမာအားဖြင့် မဟန သံဃာ အဖွဲ့ (နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့သည်) ငါတို့ ဘုန်းကြီး လုပ်မပျက်ရင် ပြီးရောဆိုပြီး ၉၆၉ ကို ကိုးကွယ်တာဟာလဲ မှန်ပါတယ်ဟု ၉၆၉ ဂိုဏ်းနှင့် စေ့စပ်ခဲ့သော် မဟန အစိုးရသံဃာ အဖွဲ့ နှင့် ၉၆၉  ဘိက္ခုမာဖီးယားတို့ ပေါင်းသွားသောဂိုဏ်း ဟူသည် သံဃာမမြောက်။ အဲသလို ပေါင်းလျှင် လူမိုက်ကို လက်ခံပေါင်းသင်းသော မဟန အဖွဲ့ပါ သံဃာ အဖြစ်မှ ဆုံးရူံး၏။

လွယ်လွယ်မှတ်မည် ဆိုလျှင် ဖောက်ပြန်ခွဲထွက်သည့် ရဟန်းအဖွဲ့က မိမိတို့၏ ခွဲထွက်ရခြင်း အကြောင်းရင်း အပြစ်ကို ဝန်ခံခြင်း မရှိလျှင် (အမှန်တကယ် နောင်တရခြင်း မရှိလျှင်) ၄င်း ဖောက်ပြန်ခွဲထွက်သူတို့ နှင့် စေ့စပ်ပူးပေါင်းခြင်းကို ခွင့်ပြုတော် မမူ။ ဒါမျိုး ငြိမ်းချမ်းရေး ရဖို့ဘဲ လိုတယ် ဟု ဆိုကာ အထပ်ထပ် ပူးပေါင်းနေပါလျှင် လူဆိုး သံဃာဂိုဏ်း တစ်ဂိုဏ်းဟာ သံဃာထု တစ်ရပ်လုံးကို ကောက်စားကာ တောမသတ် ကြီးထွားလာနိုင်ပါသည် (infinite regress) ။

ဝီရသူက သံဃာ ငါးသိန်းလုံး သူ့နောက်မှာ ရှိတယ် ဆိုတဲ့ စကားကို ပေါ့သေးသေး မထင်ပါနဲ့။ သင်းသည် ခုပြသလို သံဃာကို ကောက်စား မျိုချဖို့ စဉ်းစားထားပြီး ဖြစ်၍ မျိုလည်း မျိုသွားနိုင်လောက်သည့် အခြေအနေ ရှိနေပါသည်။ ဒါကြောင့်လည်း “လူမိုက်တွေနဲ့ ရွှေပြည်အေး လုပ်ပြီး စေ့စပ် ပေါင်းထုပ်ခွင့် လုံးဝမရှိ” လို့ မြတ်စွာဘုရားက ပြခဲ့သော မူလအာဘော် သည် အင်မတိ အင်မတန် အရေးကြီးပါ ၏။ ခေတ်သုံး ဘိုစကား နဲ့ ပြောရင် The Sangha will never negotiate the Sangha corrupted လို့ လည်း တစ်မျိုး မှတ်နိုင်ပါပေ သတည်း။

သံဃာသင်းကွဲခဲ့လျှင် လုပ်ဆောင်အပ်သော ကျင့်ဝတ်

ရဟန်းတစ်ပါးသည် သံဃာသင်းကွဲပြီ ဖြစ်ကြောင်းကို သိလျှင် သူသည် တရားဓမ္မ နှင့် အညီ ကျင့်ကြံသောဘက် ကိုသာ ပူးပေါင်း ပါဝင်ရ ပါမည်။

မဟာဝဂ် အရ တရားဓမ္မနှင့် အညီ မကျင့်ကြံသော ရဟန်းကို ဤသို့ ခွဲခြား သိနိုင်ပါသည်
“ဘိက္ခု သည် ဓမ္မ မဟုတ်သည်ကို ဓမ္မ အဖြစ်၊ ဓမ္မ ဟုတ်သည်ကို အဓမ္မ အဖြစ်၊ ဝိနယ မဟုတ်သည်ကို ဝိနယ အဖြစ်၊ ဝိနယ ဟုတ်သည်ကို အဝိနယ အဖြစ်၊ ဘုရားက မဟောကြားခဲ့သည်ကို ဘုရားက ဟောကြားခဲ့သည် အဖြစ်၊ ဘုရားက ဟောကြားခဲ့သည်ကို ဘုရားက မဟောကြားခဲ့သည် အဖြစ်၊
ဘုရားက မကျင့်ကြံ မအားထုတ်ခဲ့သည် ကို ဘုရားက ကျင့်ကြံအားထုတ်ခဲ့သည် အဖြစ်၊ ဘုရားက ကျင့်ကြံအားထုတ်ခဲ့သည် ကို ဘုရားက မကျင့်ကြံ မအားထုတ်ခဲ့သည် အဖြစ်၊ ဘုရားက မတိုက်တွန်း မချမှတ်ခဲ့သည်ကို ဘုရားက တိုက်တွန်း ချမှတ်ခဲ့သည် အဖြစ်၊ ဘုရားက တိုက်တွန်း ချမှတ်ခဲ့သည် ကို ဘုရားက မတိုက်တွန်း မချမှတ်ခဲ့သည် အဖြစ်၊ ဝိနည်းချိုးဖောက်ခြင်း မဟုတ်သည်ကို ဝိနည်းချိုးဖောက်ခြင်း ဟုတ်သည် အဖြစ်၊ ဝိနည်းချိုးဖောက်ခြင်း ဟုတ်သည်ကို ဝိနည်း ချိုးဖောက်ခြင်း မဟုတ်သည် အဖြစ်၊ သေးသော အာပတ် ကို ကြီးသော အာပတ် အဖြစ်၊ ကြီးသော အာပတ်ကို သေးသော အာပတ်အဖြစ်၊ မကုစားနိုင်သော အာပတ်ကို ကုစားနိုင်သော အာပတ် အဖြစ်၊ ကုစားနိုင်သော အာပတ်ကို မကုစားနိုင်သော အာပတ်အဖြစ်၊ ဆိုးဝါးသော ဝိနည်း ချိုးဖောက်မှုကို မဆိုးဝါးသော ဝိနည်း ချိုးဖောက်မှု အဖြစ် (ဥပမာ ပါရာဇိက ကို ခုဒ္ဒကဟု ပြောခြင်း)၊  မဆိုးဝါးသော ဝိနည်းချိုးဖောက်မှုကို ဆိုးဝါးသော ဝိနည်း ချိုးဖောက်မှု အဖြစ် (ခုဒ္ဒက ကို ပါရာဇိက ဟုပြောခြင်း) စသဖြင့် သိကြား စေ၏၊ ဤဘိက္ခု သည် တရားနှင့် အညီ မကျင့်ကြံသော ရဟန်းတည်း ဟု သိမှတ်ရာသည်”

တစ်ဖက်တွင် တရားဓမ္မနှင့် အညီ ကျင့်ကြံသော ရဟန်းကို ဤသို့ ခွဲခြား သိနိုင်ပါသည် “ဘိက္ခု သည် ဓမ္မ ဟုတ်သည် ကို ဓမ္မ အဖြစ်၊ အဓမ္မ ဟုတ်သည်ကို အဓမ္မ အဖြစ် … စသဖြင့် သိကြား စေ၏။ ဤဘိက္ခုသည် တရားနှင့် အညီ ကျင့်ကြံသော ရဟန်းတည်း ဟု သိမှတ်ရာသည်”

ဤ လမ်းညွန် ဟောကြားထားချက်ကို ထောက်လျှင် ရဟန်းတစ်ပါးသည် မည်သည့် သံဃအသင်းတွင် ပါဝင်ရမည်နည်း ဆိုသည်ကို ဆုံးဖြတ်နိုင်ရန် ဗုဒ္ဓ ဟောကြားခဲ့သော တရားဓမ္မတို့၏ ပရိယာယ်ကို ကောင်းစွာ ကျွမ်းကျင်နားလည်သူ ဖြစ်ရပါမည်။ အရေးကြီးသော စဉ်းစားရန် နောက် တစ်ချက်မှာ ကွဲထွက်လာသော နှစ်ဖွဲ့လုံးသည် ဖောက်ပြန်မိုက်မှားနေတာလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ရဟန်းသည် မိမိ အနေဖြင့် တရားဓမ္မ တို့၏ ပရိယာယ်ကို ကျွမ်းကျင်စွာ နားလည်ခြင်း မရှိသေးသည့် အတွက် မည်သည့် အဖွဲ့တွင် ပါဝင်ရမည်ကို မဆုံးဖြတ်နိုင် ရှိခဲ့သော် ထိုရဟန်းအတွက် ဘယ်အဖွဲ့ကိုမှ မပူးပေါင်းခြင်းသည် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ မဟာဝဂ်သည် ဤကိစ္စမျိုးကို ကြိုမြင်ထားပုံရပြီး ရဟန်းသံဃာသည် မည်သည့် သင်းကွဲအဖွဲ့တွင်မှ မပါဝင်လို ခဲ့လျှင် ဝါဆိုစရာ ကိစ္စ ရှိနေသည့်တိုင် ၄င်းအဖွဲ့တို့မှ ဝေးရာသို့ ထွက်ခွာခြင်းကို ခွင့်ပြုထားပါသည်။

မူလ သံဃာတွင် ပါဝင်ခဲ့သော ဘိက္ခုနီတို့သည် သင်းကွဲ ရဟန်း နှစ်ဖွဲ့လုံး၏ တင်ဆိုချက်ကို ကြားနာပြီး မည်သည့် အဖွဲ့သည် တရားနှင့် အညီ ကျင့်ကြံသနည်းဟု ဆုံးဖြတ်ကာ ၄င်းတို့မှ တရားဓမ္မ နှင့် အညီ ကျင့်ကြံသည်ဟု ယုံကြည်ယူဆရသော အဖွဲ့ နှင့် ပူးပေါင်းရပါမည်။ လူပုဂ္ဂိုလ်တို့ အတွက်မူ ၄င်းတို့သည် နှစ်ဖွဲ့လုံးကို ဆက်လက် လှူဒါန်းထားသင့်ပြီး နှစ်ဖက်လုံးက ဟောသော တရားကို ကြားနာ၍ တရားဓမ္မနှင့် အညီ ကျင့်ကြံသည်ဟု ယုံကြည်ယူဆရသော သံဃာအဖွဲ့ကို ဦးစားပေး ဆည်းကပ်ရပါမည်။

တစ်ခု မှတ်ရန်မှာ ဗုဒ္ဓသည် တရားနှင့် အညီ မကျင့်ကြံသော ရဟန်းအဖွဲ့ကို ဆွမ်း မလှူဒါန်းရဘူး လို့ တားမြစ်ထားခြင်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် လူသားတစ်ဦး၏ အသက်ရှင်ရန် အခြေခံ ဇီဝ လိုအပ်ချက်ကို မည်သည့်အကြောင်းကြောင့်မှ (unconditional) တားမြစ် ပိတ်ပင်ခြင်း မရှိသင့်သောကြောင့် ဖြစ်ပါသည်။ ဒါပေမယ့်လည်း ကောသဗ္ဗီပြည်တွင် သင်းကွဲကုန်သော ရဟန်းသံဃာ အဖွဲ့တို့သည် အလွန် ခက်ထန်ဆိုးသွမ်းလာခဲ့ သောအခါ ဘုရားရှင်သည် ရဟန်းတို့မှ ဝေးရာ တောအရပ်သို့ ဖဲထွက်သွားရာ ပြည်သူလူထုမှ (ဤ ခက်ထန်သော ရဟန်းတို့ကို အပြစ်ပေးသော အနေဖြင့်) ၄င်းရဟန်းတို့အား ထောက်ပံ့လှူဒါန်းမှုကို လုံးဝ ရပ်တန့်ရန် ဆုံးဖြတ်ခဲ့သော သာဓက ရှိပါသည်။

ကောသဗ္ဗီ ကိစ္စတွင် စားဖို့ ဆွမ်းရှာ မရတော့သော ရဟန်းတို့သည် ပြည်သူလူထုကို ရူံးရကား မြတ်စွာဘုရား ရှိရာ လိုက်သွား တောင်းပန် အပြစ်ဝန်ခံကာ ကိစ္စသည် ပြေငြိမ်းခဲ့ပါသည်။ သို့ရာတွင် ဤသို့ ပြည်သူက သံဃာကို အကြပ်ကိုင်ကာ အနိုင်ရသော ကိစ္စမျိုးသည် အလိုအလျောက်လာသော လူမှု ဖြစ်စဉ် (Spontaneous Order) တွင်သာ ဖြစ်နိုင်ပါသည်။ တမင် ပုံစံချထားသော လူမှုဖြစ်စဉ် (Designed Order) တွင် မဖြစ်နိုင်ပါ။ ချမ်းသာလွန်းသော ‘နိုင်ငံတော်’ မှ သူ မျက်နှာသာပေးလိုသော ဘာသာရေး အဖွဲ့ကို ပါးဖြဲနားဖြဲ လှူဒါန်းနေသော ငါတို့၏ ဗမာပြည် လူမှု ဖြစ်စဉ်မျိုးတွင် ငါတို့၏ ဆင်းရဲသား ပြည်သူလူထုသည် ဓန ခွန်အားကြီးသူတို့နှင့် ပလူးသည့် မာဖီးယား သံဃာဂိုဏ်း တစ်ဂိုဏ်းကို ဘုရားခေတ် လွတ်လပ်သည့် ကောသဗ္ဗီပြည်သားတွေလို အကြပ်ကိုင် လုပ်နိုင်ဖို့ရန် စွမ်းအား မမျှပါ။


လက်တွေ့ ကိစ္စများ

            သင်းကွဲသော နှစ်ဘက်လုံးသည် သြဝါဒ ပါတိမောက်ကို ပြခြင်း (ရွတ်ဆိုခြင်း) အစည်းအဝေးတို့ကို တခြားစီ ပြုလုပ်ပါသော်လည်း ၄င်း နှစ်ဖွဲ့လုံးသည် သြဝါဒ ပါတိမောက် ပြခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတို့ ကို မှန်ကန်စွာ လိုက်နာနေသရွေ့  ၄င်း ရဟန်း နှစ်ဖွဲ့လုံး၏ (သံဃာဖြစ်ခြင်းကို ထိန်းသိမ်း အတည်ပြုသည့်) ဤ အစည်းအဝေးတို့ သည် တရားဝင်ပါသည်။ မည်သည့် အဖွဲ့ကမှ ကျန်တစ်ဖွဲ့၏ သြဝါဒ ပါတိမောက် ပြခြင်းကို တရားမဝင် ဟု ကြေငြာခွင့် မရှိပါ။
        
ဥပမာ အားဖြင့် ဗမာ ရွှေကျင်ဂိုဏ်းမှ သံဃာများသည် ဗမာ သုဓမ္မာ ဂိုဏ်းမှ သံဃာများ၏ သြဝါဒ ပါတိမောက် ပြခြင်းကို တရားမဝင်ဟု ကြေငြာခွင့် မရှိပါ။ အဘယ်ကြောင့် ဆိုသော် ၄င်း နှစ်ဖွဲ့လုံးသည် ဝိနည်းဆိုင်ရာ ဝိဝါဒ ကွဲပြားသည် ဖြစ်ပစေ သံဃာ့ ဘုံကိစ္စဖြစ်သည့် “စင်ကြယ် အပြစ်ကင်းသော အသက်မွေးမှုကို ပြုပါမည်” ဟူသည့် သံဃခံဝန်ချက် သဘောတွင် ယျေဘုယျ တူညီသည့် အတွက် ဤ ခံဝန်ချက်ကို အမှတ်ပြုသော ဥပုသ် အစည်းအဝေးတို့သည် ဂိုဏ်းခွဲ ပြုလုပ်သည် ဖြစ်ပစေ တရားဝင်ပါသည်။

သို့ရာတွင် စဉ်းစားစရာ ရှိသည်မှာ ပါတိမောက် အတူ ရွတ်ဆိုရာတွင် ပါရာဇိက ကျပြီးသော ရဟန်းတို့၏ အရေအတွက်က များနေခဲ့သော် အသို့ လုပ်ရပါ မည်နည်း၊ ဤ ပါရာဇိကကျ ရဟန်းတို့ဖြင့် ပါတိမောက် ပြခြင်းသည် တရားဝင် ပါသေး သလော။ ဤ ကိစ္စကို ပိဋကတော်တွင် ရှင်းပြထားသည်ကို မတွေ့ပါ။

ကျွန်တော့် အမြင်မှာ ပါတိမောက် ပြခြင်းတွင် သံဃာ အစစ်အမှန် ဘယ်လောက် ရှိသလဲဆိုသော အရေအတွက်သည် အဓိက မကျ၊ သံဃာ၏ ကောင်းမွန်စင်ကြယ်သော အသက်မွေးမှုကို အမှတ်ပြုခြင်းသည်သာ အဓိကလိုရင်း ဖြစ်သည့် အတွက် ပါရာဇိက မကျသော ရဟန်းတစ်ပါး ရှိရုံနှင့် ဤ အစည်းအဝေးတို့သည် သံဃာ့ အစည်းအဝေး အဖြစ် တရားဝင်နိုင် ပါသည်။ ဖြစ်နိုင်သည့် အခင်းတို့မှာ ပါရာဇိက ကျပြီး ရဟန်းတစ်ဦးသည် အပြင် အမြင်အရ ရဟန်းခေါင်းဆောင် အဖြစ်ဖြင့် ယင်းအစည်းအဝေးတွင် ရှိပြီး ပါရာဇိက မကျသော ရဟန်းတစ်ပါးသည် ရဟန်းအမည်ခံ ရဟန်းခေါင်းဆောင်၏ နောက်လိုက် အဖြစ်ဖြင့်ပင် ဤ အစည်းအဝေးတွင် ရှိနေနိုင်ပါသော်လည်း အသက်မွေးမှု စင်ကြယ်သဖြင့် အလှူခံထိုက်သော “သံဃာ” သဘောကို အမှတ်ပြု ထိန်းသိမ်းရန် ရဟန်းကိစ္စသည်သာ ပဓာန ဖြစ်သောကြောင့် ဤ အစည်းအဝေးသည် နောက်လိုက်အဖြစ် သတ်မှတ်ခံရသော သံဃာအစစ်၏ သံဃ အကြောင်းကိစ္စအားဖြင့် တရားဝင်ပါသည်။

ဆိုပါစို့။ ဗမာပြည်တွင် လက်တွေ့ ဖြစ်လာနိုင်သော ကိစ္စတစ်ခုကို သုံးသပ်ပါမည်။ မင်းဆိုးမင်းမိုက်၏ အကူအညီ ကျောထောက်နောက်ခံကို ရသော ယနေ့ သာသနာ့ပါလ အဖွဲ့သည် အင်အား ကြီးထွားသည်ထက် ကြီးထွားလာပြီး နောင် ဗမာပြည်တွင် ရှိရှိသမျှ ရဟန်းသံဃာ အားလုံး သာသနာ့ပါလ အဖွဲ့ဝင်များ ဖြစ်ကုန်သည် ဆိုကြပါစို့။ ထိုရဟန်းတို့သည် အမျိုး၊ ဘာသာ၊ သာသာနာရေးသာ ရဟန်းတို့၏ ပဓာန အရေး စသဖြင့်ဆိုကာ အတိုင်းထက် အလွန် ဖောက်ပြန် လုပ်ချင်ရာ လုပ်သဖြင့် ၄င်း သာသနာ့ပါလ အဖွဲ့ဝင် ရဟန်းအားလုံး ပါရာဇိက ကျနေပြီးပြီ ဆိုပါစို့။ အမျိုးကောင်းသား တစ်ယောက်သည် တရားတော်ကို ကြည်ညိုစောင့်ရှောက်လိုသော် တစ်တိုင်းပြည်လုံး သာသနာ့ပါလ အဖွဲ့ ဖြစ်နေသည့် အတွက် ၄င်း တစ်ဖွဲ့တည်းသာ ရှိတော့သော သာသနာ့ပါလ အဖွဲ့သို့သာ ဝင်ပူးပေါင်း၍ ရဟန်းပြုရပါမည်။ ဤ ကိစ္စမျိုးတွင်   ၄င်း အမျိုးကောင်းသားကို ရဟန်းပြုပေးသော ပုဂ္ဂိုလ်တို့သည် ပါရာဇိကကျပြီးသူ (လူပုဂ္ဂိုလ် အဖြစ်ကို ရွှေ့လျောနေပြီးသူ) ဖြစ်နေသည့်တိုင်အောင် (ပရမတ္တ သဘောတွင်) ၄င်းအမျိုးကောင်းသား၏ တရားတော်ကို ကြည်ညိုစောင့်ရှောက်လိုမှု သာ လိုရင်း  ဖြစ်သဖြင့် လူက ရဟန်းပြုပေးသော်လည်း ထိုရဟန်းသည် ရဟန်းစင်စစ် အဖြစ်ကို ရယူနိုင် ပါသည်။

ထိုသို့သော အခြေအနေမျိုးတွင် ရဟန်းအစစ် ဆိုလို့ တစ်ပါးတည်း ရှိပေမယ့် သာသနာ့ပါလ အဖွဲ့၏ ပါတိမောက်ပြ စည်းဝေး ဥပုသ်ပြုခြင်းသည် ဤ တစ်ပါးတည်း ရှိသော ရဟန်း၏ အကျိုးဌာ တရားဝင်ပါသည်။ ကုန်ကုန် စဉ်းစားမည်ဆိုလျှင် ဤ တစ်ပါးတည်းသာ ကျန်တော့သော ရဟန်းသည်ပင် မရှိတော့လျှင်လည်း သြဝါဒ ပါတိမောက် ပြခြင်းသည် “လောကသစ္စာ” သဘောအားဖြင့် တရားဝင်ပါသည် ။ အဘယ်ကြောင့်ဆိုသော် ၄င်း ပါရာဇိက ကျပြီး လူပုဂ္ဂိုလ်တို့နှင့် ပါတိမောက်ပြခြင်းကို လုပ်နေသည့်တိုင် စင်ကြယ် အပြစ်ကင်းသော အသက်မွေးမှု နှင့် နေပါမည်ဟူသော ခံဝန်ချက်တွင် ၄င်း ပါတိမောက် ပြနေသော “လူ” တို့သည် သူတို့ လိမ်ညာဝန်ခံနေသည်ကို သိနေသည့်တိုင်အောင် “စင်ကြယ် အပြစ်ကင်းသော အသက်မွေးမှု ရှိသည့် အတွက် လှူဒါန်းပူဇော်မှုကို ခံယူထိုက်သည်” ဆိုသည့် ပရမတ္တ သံဃာ၏ ဂုဏ်တော်ကို “အသိအမှတ် ပြုခြင်း” ၊ “ အမှတ်ရခြင်း” ၊ ‘နိုးဆော်ခြင်း’ သဘောသည် မွန်မြတ်ဝင်းပစွာ တည်ရှိပါသည်။ ထိုကြောင့် ယင်း ပါတိမောက် ပြခြင်းဆိုင်ရာ အစည်းအဝေးတို့တွင် အားလုံးသည် လူလိမ် လူယုတ်မာ ဖောက်ပြန်သူများ ဖြစ်နေသည့်တိုင် ၄င်း ပရမတ္တ ဂုဏ်တော်၏ ကျေးဇူးသတ္တိ - သစ္စာ ကို နိုးကြားစေခြင်း သဘော၏ သတ္တိအားဖြင့် ယင်းသို့သော အစည်းအဝေး ပေမည့်လည်း မြတ်သော ရဟန်းဥပုသ် အဖြစ်ဖြင့် ခေါ်ထိုက်လောက် မည်ဟု ကျွန်တော် ထင်ပါသည်။ ဒါပေမယ့်လည်း ဝန်ခံထားရမည်မှာ ကျွန်တော် စဉ်းစားမိသည့် ဆိုးဝါးပျက်ပြားလှသော အခြေအနေတို့တွင် ရဟန်းကောင်း တစ်ပါး အနေဖြင့် ဆက်လက်ရပ်တည်နိုင်ခွင့် ရှိမရှိ ဟူသော ရူဒေါင့်မှ ပြောနေသည့် သဘောမှာ ရိုးရိုးရှင်းရှင်း စဉ်းစား ဆုံးဖြတ်နိုင်ရန် ရည်ရွယ်သော ကျမ်းဂန်ပါ စည်းမျဉ်းတို့နှင့် တစ်ထပ်တည်း ကျချင်မှ ကျပါလိမ့်မည်။ အများအတွက် ရိုးရိုးရှင်းရှင်း ဆုံးဖြတ်နိုင်ရန် သတ်မှတ်ထားရသော စည်းမျဉ်းတို့သည်လည်း ဗုဒ္ဓသာသနာ တည်တံ့ရေးအတွက် အင်မတန် အရေးကြီးပါသည်။

နောက်တစ်ချက် ယှဉ်ထိုးစူးစမ်း ဖို့ရန် အရေးကြီးလာသည်မှာ ဖော်ပြခဲ့ပြီး ဖြစ်သည့် “တရားဓမ္မနှင့် မလျော်ညီစွာ ကျင့်ကြံသည့် သံဃာ အဖွဲ့အစည်း ဘက်သို့ ၄င်းသံဃာအဖွဲ့သည် တရားဓမ္မ နှင့် မလျော်ညီစွာ ကျင့်ကြံသည်ကို မိမိက သိထားပါလျက် (သို့မဟုတ်) သံသယ ရှိပါလျက် နှင့်  ကူးပြောင်းခဲ့သော် ထို ပုဂ္ဂိုလ်သည် ကပ်ကမ္ဘာ တစ်ခုလုံး ငရဲတွင် ကျက်ရသည်” ဟူသော ဗုဒ္ဓ၏ မဟာဝဂ်ပါ ဟောဆိုချက် ဖြစ်ပါသည်။ “ပါရာဇိက ကျပြီးသူ နှင့် ဥပုသ်ပြုပေမယ့်လည်း ရဟန်းဥပုသ် အနေဖြင့် တရားဝင်သည် ဆိုတာကတော့ ဟုတ်နိုင်ပါသည် ၊ ဒါပေမယ့် ပါရာဇိက ကျပြီး ရဟန်းလုပ်သူတွေနဲ့ အတူ ဥပုသ်ပြုတာဟာ တရားနှင့် အညီ မကျင့်ကြံတဲ့ အဖွဲ့နဲ့ သွားပြီး ပူးပေါင်းတာမျိုး မဟုတ်ဘူးလား” ဆိုတာသည် ကျွန်တော်တို့ သုံးသပ်ကြည့်သင့်သော မေးခွန်းဖြစ်ပါသည်။

မူရင်း ပါဠိတော်စာသား အရ သေချာသည်မှာ ရဟန်းကောင်း တစ်ပါးသည် မိမိနှင့် အတူ ဥပုသ်ပြုသော ပုဂ္ဂိုလ်တို့ တရားနှင့် အညီ ကျင့်ကြံခြင်း မရှိ ဆိုတာကို မသိထားပါလျှင် ဤသို့ အတူတကွ ဥပုသ် ပြုခြင်းသည် အပြစ် မရှိနိုင်ပါ။ နောက်တစ်ချက်မှာ ၄င်း နှင့် အတူ ဥပုသ်ပြုသော ရဟန်းအချို့ ၏ ပါရာဇိက ကျနေခြင်းကို မိမိမှ “သီးသန့်” ပုဂ္ဂိုလ်တစ်ဦးချင်း သဘော အနေဖြင့်ဘဲ သိမှတ် နားလည်မိပြီး၊ ၄င်း သင်းကွဲရဟန်းတို့၏ ရဟန်း “တစ်ဖွဲ့လုံး” သဘော အနေဖြင့် ပဓာန ရည်ရွယ်လုပ်ဆောင်ချက်သည် တရားနှင့် လျော်ညီခြင်း မရှိသည်ကို ရဟန်းကောင်းသည် မသိသေးလျှင် အပြစ်မှ လွတ်နိုင်ပါသည်။

လက်တွေ့ ဥပမာအားဖြင့် ရဟန်းကောင်း တစ်ပါးသည် ၉၆၉  အဖွဲ့တွင် အကြောင်းကြောင်းကြောင့် မသိဘဲ ပါဝင်နေနိုင်ပါသည်။ သူသည် ဓမ္မဝိနယတို့ကို နောင်ခါမှာ သေချာလေ့လာသဖြင့် ဝီရသူသည် ဓမ္မဝိနယ နှင့် အညီ မကျင့်ကြံ ၊ ပါရာဇိက ကျပြီး ဖြစ်ကြောင်း၊ များစွာသော ဝီရသူ နောက်လိုက်ရဟန်းတို့သည် ပါရာဇိက ကျပြီး ဖြစ်ကြောင်းကို သီးသန့် ပုဂ္ဂိုလ် တစ်ဦးချင်း သဘော အနေဖြင့် သေချာ သိမြင်လာနိုင် ပါသည်။ သို့သော် သူသည် ၉၆၉  အဖွဲ့၏ ပဓာန ရည်ရွယ်ချက်ကို ရိုးရိုးသာ ဟု ဆက်အောက်မေ့သောကြောင့် ၉၆၉  အဖွဲ့တွင် ဆက်လက် ပါဝင်နေနိုင်သည်။ ထိုသို့ ၉၆၉  အဖွဲ့၏ ပဓာန ရည်ရွယ်ချက်ကို အမှန်တကယ် နားမလည်သဖြင့် ၉၆၉  အဖွဲ့နှင့် အတူ ဆက်လက် နေမိသော ရဟန်းသည် သံဃာသင်းခွဲကံ မသင့်ပါ။

အတွေး ဥပမာ တစ်ခုကို ကျွန်တော်တို့ လုပ်ကြပါအုံးစို့။  ပြခဲ့ပြီးဖြစ်သော ဥပမာဆိုးတွင် ဗမာပြည်မှာ ရဟန်းအစစ်အဖြစ် နောက်ဆုံး တစ်ပါးတည်းသာ ကျန်ရစ်တော့သော အမျိုးကောင်းသား ရဟန်းသည် မိမိနှင့် အတူ ဥပုသ်ပြုနေသော သာသနာ့ပါလ အဖွဲ့ဝင်အားလုံး ပါရာဇိက ကျပြီး ဖြစ်နေသည် ကို သူ သိလာခဲ့သည် ဆိုပါစို့။ သည်လို အခြေအနေမျိုးမှာ သူ ဘယ်လို ရွေးချယ်မလဲ ဆိုတဲ့ ကိစ္စဟာ ခန့်မှန်းဖို့ ခက်ပေမယ့် ကျွန်တော်တို့ ကြိုးစားမှန်းဆကြည့်ကြ ပါစို့။

ဗုဒ္ဓ အလိုတော်ကျ အားဖြင့် ထို တစ်ပါးတည်းသော ရဟန်းသည် ၄င်း ဖောက်ပြန်နေသော ရဟန်း အဖွဲ့မှ ဝေးရာသို့ ဖဲကြဉ်ရပါမည်။ ဒါပေမယ့် ဤကိစ္စမျိုးတွင်လည်း များစွာ ဖြစ်နိုင်သည်မှာ သူသည် အများစု လူယုတ်မာတွေ လွှမ်းမိုးသော ရဟန်းအဖွဲ့မှာပဲ အနည်းဆုံး ခဏတဖြုတ်လောက်တော့ ဆက်လက် နေပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတစ်ပါးတည်း ရဟန်း အစစ် အဖြစ် ထူထောင် ခွဲထွက်ဖို့ရာ အဲသလို အခြေအနေမျိုးတွင် အင်မတန်မှပင် ခဲယဉ်းတတ်ပါသည်။

ဒါပေမယ့် အဲသလို ခွဲထွက်ဖို့ရန် ခဲယဉ်းသောကြောင့် ခဏတဖြုတ် ဆက်လက်ပြီး လူယုတ်မာ ရဟန်းအဖွဲ့နှင့် ပူးပေါင်းနေရသော ရဟန်း၏ ကိစ္စသည် “ပရမတ္တ သံဃာ” ၏ ဂုဏ်ကျေးဇူးကို ရည်မှန်း၍ မိမိ၏ ရဟန်းအဖြစ်ကို ဆက်လက်ထိန်းသိမ်းလိုသော “သဒ္ဓါတရား” ကို မမေ့မလျော့ အသေအချာ နှလုံးသွင်းနိုင် မှသာ အပြစ်လွတ်နိုင် ပါသည်။ “သည် ကိုယ်တော်တွေ နဲ့ ပေါင်းပြီး ငါတစ်သက်လုံး ဆွမ်း ဝဝ စားရလည်း အေးတာပဲ” ဟူသော ဆင်ခြေ ရည်ရွယ်ချက် အဓိက ဖြစ်ခဲ့သော် မဟာဝဂ်တွင် ဖော်ပြထားသည့် အပြစ်နှင့် မလွတ်နိုင်ပါ။

ကျွန်တော်တို့ ထပ်ဝေဖန် နိုင်သည့် အချက်မှာ မိမိ၏ ရဟန်းအဖြစ်ကို ဆက်လက်စောင့်ရှောက် ထိန်းသိမ်းလိုသော သဒ္ဓါတရား သာလျှင် အဓိက ရှိသဖြင့် ဖောက်ပြန်သော ရဟန်းအဖွဲ့တွင် ခဏတဖြုတ် ဆက်နေရသော ရဟန်းသည် ရေရှည်တွင် ရဟန်းမဟုတ်သူတို့ နှင့် အတူ ဥပုသ်ပြုရခြင်း (ဝါ) ရဟန်းမဟုတ်သူတွေကို ရဟန်းဖြစ်သူ မိမိက ရှိခိုးနေရခြင်းကို ၄င်း၏ ပကတိ ဟီရိ သြတ္တပအလျောက်သာ အလွန်အမင်း ရှက်မိမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် ၄င်းသည် အခွင့်အခါ ကြုံကြိုက်သည်နှင့် ထိုဖောက်ပြန်သော အဖွဲ့တို့မှ ဝေးရာသို့ ထွက်ခွာဖို့သာ များပါသည်။

ဖြစ်ဖို့ ခဲယဉ်းသော်လည်း တုံ့ပြန်နိုင်သော နောက် နည်းလမ်း တစ်ခုမှာ ထိုရဟန်းကောင်းသည် ရှင်မောဂ္ဂလန် ကိုယ်တော်ကြီးလို ဆိုးသွမ်းသူတို့ကို တိုက်ခိုက်နှိမ်နင်းလိုသော ဝသီရှိလျှင် မိမိ ရဟန်းအဖွဲ့၏ မစင်ကြယ်ကြောင်းကို လူထုအား သိကြားစေပြီး ရဟန်းဆိုး နှင့် မင်းဆိုးတို့က တစ်ပါးတည်း လုံးတီးဆန့်ကျင်နေသော သူ့ကို အန္တရယ် ပြုလာမည့် ဘေးဥပဒ်တို့ကို ခါးစည်းခံလျှင်လည်း ခံပါမည်။

ဤသို့ ရှောင်ထွက်သွားခြင်း ၊ စိန်ခေါ်ခြင်း စသဖြင့် မည်သို့သော နည်းလမ်းတို့ဖြင့် တုံ့ပြန်စေကာမူ ကျွန်တော်တို့အား သေချာသည်မှာ အမှန်တကယ် ရဟန်းဘဝကို ယုံကြည်မြတ်နိုးပြီး ရဟန်းပြုသောသူသည် ဖောက်ပြန်သောအဖွဲ့၏ ပကတိ ရည်ရွယ်ရင်း ("တစ်ဖွဲ့လုံး" ဟူသော သဘောအားဖြင့်) ဖောက်ပြန်မှုကို အသေအချာ သိရှိပြီး ဖြစ်ခဲ့ပါလျှင် ၄င်း ဖောက်ပြန်သော သံဃာ အဖွဲ့အစည်းနှင့် အနည်းဆုံးအားဖြင့် ရေရှည်တွင် ဆက်လက်ပြီး “ပေါင်းစား” လိမ့်မည် မဟုတ်ပါ။

ဤသို့ ရဟန်းကောင်းတို့ ဝေးရာသို့ ဖဲခွာသွားဖြင်း သဘော နှင့် စပ်ပြီး ပါဠိတော် သုတ္တန်တို့တွင် သက်သေခံနိုင်သည်မှာ နောင်ခါတွင် ငါတို့ ဘုရား သာသနာ၌ ဝိပဿနာ အရာတွင် အမြန်ဆုံး ထိုးထွင်းသိမြင်မှု ဧတဒင်္ဂရ ပုဂ္ဂိုလ်ဖြစ်လာမည့် ဗာဟီယ ဒါရုစီယ လောင်းလျာ ရဟန်းနှင့် တခြား ရဟန်းငါးပါးသည် ကဿပ မြတ်စွာဘုရား သာသနာတွင် သံဃာအဖွဲ့အစည်း တစ်ခုလုံး ဖောက်ပြန်နေရကား လူသူဝေးရာ တောင်ထိပ်တစ်ခုပေါ်သို့ သူတို့ဘာသာ ခွဲထွက် ကျင့်ကြံခဲ့ပုံမျိုး ပါတည်း။

လိုရင်း ကောက်ချက်ကို ပြန်ပြောမည် ဆိုသော် ရဟန်းကောင်း အစစ်အမှန် ဟူသည် အခြေအနေ မတတ်သာ၍ ခဏတဖြုတ်တော့ ရဟန်းဆိုးအဖွဲ့ထဲတွင် ဆက်နေရကောင်း နေရပါလိမ့်မည်။ သို့ရာတွင် ရေရှည်တွင် သူ့အား သင့်ကူးလာမည့် အကုသိုလ်ဘေးကို စိုးရွံ့သောကြောင့် ဖြစ်စေ၊ မိမိ၏ တရားကို ချစ်မြတ်နိုးသော သဒ္ဓါတရားအားဖြင့် အရှက်ရသည် ကြောင့်လည်း ဖြစ်စေ တစ်နည်းနည်းဖြင့် ရဟန်းဆိုးအဖွဲ့မှ ခွဲထွက်ရန် ကြိုးစားလိမ့်မည် ၊ ကြိုးလည်း ကြိုးစားရမည် ဖြစ်ပါ သတည်း။

သံဃဘေဒကို အဆုံးသတ်ခြင်း

ပါဠိတော်တွင် မြတ်စွာဘုရား လက်ထက်တော်က ဖြစ်ပွားခဲ့သော သံဃာသင်းကွဲမှုတို့ကို ဖြေရှင်းခဲ့သော အတွေ့အကြုံတို့ကို အခြေခံ၍ သံဃဘေဒ (သင်းကွဲမှု) ကို မည်သို့ အဆုံးသတ်ရပါမည့် အကြောင်း ပုံစံ နှစ်မျိုးကို လေ့လာတွေ့ရှိရပါသည်။

ပထမတစ်မျိုးမှာ သံဃာကွဲပြားရခြင်း အကြောင်းကို နှစ်ဘက် စောဒနာ၍ မည်သည့်ဘက် သည် ဓမ္မဝိနယ နှင့် အညီ ကျင့်ကြံပါသည်ဟု အတည်ပြု ဆုံးဖြတ်ပြီး မှားယွင်းခဲ့သည့် ဘက်ကို ဓမ္မဝိနယ နှင့် အညီ ကျင့်ကြံသည်ဟု သတ်မှတ်ဆုံးဖြတ် ခံရသော အဖွဲ့မှ ပြန်လက်ခံခြင်း ဖြစ်သည်။ ဤသို့ အဖွဲ့နှစ်ဖွဲ့ ပြန်ပေါင်းရာတွင် ဖြေရှင်းဆုံးဖြတ်ထားသော အကြောင်းရင်း ကိစ္စကို နှစ်ဖက်လုံးမှ သံဃာအားလုံး စုံညီ တက်ရောက် ရွတ်ဆိုရမည် ဖြစ်ပြီး ဓမ္မဝိနယ နှင့် ညီသော ဆုံးဖြတ်ချက်ကို အတည်ပြုပြီးလျှင် သံဃဥပုသ်ကို တစ်ဂိုဏ်းတည်းအဖြစ် အတူပြုရ ပါသည်။

ဤ ဓမ္မဝိနယကို ပြန်လည်စုံညီ အတည်ပြုသော အစည်းအဝေးသို့ ဂိုဏ်းကွဲခဲ့သော သံဃာတို့ တစ်ပါးမကျန် တက်ရောက်ရ ပါမည်။ နာမကျန်းသော ရဟန်းသည်ပင် မိမိ၏ သဘောတူညီချက်ကို လူစားလွှတ်၍ ပြောဆိုခွင့် မရှိပါ (ခု ခေတ်မှာဆို email ပို့ပြီး ၊ Skype နဲ့ webcam ချိတ်ပြီး အစည်းအဝေးမှာ ပါလို့ မရပါ) ။

ဒါဆို ကျွန်တော်တို့ နောက်ထပ် အတွေးစမ်းသပ်မှု တစ်ခု လုပ်ကြည့် ကြပါအုံးစို့။ တစ်ကမ္ဘာလုံး နိုင်ငံတိုင်းမှာ သံဃာအများစုသည် အမျိုး ဘာသာ သာသနာ - သာသနာ့ပါလ အဖွဲ့ တွေ ဖြစ်ကုန်ပြီး ဓမ္မ ဝိနယကို ကောင်းစွာအမှန် ကျင့်ကြံသော ရဟန်းကောင်း အဖွဲ့ တစ်ဖွဲ့သည် အကြောင်း သမ္ဗတိ အထောက်အပံ့ကောင်းတို့ကို ရသဖြင့် ယင်း  အမျိုး ဘာသာ သာသနာ မိစ္ဆာဝါဒ ကွဲပြားမှုကို နှိမ်နင်းနိုင်ခဲ့ကာ နိုင်ငံစုံက ပါလအဖွဲ့ ရဟန်းဆိုးတို့သည် သံဃာကောင်းအဖြစ် ပြန်လည် အလင်းဝင်ရောက်လို ပါလျှင် ဘယ်လိုလုပ်ရပါ မလဲ။ ဟုတ်ကဲ့၊ ဒါမျိုး ထုလိုက်ထည်လိုက် အလင်းဝင်ရမည့် ကိစ္စ ရှိခဲ့သော် မူရင်း ပါဠိတော်အရ တတ်နိုင်လျှင် ဓမ္မဝိနယ အဖွဲ့ ရှိရာသို့ ကွဲပြားခဲ့သော သံဃာတို့သည် လူကိုယ်တိုင် လာရောက် အားလုံး စည်းဝေးသင့်ပါသည် ။ မူရင်း ပါဠိတော်က  ဂိလာနပင်လျှင် လူကိုယ်တိုင် အစည်းအဝေး လာရမည် ဟု ဆိုထားရာ Skype နဲ့ တက်လို့ မရတာတော့ သေချာပါသည်။

ဒါမျိုး အားလုံးစုံညီ အစည်းအဝေး လုပ်ဖို့ရာ ငွေကြေး သဟံဇာတ မပြည့်စုံ၍ ခက်ခဲသည်လည်း ရှိပါမည်။ သို့သော် အခက်အခဲ မည်မျှပင် ကြီးမားသည် ဖြစ်ပစေ  ဆိုးခဲ့သော ရဟန်းတို့သည် မိမိတို့ ညစ်ညမ်းပျက်ပြားခဲ့ကြောင်း ဝန်ခံမှုကို ပြုရန် ဓမ္မဝိနယကို ပြန်လည် တည့်မတ်သည့် အစည်းအဝေးသို့ ကြိုးစားပြီး လာရပါမည်။ နောက်ဆုံး ဘယ်လိုမှ လာရောက်ရန် မဖြစ်နိုင်ဘူး ဆိုလျှင် သီလသမာပညာ ရှိ၍ မိမိတို့၏ ပါလအဖွဲ့မှ မဟုတ်သည့် ဗုဒ္ဓဘာသာဝင် ရဟန်းတစ်ပါး (သို့) ရဟန်းကို မရနိုင်သည် ရှိသော် လူပုဂ္ဂိုလ် တစ်ဦးကို ပင်တိုင်ထား၍  ဓမ္မဝိနယ နှင့် အညီ ကျင့်ကြံသော ရဟန်းအဖွဲ့ ကိုယ်စား ၄င်း ရဟန်း (သို့) ပုဂ္ဂိုလ်ကို ပင်တိုင်ပြု၍ ကွဲပြားမှုဆိုင်ရာ အကြောင်းရင်း၏ ဆုံးဖြတ်ချက်ကို အတူ ရွတ်ဆိုပြီးလျှင် သြဝါဒ ပါတိမောက်ကို မိမိတို့ ဒေသတွင်းမှာပဲ ပြုမည်ဆိုပါလျှင်လည်း လက်ခံနိုင်လောက်သော ဖြေရှင်းချက် ဖြစ်ပါလိမ့်မည်။

ဤသို့ ကွဲပြားရခြင်း အကြောင်းရင်းကို ဖြေရှင်းဆုံးဖြတ် အတည်ပြုကာ သံဃဘေဒကို ဖြေရှင်းနိုင်ခြင်းသည် နှစ်ဘက်လုံးမှ သံဃာတို့တွင် ကောင်းမွန်စစ်မှန်သော သဒ္ဓါတရား ( တရားနှင့် အညီ အမှန် တကယ် ကျင့်ကြံလိုခြင်း၊ မိမိအား တစ်ပါးသူက တရားနှင့် မညီကြောင်း သိနားလည် စေခဲ့ပါလျှင် မိမိ၏ အမှားကို အမှန်တကယ် ပြုပြင်လိုသော ဆန္ဒရှိခြင်း) တို့ ရှိမှသာ ဖြစ်ထွန်းနိုင်ပါသည်။ တစ်နည်းအားဖြင့် သံဃာကွဲခဲ့ရခြင်း အကြောင်းရင်းသည် နှစ်ဖက်လုံးမှ သံဃာတို့က ဓမ္မဝိနယကို စိတ်ရင်းစေတနာကောင်း နှင့် ရိုးရိုးသားသား နားလည်ပြန်ဆိုခဲ့ရာမှ ဝိဝါဒ ကွဲပြားသွားရသော အခြေအနေမျိုး ဖြစ်မှသာ ဖော်ပြသလို အပြန်အလှန် ဆွေးနွေးပြီး ဓမ္မဝိနယဆိုင်ရာ နားလည်မှု သဘောတူညီချက်ကို ရယူတည့်မတ်ကာ ပြန်လည်ပူးပေါင်းသည့် ကိစ္စမျိုးသည် ဖြစ်နိုင်ပါသည်။

ဒုတိယ ပုံစံကို ကျွန်တော်တို့ သွားပါမည်။ သံဃာကွဲရခြင်းသည် ပြခဲ့သော အကြောင်းရင်းမျိုး မဟုတ်ဘဲ ရဟန်းတို့သည် မရိုးမသား ဖောက်ပြန်လိုသော ရည်ရွယ်ချက်ဖြင့် သင်းကွဲအဖွဲ့ တစ်ဖွဲ့ကို ထူထောင်ခြင်း (သို့မဟုတ်) ပူးပေါင်းပါဝင်နေခြင်း ဆိုသော အခင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ ဤသို့ ရဟန်းတချို့၏ ဖောက်ပြန်လိုသော စိတ်ရင်းစေတနာ သာလျှင် အကြောင်းရင်း အခြေခံ ဖြစ်ပြီး သင်းကွဲခဲ့သော် ပြခဲ့ပြီးသော ပုံစံကဲ့သို့ အပြီးတိုင် ပြန်လည်ညီညွတ်ခြင်းမျိုးဟာ မရှိနိုင်ပါ။ ဒါမျိုး ကိစ္စမျိုးတွင် ဓမ္မဝိနယ နှင့် အညီ ကျင့်ကြံသော ရဟန်းတို့သည် ဖောက်ပြန်လိုသော ဆန္ဒ အကြောင်းရင်းခံအားဖြင့် သင်းခွဲထွက်သော (သို့မဟုတ်) သင်းခွဲထူထောင်သော (သို့မဟုတ်) သင်းခွဲပါဝင်သော ရဟန်းတို့ကို သံဃာအဖွဲ့အစည်းမှ ထုတ်ပယ်ရပါမည်။

ဘုရားသာသနာတွင် ဓမ္မဝိနယ သာလျှင် ဆရာဖြစ်သဖြင့် ဤသို့ ဓမ္မဝိနယ အလျောက် ကိုးကား ထုတ်ပယ်ပိုင်ခွင့်သည် အသေအချာ ရှိပါသည်။ ဤသို့ ထုတ်ပယ်ခြင်းသည် နူတ်ဖြင့်မတ္တ လူသိရှင်ကြား ထုတ်ပယ်ရခြင်း အကြောင်းရင်းကို ပြန်ကြားရုံနှင့် အလိုအလျောက် ပြီးမြောက် လုံလောက်ပါသည်။ ဒါပေမယ့် အဲသလို မတတ်သာသဖြင့် ထုတ်ပယ်ရသော ကိစ္စတွင် ရဟန်းကောင်းတို့ အနေဖြင့် တစ်ဖက် အကျင့်ပျက်ရဟန်းတွေ အပေါ်မှာ မင်းအာဏာသုံးခွင့် ၊ သင်္ကန်းဆွဲချွတ်ခွင့် ၊ ဒုက္ခပေးတဲ့ ရဟန်းတွေဆိုပြီး ထောင်သွင်း အကျဉ်းချရန် အာဏာပိုင်တွေကို တိုက်တွန်းခွင့် လုံးဝ မရှိပါ။

ပြခဲ့သော ဒုတိယ ပုံစံတွင် ဖောက်ပြန်လိုသော ရည်ရွယ်ချက် စေတနာဖြင့် သင်းကွဲထူထောင် (သို့) သင်းကွဲအဖွဲ့တွင် ပါဝင်သော ရဟန်းတို့သည်သာ ရဟန်းအဖြစ်မှ ထုတ်ပယ်ခံရပြီး ဓမ္မစက် မတ္တသက်သက်ဖြင့် ရဟန်းအဖြစ်မှ တိုက်ရိုက် ဆုံးရူံးပါသည်။ သို့ရာတွင် မသိ နားမလည်သဖြင့် ဖောက်ပြန်သော ရဟန်းအဖွဲ့တို့နှင့် သွားပူးပေါင်းမိသော ရဟန်းတို့ကိုမူ ရဟန်းအဖြစ်မှ ထုတ်ပယ်ပိုင်ခွင့် မရှိပါ။

ထိုအစား ဓမ္မဝိနယ နှင့် အညီ ကျင့်ကြံသော ရဟန်းတို့သည် ဤကဲ့သို့ မသိနားမလည်ဘဲ အဖွဲ့ဆိုးထဲသို့ ပါဝင်နေမိသော ရဟန်းတို့ကို ဓမ္မဝိနယ အမှန်ကို သွန်သင် ညွှန်ပြပြီး “မူလ သံဃာ” အဖွဲ့သို့ ပြန်လည်ပါဝင်လာရန် စည်းရုံးသိမ်းသွင်းရ ပါမည်။


ယခင် မသိနားမလည် သဖြင့် ရဟန်းဆိုး အဖွဲ့တွင် ပါဝင်နေမိသော်လည်း ရဟန်းကောင်းတို့၏ အလင်းပြမှုကြောင့် ဓမ္မဝိနယ အမှန်ကို မြင်သိလာသဖြင့် လူဆိုးအဖွဲ့မှ ထွက်ခွာ ရဟန်းကောင်းအဖွဲ့ကို လာရောက်ပူးပေါင်းသော (မသိနားမလည် ခဲ့မိသည့်) ရဟန်းတို့သည် ထုလ္လစ္စယ အာပတ်ကို ကျုးလွန်ခဲ့မိကြောင်း ၄င်းတို့သည် ဝန်ခံကုစားကြရပြီး ဤ အလင်းဝင်လာသော ရဟန်းတို့သည် သံဃာတော်မြတ်တို့ အဖြစ်ဖြင့် သာသနာတွင် ဆက်လက် ရပ်တည်ကာ စင်ကြယ်စွာ အသက်မွေးနိုင်ကုန်ကြ ပါသတည်း။

Sunday, January 26, 2014

ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၂)



အစွဲထပ်ထပ် မခွဲကပ်၊ များကောင်းစားချစ် ‘ဗောဓိသတ်’၊ လုံးစည်းယုတ်ပတ် သူစွန့်ပြတ်၊ ဆင်ခြင်ဆတ်ဆတ် သူတော်တတ်၊ ‘ရှင်မြတ်’ကိုလည်း ‘သတ်’ ရမည်
ဝဇိရ သုတ္တန်။ ။ ဗုဒ္ဓ နှင့် သုဗုဒ္ဓိရဟန်း

ကျွန်တော်တို့ မြန်မာများ ဤ ကောသလအိပ်မက် ခေတ်စနစ် ပြဿနာ (“လုံးစည်းခေတ် ဖြစ်လျှင် ယုတ်မာသူတို့ အုပ်စိုးသော စနစ် ဖြစ်လတ္တံ့”ဟူသော သီအိုရီ ဟောကိန်း) ကို အထင်းသက်သေခံ သိမြင်နိုင်သည်မှာ လမ်းစဉ်ပါတီခေတ်တွင် ဗိုလ်နေဝင်းသည် ပြောဆိုနေကျ “လူတော်လူကောင်း”
ဆိုတာကို “လူကောင်းလူတော်” လို့ တစ်နိုင်ငံလုံးကို အတင်း ပြောင်းပြောခိုင်းခြင်း ပါတည်း။ သည်မှာ သိသာအပ်သည်မှာ ‘လူကောင်း’ တစ်ဦးဖြစ်ဖို့ ခက်ခက်ခဲခဲ လုပ်နေစရာ မလို။ ယုတ်မာသူတို့က ‘လူကောင်း’လို့ သတ်မှတ်လျှင် နင်သည် နေ့ချင်းညချင်း ‘လူကောင်း’ ဖြစ်သွားသည့် ဖြစ်အင်ကို ဖြစ်ပါ၏။ သီလသမာဆိုတာဟာ ဘာလဲဆိုတာကို ယုတ်မာသူတို့က သတ်မှတ်၊ လူတွေကို ယုတ်မာသူတွေက အတန်းအစားတွေခွဲကာ သူတို့ လိုလားတဲ့သူတွေကို ‘သူတော်ကောင်း’ ဘွဲ့တံဆိပ်တွေ တပ်ပေးနေသော သဘောကို ဖြစ်ပါသည်။

သည်လို လုံးစည်းခေတ်တွင် ယုတ်မာသူက ယုတ်မာသူကို ‘ကြီးမြတ်သူ’ အဖြစ် ဘွဲ့တံဆိပ်တပ် ချီးမြှင့်မြှောက်စားမှုတို့ အတောမတတ်နိုင်အောင် ကြမ္မာဆိုးငင်ပုံကို ကမ္ဘာ့ ထိပ်တန်း လစ်ဘရယ် တွေးခေါ်ပညာရှင် ကားပေါ့ပါးက အလွန်တိကျသော ဝေါဟာရနှင့် ပြောင်မြောက်စွာ ဖော်ပြခဲ့သည်မှာ တောမသတ် ဆုတ်ယုတ်မှု (infitite regress) ဟူပါသတည်း။ ဆိုလိုရင်းမှာ ရှေ့က ယုတ်မာစွာ အုပ်စိုးသူ တစ်ဦး လွန်မြောက်သွားလျှင် ဒါ့ထက် ယုတ်မာသူ၊ ထို ဒါ့ထက်ယုတ်မာသူ လွန်မြောက်သွားလျှင် ဒါ့ထက် ဒါ့ထက် ယုတ်မာသူ စသဖြင့် စိတ်အောက်တန်းစား ၊ ဒါ့ထက်ဒါ့ထက် စိတ်ယုတ်ညံတဲ့ အောက်တန်းစားတွေ ဆက်လက် မင်းမူကြီးစိုးသော သဘောပါတည်း။

ခေတ်မြန်မာတွေ ခဏခဏ ပြောရသော စကားမှာ “နေဝင်းကမှ တော်သေးတယ်၊ စောမောင်ကမှ တော်သေးတယ် ၊ ခင်ညွန့်ကမှ တော်သေးတယ်၊ သန်းရွှေကြီးကို လွမ်းနေရအုံးမယ်နော်” ဟုလည်း ဖြစ်ပြီး ကျွန်တော်တို့ ပြည်သူတွေ အနေဖြင့် ကမ္ဘာ့ဂန္တဝင် တွေးခေါ်ပညာရှင်များလို သုတေသန သေသေချာချာ ပြုခွင့် မရခဲ့လင့်ကစား ယင်း အရပ်စကား ခေတ်စကား တို့သည် လုံးစည်းစနစ်ဖော်ဆောင် မြန်မာလူ့ဘောင် တွင် ယုတ်မာသည်ထက် ယုတ်မာသူတို့ စိုးစံနေရာယူခွင့် ရလာသော တောမသတ်ယုတ်ညံ့လာမှု (infinite regress) ကို ကြေးမုံပြင်သဖွယ် ဟပ်ထင်ဖော်ပြထားနိုင်သည်သာ ဖြစ်ပါသည်။

ဝိနယပိဋကကို ဖွင့်မပြမီမှာ ကျွန်တော့်အနေဖြင့် Totalitarianism (လုံးစည်းစနစ်) ၏ သဘာဝ သရုပ်သကန်ကို အနည်းငယ်မျှ အသေးစိတ် ပြောနေရသည်မှာ အရေးကြီးသော ကိစ္စနှစ်ခု ရှိပါသည်။ ပထမ ကိစ္စမှာ ယခုမြန်မာပြည်၏ ဘုန်းကြီးထိပ်တန်းခေါင်းဆောင် ဆိုသူများသည် အမှန်တကယ် ကိုယ့်ကျင့် သိက္ခာ၊ သီလသမာဓိပညာ ရှိ၍ နေရာရလာသည် မဟုတ်ကြောင်း၊ စင်စစ် ခု ငါတို့ ကြုံတွေ့နေရသော ဤခေတ်စနစ်မျိုးတွင် ယုတ်မာသူတို့သာ အကောင်းဆုံးဆိုသော နေရာမျိုးကိုသာ ရဖို့ရှိကြောင်းကို အတိအလင်း အသိပေးရန် ဖြစ်ပါ၏ ။

 ဒုတိယကိစ္စမှာ လုံးစည်းစနစ်တွေထဲက အော့နှလုံးနာစရာ အကောင်းဆုံးတစ်ခု ဖြစ်သော ဖက်ဆစ်ဝါဒသည် ခု ကျွန်တော်ဖွင့်ပြမည့် သံဃဘေဒကံ (သံဃာသင်းခွဲမှု)ကို မြတ်စွာဘုရားက ဝိနည်းထုတ်ပြန် တားမြစ်ခဲ့ရသော အခင်းကိစ္စနှင့် ပရမတ္တဝိဇ္ဖာဗေဒ (ဝါ) သိခြင်းဗေဒပိုင်းဆိုင်ရာတွင် အခြေခံအကျဆုံး ပရိယာယ်များထဲက တစ်ခုဖြစ်သော Transcendental illusion ဗမာလိုအားဖြင့် ဘာမဆိုမှ လွန်မြောက်နိုင်ပြီဟု ထင်ယောင်ထင်မှား ဖြစ်နေခြင်း နှင့် သဘောသွား ချိတ်ဆက်နေသောကြောင့် ပါတည်း။ ဤ ဒုတိယကိစ္စသည် နိုင်ငံရေးရာ၊ လူမှုရေးရာဖြစ်စဉ်တို့ကို မှန်ကန်စွာ သုံးသပ်နိုင်ဖို့ အရေးကြီးဆုံး အခြေခံပရိယာယ်တို့ထဲက တစ်ခု ဖြစ်ပြီး ဒါသည် ခုဆက်ရေးတော့မည့် စာများတွင် ထင်ရှားလာပါအံ့။ 

စိတ္တလောကုတ္တရာ ယထာဘူတ ဒဿန ပင်လယ်ထဲသို့ ကျွန်တော့်လူများ ရေငုတ်မဆင်းခင်မှာ လူ့ဘောင်တစ်ခုတွင် လုံးစည်းစနစ် ပေါ်ပေါက်လာသော လူမှုဖြစ်စဉ်ကို ကျွန်တော်တို့ အရင် သရုပ်ခွဲစူးစမ်း ကြည့်ပါဦးမည်။ ခုအခါ အသက် အတော်အတန် ထောက်လာပြီ ဖြစ်သော ကျွန်တော့် အသက်ပိုင်းမှ မိတ်ဆွေများ အနေဖြင့် ကိုယ်တွေ့ ကြုံခဲ့ရသော လုံးစည်းဝါဒ နဲ့ လုံးစည်းအစိုးရဆိုတာ ဘယ်လောက်တောင် ဆိုးကြောင်း သိကြပါသည်။

ဒါပေမယ့်လည်း လုံးစည်းဝါဒတို့၏ ရွှေ့လျားဖြစ်စဉ်တွေဟာ ဘဝ အတွေ့အကြုံ စခါစ လူငယ်လူရွယ်များကိုသာ စည်းရုံးအခြေခံတတ်ကြရာ ၄င်းလူငယ်လူရွယ်တို့သည် လုံးစည်းအစိုးရ ပေမယ်လို့ “ကောင်းတဲ့လူတက်လာရင် တို့နိုင်ငံ ကောင်းတာပါပဲ” ဟု ခပ်ရိုးရိုးပဲ စဉ်းစားတတ်ကြပါသည်။ ထိုသို့ စဉ်းစားသဘောပိုက်မိခြင်းသည် ကျွန်တော်တို့၏ ကနေ့ခေတ် လူငယ်လူရွယ်များ မိမိတို့သည် ရိုးသားထက်မြက်သူတို့ ဖြစ်ပါလျက်နှင့် လုံးစည်းဝါဒ သူတို့ရှေ့မှာတင် တနေ့တခြား ကြီးထွားအားကောင်းလာသည့် တိုင်အောင် လက်ပိုက်ကြည့်နေမိတတ် စေပါသည်။

ဒါကြောင့် လုံးစည်းဖြစ်စဉ် (Totalitarianism) ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကို လေ့လာရာတွင် ကျွန်တော်တို့သည် အဘယ်ကြောင့် အမျိုးသားရေးဝါဒ၊ ဖက်ဆစ်ဝါဒ၊ ကွန်မြုနစ်ဝါဒ၊ မော်ဒန်ခေတ် မြန်မာဘုန်းကြီးတို့၏ သာသနာ့ပါလဝါဒ စသော လုံးစည်းဝါဒ စနစ်တို့တွင် “ယုတ်မာသောသူတို့သာ သူကောင်းပြုခံရသည် ၊ ထိပ်တန်းသို့ရောက်သည် ဆိုသော သဘောသဘာဝ” ကို သေသေချာချာ လေ့လာပါမည်။ ဟုတ်ပါ၏၊ “ယုတ်မာသော သူတို့သာ ထိပ်ဆုံးသို့ ရောက်သည်” ဟု ဆိုပါလျှင် “လုံးစည်းအစိုးရစနစ် တစ်ခုတွင် လူကောင်းလူတော် တစ်ဦးမှ တက်မလာနိုင်” ဟု နင်ပြောနေတာ ဖြစ်ပါသည်။ “ဒါဆို ငါတို့ ဗမာပြည်တွင် လုံးစည်းအစိုးရ စနစ် ဖြစ်လာခဲ့သော် လူကောင်းလူတော် တစ်ဦးဖြစ်သော အမေစုသည် ခေါင်းဆောင် တက် မဖြစ်နိုင်ဘူးလား” ဟူသည်မှာ ကျွန်တော်တို့ တန်ပြန် စစ်ကြည့်သင့်သော မေးခွန်းပါတည်း။

အဖြေကား “Absolutely, No” လုံးစည်းစနစ် မင်းမူ ထွန်းကားသော နိုင်ငံတစ်နိုင်ငံတွင် အမေစုသည် ဘယ်တော့မှ နိုင်ငံ့ခေါင်းဆောင် မဖြစ်နိုင်ပါ။ လုံးစည်း လူအုပ်က ဖုဿရထားလွှတ်ပင့်ပြီး မင်းဝတ်တန်ဆာ ငါးပါးနှင့် မင်းမြှောက်လျှင်လည်း အမေစု လက်ခံလိမ့်မည် မဟုတ်ပါ။

ဤသဘောကို အမြင်လင်းချင်းအောင် ဥပမာပြရမည် ဆိုလျှင် အမေစုလို မွန်မြတ် ထက်မြက်သူ တစ်ဦးအတွက် လုံးစည်းအစိုးရ၏ အရေးပါသော ရာထူးဌာနန္တရ တစ်နေရာမှာ အလုပ်လုပ်တယ် ဆိုတာဟာ အင်မတန်မှ နူးညံ့ညင်သာသော နှလုံးသားရှိသူ လုံမငယ် တစ်ဦးကို လယ်စိုက်ကွင်းတွေမှာ ကျွန်တွေကို ကျာပွတ်နဲ့ ရိုက်ပြီး ခိုင်းရတဲ့ ကျွန်ထိန်းအလုပ်ကို ဝင်လုပ်ခိုင်းတာမျိုးနဲ့ အတူတူ ပါပဲ။ အမေစု တင်လား မဟုတ်ပါဘူး။ ဗမာ လူတော်လူကောင်း ဟူသမျှဟာ ကနေ့ ဗမာပြည်မှာ အဓမ္မ အခြေခံဥပဒေ တည်မြဲနေသရွှေ့  ၊ ဗမာနိုင်ငံရေးဟာ လုံးစည်းအစိုးရ စနစ်ကို ရွှေ့လျားနေ သရွေ့ သူတို့ဟာ  ကျာပွတ်ကိုင်ကျွန်ထိန်း တစ်နေရာဝင်လုပ်လို့ ချီးမြှင့်ခံရမယ့် အခွင့်အရေးတွေထက် ကိုယ့်ထမင်းကြမ်း
ကိုယ်ယပ်ခတ်စားပြီး တော့ပဲ နေချင်ပါသည်။  ဤ အခြေခံသဘောကို နားလည်ပေးပါ၊ လုံးစည်းလူတွေကို တရဟော သူကောင်းပြုထားတဲ့ ဗမာလွှတ်တော်မှာ မျက်ရည်ကျမလို ခဏခဏ ဖြစ်ရတဲ့ အမေစုကို စာနာပါလို့ ကျွန်တော် ပြောလိုပါတယ်။

အမေစုလို လူတော်လူကောင်းတွေဟာ လုံးစည်းစနစ်မှာ နေရာယူလိုစိတ် အလျှင်း မရှိဘူးဆိုရင် လုံးစည်းစနစ် တစ်ခုမှာ နေရာယူထားတဲ့ လူတွေဟာ ဘယ်လိုမျိုးပါလိမ့်။ ဟုတ်ကဲ့၊ အဖွဲ့အစည်း အဆောက်အဦတစ်ခုမှာ အဖွဲ့အစည်း၏ သစ္စာကို စောင့်သိရိုသေသူတို့ သည်သာ ထိပ်နေရာသို့ ရောက်လာကြရပါသည်။ ထို့အတူသာပင် လုံးစည်းစနစ်၏ ထိပ်ခေါင်းနေရာကသူတို့ ဆိုသည်မှာ လုံးစည်းစနစ် အပေါ် အတိုင်းထက်အလွန် တံခွန်ထက်ကုက္ကား သစ္စာတော်ကြီးကို စောင့်သိသူများသာ ဖြစ်ကြပါသည်။

ဤ လုံးခေါင်းလူတို့၏ အံမခန်း သစ္စာရှိမှုကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ဥပမာ ပြရမည်ဆိုလျှင် လုံးစည်းခေါင်းဆောင် နေရာရ ငလွန်မသားတို့ ဟူသည် ၄င်းတို့ သစ္စာခံသော လုံးစည်းစနစ်၏ ‘အသက်ဝိဥာဉ်’ အတွက်ဆို မိမိရှေ့တွင် ကိုယ့်သားငယ်ကို မြေဘုတ်ဘီလူးက အရှင်လတ်လတ် ရင်ခွဲသတ်၍ နှလုံးသားကို စိမ့်စိမ့်စား၍ ဝါးမြိုသည့်တိုင် သူ့သားအသက်ကို စတေးရဲသည့် လူစွန့်လွှတ်တို့ ပါတည်း။

ဖက်ဆစ်စနစ် စသော လုံးစည်းဝါဒ အကြောင်း ပြောမည်ဆိုလျှင် “စွန့်လွှတ်စတေးခြင်း” ဆိုသော သဘောသည် ဤဝါဒ၏ ပင်မလက္ခဏာအဖြစ် မကြာမကြာ ပါလာတတ်ကြောင်း စာဖတ်ပရိသတ်တို့ သတိထားမိပါလိမ့်မည်။ သည်တွင် ရူပ်ထွေးသော အဓိကပြဿနာ တစ်ခုမှာ ‘စွန့်လွှတ်စတေးခြင်း’ ဆိုသော သဘောသည် လူမှုရေး နယ်ပယ် ၊ အထူးသဖြင့် ဘာသာရေးနယ်ပယ် တို့တွင် ကိုယ်ကျိုးမငဲ့သူ တို့သာ လုပ်ဆောင်ဝံ့သော မွန်မြတ်သည့် အလုပ်အဖြစ် ယျေဘုယျ မှတ်ယူကြလေ့ရှိရာ အဲဒီကိစ္စဟာ လူတွေကို အထူးကို ရောထွေးစေသော သဘောပါတည်း။

တခြား မကြည့်ပါနဲ့ ။ ကျွန်တော်တို့ ဗမာပြည်တွင် “နိုင်ငံရေး ဆိုတာ စွန့်လွှတ်ရဲသူတွေရဲ့  အလုပ်၊ ဘုရားလောင်းတွေသာ လုပ်တဲ့အလုပ်” ဟု နိုင်ငံရေးသမားက ပြောလိုပြော၊ “စစ်တိုက်တယ်ဆိုတာ အိုးပစ်အိမ်ပစ် စွန့်လွှတ်ရဲတဲ့ ၊ အသက်စွန့် သေရဲတဲ့ ပုရိသ ယောင်္ကျားကောင်းတွေရဲ့  အလုပ်” ဟု စစ်သားက ပြောလိုပြော နဲ့ ကျန်သော လယ်သမား အလုပ်သမား ပါမောက္ခ ဆရာဝန် အင်ဂျင်နီယာ ရဟန်းသံဃာ ပါမကျန် နိုင်ငံရေးသမား နဲ့ စစ်သားဆိုလျှင် ကိုးကွယ်ရှိခိုးရတော့ မလိုမျိုး တို့လည်း ဖြစ်လာတတ်ပါသည်။ တကယ်တော့လည်း လူ့သမိုင်း၏ အဆိုးဝါးဆုံး ဖြစ်စဉ်များဟာ အဲသလိုမျိုး ဘုရားလောင်း သူရဲကောင်းဝါဒ (Heroism) ―  “စွန့်လွှတ်သူဟာ အမွန်မြတ်ဆုံး သူရဲကောင်းပဲ” ဆိုတာကို စွဲကိုင်လုပ်တဲ့ လူလွန်မသား တွေကြောင့်  ပေါ်ပေါက်ခဲ့ရပါသည်။

လွန်ခဲ့သော နှစ်နှစ်က ကျွန်တော် ပြန်ဆိုထားသော ကျွန်ဖြစ်ရာလမ်း တွင်လည်း ဤ “ဘုရားလောင်း သူရဲကောင်း ဝါဒ” ဟာ ကျွန်တော်တို့ ဗမာလူ့ဘောင်အတွက် အင်မတန် အန္တရယ် ကြီးမားသော ဝါဒ၊ ကျွန်တော်တို့ လုံးဝ ပယ်ချရမယ့် ဝါဒ ဖြစ်ကြောင်း ၊ ကျွန်တော့်စာများတွင် ဆက်လက်၍ သည်ဝါဒ ၏ အန္တရယ် နှင့် ပယ်ချဖို့ စဉ်းစားပုံတို့ကို ကျွန်တော် ဆက်လက်ဆွေးနွေးမှာ ဖြစ်ကြောင်း အဲသည်တုန်းက ကျွန်တော် ဖော်ပြခဲ့ပါသည်။ ခုစာမှာ ကျွန်တော်တို့ ဤကိစ္စကို စကားစပ်မိလာပြီ ဖြစ်၏ ။

ဘုရားလောင်းသူရဲကောင်း ဝါဒကို ယုတ္တိသဘော အားဖြင့် ပယ်ချဖို့ရန်တော့ အလွယ်လေး ဖြစ်ပါ၏။ ကျွန်တော် ယုတ္တိဝါကျ နှစ်ကြောင်း ရေးပြပါအံ့။

(က) ငန်းတိုင်းသည် ရေကူးသည်
(ခ) ရေကူးသူတိုင်းသည် ငန်းဖြစ်သည်

ရှေ့ (က) က မှန်နေတာကို ကြည့်ပြီး  နောက်(ခ) ကို ကောက်ချက်ဆွဲလို့ ရပါသလား။

ခု ကျွန်တော်တို့ ဘုရားလောင်း သူရဲကောင်း ဝါဒ၏ အနုမာန အယူအဆကို အလားတူ ယုတ္တိဝါကျ နှစ်ကြောင်း ရေးကြည့်ကြပါ စို့လား။

(က) ဘုရားလောင်းတိုင်းသည် စွန့်လွှတ်သည်
(ခ) စွန့်လွှတ်သူတို့သည် ဘုရားလောင်း ဖြစ်သည်

ငန်းတိုင်း ရေကူးတာကို ကြည့်ပြီး ရေကူးသူတိုင်း ငန်းဖြစ်သည်ဟု ပြောလို့ မရသလို ဘုရားလောင်းတိုင်းဟာ စွန့်လွှတ်တာ မှန်ရုံနဲ့ စွန့်လွှတ်သူတို့သည် ဘုရားလောင်းဟူ၍ ဆွဲပြီး ကောက်ချက်ချလို့ မရသည်မှာ အထင်း ပါတည်း။

ယုတ္တိဗေဒ သရုပ်ပြတွင် ဤ အတွေးအခေါ်မျိုး “အားလုံး” ကို ကျွန်တော်တို့ အလွယ်လေး ပယ်ချနိုင်သော်လည်း ၄င်း အတွေးအခေါ်မျိုးသည် လူများစုတွင် အလွယ်လေးပင် စွဲထင်တတ်ကြပြီး ဘယ်တော့မှ ပြုပြင်မရလည်း ရှိတတ်ပါသည်။  နောက်ထပ် အလားတူ ဝါကျနှစ်ခုကို ကျွန်တော်တို့ ဆက်လေ့လာကြ ပါစို့လား။

(က) အကြမ်းဖက် ဗုံးခွဲသူတို့ သည် မူဆလင် ဖြစ်သည်
(ခ) မူဆလင် ဆိုလျှင် အကြမ်းဖက် ဗုံးခွဲသည်

         ကျွန်တော်တို့ ထင်လင်းနိုင်ပြီ ဖြစ်ပါသည်။ ကမ္ဘာကြီးမှာ လူမျိုးရေးခွဲခြားမှု ဘာသာရေးခွဲခြားမှု စတဲ့ ပြဿနာတွေ အပ်ကြောင်းထပ်ခဲ့တာ ၊ မဖြေရှင်းနိုင်တာဟာ ကျွန်တော်တို့ရဲ့  တွေးခေါ်မှု အခြေခံမှာကိုက အများကြီး မှားယွင်းနေလို့ပါ။ အကြမ်းဖက် ဗုံးခွဲသူဟာ မူဆလင် ဖြစ်ရုံနဲ့ မူဆလင်မှန်ရင် အကြမ်းဖက် ဗုံးခွဲတယ်လို့ သတ်မှတ်ချင်တာကိုက ကျွန်တော်တို့ဟာ အတွေ့အကြုံကို မှားယွင်းမွဲတေစွာ ရောင်ပြန်ဟပ်တတ်လေပြီး အသိတရား အမှားတွေကို ကိုင်စွဲလေကာ မူဝါဒ အမှားတွေ၊ အလုပ် အမှားတွေ ကျွန်တော်တို့မှာ မဆုံးတမ်း ဖြစ်လာလေတော့တဲ့ သဘောပါပဲ။

ဒါမျိုး “သည်ပုတ်ထဲက သည်ပဲ” ဆိုကာ လုံးပြီး မြင်တတ်တယ် ဆိုတာ ပညာသင်ကြားခွင့် ကောင်းကောင်း မရခဲ့သူတွေဆို ခွင့်လွှတ် နိုင်ပါသေးသည်။ ခွင့်မလွှတ်နိုင်တာက ထိပ်တန်း ပညာတတ်တွေ ကိုယ်တိုင်က သည်လိုမျိုး လုံးလုံး မှားယွင်းနေတဲ့ အခြေခံတွေနဲ့ ကိန်းခန်းကြီးတဲ့ သီအိုရီတွေ ထုတ်လာတာမျိုးပါ။

ဟားဗတ်ပါမောက္ခ တစ်ဦးဖြစ်တဲ့ ဆန်မျိုး ဟန့်တင်တန်ဟာ သည်လို လုံးလုံး မှားယွင်းနေတဲ့ အနုမာန အယူအဆတွေနဲ့ နောင် ကမ္ဘာ့သမိုင်းဆိုတာ “မူဆလင် ယဉ်ကျေးမှု နဲ့ အနောက်ကမ္ဘာ ယဉ်ကျေးမှု ထိပ်တိုက်တွေ့ လတ္တံ့” ဆိုပြီး သူရဲ့  သိပ္ဗံယောင်ဆောင် ဟောကိန်းကို ထုတ်ခဲ့သလို သည်ဝါဒဟာ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့  စစ်ရေးဗျုဟာပေါ်မှာ လွှမ်းမိုးသွားခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ခုလိုမျိုး ပြဿနာတစ်ရပ်ကို  အရပ်လူပြိန်း နားလည်သလို နားလည်ခြင်းမျိုးဟာ ဘယ်လောက် အန္တရယ်များလာတတ် သလဲ ဆိုတာ ကျွန်တော်တို့ နားလည် သတိထားကြပါစို့။

အမားတီးယားဆင်းက   အယောင်ဆောင် ပညာရှင် ဟန့်တင်တန် ကို ဘယ်လို ဝေဖန်သလဲဆို  “အရပ်ထဲက လူပြိန်းသိ သိတဲ့ဟာကို အားလုံးအတွက် သမိုင်းသက်သေ မှန်ကန်သော ယျေဘုယျ သိပ္ဗံ သီအိုရီဆိုပြီး ဆင်ထုတ်ပြတာဟာ သင်းမို့လို့ မရှက်တယ်” ဟု ဆဲပါသတည်း။

ခု တစ်ခါတည်း စကားစပ်သဖြင့် ‘၉၆၉’ ဆိုတာ အမြတ်ဆုံး ဘုရား၊ တရား ၊ သံဃာ လို့ လူတကာကို လိုက်ပြောနေတဲ့ ရွှေညဝါ စတဲ့ ဘုန်းကြီးတွေကို မိမိ၏ ခြောက်နှစ်သား သားငယ်သည်ပင် ဘယ်လိုမှ မရူံးနိုင်တဲ့ ယုတ္တိဝါကျ နှစ်ကြောင်းကို ရေးပြပါမယ်။

(က) I think that is    ငါတွေးမိတာက ဒါဟာ…
(ခ) That is I think     ဒါကတော့ ငါတွေးမိတာပါ ။

သည်ဝါကျ နှစ်ကြောင်းဟာ ကျွန်တော် အမေရိကမှာ အများပြည်သူရှေ့  တင်ဆက်မှု ထဲက တစ်ခုပါ။ သည် နှစ်ကြောင်းကို ဆလိုက်ထိုးပြီးတော့ ကျွန်တော် ပရိသတ်ကို မေးပါတယ်။ “သည် ဝါကျနှစ်ကြောင်း ၊ ဘယ်ဝါကျက မှန်ပါသလဲ”။

ပရိသတ်ဟာ ငြိမ်သက်မှင်သေ သွားပါတယ်။ အတော်လေး ကြာတော့ ပါမောက္ခ တစ်ဦးက တုံ့ပြန်ရာမှာ “နှစ်ခုလုံး မှန်တယ်လို့ ထင်ပါတယ်”။ ဘွဲ့ကြို ဒဿန ကျောင်းသား တစ်ဦးက “ဒုတိယဝါကျ ပဲ မှန်ပါတယ်” ။ ပရိသတ်က သြချပြီး လိုက်လာရာမှာ “ဟုတ်ပါရဲ့ ၊ ဒုတိယ ဝါကျပဲ မှန်ပါတယ်” ။

ဒုတိယ ဝါကျပဲ မှန်တယ်လို့ ဘာလို့မို့ ပြောနိုင်ရပါလိမ့်။  ကျွန်တော်တို့ ဆက်လေ့လာကြည့်ကြ ပါစို့။

(က) ငါ တွေးမိတာက ဘုရားတရားသံဃာ ဆိုတာ…၉၆၉ ပဲ
(ခ) “ဘုရားတရားသံဃာဟာ ၉၆၉  ပဲ” ဆိုတာကတော့ ငါ တွေးမိတာပါ

ပထမ ဝါကျရဲ့ သဘောမှာ “ငါတွေးမိတာက” ရဲ့  နောက်မှာ ဘာမဆို လိုက်လို့ ရပါတယ်။ ‘ငါ’ ဆိုတဲ့ အာရုံက ဖြစ်စဉ်(အတွေးစဉ်) ရဲ့ ရှေ့မှာ အရင်ပေါ်နေပြီး ကတ္တားဖြစ်တဲ့ ပုဂ္ဂိုလ်သာ ပဓာနလို့ အရင် ပိုင်းဖြတ်ထားပါတယ်။ အဲသလို ကတ္တား = ငါ ရဲ့  သတ္တိစွမ်းပကားသာ ပဓာနလို့ ယူတဲ့အတွက် သူ တွေးခေါ်နေတဲ့ ဖြစ်စဉ် = ကံ တွေဟာ နောက်ကနေ ဘာပဲဆက်လာလာ အမှန်တရားပဲ လို့ တွေးသူဟာ ယူဆနေ ပါတယ်။

အနှစ်ချုပ်မယ်ဆိုရင် သူတွေးတာ မှန်သမျှ “အမှန်” လို့ ပထမဝါကျက လူဟာ ထင်နေပါတယ်။ ထို့ကြောင့် ပထမဝါကျ သဘော အတိုင်း တွေးခေါ်သူဟာ  အမှန်တရားနဲ့ တအား အလှမ်းဝေးပြီး ဝါးလုံးခေါင်းထဲ ပိတ်ပြီး လသာနေတာကို ပြတာပါ (paradoxically closed system) ။

ဒုတိယ ဝါကျမှာတော့ တွေးလိုက်မိတဲ့ အကြောင်းအရာ ဖြစ်စဉ် That ဒါ ကို ဖြစ်စဉ်အတိုင်း ဖော်ပြမှုက ကနဦးဆုံး လာပါတယ်။ ပထမလူကဲ့သို့ သတ္တိစွမ်းပကားကို ပိုင်ဆိုင်တဲ့ ‘ငါ’ ရှိတယ်လို့ ကြိုတင် ရမ်းမှန်းပြီး မစဉ်းထားတာက အဓိက ထူးခြားချက် ပါပဲ။ သေချာကြည့်မယ်ဆိုရင် ဒုတိယလူအဖို့
ကံ = တွေးခေါ်နေတဲ့ ဖြစ်စဉ် ဟာ ကတ္တား ‘ငါ’ နဲ့ မကွဲပြားကြောင်း အရှိကိုအရှိအတိုင်း ၊ ဖြစ်စဉ်ကို ဖြစ်စဉ်အတိုင်း နှိမ့်ချ ဝန်ခံထားပါတယ်။

 ဖြစ်စဉ် (အတွေးစဉ်အတိုင်း) ဖော်ပြဝန်ခံတဲ့ အတွက် ပထမလူလို “ငါ တွေးမိတာက…” ဆိုပြီး နောက်က တွေးမိတဲ့အရာ (ဝါ) ကံက ဘာမဆို လိုက်လာလို့ရ ၊ စိတ်လိုသလို ပြင်လို့ပြောင်းလို့ အစားထိုးလို့ မရ ပါဘူး။

အနှစ်ချုပ်မယ်ဆိုရင် ကတ္တားကို ဖျောက်ထားတဲ့၊ ကံသဘော အတိုင်း ကြည့်ပြီး ပြောဆိုနေတဲ့ ဒုတိယလူ အတွက် တွေးခေါ်မိတဲ့ ဖြစ်စဉ်မှာ ပေါ်လာတဲ့ မည်သည့်အရာကမှ ခုထိ မမှန်သေး ပါဘူး ။ သည်လို လူမျိုးဟာ အမှန်တရားကို မျက်ဝါးထင်ထင် မြင်တွေ့ဖို့ အလွန်နီးစပ်နေတဲ့ ကံပွင့်ဥာဏ်ပွင့် လူပါ (paradoxically open system) ။

သည်မှာ ကျွန်တော်တို့ သိမ်မွေ့ခက်ခဲတဲ့ သဘောတရားကို မြင်နိုင်တာဟာ “ငါတွေးမိတာက…” ဆိုပြီး ဘာမဆို လိုက်လာလို့ရတဲ့ ပထမဝါကျက အတင်းပြေးနေတဲ့ လူဟာ ဘာမှ အသိတရားတိုးတက် ရစရာမရှိ၊ လုံးဝပိတ်နေတဲ့ စနစ် (closed system) ထဲမှာ နေနေတာ ဖြစ်ပြီး “ဒါဟာတော့ စဉ်းစားထားမိ သလောက်ပါ” လို့ ရပ်ပြီးသိတဲ့ ဒုတိယဝါကျက လူ အတွက် ဗဟိန္ဓပြင်ပ လောကကြီး တစ်ခုလုံးက ဘယ်အသိတရားကို မဆို လက်လှမ်းရယူဖို့ တံခါးဟင်းလင်းပွင့် နေတယ် ဆိုတာပါပဲ (open system) ။

ရုတ်တရက် ကြည့်ရင် ပထမဝါကျက လူဟာ လွတ်လွတ်လပ်လပ် မြန်မြန်ဆန်ဆန် တွေးခေါ်နိုင်သူ ၊ ဒုတိယ ဝါကျက လူက ကျဉ်းကျဉ်းကြုတ်ကြုတ် နှေးနှေးကွေးကွေး တွေးခေါ်နေသူ လို့ ထင်ရပါတယ်။ တကယ်တော့ ပထမဝါကျက ‘လွတ်လပ်စွာ တွေးခေါ်နေသူ’ ဆိုတဲ့ လူဟာ အသိတရား ဆုတ်ယုတ်အောက်ကျသည်ထက် အောက်ကျလာတဲ့ ဒေဝဒတ်ဖြစ်ပြီး ဒုတိယဝါကျက ‘ဝန်ခံရှက်ကြောက် တွေးခေါ်သူ’ ဟာ အသိတရား တိုးတက်သည်ထက် တိုးတက် ဘုရားဖြစ်နိုင်တဲ့လူ၊ ဘုရားလောင်း ပါပဲ။

Freedom of thought - အတွေးအခေါ် လွတ်လပ်မှု လို့ ခုအခါမှာ အများ နားလည်နေကြ ပါတယ်  ။ အတွေးအခေါ် လွတ်လပ်မှုဆိုတာ ကျွန်တော်တို့လူများ “ပထမလူ” လို ကျင့်သုံးရင် အန္တရယ် အများကြီး ရှိပါတယ်။ တကယ်က Freedom of argument - အငြင်းအခုံ လွတ်လပ်မှု = အခြေခံ အနုမာနတွေကို စစ်တမ်းထုတ် ဝေဖန်စမ်းသပ်မှု ဆိုတဲ့ “ဒုတိယလူ” ကိုယ့်လူတွေမှာ မမွေးဖွားခဲ့ပါရင် ငါတို့ ဗမာပြည်မှာ ဝီရသူ ရွှေညဝါတို့လို ခုနောက်ဆုံး သီတဂူ တိပိဋကတ်ကိုယ်တော် စသဖြင့် ဒေဝဒတ်တွေ တောမသတ်အောင် ထွက်ပေါ်လာနိုင် ပါတယ်။

ဟုတ်ကဲ့၊ ဗမာပြည် တကယ် လွတ်မြောက်တဲ့နေ့ဟာ ရွှေညဝါလို စိတ်အားလည်း ထက်သန် ၊ တရားဟောလည်း ကောင်းတဲ့ ဘုန်းကြီးတွေ လောကအမြင် မှန်ကန်လာပြီး “၉၆၉ ဆိုတာ ဘုရားတရားသံဃာ ပဲ ဆိုတာ (ငါ?) တွေးမိတာပါ” လို့ စပြီး ပြောဟောလာတဲ့ နေ့ ၊ ရွှေညဝါကိုယ်တော်ရဲ့ လောကအမြင်ထဲမှာ “အနိုင်းမဲ့ ပညာပါရမီရှင် ဘုရားလောင်း” ဒုတိယလူ စတင် မွေးဖွားလာတဲ့ နေ့ပါပဲ။

တကယ်တော့ လုံးစည်းစနစ် တစ်ခုလုံးရဲ့  အသက်ဝိဥာဉ်ဟာ ပထမလူ ရဲ့  အသက်ဝိဥာဉ်ပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့် ငါတို့ဟာ လုံးစည်းဝါဒ ကို ငါတို့ တိုင်းပြည်မှာ နောင် ဘယ်တော့မှ မပေါ်ပေါက် စေချင်ဘူး ဆိုရင် ‘ပထမလူ’ ကို သတ်ပစ်ရပါလိမ့်မယ်။ သည်လိုမှ သတ်မပစ်ဘူးဆိုရင် တောမသတ် အကျိုးအကြောင်း ဆက်စပ်ပြမှု (infinite regress) တွေကို ပထမလူဟာ မရပ်တန်း လုပ်လာပါလိမ့်မယ် ။ သည်အကျိုးသည် အဲသည်(အခြေခံ)အကြောင်း ကြောင့် … အဲသည်အကြောင်းသည် အဲဒါ(မူလ)အကြောင်းကြောင့် …အဲဒါအကြောင်းသည် …အဲသလို(အရင်းအမြစ်) အကြောင်းကြောင့်… စသဖြင့် ‘ဆင်ခြင်တုံတရား အတိနှင့် ပြည့်စုံသော’ ရဟန်း မင်းတရားကြီးတွေ နဲ့ စစ်ဗိုလ်ချုပ် မင်းတရားကြီးတွေ ပေါင်းပြီး ဗြောင်လိမ်ဗြောင်ညာ ဖာချတာကို ခံရတဲ့ တိုင်းပြည် ဘဝကို ငါတို့လူတွေ အနှေးနဲ့ အမြန် ရောက်သွားပါလိမ့်မယ်။

infinite regress (တောမသတ် ကျိုးကြောင်း ဆက်စပ်ပြမှု) ဟာ တောမသတ် စွန့်ဝံ့စွန့်စား လူယုတ်မာတွေနဲ့ ပြည့်နှက်နေတဲ့ လုံးစည်းစနစ်ကို ဘယ်လို မွေးဖွားပေးလိုက်ပုံကို သိချင်သပဆိုရင် ကျွန်တော်တို့ တတွေ I think that is ဆိုတဲ့ ပထမလူရဲ့  တွေးခေါ်ပုံကို ဥပမာကလေး တစ်ခုနဲ့ သရုပ်ခွဲကြည့်ကြ ပါစို့လား။

ပထမလူ ထောင်ဝါဒါက ခိုင်းစေသည့်အတိုင်းပဲ ပုံစံထိုင်တတ်၊ လောကအမြင် ပုံစံခေါက်ရိုးကျိုး နေသော အတွေးအကျဉ်းသား ရွှေညဝါ ဘုန်းကြီး၏ တွေးခေါ်သော ပုံစံကို ဥပမာ ပေးပါမည်။ အထင်အမြင် အကျဉ်းကျကြီး ရွှေညဝါသည် ကလို စတွေးလိုက်ပါ သတတ်…

ငါထင်တာက ဒါဟာ…

ငါထင်တာက ...

ကျုးကျော်သူများသည် ဘင်္ဂလီဖြစ်သည်…

ဘင်္ဂလီ ဆိုလျှင် မူဆလင် ဖြစ်သည်…

မူဆလင်တို့သည် ဘာသာခြားဖြစ်သည်…

ဘာသာခြားတွေထဲမှာ မူဆလင်တို့သည် ဆိုးသူများဖြစ်သည်…

မူဆလင်တို့ ဆိုးပုံမှာ ယုန်တွေလို အုပ်လိုက်အုပ်လိုက် မျိုးပွားသည် …

မျိုးပွားနူန်း မြန်လျှင် မူဆလင် ဦးရေ များမည်…

မူဆလင်ဦးရေ များလျှင် ဗမာလူမျိုးကို မြိုမည် ၊ ဗုဒ္ဓဘာသာ ဆုတ်ယုတ်မည်…

ဒါကြောင့် မူဆလင်သည် တိုင်းပြည်အတွက် အန္တရယ်ကောင် နှင့် ဗုဒ္ဓဘာသာ ရန်သူဖြစ်သည်…

တိုင်းပြည်အတွက် အန္တရယ်ကောင် နှင့် သာသာနာ့ရန်သူ ကို နှိမ်နင်းခြင်းသည် အပြစ်မရှိ…

တိုင်းပြည်အန္တရယ်ကို နှိမ်နင်းနိုင်လျှင် တိုင်းပြည် သူရဲကောင်း၊ သာသနာ သူရဲကောင်း အဖြစ် ငါ ဂုဏ်ယူလို့ ရသည်…

အစိုးရသည် မူဆလင်ကို မုန်းသည်၊ အစိုးရက မူဆလင်တွေကို နှိပ်ကွပ်ထားဖို့ အစဉ်တစိုက် ကြိုးစားသည်…

ငါကိုယ်တိုင် ခံခဲ့ရသော အတွေ့အကြုံအရ  အာဏာပိုင်အစိုးရသည် သူမကြိုက်တာလုပ်လျှင်
ဒုက္ခအရမ်းပေးပြီး သူကြိုက်တာ လိုက်လုပ်လျှင် သူကောင်း အကြီးအကျယ် ပြုသည်…

ဒါကြောင့် ငါသည် အာဏာပိုင်တို့ နဲ့ ပေါင်းပြီး မူဆလင်ကို နှိပ်ကွပ်လျှင် နာမည်ကြီး သာသနာ့ သူရဲကောင်းလည်းဖြစ်၊ ဘုရင်က လာဘ်လာဘ နှင့် မြှောက်စားတာကိုလည်း တဝကြီး ခံစားရမည်….

ဒါကြောင့် (ငါ့ကို တစ်ခါက နှိပ်ကွပ်ခဲ့သည့် သံဃနာယက အဖွဲ့တွေလိုပဲ အခွင့်အရေး အသာယူရန်) ငါသည် အာဏာပိုင် အစိုးရ နှင့် ပေါင်းမည်…

ငါတစ်ပါးထဲ သည် နာမည်ဆိုးရှိတဲ့ လူတွေနဲ့ သွားပြီး ပေါင်းလို့တော့ မဖြစ်…

ဒါကြောင့် ကျန်တဲ့ သံဃာတွေ နဲ့  လူထုကိုပါ ငါ့အဖွဲ့ထဲဝင်အောင် စည်းရုံးရမည်…

ဒါကြောင့် ငါ့ကိစ္စထဲ ကိုယ်တော်တွေ ပါလာစေရန် ငါလုပ်ဆောင်မည်…

ဒါမျိုး လုပ်တာသည် ငါက သာသနာ ကောင်းစေလိုသော ရည်ရွယ်ချက် စေတနာကောင်းနဲ့ လုပ်တာဖြစ်သည်…

ဒါကြောင့် သံဃာကို ငါ့ကိစ္စထဲ ပါလာရန် ဖဲ့ထုတ်ခြင်းသည် သင်းခွဲခြင်း မဟုတ် ၊ ငါသည် အပြစ်မရှိ၊ ကုသိုလ်လုပ်ခြင်းပင် ဖြစ်နေသေးသည်…

“သာသနာရေးကို ဆောင်ရွက်လျှင် အသက်ပင်ဆုံးစေအုံး” လို့ လွန်လေသူ မဟာဂန္ဓာရုံ ဆရာတော်ကြီးက ကဗျာစပ်၍ပင် ဆိုထားသေးသည်…

ဒါကြောင့် ‘သာသာနာရေး၊ တိုင်းပြည်အရေး၊ အများကောင်းစားရေး’ အတွက်ဆို
ငါ ဘာလုပ်လုပ် တင့်တယ်သည်…

ငါ ဘာလုပ်လုပ် တင့်တယ်သည့် အတွက်….


ဟုတ်ကဲ့၊ ငါ တွေးမိတာက ဒါဟာ ဟာ “ကျုးကျော်သူများသည် ဘင်္ဂလီဖြစ်သည်…” ကနေ စလိုက်တာ “ငါ ဘာလုပ်လုပ် တင့်တယ်သည်” မှာ ဆုံးနေပါလား အရပ်ကတို့ ။ ဘုန်းကြီးကောင်း ကနေ အယုတ်ပတ်ဆုံး ဘုန်းကြီး တစ်ခါတည်း ဖြစ်လာပါရော့လား ။ ပထမလူရဲ့  အဲသလို တောမသတ်ဆင်ခြေ (infinte regress) တွေပေးပြီး တောမသတ် ယုတ်ပတ်လာမှု ဟာ သူ့ရဲ့  အခြေခံ လောကအမြင် (ဝါ) လောကကို တင်ကြည့်တဲ့ စနစ်ဘောင် framework လွဲနေရာကနေ တောက်လျှောက် လိုက်လာတာ ပါပဲ။

တောမသတ် ယုတ်မာလာမယ့် ပထမလူ ရဲ့   တပင်တပန်း တောမသတ် ကျိုးကြောင်း ဆက်စပ်နေမှု နဲ့ ကွာခြားလှစွာ ဒုတိယလူဟာ ဘယ်နေရာမှာ မဆို သတိနဲ့  ရပ်တန့်သွားမယ် ဆိုတာ သိသာပါတယ်။ အနိုင်းမဲ့ ပညာပါရမီရှင် ဖြစ်လာမယ့် ဒုတိယလူ ရဲ့  တွေးခေါ်ပုံကို ကျွန်တော်တို့ သရုပ်ခွဲကြည့် ကြပါအုံးစို့ ။

ကျုးကျော်သူများသည် ဘင်္ဂလီဖြစ်သည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)

ဘင်္ဂလီ ဆိုလျှင် မူဆလင် ဖြစ်သည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)

မူဆလင်တို့သည် ဘာသာခြားဖြစ်သည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)

ဘာသာခြားတွေထဲမှာ မူဆလင်တို့သည် ဆိုးသူများဖြစ်သည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)

မူဆလင်တို့ ဆိုးပုံမှာ ယုန်တွေလို အုပ်လိုက်အုပ်လိုက် မျိုးပွားသည်   ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မချ)

မျိုးပွားနူန်းမြန်လျှင် မူဆလင် ဦးရေ များမည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)


မူဆလင်ဦးရေ များလျှင် ဗုဒ္ဓဘာသာ ဆုတ်ယုတ်မည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)

စသဖြင့် နောက်ဆုံး…

ဒါကြောင့် ‘သာသာနာရေး၊ တိုင်းပြည်အရေး၊ အများကောင်းစားရေး’ အတွက်ဆို ငါဘာလုပ်လုပ် တင့်တယ်သည် ဆိုတာ (ငါ) တွေးမိတာပါ။ (ပုဒ်မ)

ဟုတ်ကဲ့၊ ဒုတိယလူအတွက် ‘ကျုးကျော်သူ’များသည် ‘ဘင်္ဂလီ’ ဖြစ်သည် ဆိုတဲ့ အဆင့်ကို ကျော်ဖို့တောင် အင်မတန် ခဲယဉ်းပါတယ်။ ဘာလို့လဲဆိုတော့ ‘ကျုးကျော်သူ’ နဲ့ ‘ဘင်္ဂလီ’ ဆိုတဲ့ ကတ္တားတွေ ကိုရော ၊ ကတ္တားနှစ်ခုကို ထပ်တူပြုထားတဲ့ ‘ဖြစ်သည်’ ဆိုတဲ့ ဝါစင်္ဂ ကိုပါ သူ တွေးမိ သလောက်သာ ဆိုတာ သူသိနေပါတယ်။ “ကျုးကျော်သူ” ဆိုတဲ့ ဝေါဟာရကို ဘယ်လို အဓိပ္ဗာယ်သတ်မှတ်ချက်တွေနဲ့ ဖွင့်မှာပါလဲ။ ‘ကျုးကျော်သူ’ လို့ သိမှတ်နေတဲ့ ဝေါဟာရကိုက အဓိပ္ဗာယ် မမှန်ဘူးဆိုရင် ‘ဘင်္ဂလီ’ ဆိုတာကို ထည့်စဉ်းစားစရာ လိုပါသလား။

သို့မို့ကြောင့်လို့ “ငါဘာလုပ်လုပ် တင့်တယ်တယ်” ဆိုတဲ့ လုံးဝ ဖောက်ပြန် မိုက်မှားနေတဲ့ နောက်ဆုံး အဆင့်ကို ရောက်လာဖို့ ဆိုတာ ဒုတိယလူ တစ်ဦး အတွက် အင်မတန် ခဲယဉ်းလှသလို သူ ကပေလို့ ရောက်ခဲ့လျှင်လည်း သည် နောက်ဆုံး (အယုတ်မာဆုံး) အဆင့်မှာ သူ့အတွက် ရှေ့ဆက်တိုး ဖို့ရာ ဖြစ်လာမှာ မဟုတ်ပါ။

ဒုတိယလူတွေဟာ အတွေးစဉ်ရဲ့ ဘယ်နေရာမှာ မဆို သူတို့ရဲ့  အသိဥာဏ်အား ဗဟုသုတဗလ ကွဲပြားမှု အလိုက် သတိတရားဝင်လာ ရပ်တန့်စဉ်းစား၊ လမ်းကြောင်းအမျိုးမျိုးကို ခွဲထွက်သွားပြီး အတွေးအခေါ် ကွဲပြားဆန့်ကျင် စုံလင်နေတဲ့ လူစုံတွေ ဖြစ်ထွန်းလာပါလိမ့်မယ်။ လူ့ဘောင်တစ်ခုမှာ ဒုတိယလူရဲ့  ဝိဥာဉ် ရှင်သန်နေသရွေ့  လွတ်လပ်မှု Freedom နဲ့ ကွဲပြားစုံလင်မှု Diversity ဟာ တည်မြဲရှင်သန် ပါလိမ့်မယ်။


ပထမလူတွေ အကုန်လုံးဟာ "ငါ ဘာလုပ်လုပ် တင့်တယ်တယ်” ဆိုတာမှာ မလွဲသေချာ ရပ်ပါတယ်။ “လူအများ အရေးသာ ပဓာန” ဆိုတဲ့ ရည်ရွယ်ချက်ပန်းတိုင်၊ “စွန့်လွှတ်စတေးမှု” ဆိုတဲ့ အစွန်းရောက် လုပ်ရပ်၊ “အများကောင်းကျိုး အတွက်ဆို ဘယ်သူ့မျက်နှာကိုမှ ထောက်နေစရာ မလို” ဆိုပြီး ဇွတ်ငြင်း ပိုင်းဖြတ်မှု စတဲ့ လက္ခဏာဆိုးတွေနဲ့ အဲသည်လူတွေ “အကုန်လုံး” ဟာ ဘုံတူ အဆုံးသတ် တတ်ကြပြီး ပထမလူရဲ့  ဝိဥာဉ်ဆိုးက တောမသတ် ချုပ်ကိုင်ပူးဝင်နေတဲ့ (infinite regress) လူ့ဘောင်တစ်ခုဟာ အယုတ်မာဆုံး လူတွေသာ ခေါင်းဆောင် တက်ဖြစ်တဲ့ လုံးစည်းစနစ် (Totalitarianism) အောက်ကို ကျရောက်သွားရ တာချည်း ပါပဲ။