Tuesday, July 30, 2013

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၉)



သန့်စင်သေချာ "ဘုန်းကြီး"လာသော် ပြည်ရွာပျက်ကြောင်း တစ်ပါးတည်း


မိမိတို့သည် အနောက်မဟုတ်ခြင်း ဟူပြီး အမှတ်လက္ခဏာပြုမိလေသော အာရုံရောင်ပြန်ကို ရွှေနားကွပ်သည့် ဒေသနာတော်ကြီး တစ်ခုသည် ရှိပါ၏ ။ ဤဒေသနာတော်ကြီးသည် အဘယ်နည်း ဟူမူ အရှေ့အာရှပိုင်းက မူဝါဒချန်ပီယံတို့က မချိရင်ကွဲ အော်ဟစ်တတ်သော “အာရှတိုက်ကြီး၏ တန်ဖိုးကျက်သရေများ” ပါတည်း။ သူတို့တတွေ ဟစ်အော်ကြခြင်း၏ အကြောင်းရင်းတမူကား ပစ္ဆိမသားတို့ကနေပြီး သူတို့ရဲ့  သမိုင်းဝင်ဥစ္စာဟု မဟုတ်တလဲ ကြွေးကြော်သိမ်းယူလေသည့် လူတစ်ဦးချင်း လွတ်လပ်ခြင်း နှင့် လူ့အခွင့်အရေးတို့ကို လက်သင့်မခံလိုသော ရည်ရွယ်ချက်သည် ပဓာနအကြောင်း ပါတည်း။ မဟာဒီပါ အာရှသား တို့သည် ဤလောကစောင့် လောကပါလတရားကို “ဒါတွေအားလုံး ငါတို့ ပစ္ဆိမမူပို်င်” ဆိုပြီး  အနောက်ကလူတွေ သောက်တလွဲလုပ်နေတာကို ပယ်ချရကောင်းမှန်း မသိ (ဟန့်တင်တန်က ဤလောကစောင့် လောကပါလတရားတို့ကို အနောက်ရဲ့  မူပိုင်ဆိုပြီး လုပ်ချလာတဲ့ ပုံစံကို ရှေ့တွင် ပြောခဲ့ပြီးပါပြီ)  ။ ထိုအစား မဟာဒီပါသားတို့ မြွေပူရာကင်းမှောင့်ပြီး ထပ်လွဲချော်လိုက်ပုံက “သင်းတို့ ဥရောပသားတွေမှာ လူတစ်ဦးချင်း လွတ်လပ်ခြင်း နှင့် လူတစ်ဦးချင်း အခွင့်အရေးတို့တွေ ကပေလဲ ကပေပေါ့၊ ငါတို့ မဟာဒီပါသားတွေမှာလည်း စည်းကမ်း နဲ့ သေဝပ်မှု ဆိုတာ မဟာအာရှတိုက်ကြီး ရဲ့ တန်ဖိုးတွေပါပဲ” ဟု ဘယ်တုန်းက မွေးထားမှန်း မသိတဲ့ အာရှကျက်သရေ နဂါးကြီးနဲ့ ပြန်ခြိမ်းခြောက်ခြင်း ပါတည်း။ ပစ္ဆိမရေ ၊ နင့် “လူတစ်ဦးချင်း” ဥစ္စာတွေကို နင့်ဟာနင် ဥစ္စာစောင့်မ လုပ်ပေါ့ ၊ တို့ကပေလည်း “အစုအပေါင်းနဲ့” ငြိမ်ဝပ်ပိပြားခြင်း စည်းကမ်းရှိခြင်း ဆိုတဲ့ အာရှကျက်သရေကြီးတွေ နဲ့ ငါတို့ဘာသာ ငါတို့ သိုက်စောင့်နေပါရစေနော်၊ သရဲမရယ်၊ နင်လာမခြောက်ပါနဲ့ ။ ပြခဲ့သလို အနောက်စုန်းပူးနေမှန်းမသိ စိတ်တိုလာတတ်သော မဟာဒီပါသားတို့က မောင်းကြော်လာသော ရွှေ အာရှကျက်သရေ ဒေသနာတော်သည် မကြားမရှိ၊ တို့များတတွေ ထောင်နားစိုက်မိတတ်ပါဘိ။
            အဲသည် အာရှကျက်သရေ ခေါင်းပေါင်းသည် ထိုင်းနိုင်ငံ၏ အရှေ့ယွန်းယွန်း ဆီက အာရှနိုင်ငံများတွင် တလူလူ ဝင့်ကြွားနေတတ်ပါသည် (အထူးသဖြင့် နိုင်ငံခေါင်းဆောင်တွေ၊ အစိုးရ ပြောရေးဆိုခွင့်ရှိသူတွေဆိုတဲ့ လူကြီးလူကောင်းတွေမှာပေါ့ဗျာ) ။ တကယ်တော့ ထိုသူတို့သည် မဟာဒီပါ အာရှတိုက်ကြီး တစ်တိုက်လုံး သည်တစ်ပုံစံတည်း ဆိုပြီး လုပ်ချင်ကြပေမယ့် သူတို့ပြောတဲ့ ဘုန်းမောင့်ကျက်သရေသည် အရှေ့အာရှမှာ ပိုပြီး လူလွင့်သည်ကား အထင်အရှားပါတည်း။ ကြည့်ကြပါစို့ ။ ခန့်ညားသော သက်တော်ရှည်ဝန်မင်းကြီး (ယခင် ဝန်ကြီးချုပ်ကြီး) လီကွမ်ယုသည် အရှေ့အာရှကို ပြန်လည် ဦးမော့လာအောင် တည်ဆောက်ပေးခဲ့သော ဗိသုကာကြီး ဖြစ်သလို သူ့အအုံ သူ့အသိုက်မတော့ သူသည် အမြင်ကျယ်သော ရှေ့ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်ပါ၏ ။ ဤ ဝါရင့် နိုင်ငံပြုသမားကြီးက မျဉ်းကြောင်းအကြမ်းဖျဉ်း ဆွဲတားလိုက်သည်မှာ “အနောက် နှင့် အရှေ့ အာရှဟာ လူ့ဘောင်ကို မြင်တဲ့ အသိသညာ မတူကြပါဘူး”။ သူ ဆက်ရှင်းပြပုံက “အရှေ့အာရှလို့ ပြောတယ်ဆိုရင် ဆိုလိုတာက ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ်တို့ပါ ။ အရှေ့တောင်အာရှက နိုင်ငံတွေဆို (ဗီယက်နမ်ကလွဲရင်) သည်စာရင်းမှာ မပါပါဘူး။  အရှေ့တောင်အာရှ နိုင်ငံတွေ ဆိုတာက တရုတ်နဲ့ ကုလားကြား သွေးနှောသွားတဲ့ ကပြားတွေလေ။ တစ်ခုပြောနိုင်တာကတော့ အိန္ဒိယယဉ်ကျေးမှုမှာ ငါတို့ အရှေ့အာရှ တန်ဖိုးတွေနဲ့ ဆင်တူတာတွေ အများကြီးပါပဲ” ၁၅ ။ ဘိုးဘိုးယုက ဆက်ပြောသည်မှာကား အနောက်၏ ဗိုလ်ကျစိုးမိုးမှုကို ခုခံနိုင်ဖို့အတွက် အာရှကျက်သရေ တန်ဖိုးတို့ကို ကာကွယ် စောင့်ရှောက်ရန်လိုသည် ဆိုကြောင်း ပေတည်း။ အထူးသဖြင့် ဘိုးတော်ယုဟာ ငါတို့ မဟာဒီပါသားတွေကို အမေရိကန်က ဆရာကြီး လာလုပ်တာမျိုးကို သူ မကြိုက်ပါ။ သူပြောတတ်တာက “ငါတို့ စင်ကာပူဟာ အမေရိကန်ရဲ့  အစောင့်ရှောက်ခံ စော်ဘွားတိုင်းပြည် မဟုတ်ပေဘူး”၁၆
            ဗီယန်နာတွင် ၁၉၉၃ ၌ ကျင်းပခဲ့သော လူ့အခွင့်အရေး ကမ္ဘာ့ကွန်ဖရင့် တွင် အစိုးရကိုယ်စားတက်ရောက်သူ ကိုယ်စားလှယ်တော် တော်တော်များများက အာရှ နှင့် အနောက်ကြားမှာ ရှိသော ယဉ်ကျေးမှုတန်ဖိုးများ ကွာခြားပုံကို အလေးပေး ဆွေးနွေးခဲ့ကြပါသည်။ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက လွတ်လပ်မှုကို မြတ်နိုးသော စေတနာအပြည့်နဲ့ သတိပေးပုံဟာ “လူ့အခွင့်အရေးကို တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ လောကပါလတရား ဆိုပြီး လုပ်ခြင်းဟာ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် စတဲ့ ဗဟုစုံလင်မှုကို နစ်မွန်းသွားစေတတ်ပြီး ဒါဟာ မကောင်းပါဘူး” ။ တရုတ်ကို်ယ်စားလှယ်တော်တွေက ဘယ်လိုပြောသလဲဆို “လူ့အခွင့်အရေးဆိုတာ အခြေခံစနစ်ဘောင် ချတာလဲချပေါ့။ ဒါပေမယ့် အဲသည် အခြေခံစနစ်ဘောင်မှာ ဒေသအလိုက် အနေအထား ကွဲပြားမှုတွေကို အရင်ဦးဆုံး ညှိုညက်ပြီးမှ ဆက်လုပ်လို့ရမယ်” ဟူသတတ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဘယ်လိုတောင် ကမ်းတက်လာသလဲဆို “လူတစ်ဦးချင်း အခွင့်အရေးကို လိုချင်ရင် ပထမဆုံး နိုင်ငံတော် အခွင့်အရေး ဆိုတာ ဖော်ဆောင်ပြီးမှ ဒါကို ပေးနိုင်မယ်”၁၈  ၊ ဘုရား ကယ်တော်မူပါ။

[ဖွင့်ဆိုချက်။ ။ သည်နေရာတွင် ကျွန်တော်တို့သည် ယနေ့မြန်မာပြည်၏ အသိတရားပိုင်းဆိုင်ရာ ပြဿနာများကို ကောင်းမွန်မှန်ကန်သော အခြေခံစနစ်ဘောင် တစ်ခုမှ ဆက်လက်သုံးသပ်နိုင်ဖို့ရန် အသည်းအသန် အရေးကြီးသည့် နေရာသို့ ရောက်ပြီ ဖြစ်ပါသည်။ ကနေ့ချိန်ခါမှာ ကျွန်တော်တို့ မြန်မာအများတွင်  “လူ့အခွင့်အရေး (လူတစ်ဦးချင်း အခွင့်အရေး) ဆိုတာမျိုးသည် ငါတို့၏ အသိုင်းအဝို်င်း သို့တည်းမဟုတ် လူမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်တိုးတက်စေဖို့ဆိုရင် လိုက်နာနေရမှာ မဟုတ်” ဟူပြီး ပျံနှံ့ထင်ပေါ် ယူဆကြကုန်ပါ၏ ။ ထိုသို့ ယူဆသည့်အတိုင်းလည်း ကြွေးကြော်တတ်၊ လူ့အခွင့်အရေး ဆိုသည်မျိုးကို အပြီး နင်းချေပစ်လိုသော စိတ်ယုတ်မာတရားတို့ ကျွန်တော်တို့တွင် များစွာ လွှမ်းမိုးဖြစ်ပွားလာကုန်ကြ ပါ၏။ နိုင်ငံရေးကို စနစ်တကျ လုပ်ကြံနေသော မိစ္ဆာပညာရှင်တို့ကလည်း သူတို့ ကြံစည်ရင်းစွဲ ရှိထားသည့်အတိုင်း စကားလုံး တစ်လုံးကို လက်ပေးသင်လေသော အခါ အလိမ်ခံရသော ကျွန်တော်တို့ ရဟန်းရှင်လူအပေါင်းတို့သည် “အချုပ်အခြာအာဏာ” (soverignty)  ဆိုသော စကားလုံးကို တွင်ကျယ်မြှောက်ကြွစွာ သုံးတတ်လာပြီး နိုင်ငံတကာ လူတကာနှင့် ရန်လိုက်ဖြစ်နေပါတော့ သတည်း။
            ဥပမာအားဖြင့် ၂၀၁၃ မေလပိုင်း ဗွီအိုအေနှင့် အင်တာဗျုးတွင် ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်မှ မရင်ရင်နွယ်သည် နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး ကော်မရှင် (Human Rights Watch) ၏ အစီရင်ခံစာကို ပယ်ချကြောင်းပြောရာတွင် အဓိက အကြောင်းပြသည်မှာ “ Human Rights Watch ဆိုတာ UN အဖွဲ့ မဟုတ်ပါဘူး။ UN အဖွဲ့ဖြစ်သည့် တိုင်အောင် ကျွန်မတို့ ဂရုစိုက်စရာ မလိုပါဘူး။ ဘာလို့လဲ ဆိုတော့ နိုင်ငံတိုင်းမှာ Soverignty ဆိုတာ ရှိပါတယ်။ မြန်မာလိုဆို … (သူမ မေ့နေ၍ ဗွီအိုအေမှ ကိုကျော်ကျော်သိန်း ဟု ထင်ပါသည် -ထောက်ပေးရာ) အချုပ်အခြာအာဏာ ပေါ့။”
ဟုတ်ကဲ့၊ သူမ မသိသည်မှာ အချုပ်အခြာအာဏာ၏ သဘောသည်ပင် အခြေခံဖြစ်သော လူတစ်ဦးချင်း၏ လွတ်လပ်ခြင်းကို လူအုပ်စုများဆီသို့ ပြေးချိတ်သဖြင့် အသိုင်းအဝိုင်းတစ်ခု၏ လွတ်လပ်ခြင်း (autonomy) ဆိုတာ ဖြစ်ပေါ်လာခြင်း ဆိုတာပါတည်း။ ကမ္ဘာ့ကုလသမ္မဂ္ဂမှ နိုင်ငံတကာ ဆက်ဆံရေးအတွက် နီတိတရား အနေဖြင့် စည်းမျဉ်းချထားသော အချုပ်အခြာအာဏာ၏ အခြေခံရည်ရွယ်ချက်သည် (ဆိုပါစို့ မြန်မာပြည်ကဲ့သို့) အားနည်းသော လူ့အသိုင်းအဝိုင်းတစ်ခုကို အားကြီးသော တခြား အသိုင်းအဝိုင်း (ဥပမာ- အမေရိကန် ပြင်သစ်) တို့က သူတို့ စိတ်လိုသလို လာပြီး ပုံသွင်းလို့ မရအောင် စည်းတားပေးထားခြင်း ဖြစ်ပါ၏ ။ ၄င်းသည် သီးသန့် လူ့အသိုင်းအဝို်င်း တစ်ခု၏ လွတ်လပ်စွာ ပြင်ပသြဇာ မခံဘဲ ဆုံးဖြတ်ပိုင်ခွင့်ကို ခွင့်ပြုထားခြင်း ဖြစ်သည် ။ ထို့ကြောင့်လည်း နိုင်ငံတကာ ဆက်ဆံရေးတွင် သုံးသော (မရင်ရင်နွယ်က ကြိုက်ပုံရသော) soverignty ဝေါဟာရသည် (မရင်ရင်နွယ်က အတိအလင်းကို မကြိုက်လေသော) ပင်ရင်းမူလ လူ့အခွင့်အရေး (လူတစ်ဦးချင်း အခွင့်အရေး (ဝါ) လောကပါလ) သဘောကိုပင် အခြေခံထားခြင်း ပါတည်း။  ဤ အချုပ်အခြာအာဏာ စကားဖြင့် သုံးမည်ဆိုသော် ဤ နိုင်ငံတကာနီတိစည်းမျဉ်း၏ မူရင်း ရည်ရွယ်ချက်အရ အားနည်းသော ရိုဟင်ဂျာအသိုင်းအဝိုင်း၏ ကိုယ်ပိုင် အချုပ်အခြာအာဏာဖြင့် ဆုံးဖြတ်ပိုင်ခွင့်ကို အားကြီးသော မည်သည့်အစိုးရ အသိုင်းအဝိုင်းကမှ ဝင်စွက်ဖက်ပိုင်ခွင့် ဟူသည် မရှိဟူသော သဘောကို ကျွန်တော်တို့ နားလည်ထားရမည် ဖြစ်ပါသည်။ ထိုကြောင့် ရိုဟင်ဂျာအသိုင်းအဝိုင်းမှ ကိုယ့်ကိုကိုယ် ‘ရိုဟင်ဂျာ’ လို့ သိမှတ်ပြီး ခေါ်တာကိုပင် ‘ဘင်္ဂလီ’ လို့ အတင်း သတ်မှတ်ခိုင်းနေသော အစိုးရသည် သူတို့ပြောသော အချုပ်အခြာအာဏာဖြင့်ပင် ကိုယ့်ကိုကို်ယ် ပြန်စူးနေပါသည်။ နောက်တစ်ချက် ဤသို့ ဘာမှ အရေးမပါသော အခေါ်အဝေါ် ကိစ္စမျိုးကိုပင် ဝင်နှောင့်နေသော အစိုးရသည် အခြားကိစ္စများစွာတွင်လည်း ထိုအသိုင်းအဝိုင်းတစ်ခုကို ရည်ရွယ်ချက် တိတိပပဖြင့် ဒုက္ခမျိုးစုံ ပေးနေမည် ၊ ၄င်းအသိုင်းအဝိုင်း၏ လူ့အခွင့်အရေး မျိုးစုံကို (ဝါ) အချုပ်အခြာအာဏာ (ဝါ) ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ကို ကျုးလွန်ချိုးဖောက်နေမည် ဆိုသည်ကို လွယ်ကူစွာ ခန့်မှန်းနိုင်သည် သာတည်း။ တစ်ခု ကျွန်တော်တို့ သိမှတ်ရန်မှာ  ဤသို့ အားကြီးသော အုပ်စုတစ်စုမှ အားနည်းသော အုပ်စုတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို ချိုးဖောက်နေသော ကိစ္စသည် မူဆလင် ဖြစ်သဖြင့် ပေါ်လွင်နေသော ရိုဟင်ဂျာ အုပ်စုတစ်စုတည်းမှာသာ ကန့်သတ်ပြီး ဖြစ်ပေါ်နေသော ပြဿနာ မဟုတ်ဘဲ ကျန်တိုင်းရင်းသား အုပ်စုများစွာနှင့်လည်း သက်ဆိုင်သော ကိစ္စဆိုသည် ပါတည်း။
နောက်တစ်ချက် ကျွန်တော်တို့ ဂရုပြုအပ်သည်မှာ ဤကဲ့သို့ အစိုးရက သီးသန့် အသိုင်းအဝိုင်းတစ်ခု၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် နယ်နိမိတ်ကို ကျော်လွန်လာသော အဖြစ်အပျက်တို့သည် တိုင်းရင်းသားအုပ်စုတို့တွင်သာ ကန့်သတ်နေသည် မဟုတ်ဘဲ တခြားနည်းဖြင့် အမျိုးအစား ခွဲ၍ရသော အုပ်စုတို့တွင်လည်း အကျုးလွန်ခံရသော ကိစ္စပါတည်း။ ဥပမာတစ်ခုအားဖြင့် ဘူးသီးတောင် မောင်းတောမှ မူဆလင်တို့ကို ကလေးနှစ်ယောက်ထက် ပိုမယူရဟု အာဏာပိုင်တို့က ဥပဒေလုပ် ပြဌာန်းခြင်းသည် စင်စစ် မြန်မာဆေးပညာရှင်တို့၏ အသက်မွေးဝမ်းကျောင်းကို လွတ်လပ်စွာ ဆောင်ရွက်ဆုံးဖြတ်ပိုင်ခွင့် နယ်နိမိတ်ကို လာပြီး ကျုးကျော်ချိုးဖောက်နေခြင်း အတိအကျ ပါတည်း။ အဘယ်ကြောင့်နည်းဟူမူ ဆေးပညာရှင် ဆရာဝန်တိုင်းသည် ဆေးပညာကျင့်ဝတ်၏ ပထမဆုံး ဦးစားပေး အချက်ဖြစ်သော “လူနာသည် အကြွင်းမဲ့ ဆုံးဖြတ်ပိုင်ခွင့် ရှိသူဖြစ်သည်” ဟူသော အချက်ကို လေးစားလိုက်နာရ ပါမည်။ ဤတွင် ဆေးပညာကျင့်ဝတ်ဆိုင်ရာ ကျမ်းတို့က အသေအချာ ဖွင့်ဆိုထားသည်မှာ “မိမိသည် လူနာ၏ ကောင်းရာကောင်းကျိုးကို သိမြင်သည်ဟူ၍ လည်းကောင်း ၊ အသိုင်းအဝိုင်း တစ်ခုက လူနာ၏ ကောင်းရာကောင်းကျိုးကို သိမြင်သည် ဟူ၍လည်းကောင်း ၊ မည်သည့် အကြောင်းကြောင့်ပင်ဖြစ်ပစေ လူနာ၏ စိတ်ဆန္ဒ ဆုံးဖြတ်မှုကို လွန်ဆန်၍ ဆေးပေးကုသမှု စသည်ကို မည်သည့် ခြွင်းချက်နှင့်မှ လုပ်ပိုင်ခွင့် လုံးဝ မရှိ” ။ ထို့ကြောင့် ဆေးကုသ အသက်မွေးဝမ်းကျောင်း ပညာရှင်အားလုံး တစ်ဦးမကျန် လိုက်နာရမည် ဖြစ်သော ဆေးပညာကျင့်ဝတ်ကို လွန်ဆန်၍ မြန်မာဆရာဝန် တစ်ဦးသည် မူဆလင် အမျိုးသမီး တစ်ဦးက ကိုယ်ဝန်တားဆေးပေးခြင်းကို ငြင်းဆန်လာခဲ့သော် ဆေးပေးပိုင်ခွင့် လုံးဝ မရှိပါ။ ဒါကို အစိုးရ အာဏာကို ကြောက်၍ မိမိ၏ ကျင့်ဝတ် အသိသိက္ခာကို လွန်ဆန်၍ ဆေးပေးရမည် ဆိုပါလျှင် အဲဒါသည် ငါတို့ မြန်မာဆရာဝန်တွေအတွက် အသက်မွေးဝမ်းကျောင်း ဂုဏ်သိက္ခာသည် အင်မတန် ရှက်စရာ ဖြစ်ပါသည်။ စင်စစ် ဒါမျိုး အသိမရှိ တတ်သိကင်းကွာသော အာဏာပိုင်တို့က လုပ်လာသော ဥပဒေမျိုးသည် ငါတို့ အတတ်ပညာရှင် မြန်မာဆရာဝန်အားလုံးကို အရှက်ခွဲနေခြင်း သာတည်း။
သည်မှာ တချို့သူတွေက “ ဟ၊ ဒါမျိုးလုပ်တာဟာ AZG လို နယ်စည်းမထား ဆရာဝန် အဖွဲ့က ဘူးသီးတောင် မောင်းတောမှာ အရင်ကတည်းက လုပ်ခဲ့တာပါ၊ ဗမာ အစိုးရက လုပ်တာသက်သက် မဟုတ်ပါဘူး” ဟု ပြောလာစရာ ရှိပါသည် ။ ကျွန်တော့် ပုဂ္ဂလအမြင်အားဖြင့် မြန်မာပြည် AZG ကို ဦးဆောင်ဦးရွက်ပြုလုပ်သူတို့တွင် ဆေးပညာရပ်ပိုင်းဆိုင်ရာတွင်လည်းကောင်း၊ စီမံခန့်ခွဲမှုအရာတွင်လည်းကောင်း နားလည် အရည်အချင်း ပြည့်မီသည်ဟု မထင်ပါ။ ဘူးသီးတောင် မောင်းတောဒေသသို့ ၂၀၀၅ ဝန်းကျင်တွင် ကျွန်တော် ရောက်ခဲ့ရာ တောင်ပြိုမှ မြို့နယ်ဆရာဝန်ကြီးက စာရင်း ဇယား ၊ ဂရပ် အချက်အလက် ၊ မြေပုံများကို ထုတ်ယူပြလာပြီး အပြစ်တင်သည်မှာ “ နယ်စည်းမထား ဆရာဝန်များအဖွဲ့က သည်ဒေသကို ဝင်ပြီး ဆေးကုတော့မှပဲ သည်ဘက်နှစ်ပိုင်းတွေမှာ ဌက်ဖျားရောဂါဟာ သည်ဒေသတစ်ခုလုံး တဟုန်ထိုးကို ဆိုးဝါးလာတော့တာပါပဲ” ။ အဘယ်ကြောင့်ဆိုသော် AZG မှ ဆရာဝန်တို့သည် ဆေးပညာကုထုံးကုနည်း လမ်းညွှန်ချက်တို့ကို တိကျစွာ လိုက်နာပြီး ကုသခြင်း မဟုတ်ဘဲ လူနာကို အပေါ်ယံစမ်းသပ်ကာ သေလောက်အောင် ဆိုးဝါးသော လူနာကို ထိုးဆေးပေးရမည့်အစား ဆေးတိုက်၊ ဆေးပေးသည့်အခါတွင်လည်း လူနာကို ဆေးသောက်ရန် အညွှန်းကို သေချာရှင်းပြခြင်း မရှိဘဲ ဆေးပေးလေရာ ဤဒေသတွင် ဆေးယဉ်ခြင်း (ဝါ) ဆေးမတိုးတော့ခြင်း ပြဿနာ အကြီးအကျယ် ပေါ်ပေါက်လာသောကြောင့် ပါတည်း။ AZG ကတော့ သူတို့သည် လူနာသောင်းဂဏန်း ၊ သိန်းဂဏန်းချီ၍ ကုသခဲ့သည်ဟု အစီရင်ခံစာ တင်ပါလိမ့်မည်။ သူတို့ ကုလိုက်လို့ လူနာဘယ်နှစ်ယောက်သေခဲ့သည်၊ ဌက်ဖျားရောဂါ ပျံ့နှံ့မှု အင်မတန် ပိုဆိုးလာသည်ဟု တင်လိမ့်မည်ဟုတော့ မထင်ပါ။ သည်လိုမျိုး အမှန်တကယ် အသက်မွေးဝမ်းကျောင်းအလုပ်ကို သေချာလုပ်ခြင်း မရှိဘဲ အစီရင်ခံစာ မျက်နှာပန်းလှစေရန်သာ ဦးတည်ပြီး လုပ်ဆောင်နေသော အဖွဲ့မျိုးသည် မြန်မာပြည် အစိုးရကိုယ်တိုင်က နှိပ်ကွပ်ပစ်ပယ်ထားသော ဤဒေသမျိုးတွင် သူတို့ထင်သလို မဟုတ်ကဟုတ်က မူဝါဒတွေကို ထင်သလို လုပ်လာနိုင် ၊ အစိုးရနှင့်လည်း ပလူးကာ ဆေးပညာကျင့်ဝတ်နှင့် မညီသော အလုပ်တွေကို အကောင်အထည်ဖော်နိုင် ပါသည်။ ဟုတ်ကဲ့၊ ကျွန်တော် အဓိက ပြောလိုသည်မှာ အာဏာရှိသူ ၊ ပညာတတ်သူတို့ ဆိုသူက ‘လူထုကောင်းကျိုးအတွက’် ဆိုပြီး လုပ်သော လုပ်ရပ်တိုင်း ၊ ဤသူတို့က နေပြီး ငါတို့သည် ‘ပညာ ကရုဏာ’ နှင့် ပြည့်စုံသဖြင့် ဒါမျိုး လုပ်ပါသည် ဆိုသော အကြောင်းပြချက်တိုင်းသည် အမှန်တရားဖြစ်သည်ဟုတော့ မထင်မိလိုက်ပါလေနှင့် ဟူသည် ဤ ဥပမာတို့၏ လိုရင်းပါတည်း။
နောက်ထပ်လည်း မရင်ရင်နွယ်၏ ဗွီအိုအေ အင်တာဗျုး အပြောအဆိုတို့တွင် စိုးရိမ်ဖွယ်ရာ အဓိကအကြောင်းတစ်ခုမှာ “သမိုင်းကိုလာပြီး မလိမ်ပါနှင့်” ဟု သူမ ကြွေးကြော်သလို လူတချို့မှလည်း လက်ခုပ်သြဘာတီးကြသည့် ဒုတိယကမ္ဘာစစ် နာဇီဂျာမနီတွင် ပေါ်ပင်ခဲ့သော သမိုင်းစဉ်လာ သန့်စင်ဝါဒ (Historicism) ကိစ္စပါတည်း။ နှစ်ဆယ်ရာစုမှာ အရိုင်းဆုံးလူတွေ ဖြစ်တဲ့ နာဇီဂျာမနီတွေက သူတို့၏ လုပ်ရပ်တွေကို ဆင်ခြေကောင်းမွန် ပြည့်စုံပါသည်ဟု သမိုင်းစဉ်လာ ဖြူသန့်စင်သည့် အာရိယန် မျိုးရိုး ကို အကြောင်းပြခဲ့သည်နှင့် ထပ်တူ မယဉ်ယဉ်နွယ်သည် ကနေ့ နှစ်ဆယ့်တစ်ရာစု ဒီမိုကရေစီခေတ်ကြီးမှာ နိုင်ငံတစ်ခု၏ မူဝါဒ ကျင့်သုံးမှုတို့သည် သမိုင်းစဉ်လာ ဖြူသန့်စင်သည့် တိုင်းရင်းသား မျိုးရိုးတို့ကိုသာ အခြေခံရမည်ဟု မြင်နေကြောင်းကို ပါတည်း။ အဲသလို အတွေးအခေါ်မျိုးသည် အင်မတန်မှ မိုက်မဲသည့် အတွေးအခေါ် ဖြစ်ပါ၏။ မြန်မာပြည်ကို သန့်စင်ရေမရောသည့် မျိုးရိုးလက္ခဏာတွေနဲ့ ခွဲခြားကြည့်နေတာဖြစ်ပြီးလျှင် မမမှ နိုင်ငံငြိမ်းချမ်းရေးဟု အမြင်သေးသိမ်စွာ ယူဆနေသလောက် နောင်အစဉ်အဆက် တိုင်းပြည်အနှံ့ မငြိမ်းချမ်းခြင်းကို ရှေ့ဆောင်နေသည့် ဆိုးဝါးသေးသိမ်လှသည့် အတွေးအခေါ်မျိုး ပေတည်း။ ကျွန်တော် သေချာစွာ အတည်ပြု ပြောလိုက်ပါ၏ ။ ငါတို့ မန်မာပြည်ကို “လူတွေစုပြီး နေသော နိုင်ငံတစ်ခုလို့ မမြင် ၊ နေရင်း တိုင်းရင်းသားတွေ စုပြီးနေသော ပြည်ထောင်စုကြီး” လို့ ငါတို့ မြင်နေသရွှေ့ ဤနိုင်ငံသည် ဆက်လက်၍ များစွာ အောက်ကျ မွဲတေမည့် အကြောင်း ပေတည်း။
ဤ သမိုင်းစဉ်လာ သန့်စင်ဝါဒ အကြောင်းကို ကျွန်တော်၏ အကြွင်းမဲ့ လွတ်လပ်သော အခြေခံ ဥပဒေ တွင် အနည်းငယ်မျှ စတင် မိတ်ဆက်ခဲ့ပါသည်။ ဤဝါဒသည် ယခုရေးနေသော “၉၆၉ ဗုဒ္ဓဘာသာ သန့်စင်” ကိစ္စနှင့် ကြီးမားစွာ ဆက်စပ်နေသောကြောင့် သည်ဘက်နောက်ပိုင်း ဆောင်းပါးများတွင် အကျယ်တဝင့် ထပ်မံ ဖွင့်ဆိုဆွေးနွေးသွားပါမည်။ ခုနေခါမှာတော့ သည်ဘက်ရက်ပိုင်းများတွင် ဝီရသူ အစရှိသော မြန်မာဘုန်းကြီးတွေက လုပ်လာသည့် မျိုးစောင့်ဥပဒေဟူသည်မှာလည်း ဤ သမိုင်းစဉ်လာ သန့်စင်ဝါဒ သည်လျှင် ဤ အမိုက်တကာ့ထိပ်ခေါင် ဘုန်းကြီးတွေတွင် ကြီးမားစွာ မှတ်ယူစွဲထင်နေသည့် အခြေခံ အနုမာန တစ်ခု ဖြစ်သည်ဟု ရိပ်စားမိနိုင်လျှင် လုံလောက်ပြီ ဖြစ်ပါ၏ ။ တစ်ခုမျှ အရေးတကြီးမှတ်ရန်မှာ ဤဝါဒမျိုးသည် နောက်ဆုံး မြန်မာပြည်သူပြည်သားအားလုံး၏ လွတ်လပ်ခွင့်ကို အပြီးအပြတ် ကမ်းတက်ခွစီးလာမည့် တလုံးတစည်းဝါဒ (ဝါ) တစ်ခုလုံးသည် တစ်ဦးချင်းထက် ပဓာန အရေးကြီးဆုံးဖြစ်သည် ဟူသော ဝါဒ (ဝါ) Totalitarianism ၏ ရှေ့ပြေးအခြေခံ ဆိုသည်ကို ပါတည်း။ ]
အခန်းသုံးတွင် ကျွန်တော် ဆွေးနွေးခဲ့ပြီးသလို လူ့အခွင့်အရေး ဆိုတာသည် ယဉ်ကျေးမှု ကွဲပြားသော မျဉ်းကြောင်းတို့ပေါ်မှာသာ မူတည်သည်ဟု ပိုင်းဖြတ်သော အယူသည် ရေရှည်ခံနိုင်စရာ အကြောင်းမရှိပါ။ လူတစ်ဦးချင်း၏ လွတ်လပ်မှု (Liberty) နှင့် ရဟန်းရှင်လူပြည်သူ ၏ ချင့်နိုးကြားကုံလုံသော ဥာဏ်အလင်း (Public reasoning) စသော အခြေခံအကျဆုံး လူ့အခွင့်အရေးတို့ အတွက်ဆို အိန္ဒိယ၊ တရုတ်၊ ဂျပန် စသည့်  အာရှနိုင်ငံကြီးတို့ သာမက
အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ တောင်အာရှ နှင့် အနောက်အာရှတို့ အပါအဝင် များစွာသော အာရှရှေးလူဘောင်တို့သည် အနောက်ဥရောပထက် အလွန်သာလွန်စွာ ဆွေးနွေး ထွန်းလင်းခဲ့ပါ၏ ၁၉ ။ သည်နေရာတွင် မှတ်ဖို့ အရေးကြီးသည်မှာ “အာရှတန်ဖိုးတွေ” ဆိုပြီး လုပ်နေခြင်းသည် ငါတို့ မဟာဒီပ အာရှတိုက်ကြီး၏ ကျယ်ဝန်းကြီးမားသော ဥာဏသမိုင်းအမွေကို ပြက်ရယ်ပြုနေသည်မျှသာ မဟုတ်သေး၊ ၄င်းသည် ငါတို့၏ သိမ်ငယ်စိတ်မှနေပြီး  အနောက်ကို “မဟုတ်တာတွေကို ခံပြီး”  တုံ့ပြန်နေခြင်း ဆိုသည်ကို ရိပ်စားသိမိစေရန် ဖြစ်ပါ၏။ အနောက်နှင့် ငါတို့ အမှတ်လက္ခဏာ ကွဲပြားဖို့လိုသည် ဟူသော အကြည့်အမြင်သည် ကိုလိုနီနောက်ပိုင်း ငါတို့၏ အသိအာရုံတွင် လွှမ်းမိုးလာသလို အာရှမှ လူအများစုကိုလည်း အာရှသည် ဥရောပထက် တစ်စုံတစ်ရာသော သည်လို (မဟုတ်ရမ်းတုတ်) နေရာမျိုးတွေမှာ သာသည်ဟု (မဟုတ်ကဟုတ်က) လက်မထောင်တတ်ဖို့မျိုး အတွက်ဆို ဆွဲဆောင်တတ်လွန်းလှ ပါသည်။ ထိုသူတို့ မသိသည်မှာ သူတို့က သာသည်ဟုထင်သော  အသိုင်းအဝိုင်း၏  ငြိမ်ဝပ်ပိပြား သေဝပ်(သန့်စင်)ခြင်း လက္ခဏာ ဟူသည် တကယ်ကတော့ အာရှ၏ အောက်ကျသေးသိမ်သော လက္ခဏာမျိုးသာဖြစ်ပြီး  တစ်ဖက်တွင် သူတို့ ကျိုးကျွံချင်လေသလောက် ဥရောပနှင့် တူလှစွာသော လူတစ်ဦးချင်း၏ အခွင့်အရေး နှင့် ပြည်သူ့ ဥာဏ်အလင်း (enlightenment) တို့ ဟူသည် စင်စစ် အာရှ၏ မွန်မြတ်ခမ်းနားသည့် တန်ဖိုးများဖြစ်ပြီး ဤတန်ဖိုး ကျက်သရေတို့အတွက်ဆို အာရှသည် ဥရောပထက်  နေရာများစွာတွင် သာပြီး ဂုဏ်ယူစရာ ရှိခဲ့သည် ဆိုသည်ကို ပါတည်း (အသောက ကျောက်စာကဲ့သို့) ။
            အာရှဘိုးဘိုးကြီး လီကွမ်ယုကပြောသည့် အာရှသည် ဥရောပနှင့် မတူထူးခြားသော လက္ခဏာများ ရှိသည်ကို ငြင်းဖို့တော့ ခက်ပါ၏။ ဘာလို့လဲဆိုတော့ ရယ်စရာ ဖြစ်တာဟာ သူနဲ့ မျက်စောင်းတခဲ အာရှလူ့အခွင့်အရေး ဘိုးဘိုးကြီး ကျွန်တော်နှင့် တကွသော လူ့အခွင့်အရေး လူပ်ရှားသူတွေဟာ လီကွမ်ယုရဲ့  ပြောတော့တခြား (အနောက်နဲ့ ငါတို့ မတူဘူး) ၊ လုပ်တော့တလွဲ (လူတစ်ဦးချင်းကို တင်းပြည့်ကြပ်ပြည့် ကာကွယ်ပေးထားမှု)  လုပ်နေတာတွေကို ငိုရလည်းခက် ရယ်ရလည်း ခက်ခက်ပါပဲ။ ဤနေရာတွင် လူ့အခွင့်အရေးသမားတို့က ကာလရှည်ကြာစွာ မိုက်မဲသူကြီးဟု ကင်ပွန်းတပ်ထားသော လီကွမ်ယု၏ အဟုတ်အမှန် ဂုဏ်ပြုထိုက်သော ဆောင်ရွက်ချက်တို့ကို ဖော်ပြဖို့ အချိန်ကျပြီ ဖြစ်ပါ၏ ။ လီကွမ်ယု၏ စင်ကာပူသည် ဘောဂစီးပွားဖက်မှာ အလွန်တရာ ကြီးပွားတိုးတက် ထွန်းကားရုံသာမက လူနည်းစုဝင်တို့ကို ပါဝင်စေမှု၊ အကာအကွယ်ပေးမှု နှင့် နိုင်ငံသား လက္ခဏာကို မျှဝေပိုင်ဆိုင်စေမှု စသည့် ကိစ္စတို့တွင် အနောက်ဥရောပနိုင်ငံ အများစုမှ သူတို့၏ လူနည်းစုဝင်တွေကို ကောင်းစွာ ကာကွယ်စောင့်ရှောက်ပေးမှုမျိုးနှင့် စင်ကာပူဟာ အတူတူ ပါပဲ။ သည်မှာတစ်ဖက် ပြင်သစ်နိုင်ငံ မြို့ပြအရပ်တွေမှာ ၂၀၀၅ ဆောင်းဦးရာသီတွင် လူမျိုး၊တိုင်းရင်းနွယ် ဆိုတာကို အခြေခံပြီး ပေါ်ပေါက်ခဲ့တဲ့ မီးရို့  အရေးအခင်း ပဋိပက္ခတွေနဲ့ နိုင်းယှဉ်ကြည့်ပါလေ။

[စာချပ်။ ။ သည်နေရာမှာလည်း တော်တော်လေးကို သိမ်မွေ့သော သဘောတရား တစ်ခုရှိပါသည်။ “စင်ကာပူ နှင့် တရုတ်ခေါင်းဆောင်တို့က လုပ်သော “အာရှတန်ဖိုး သန့်စင်ဝါဒ”သည် ဝီရသူစသော မြန်မာဘုန်းကြီးတွေက လုပ်နေသည့် “ဗုဒ္ဓဘာသာ သန့်စင်ဝါဒ” နှင့် သဘောအခြေခံ အတူတူပဲ မဟုတ်လား။ စင်ကာပူ နှင့် တရုတ်သည် ဤဝါဒသဘောကို ကိုင်ဆွဲထားပေမယ့်လည်း ခုအခါမှာ ကြီးပွားနေသည်မှာ မျက်မြင်ဖြစ်ပါ၏ ။ သို့ဆိုလျှင် အဲသည် မြန်မာဘုန်းကြီးတွေက လုပ်တဲ့ ဗုဒ္ဓဘာသာ သန့်စင်ဝါဒသည် နင် ခုနင်က ပြောသလို မြန်မာပြည် မွဲတေအောက်တန်းကျစရာ ဖြစ်လိမ့်မည်လို့တော့ မဟုတ်ပါ” ဟု စွဲဆိုစရာ အကြောင်းရှိပါသည်။
            ဟုတ်ကဲ့၊ “သန့်စင်” ကို အခြေခံသော သဘောတရား တူသည်ကတော့ မှန်ပါ၏ ။ သို့ပေမယ့် အဓိက ကွာခြားသွားသည်မှာ ဤသဘောတရားတို့ကို စင်ကာပူ နှင့် တရုတ် အာဏာရှင် အစိုးရတို့သည် အနောက်၏ ပြစ်တင်ဝေဖန်မှုများကို တုံ့ပြန်ရန်အတွက် “စိတ္တဇ” နယ်ပယ်မှာသာ ဖမ်းဆုပ်ထားတဲ့ အငြင်းအခုံ လက်နက်အဖြစ် (မရေမရာ ကိုးကား) သုံးနေတာ ဖြစ်ပြီး ဤနိုင်ငံတို့၏ တကယ့်လက်တွေ့ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး မူဝါဒတို့တွင် ဤ သန့်စင်ဝါဒကို ခေါ်ငင်လာပြီး အမှန်တရားအဖြစ် ပိုင်းဖြတ် ကျင့်သုံးနေခြင်းမျိုး မဟုတ်။ လီကွမ်ယု၏ ပြောတော့တခြား လုပ်တော့တလွဲ ဆိုတာကို မူရင်းစာရေးသူက ပြောထားတာကို ကြည့်ပါ။ တရုတ်အစိုးရသည်လည်း ထိုနည်းလည်းကောင်း ပါပဲ၊ သတင်းစာထဲမှာ ပါတာက တရုတ်ပြည် အမျိုးသားရေး (ဘယ်တရုတ်ကမှ စိတ်မဝင်စား) ၊ လုပ်နေတာက ဘယ်သူနဲ့ မဆို ကုန်ကူးဈေးရောင်းမည့် ဈေးကွက်စီးပွားရေး ဖြစ်ပါသတည်း။ ဝီရသူနှင့် မြန်မာဘုန်းကြီးတို့က ခုအခါမှာ ကြံစည်လာသော မျိုးစောင့်ဥပဒေ အစရှိသည့် ဗုဒ္ဓဘာသာ သန့်စင်ဝါဒသည်ကား  ဤသန့်စင်ဝါဒသည်သာလျှင် လောက၏ ဆုံးရာ၊ ကုန်ရာ၊ ချုပ်ရာ အမှန်တရားဟု အမှန်တကယ် မှတ်ယူ လုပ်ဆောင်၊ ငါတို့ မြန်မာပြည်၏ တည်ပြီးရင်း လူမှုရေး၊စီးပွားရေး၊နိုင်ငံရေးတို့ကို ဤ ဘုန်းကြီးမိုက်တွေက ဆက်လက်၍ အတင်း ဆင်ကန်းတောတိုး ဝင်နှောက် ဖျက်ဆီးမွဲတေစေမည့် မိစ္ဆာတရား စစ်စစ်ပေတည်း။ သန့်စင်ဝါဒ အခြေခံခြင်း တူပေမယ့် မော်ဒန် မြန်မာဘုန်းကြီး လူမိုက်လက်သစ်ကလေးတွေနှင့် ရှေးရိုး လူလိမ်မာ လက်ရင်းကြီး လီကွမ်ယု တို့ကို ကွဲကွဲပြားပြား ခြားနား သိမှတ်ပါလေ။
            ဟိုင်းရက်၏ ဂန္တဝင် အဆိုအမိန့် တစ်ခုမှာ “ အာဏာရှင်အစိုးရစနစ် ပေမယ့်လည်း အာဏာရှင်စနစ် တစ်ခုတွင် ကြီးမားသော လစ်ဘရယ်တန်ဖိုးတို့ ရှိနိုင်သည်သာတည်း။ တစ်ဖက်တွင် သိရမည်မှာ ဒီမိုကရေစီအစိုးရစနစ် ပေမယ့်လည်း ဒီမိုကရေစီ စနစ်တစ်ခုသည် တလုံးတစည်းတည်းသော ဝါဒ (ဝါ) တစ်ခုလုံးသည် မည်သူတစ်ဦးချင်းထက်မဆို ကြီးကျယ်အထွတ်ဖြစ်သည်ဟူသော ဝါဒ (Totalitarianism) နှင့် ဆိုးဆိုးဝါးဝါးကို ယှဉ်တွဲနေနိုင်သည် သာတည်း” ဟူသတတ်။ စင်စစ်လည်း ဤစာသားသည် နောင်အခါတွင် အမေရိကန် သမ္မတ ဖြစ်လာမည့် ရော်နယ်ရေဂင်ကို လင်းလက်သိမြင်စေပြီး ၁၉၈၁ ရေဂင် သမ္မတ ဖြစ်လာသော အခါတွင် ၄င်း၏ ဒီမိုကရေစီနိုင်ငံအား ထိုစဉ်က ဆိုးဝါးစွာ ခြေလှမ်းနေပြီ ဖြစ်သော  Totalitaraianism လမ်းကြောင်းမျိုးမှ ကယ်ထုတ်နိုင်ခဲ့စေသည့် အဆိုအမိန့် ဖြစ်ပါ၏ ။ နောက်တစ်ခေါက် ကျွန်တော် အသိပေးပြောကြားလိုပါ၏ ။ ဘုန်းကြီးမိုက်တွေ၏ “ဗုဒ္ဓဘာသာ သန့်စင်ဝါဒ ခွန်အား” မိစ္ဆာသည် ဆက်လက်ကြီးထွားလာခဲ့သော် ငါတို့၏ ဒီမိုကရေစီနိုင်ငံသည် များမကြာမြင့်မီမှာပင် ဟိုင်းရက်က အသိပေးခဲ့သည့် Totalitaraianism သားရဲခံတွင်းသို့ သက်ဆင်းသွားလိမ့်မည် ဖြစ်ပါသတည်း ။ ဒါကမှ တကယ့် အမျိုးသားရေးအန္တရယ် စစ်စစ်ပါပဲ ။  သူတော်ကောင်း အပေါင်းတို့ တတ်စွမ်းသရွှေ့  ခုခံတွန်းလှန်ကြပါကုန်။ ]
           
လီကွမ်ယုက ပြောသော အာရှတန်ဖိုးတို့ ဟူသည် အာရှ ဂန္တဝင် သမိုင်းစာပေတွေနဲ့ အာရှတိုက်ရဲ့  မျက်မှောက် အတွေ့အကြုံတွေကို အသေအချာ မှတ်သိလေ့လာပြီး မျက်နှာမလိုက် ပြောတာမျိုးဟု ယုံကြည်မိဖို့ရာ ခက်ပါ၏ {လီကွမ်ယု စင်ကာပူတည်ထောင်စမှာ ပြောတဲ့ ရယ်စရာ တစ်ခုဟာ “ ဟေ့၊ ကိုယ့်ကိုကိုယ် တော်လှန်ရေးသမား သူတော်ကောင်း ဘာညာတွေ လုပ်မနေနဲ့ ၊ စင်ကာပူတွေ ။ ငါတို့မှာ ဘာမှ မရှိဘူး။ ဘယ်သူက ဘာပေးပေးယူ။ သူများဆီက သင်ယူလို့ရတာ အကုန်သင်ယူ” ― ပြန်ဆိုသူ } ။ တကယ်ကတော့ လီက လုပ်နေသော အာရှတန်ဖိုးဟူသည် လူတစ်ဦးချင်း လွတ်လပ်ခြင်း နှင့် လူသားအာလုံး၏ ခြွင်းချက်မရှိသော အခွင့်အရေး ဆိုသည်တို့ကို အနောက်၏ မူပိုင်လက်ရာဟု ထင်နေခြင်းကို တုံ့ပြန်တာထက် မပိုပါ။ အနောက်က “ဒါ ငါ့အိမ်ငါ့ရာ ငါ့မူပိုင်” ဆိုပြီး လုပ်တာကို စိန်ခေါ်ရမည့် အစား လီသည် “ငါ့မှာ နင်တို့ထက် သာတာ ရှိတယ်” ဆိုပြီး ခံငြင်းပါလေတော့၏ ။ ဤသို့သော အနောက်ဆန့်ကျင် ကွက်စိပ်တို့သည် ပြခဲ့သလိုပင် မိမိ၏ လက္ခဏာတစ်ပါးတွင် အနောက်ကို စွဲလမ်း ထင်မြင်မိရာကနေ မဟုတ်တလုတ် တုံ့ပြန်လာတဲ့ ကယောင်စိတ်မျိုး ပါပဲ။ 

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၈)




သိမ်ငယ်နေသော ဘုရားလောင်း


“အနောက်ပြုမှု” အပေါ် ဆန့်ကျင်ခြင်းကို ယနေ့ ကမ္ဘာအနှံ့တွင် တွေ့ရတတ်ပါသည်။ ထိုဆန့်ကျင်ခြင်းတို့သည် အနောက်ကလာ ကချလာ၊ ရွှေညဝါစိတ်ကူး၊ နင်လူသိုး ဆိုးမိုက်လို့ရူး ဆိုပြီး လုပ်တတ်ကြပါသော်လည်း ဆန့်ကျင်သောသူတို့ မသိတတ်ကြသည်မှာ ဤအနောက်စိတ်ကူးဆိုသည် တို့သည် သူတို့၏ ရှေးရှေးတုန်းခါက မြင်ကွင်းကျယ်လူ့ဘောင်တို့တွင် သီတဂူစန်းလပမာ ချမ်းမြသာယာ ရွှန်းပထွန်းလင်းခဲ့ကြောင်း ကိုပါတည်း။  လူတစ်ဦးချင်း၏ အကြွင်းမဲ့ လွတ်လပ်ခြင်း (Liberty) နှင့် ရဟန်းရှင်လူပြည်သူ၏ ချင့်နိုးကြားကုံလုံသော ဥာဏ်အလင်း (public reasoning) တို့ဟူသည် အနောက်တိုင်းမှာသာ ရှင်သန်ထွန်းတောက်တဲ့ တန်ဖိုးများ မဟုတ်ပါ။ စင်စစ် ဤအခွင့်အလမ်းတို့သည် လူ့လောကတစ်ခွင်လုံးနှင့် သက်ဆိုင်သော လောကစောင့် လောကပါလတရားတို့သာ ဖြစ်ကြကုန်ပါ သတည်း။

ဤလောကပါလတရားတို့ကို “အနောက်ကလာ ရွှေညဝါ” ဆိုပြီး အမည်မှားပြီး မှည့်ခေါ်ကြလေသောအခါ ဤသို့ နာမည်မှားပြီး သိနေသော လူ့ဘောင်တို့သည် လမင်းကို ခွေးဟောင်သလို (လူ့အခွင့်အရေး ဆိုသည်ကို) ဟောင်ချင်လာတတ်ကြပါသည်။ ဤသို့ စန်းရွှေလရောင် ထွန်းပြောင်တာကို မရူစိမ့်သော စေတနာတို့ကို အနောက်ဆန့်ကျင်ရေး ဒို့အရေး ကွက်စိပ်တို့တွင် အာရှတိုက်ကြီး၏ တန်ဖိုးများကို ထိန်းသိမ်းစောင့်ရှောက်ရမည်  (အထူးသဖြင့် အရှေ့အာရှတွင် ၁၉၉၀ နှစ်ပိုင်းများက လွန်စွာတန်ခိုးထွားခဲ့ပါ၏ ) ဆိုသည် မှသည် အစ္စလမ်၏ အထွတ်သစ္စာတရားတို့သည် အနောက်တိုင်း၏ မည်သည့် တန်ဖိုးမဆိုနှင့် မိုးမြေဆုံး ခိုက်ရန်ဖြစ်ရမည်ဟု ယူဆခြင်း (သည်ဝါဒသည် သည်ဘက်နှစ်ပိုင်းများမှာ ပို ပျံ့နှံ့လာပါ၏) အထိ ပုံစံအမျိုးမျိုး နှင့် တွေ့ရတတ်ပါသည်။
            အဲသလို အနောက်အနောက် ဆိုပြီး လူတွေ၏ အာရုံသည် ပစ္ဆိမချည်တိုင်မှာဘဲ တဝဲလည်လည် ဖြစ်ရခြင်းမှာ ကိုလိုနီသမိုင်းလျှင် တစ်စိတ်တစ်ပိုင်း ပတ်သက်ပါ၏ ။ လွန်ခဲ့ပြီးသော ရာစုနှစ်အနည်းငယ်မှာ ဖြစ်ပွားခဲ့သော အနောက်နိုင်ငံတို့၏ နယ်ချဲ့ဝါဒသည် ကိုလိုနီပြုခံရသော နိုင်ငံတို့၏ နိုင်ငံရေးပိုင်းဆိုင်ရာ လွတ်လပ်ရေးကို ဆုံးရူံးစေခဲ့ရုံသာမက ယင်းနိုင်ငံတို့ရှိ လူတို့တွင် အနောက်ဆိုသည့် အသိအာရုံလက္ခဏာ အပေါ်ဝယ် ဥမ္မတက ရူးနှမ်းတတ်သည့် စိတ်နေမျိုးစုံလည်း တွဲဖက်ပေါ်ပေါက်လာပါသည်။ ထိုစိတ်နေမျိုးစုံဟူသည် အစားစားပါပဲ “ကုလားမြင် သူ့အမေရိုးတော့မလို ၊ ခုမြေလျှိုးပုန်းလျှောင်” လိုမျိုး ကျွန်တော်ကြီး အလွန်လုပ်ချင်သော စိတ်နေမှသည်  ဆန့်ကျင်ဘက် “သုဉ်းရပြန်လစ်၊ သုညခေတ်တွင်၊ ကျွန်ဖြစ်လာရ၊ တို့ဘဝသည် သေသော်မှတည့် သြော်ကောင်း၏” ဟူသော လုံးဝမနှစ်မြို့ သည့် စိတ်မျိုးတို့ တိုင်အောင်ပါပဲ။ ကိုလိုနီခံလိုက်ရသော နိုင်ငံတို့၏ လူတို့၏ စိတ်နေသဘောတို့သည် ဤသို့ပင် ဒွိကွဲပြားသွားကြကုန်ပြီး တစ်ဦးတစ်ယောက်က အနောက်ကို ချစ်ခင်မြတ်နိုးသလောက်  နောက်တစ်ယောက်က မေတ္တာများစွာသုဉ်းနေတတ်ပါရဲ့ ။
            ကိုလိုနီခေတ်လွန် သည်ဘက်ခေတ်ကာလတွင် အနောက်အပေါ် မေတ္တာသုဉ်းခြင်းတို့် ဖြစ်ထွန်းမှုကို ကိုလိုနီခေတ်နယ်ချဲ့တို့၏ မတရားဖိနှိပ်မှုတို့ကို နာကျည်းနေခဲ့သောကြောင့် ဖြစ်လိမ့်မည်ဟု ကြည့်မြင်နေခြင်းသည် မှန်ကန်သော အကြည့်အမြင်မျိုးတော့ မဟုတ်ပါ။ ကိုလိုနီခေတ်လွန် အနောက်မလိုလားမှု ဟူသည် ဖိနှိပ်ခံခဲ့ရသော သမိုင်းထက် အသစ် ဖြစ်ပေါ်လာသော အကြောင်းရင်းများစွာတို့နှင့် သက်ဆိုင်ပါသည်။ ထိုကိစ္စတို့နှင့်စပ်၍ ငါတို့တတွေသည် ရွှေမန်းဆိုရင် သဘင်ပဲဟု ရမ်းထင်တတ်တာမျိုးထက် ပိုပြီးရေရာသော ဖြေရှင်းချက်တို့ကို ရှာဖွေရပါလိမ့်မည်။
            ဟုတ်တော့လည်းဟုတ်ပါ၏ ။ ကိုလိုနီခေတ်က မတရားဖိနှိပ်ခံရမှုများသည် ထိုလူ့ဘောင်တို့၏ အသိသညာတွင် စွဲထင်နေတတ်ပါသည်။ မတရားခံခဲ့ရမှုတို့သည် အဖိနှိပ်ခံလူမျိုးတို့၏ စာပေကဗျာတို့မှာ တည်တံ့စွာ အကြိမ်ကြိမ် စွဲထင်ဖော်ပြတတ်ပါသည်။ စာပေကဗျာ၏ ယူငင်သိမ်းကြုံးမှုအားဖြင့် နောင်မျိုးဆက်တို့သည် သူတို့ တကယ်ပင် မခံခဲ့ရလင့်ကစား မျက်မှောက်တွင်ပင် ဖြစ်ပျက်သလို ခံစားရတတ်လေ့ရှိပြီး ၄င်းတို့သည် အနောက်ဆန့်ကျင်ရေး စိတ်ဓာတ်တို့ကို မျက်မှောက်ခေတ်တွင် ပြန်ထွန်းညှိုပေးတတ်ပါသည်။ ယမန်နေ့က နယ်ချဲ့အင်ပါယာတို့သည် ကနေ့မှာ လူတွေကို သွေးပြန်ဆူလာတတ်စေ၏ ။ အထူးသဖြင့် အင်္ဂလိပ်ကို ဖြစ်လေ့ဖြစ်ထ ရှိပါ၏ ။ ခုပင်လျှင် ဥရောပနှင့် အင်္ဂလန်သည် ပြန်လာတော့မည့်အလား တစ်ခုမဟုတ် တစ်ခု တွေးပူတတ်ကြပါသည် (အမေရိကန်ပင်လျှင် အင်္ဂလန်ကို တွေးပူသော ကယက်တို့ ခဏခဏဆိုသလို ဖြစ်တတ်ပါ၏ ) ။ ထို့ကြောင့်လည်း ကိုလိုနီနယ်ချဲ့တို့၏ လက်လွန်ခြေလွန် ပြုကျင့်မှုတို့ကို အာရုံပြန်ရတတ်သော မော်ဒန်နိုင်ငံသူတို့သည် အခြေအမြစ် လုံးလုံးမဲ့နေတာတော့ မဟုတ်ပါ။
            ကိုလိုနီသခင်ကြီးတို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် ယုတ်မာစွာ ပြုကျင့်မှုတို့အပြင် ( အိန္ဒိယ ပန်ဂျပ်ပြည်နယ် အန်ရစ်ဆာမြို့တွင် ငြိမ်းချမ်းစွာ စုဝေးနေသော လူထုကို အစုအပြုံလိုက် သတ်ဖြတ်မှုမျိုး) ၄င်းသခင်ကြီးတို့မှ သူတို့ အောက်ကျို့ထားသော နိုင်ငံမှသူတို့ကို မတူမတန် ဥာဏ်မရှိသူတို့သဖွယ် ယျေဘုယျအားဖြင့် သဘောထား ဆက်ဆံပုံမျိုးတို့သည် ဆက်ဆံခံရသူတို့တွင် အရှက်တရဖြစ်ရမှုမျိုး နှင့် တကယ် နိမ့်ကျသည်ဟု မှတ်ယူသွားမှုမျိုးတို့ကို ဖြစ်ပေါ်စေတတ်ပါသည်။ အဲသလို အုပ်ချုပ်သူလူတန်းစားက အုပ်ချုပ်ခံလူတန်းစားကို လူကိုလူချင်း အရှက်ခွဲခြင်းတို့သည် ကိုလိုနီအင်ပါယာ အင်အားစုနိုင်ငံတို့တွင် ပေါ်ပေါက်ခဲ့သော နိုင်ငံရေး နှင့် စီးပွားရေး တစ်ဖက်စောင်းနင်း ဖြစ်လာမှုတို့ကဲ့သို့ပင် အနည်းဆုံး ဂရုပြုလေ့လာသင့်သည့် သုတေသနကိစ္စတစ်ခု ဖြစ်ပါပေ၏။
            ဘုရားဖူး၏ တိုးတက်ခဲ့သော ခရီးလမ်း (Pilgrim’s Progress) တွင် စာရေးဆရာ ဂျွန် ဘန်နီရန် သည် “အရှက်ခွဲခံရသော တောင်ကြား” ဟု သခင်မင်းသား အက်ပိုလီဟန်က ဘုရားဖူး ခရစ်ယာန်ကို နင်သည် ငါ့နိုင်ငံကလူ ငါ့ကျွန်ဖြစ်၍ ဘုရားသခင်၏ နိုင်ငံသို့ ရွှေ့ပြောင်းသွားခွင့်မရှိ ဆိုပြီး အရှက်ခွဲပုံကို တစ်ခန်း ရေးထားပါသည်။ ထောင်ထဲတွင် နှစ်ပေါင်းများစွာနေခဲ့သော ဆရာ ဘန်နီရန်သည် အရှက်ခွဲခံရခြင်း ဆိုတာကို ကောင်းကောင်းသိပါ၏ ။သူ့ ဒုတိယမ္ဗိ ထောင်နန်းစံကာလ ၁၆၇၀တွင် ဆရာဘန်နီရန်သည် ဤစာအုပ်ကို ရေးသားခဲ့သည် (စာအုပ်ကို ၁၆၇၇ တွင် ပုံနှိပ်) ။ သို့သော် ဆရာဘန်နီရန်၏ စိတ်ကူးယဉ်ထဲက နာကျင်ခံခက်သော ဤတောင်ကြားသည် သူနေထိုင်ခဲ့ရာ တစ်ဆယ့်ခုနှစ်ရာစုတွင် စော်ကားနှိမ့်ချခံရမှု အဝဝကို ခါးစည်းခံခဲ့ရသည့် အာဖရိကနှင့် ဘယ်လိုမှ မပြိုင်နိုင်ပါ။ လူမျိုးနွယ် ဆိုသည်ကို စတင်မွေးဖွားပေးခဲ့သလို ကမ္ဘာ့ မြို့ပြယဉ်ကျေးမှု၏ ရှေးဦးမွန်ဆွ အရပ်လည်းဖြစ်သည့် အာဖရိကသည် ဥရောပသားတို့၏ အဖျော်ဖြေခံ ကျွန်တိုက်ကြီး တစ်တိုက်အဖြစ် ပြောင်းလဲသွားရပြီး ကျွန်တွေကို အမဲလိုက်သလို လိုက်ကာ ကမ္ဘာ့တစ်ဖက်က ယဉ်ကျေးသော တိုက်သစ်ကြီး ရှိရာဆီသို့ တိရစ္ဆာန်တွေပို့သလို ပို့သော ကွင်းပြင်ကြီး ဖြစ်လာခဲ့သည်။
အရှက်ခွဲစော်ကား ခဲ့သော လုပ်ရပ်တို့က စော်ကားခံခဲ့ရသော လူ့ဘဝများစွာကို ဆိုးကျိုးအာနိသင် များစွာ ရှိခဲ့သည်ဟု ဆိုပါလျှင်လည်း ဒါဟာ ချဲ့ကားတာတော့ မဟုတ်နိုင်ပါ။ ကျွန်ကုန်ကူးခြင်း နှင့် ကိုလိုနီပြုခြင်း စသော သမိုင်း၏ အမည်းကွက်များကို ခုခါမှာ အဲဘတ် တီဗိုဒါးက ဥက္ကဌအဖြစ် ဆောင်ရွက်သော အာဖရိက၏ လွတ်လပ်သော ကော်မရှင်က “အာဖရိကကို စစ်ဆင်နွဲခြင်း” ဟု မြင်ပြီး ကနေ့တွင် ၄င်းကော်မရှင်က အဓိကတာဝန်အဖြစ် လုပ်ငန်းစဉ် ချမှတ်ထားသည်မှာ “အာဖရိကသားတို့၏ သိမ်ငယ်နေသောစိတ်ကို စစ်ပြုအောင်မြင်နိုင်ရေး” (သူတို့၏ အစီရင်ခံစာ ခေါင်းစဉ်အဖြစ် ရွေးခဲ့တဲ့နာမည်) ဟူ၍ ဖြစ်ပါသည်။ နှစ်ရာစုများစွာ အောက်ကျို့သိမ်ငယ်အောင် လုပ်ခံခဲ့ရသော အာဖရိကသားတို့သည် သမိုင်း၏ ခြေရာဆိုးတို့ကို သူတို့၏ နှလုံးသားမှ ဖျောက်ဖျက်ဖို့ လုံးပမ်းရပါလိမ့်မည် ဟု ဤကော်မရှင်က ငြင်းခုံသည်။ ခြေရာဆိုးတို့သည် အာဖရိကသားတို့၏ ရှေးအဆောက်အဦတို့ကို ဖြိုချခဲ့သလို အဆောက်အဦအသစ်တို့ကို တည်ဆောက်ဖို့ရန် အခွင့်အလမ်းတို့ကိုလည်း သူတို့အား ဆုံးရူံးစေခဲ့ပါ၏ ။ အဆိုးဆုံးမှာ သိမ်ငယ်သွားခဲ့သော ဤလူ့ဘောင်သည် ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတော့ခြင်း ဖြစ်ပါ၏။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိခြင်း သည် တခြားဘာမဆိုကို တိုးတက်ရယူရန်အတွက် အခြေခံပါတည်း။
ကိုလိုနီသခင်တို့မှ ဒေသခံကျေးတော်မျိုးတို့အပေါ် နှိမ်ချမှုတို့သည် တခြားဒေသတို့တွင်လည်း ဖြစ်ပေါ်ခဲ့သည်။ ကနေ့ ဗြိတိန်၏ မှတ်ဥာဏ်တွင် ဗြိတိသျှရာဇာမျိုးတို့ ဆိုပြီး သူတို့ လုပ်ခဲ့သော ကိုလိုနီအိန္ဒိယအကြောင်းသည် မှေးမှိန်မေ့ပျောက်လာပြီ  ဖြစ်သော်လည်း အဲသည်တုန်းက ဗြိတိသျှသခင်ကြီးတို့၏ မဖွယ်မရာ တွေးခေါ်ပြုမူပုံတို့သည် (မော်ဒန် အင်္ဂလန်မှာ မွှေးကြိုင်နေသော ကုလားဟင်းနံ့ နှင့် အတူ)  ရံဖန်ရံခါ ပြန်လည် အမှတ်ရစဖွယ် ပါတည်း။  ဗြိတိသျှတို့ အပေါ် ထားရှိသည့် တောင်အာရှသားတို့၏ နားလည်ရခက်သော သဘောထားဟူသည် သူတို့တစ်ဦးချင်း စိတ်မတွေ့နိုင်သည့် အစိတ်အပိုင်းတို့ အပြင် ယျေဘုယျ မနှစ်မြို့နိုင်သည်မှာ အင်ပါယာ စိတ်ထားမှ ပေါက်သော အင်္ဂလိပ်ရွှေကိုယ်တော်တို့၏ ရွှေတွေးရွှေကျင့်ရွှေကြံ ပုံစံမျိုးကို ဖြစ်ပါ၏ ။ အိန္ဒိယကို ချစ်သဖြင့် ပြုပြင်ပေးလိုသော အင်္ဂလန်သား ပညာရှင်တို့ဟူသည် သမိုင်းတလျှောက်လုံး စကတည်းက လူလျော့သွားသည်ဟူ၍ မရှိပါ။ သို့ပေမင့် အင်ပါယာအခြေကျသွားပြီ ဖြစ်သည့် တစ်ဆယ့်ကိုးရာစု ရှေ့ပိုင်းတွင် အဲသည် အိန္ဒိယကိုချစ်သော ပညာရှင်တွေက လုပ်လာကြသည်မှာ အင်္ဂလိပ် အရာရှိတစ်ဦးသည် ဒီကုလားတွေနဲ့ သူ့ကြားမှာ တစ်ခုခုတော့ဖြင့် ခြားထားရမည် ဆိုသော သဘောထားမျိုး ပါတည်း။ ဤသို့သော သဘောထားမျိုး၏ အခြေခံ အကြောင်းပြချက်ကို အကောင်းဆုံး ဖြေရှင်းပြထားသည်မှာ ဂျိမ်းမေး ၏ ကျော်ကြားသော အိန္ဒိယသမိုင်း တွင် ဖြစ်ပါ၏ ။ ဂျိမ်းမေး၏ စာအုပ်သည် အိန္ဒိယ သမုဒ္ဒရာ ခရီးကို သင်္ဘောကြီးစီးပြီး သွားရတော့မည့် အင်ပါယာကေဒါ ဗြိတိသျှသားတို့၏ လက်စွဲစာအုပ် ဖြစ်ပြီး မရယ်ပါနဲ့ ၊ စာအုပ်ပါ စာသားတချို့ကို ပြန်ကြည့်ကြရအောင် “ငါတို့၏ အင်္ဂလိပ်ဘိုးအေတို့သည် ရိုင်းတာတော့ ရိုင်းတာပေါ့လေ၊ ဒါပေမယ့် အိန္ဒိယကိုသိမ်းတာ ဒို့ဘိုးအေကြီးတွေက ဒါစေတနာထားတာပါ။”  တစ်ဖက်က သည်ကုလားတွေကို ကြည့်လိုက်စမ်း “အပြင်မှာတော့ ရွှေပိန်းချ ဟိန္ဒူဘာသာက သူတို့မှာ ပြောင်ပြောင်လက်လက် ၊ အတွင်းစိတ်ကတော့ ငလိမ်ငကောက် နောက်ချေးခံတွေ ”။ အိန္ဒိယကို တစ်ခါမှ မရောက်ဘူးသည့် အပြင် မည်သည့် အိန္ဒိယတိုင်းရင်း ဘာသာတစ်ခုကိုမှ မလေ့လာဘူးဘဲ ရေးထားသော မေး၏ သမိုင်းစာအုပ်ကို ဗြိတိသျှ အုပ်ချုပ်ရေးယန္တရား၏ အဓိကကိုးကားရာ ကျမ်းစာအုပ်ကြီး အဖြစ် အားကိုးအားထားပြုခဲ့သော ကိုလိုနီသခင်ကြီး အင်္ဂလိပ်တို့၏ မိုက်မဲပေါ့ပျက်မှုကို သိမြင်နိုင်ပါ၏ ။ လော့မက်ကူးလီ က ချီးမွမ်းပြတာကို ကြည့်ပါ “ဂီဘွန်ရဲ့ လက်ရာပြီးရင် အင်္ဂလိပ်ဘာသာရပ် တစ်ခုလုံးမှာ ဂျိမ်းမေးရဲ့ စာအုပ်ဟာ အကြီးကျယ်ဆုံး သမိုင်းစာအုပ်ပါပဲ”
အဲသည် ဗြိတိသျှနယ်ချဲ့အရာရှိတို့၏ အိတ်ဆောင် သမ္ဗာကျမ်းစာတွင် မေးက “ အိန္ဒိယ ဟိန္ဒူကုလားတွေကို ယဉ်ကျေးမှု မြင့်မားသော လူတွေလို့ မှတ်ထင်ကြပေမယ့် တကယ်တော့ သူတို့ဟာ ရှေ့ ဦးဆုံး မြို့ ပြယဉ်ကျေးမှုတွေမှာပဲ ခြေလှမ်းသွက်ခဲ့တာပါ”  ဟု အသေအချာကို ရှင်းပြထားသေးပါသည်။ မေး၏ အိန္ဒိယသားတို့ကို သိက္ခာချသည့် စာမျက်နှာများစွာတို့ အနက်မှ တစ်ခုသော သာဓကဖြစ်သည့် အိန္ဒိယ နက္ခတ္တဗေဒကို သူကနေပြီး သုံးသပ်ပြပုံကို ကျွန်တော် ဖော်ပြပါရစေ။ အေဒီ ၄၇၆တွင် မွေးသော အရိယာဘဒ္ဒသည် ကမ္ဘာလည်ပတ်ပုံ နှင့် ကမ္ဘာ့ဆွဲအားအကြား ဆက်စပ်ပုံကို မှန်းဆနိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဒါကို အိန္ဒိယ နက္ခတ္တဗေဒ ပညာရှင်များဖြစ်သည့် ဗာရာဟံမိဟိရ နှင့် ဗြဟ္မဂုတ္တ တို့က ခြောက်ရာစုနှင့် ခုနှစ်ရာစုတွင် ဆက်လက်လေ့လာ တွက်ချက်ခဲ့ပါသည်။ ဤ သုတေသနတွေ့ရှိချက်တို့သည် အာရပ်ကမ္ဘာသို့ ကူးလူးရောက်ရှိလာခဲ့ပြီး အာရပ်ပညာရှင်တို့ အသိုင်းအဝိုင်းတွင် အကြီးအကျယ် ပျံ့ နှံ့ဆွေးနွေးလာခဲ့ပါ၏ ။ တကယ်တော့ ဗြဟ္မဂုတ္တ၏ စာအုပ်ကို ရှစ်ရာစုတွင် အာရေဗျဘာသာသို့ ပြန်ဆိုနိုင်ခဲ့ပြီး ဆက်လက်၍ တစ်ဆယ့်တစ်ရာစုတွင် အီရန် သင်္ချာပညာရှင် အယ်ဗာယူနီ က ရှေ့ဘက်ရာစု၏ ပြန်ဆိုမှုအမှားများကို ပြင်ဆင်၍ ထပ်မံပြန်ဆိုခဲ့သည်။
            တစ်ဆယ့်ရှစ်ရာစုနှောင်းပိုင်းတွင် ကာလကတ္တားက အရှေ့အိန္ဒိယ ကုမ္ဗဏီတွင် တာဝန်ထမ်းဆောင်နေသော ဝီလျံ ဂျုံး သည် ဤသက္ကတကျမ်းများကို သတိထားမိလာခဲ့ပြီး အိန္ဒိယသားတို့၏ နက္ခတ္တပညာရပ်အပေါ် ပါဝင်ဖြည့်ဆည်းပေးနိုင်ခဲ့မှုတို့ကို နှစ်လိုချီးမွမ်းခဲ့သည် ။ ဒါကို မေးက “ဂျုံးသည် အလို့ ကုလားတွေ လိမ်တာခံရတာပဲ” ဟု မှတ်ချက်ပေးပါ၏ ။ ဂျုံးကို သည် သက္ကတကျမ်းစာတွေကို အကြောင်းကြားတဲ့ ကုလားငနဲတွေက ဝိုင်းလိမ်ကြတာပါဟု မဟုတ်တမ်းတရား စွပ်စွဲပြီး “ဆာ ဝီလျံ ဂျုံး ရဲ့  ကုလားဂုရုတွေဟာ ဥရောပတွေးခေါ်ပညာရှင်တွေက ပြောတဲ့ စကြာဝဌာရဲ့  အကြောင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါပဲ ။ ဒါကို သူတို့က ဂျုံးကို စကြာဝဌာ ရဲ့ အကြောင်းဟာ သူတို့ကျမ်းစာတွေမှာ ပါတယ်ဆိုပြီး ဂျုံးကို အယုံသွင်းလိုက်တာပါပဲ” ဟု ဖော်ပြခဲ့ပါ၏ ။ ဤသို့အားဖြင့် မေး၏ ကုလားဆိုရင် ငလိမ်ငကောက် နောက်ချေးခံပဲ ဟူသော ယုံကြည်မှုသည် အိန္ဒိယသမိုင်း တစ်ခုလုံးကို သို့နှင်နှင် ချည်းကပ် ရှင်းလင်းခဲ့ပါလေ၏။
            အိန္ဒိယသားတို့၏ မြို့ ပြယဉ်ကျေးမှုနှင့် သိပ္ဗံပညာထွန်းကားခြင်းတို့ကို အဖက်ဖက်မှ ဒေါင့်စေ့အောင် တိုက်ခိုက်ပြီးနောက်တွင် မေးက နိဂုံးကမ္ဗတ် မှတ်ချက်ပြုခဲ့သည်မှာ အိန္ဒိယယဉ်ကျေးမှုသည် သူသိတဲ့ “တခြားနိမ့်ကျသော ယဉ်ကျေးမှုတွေ ဖြစ်တဲ့ တရုတ်၊ ပါရှား၊ အာရပ်” တို့နှင့် တန်းတူပါပဲ။ ဒါ့ထက်တောင် နိမ့်ကျနိုင်တာဟာ အောက်နိုင်ငံတွေဖြစ်တဲ့ “ဂျပန်၊ ကိုချင်တရုတ်၊ ထိုင်း၊ ဗမာ၊ မလေး၊ တိဗက်” တို့နဲ့တောင် ကွာမယ် မထင်ပါဘူး။ သို့ကြောင့်မို့လို့လည်း ထိုအောက်နိုင်ငံတို့သည် ကိုလိုနီအနောက်ကို မနှစ်မြို့မှုတို့ ဖြစ်ပေါ်လာခဲ့သည်ဆိုပါလျှင် (အမျိုး ဘာသာ သာသနာ ဆိုပြီး သူတို့ကိုယ်သူတို့ မာန်တင်းလာခဲ့မည် ဆိုပါလျှင်လည်း ) ဒါဟာ သူတို့ဘာသာသူတို့ အနှစ်လက္ခဏာကို ရူးမိုက်စွာ စွဲလမ်းရာက ဖြစ်ပေါ်လာတဲ့ သမိုင်းဆိုပြီးတော့လည်း ပြောလို့ မရပါ။

ဆက်စပ်သုံးသပ်ချက် ။ ။ ပြီးခဲ့တဲ့နှစ် ဆယ်လပိုင်းက ကျွန်တော့်မိတ်ဆွေ ပရော်ဖက်ဆာ ရာ့ သည် ကျွန်တော့်အား ကာနက်ဂီကောင်စီကနေပြီး ဖိတ်ခေါ်သည့် “အမေရိကန် နှင့် အာရှနိုင်ငံတို့၏ ဆက်ဆံရေးဆိုင်ရာ ကျင့်ဝတ်နီတိများ” ဆိုင်ရာ စာတမ်းပြိုင်ပွဲတွင် အမေရိကန် နှင့် ဆက်ဆံရေး တဟုန်ထိုး ပြန်ပွင့်ကောင်းမွန်လာသည့် မြန်မာပြည် အတွက် တစ်ခုခုရေးပြီး ဝင်ပြိုင်ရန် တိုက်တွန်းခဲ့ပါသည်။ ကျွန်တော့်မှာ ထိုစဉ်က အလုပ်ကိစ္စနှင့် နိုင်ငံတကာခရီးတွေ တန်းစီပြီး ရှိနေသည့်အတွက် အချိန်ရမည်ဟု မထင်ခဲ့။ သို့သော် ရာ့အား စိတ်ကျေနပ်စေရန် မြန်မာပြည် ဆက်ဖြစ်မည့် အခြေအနေနှင့် စပ်၍ ကျွန်တော်တွက်ချက်ထားသည့် အတွေးအခေါ်တစ်ခုကို ဖော်ပြသော စာတိုလေးတစ်ခုကို ဤသို့ ပြန်ရေးခဲ့သည်။
 
ရာ့ရေ ၊
            စိတ်ဝင်စားစရာကောင်းတဲ့ စာတမ်းပြိုင်ပွဲအကြောင်း ပေးပို့လာတဲ့အတွက် ကျေးဇူးပါ။ အင်း၊ ခုခါမှာ အမေရိကန် နဲ့ မြန်မာ ဆက်ဆံရေး ပူနွေးလာတာဟာ ကြည့်ရင်တော့ ကောင်းသလိုလိုနဲ့ ကြေကွဲဖွယ် အဖြစ်အပျက်များစွာဟာ မယုံနိုင်လောက်အောင်ကို ဖြစ်ပေါ်လာနိုင်ပါတယ်။ ခုနေခါတောင်မှ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေဟာ (ထိုစဉ်က ရခိုင်တစ်ဝိုက်မှာသာ) ဗမာ အသိုင်းအဝိုင်းတွေမှာ သူတို့ကိုယ်သူတို့ “အမေရိကန်နဲ့ ခုအခါ ငါတို့ မိတ်ဆွေဖြစ်ပြီ။ မဟာ အင်အားကြီး နိုင်ငံဖြစ်တဲ့ အမေရိကန်ဟာ မူဆလင်တွေကို မုန်းတယ်။ ဒါကြောင့် ငါတို့ဟာ မူဆလင်တွေကို နှိပ်ကွပ်ဖို့ တရားဝင် လုပ်နိုင်တယ်” ဆိုပြီး သူတို့ကိုယ်သူတို့ အတန်းအခွင့် တစ်ခုကို တိုးတက်သွာပြီ ဆိုတဲ့ အထင်အမြင်မျိုး ပေါ်ပေါက်လာတာနဲ့ ဆက်စပ်နေပါတယ်။ စိတ်ပညာရပ်အားဖြင့် သည် ဆက်စပ်မှုဟာ အင်မတန်မျက်မြင်သက်သေ ဖြစ်ပေမယ့် လူတွေနားလည်ဖို့ကျတော့ တော်တော် ကြိုးစားရှင်းပြရပါလိမ့်မယ်။ အဓိက သူတို့ သိမိနားလည်အောင် လုပ်ရမှာက “ဆိုဖစ်ဝါဒ” ပါပဲ။ အဲဒါဘာလဲဆိုတော့ “အမှန်တရားသည် အားကြီးသူ၏ ရူမြင်ဆုံးဖြတ်ချက်ပေါ်မှာသာ မူတည်၏” ဆိုတဲ့ အတွေးအခေါ်ပါပဲ။

(ဆိုဖစ်ဝါဒ အကြောင်းကို ကျွန်တော်၏ အကြွင်းမဲ့ လွတ်လပ်သော အခြေခံ ဥပဒေ မှ စာကြွင်းစာချဲ့  အမှတ်(ဆ) တွင်လည်း ရူပါ )

သိပ်မကြာပါ။ ကျွန်တော်၏ အီးမေးလ်ထဲတွင် အောက်ပါ ဆောင်းပါး လင့်ခ်တစ်ခုကို တစ်စုံတစ်ဦးက ပေးပို့သည်ကို လက်ခံရရှိခဲ့ပါသည်။
ဆောင်းပါးသည် ကျွန်တော့်အား ခေါင်းနပန်းကြီးသွားစေခဲ့သည်က အမှန်ပါ။ ဤဆောင်းပါးကို စိန် အို့ဇတတ်က အာရှတိုင်းတွင် ၂၀၀၃ အောက်တိုဘာမှာ ရေးသားထားတာဖြစ်ပြီး ထိုစဉ်ကာလပိုင်းက ဝီရသူ၏ ပြောဆိုပုံတွေထဲက အရူးမိုက်ဆုံး ပြောဆိုမှု တချို့ကိုလည်း ထုတ်နုတ်ပြထားရာ ကျွန်တော်တွက်ချက်ထားသော ဆိုဖစ်ဝါဒနှင့် တစ်ထပ်တည်း ဖြစ်နေသောကြောင့် ပါတည်း။
 “သည် ပါကစ္စတန်ကောင်တွေဟာ အဆိုးဆုံးကောင်တွေ။ မြန်မာတွေ မွဲအောင် သည်ကောင်တွေ လုပ်နေတာ။ အမေရိကန်က ငါတို့ကို ဒဏ်ခတ်အရေးယူထားတာဟာ အယ်ကိုင်းဒါးတွေကို ဆော်ချင်လို့ ။ အယ်ကိုင်းဒါးတွေ သည်မှာ ဝင်နေကြတယ်လေ။ သည်ကောင်တွေအတွက် ငါတို့ ပေးဆပ်နေကြရတာ။ ဗုဒ္ဓဘာသာတွေဟာ အယ်ကိုင်းဒါးတွေနဲ့ စပ်နေလို့ ရောပြီး အမေရိကန် ဒဏ်ခတ်တာကို ခံရတာ”
         အဲသည် ဆောင်းပါးရဲ့ ရှေ့ဆုံးမှာ မနေ့တစ်နေ့ကပင် မဟန်နဘိက သူမ၏ ဆောင်းပါး နောက်ဆုံးပိုဒ်တွင် ဝီရသူ၏ နာဇီဝါဒ ရင်းမြစ် အတွေးအခေါ်  moral relativism (အမှန်တရားဆိုတာ ကြည့်သူရဲ့  ရူဒေါင့်ပေါ်မှာပဲ မူတည်၏) ကို ကောက်နုတ်ပြသသော ပြောဆိုမှုနှင့် တစ်ထပ်တည်းနီးပါးကို ဖော်ပြသထားပါသေးသည်။
            “ ငါတို့တတွေဟာ ဗုဒ္ဓဘာသာတွေမို့ ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ဒါပေမယ့် ငါတို့ဟာ ငါတို့ အသိုင်းအဝိုင်းကို ကာကွယ်ဖို့တော့ လုပ်ရလိမ့်မယ်” ။
သည် စကားကတော့ ဟုတ်သလိုလို ထင်ရပါ၏ ။ ဒါပေမယ့် နောင်ဆယ်နှစ်အကြာ မဟန်နဘိ နဲ့ အင်တာဗျုးသော အချိန်တွင် ကိုယ်တော်သည် ၄င်း၏ နာဇီဝါဒကို လုံးဝဝန်ခံလိုက်သော အလွန်ကို ဆိုးဝါးသော စကားတစ်လုံးကို ထပ်ဖြည့်လိုက်ပါ၏  ။
“ဗုဒ္ဓတရားအရ ငါတို့ဟာ ရန်စောင်လို့ မရပါဘူး” ကလေးတယောက်ကို သူ လက်ချာပေးနေရသည့်နှယ်မျိုး သူက ပြောပါသည် (ကျွန်မသည် ဗုဒ္ဓကျမ်းဂန်ပါ သဘောတွေကို လေ့လာထားပါတယ်။ ကလေးလို ညာလို့ရတယ်လို့ သူထင်နေပုံ ရပါ၏ )။ “ဒါပေမယ့် ဒို့ဟာ ဒို့အသိုင်းအဝိုင်းကို ကာကွယ်ဖို့ ဘာမဆို  လုပ်ပိုင်ခွင့် ရှိတယ်”

(တိုင်း သတင်းထောက် မဟန်နဘိဟာ ဗုဒ္ဓဘာသာကို စော်ကားတာ လုံးဝ မဟုတ်ကြောင်း၊ ဗုဒ္ဓဘာသာ အမည်ခံပြီး အကြမ်းဖက်မှုကို စက်ဆုပ်ဖွယ်ရာအဖြစ် ရိုးရိုးလေး ရူတ်ချထားတာ ဖြစ်ကြောင်းကို ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၆) တွင် ပြန်ရူပါရန်)

            ထိုဆောင်းပါး တစ်ခုတည်းမှာပင် ၂၀၀၁ ခုနှစ်မှာတုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့သည် မူဆလင် မုန်းတီးရေး ဝါဒဖြန့် စာအုပ် အမျိုးပျောက်မှာ စိုးကြောက်စရာ ကို တမင် လိုက်လံဖြန့်ဝေခဲ့သည်ကို ဖော်ပြထားပါသေးသည်။ ကနေ့သည်ဘက်ခေတ်တွင် သတင်းထောက် Emauel Stoakes မှ မကြာသေးမီက သတင်းပေးပို့ခဲ့သည့် ၉၆၉ လှုပ်ရှားမှုတို့သည် စွမ်းအားရှင်အဖွဲ့တို့နှင့် ပတ်သက်နေကြောင်း ဖော်ပြထားသည်ကိုလည်း အောက်ပါလင့်ခ်တွင် လေ့လာကြည့်ပါရန်။

            ဟုတ်ကဲ့။ သို့ဆိုလျှင် ၉၆၉  ၏ အုတ်မြစ်တော်တော်များများ ရုပ်လုံးပေါ်လောက်ပါပြီ။ သို့ပေမင့် သည်နေရာမှာ ကျွန်တော် အဓိက အလေးပေး ပြောလိုသည်မှာ နိုင်ငံရေး လုပ်ကြံမှုတွေ ဆိုတာထက် “ပါကစ္စတန်ကောင်တွေကြောင့် အမေရိကန် ဒဏ်ခတ်တာကို ငါတို့ ဗမာတွေရောပြီး ခံရတာ” ဆိုသော ဝီရသူ၏ ဆိုဖစ်ဝါဒ (ဝါ) “အားကြီးသူက လုပ်တာသည် အမှန်” ဟု ယူဆတာကို ဖြစ်ပါ၏။  တွေးခေါ်စူးစမ်းတတ်သော အတွေ့အကြုံမရှိသလို မနိုးကြား မလိမ္မာသည့် ဝီရသူ၏ အာရုံတွင် ထင်ပေါ်နေသည့် ဓနခွန်အား ကြီးမား ကြွယ်ဝသည့် အမေရိကန်က လုပ်တာဟာ အမှန်၊ အမေရိကန်ရန်သူဟာ ဒို့ရန်သူ ဆိုပြီး အမှန်တရားကို ပိုင်းဖြတ်ပြနေသော ပျက်ပြားသလောက် အန္တရယ် ကြီးမားသည့် အယူအဆကို ပါတည်း။ အမျိုး ၊ ဘာသာ၊ သာသနာ ဆိုပြီး မြန်မာတွေရှေ့မှာ ကယ်တင်ရှင် ဘုရားလောင်းကိုယ်တော်မြတ်ကြီး လာလုပ်ပြနေသလောက် လူကြီးလူကောင်း အမေရိကန်တို့ ကျေနပ်ဖို့ တပည့် လူစွမ်းကောင်းကြီး လုပ်ပြချင်၊ အမြီးနှံ့ပြချင်သည့် အောက်တန်းစိတ်ကို ပါတည်း။
            ဤစာအုပ်၏ နေရာများစွာတွင် မူရင်းစာရေးဆရာသည် တကယ်ကတော့ သူ့ထမင်းရှင် ဖြစ်သည့် အမေရိကန် နှင့် အနောက်တို့၏ အောက်တန်းကျ ယုတ်ညံ့မှု တော်တော်များများကို ဖော်ပြထားတာကို တွေ့ရှိရပါလိမ့်မည်။ သို့သော် ဤသို့ ဖော်ပြထားသည်မှာ ထိုနိုင်ငံကြီးတို့ကို သေးသိမ်စေလိုသည့် စေတနာသည် အရင်းမခံပါ။ အဓိကစေတနာမှာ အမေရိကန်တို့ အင်္ဂလိပ်တို့လို လူယဉ်ကျေးတွေက လုပ်တာဟာ အမှန်ဟု ပိုက်ဆံပေါတာကို ကြည့်ပြီး အထင်ကြီးတတ်သည့် ဆင်းရဲသော ကျွန်တော်တို့ တတွေမှာ ဖြစ်ပေါ်တတ်သော ဆိုဖစ်ဝါဒကို အသည်းအသန်  ချေဖျက်နေရခြင်းသာ ဖြစ်ပါသည်။ ဤသို့ အသည်းအသန် လုပ်ရမည်လည်း အမှန် ဖြစ်ပါ၏ ။ အဘယ်ကြောင့်ဆိုသော် ဆိုဖစ်ဝါဒသည် အော့နလုံးနာဖွယ် နာဇီလုပ်ရပ်တို့ အတုံးအရုံး ပေါ်ပေါက်လာတာကိုပင် အမှန်တရားဟု ထောက်ပင့်ပေးသော အခြေခံ အကျဆုံး အနုမာနစိတ်အခံ ဖြစ်ပြီး အဲသည်ဝါဒသည် လစ်ဘရယ်ဝါဒ၏  သမိုင်းစဉ်လာ အဓိက မဟာရန်သူတော်ကြီးလည်း ဖြစ်ပါသတည်း။ ထိုအနုမာန စိတ်အခံ ဆိုသည့် ပရိယာယ်ကိုလည်း ဗုဒ္ဓအဆုံးအမ နိပါတ္တသုတ္တန်များကို ကိုးကားအသုံးပြု၍ (ဗုဒ္ဓကျမ်းဂန်တို့သည် ဆိုဖစ်ဝါဒကို အတိအလင်း ပယ်ချထားပြီး ဖြစ်ကြောင်း) နောင်တွင် အလျှင်းသင့်သလို ဆက်လက် ဖွင့်ဆိုပြသွားပါမည်။

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၇)


ခေတ်သစ် အမျိုးသားရေး ဝါဒ၏ ဦးတည်မှု လိုအပ်ချက်တို့ နှင့် အညီ

ယခင် အဘိဓာန် အမှတ်(၁၀) မှ ဝေါဟာရ ၁၀၈ လုံးတို့အစား

ယခု အဘိဓာန်သစ် အမှတ်(၁၁) တွင်

ငါတို့ မြန်မာ တစ်မျိုးသားလုံး ညွတ်တွားပူဇော်ရာ
 လောက စကြာဝဌာတစ်ခွင်လုံးတွင် အတုမရှိသော

၉၆၉ ၏  အနိုင်းမဲ့ ဂုဏ်ရည်တို့ကို
ထပ်ချပ်အောက်မေ့သော အားဖြင့်

ခုခါမှစ၍
 မြန်မာစာ မြန်မာစကားတွင်
မြန်မာအမျိုးသားရေးစစ်စစ်နှင့်သာ သက်ဆိုင်သည့်

အဘိဓာန်သစ်ပါ ဝေါဟာရစစ်စစ်  ၂၄ လုံး တို့ကိုသာ

 မြန်မာတစ်မျိုးသားလုံး အမျိုးသားရေး အသွင်ဖြင့်
တစ်သမတ်တည်း
မတိမ်းမစောင်း
အသေအချာ
တစ်သက်လုံး ထာဝရ
မြန်မာတစ်မျိုးသားလုံး၊ လူရောခွေးပါ မကျန်
သုံးစွဲသွား()မည် ဖြစ်ကြောင်း

တစ်နိုင်ငံလုံးကို

အမျိုးသားအားလုံး၏ အမျိုးသားရေး အားလုံးကို
 ဆောင်ရွက်မှု အားလုံးတို့၏
အကြွင်းမဲ့ တာဝန်ခံ နှင့်
 ခြွင်းချက်မရှိ တာဝန်ယူ ကိုယ်စားလှယ်
မဟာအမျိုးသားရေး တပ်ပေါင်းစု နာယက ထိပ်ခေါင်ချုပ်ကြီးမှ

အသိပေး တပ်လှန့် အကြောင်းကြားအပ်ပါသည်။ 

ဗုဒ္ဓ ဘာသာစွဲ ပြဿနာလည်း မဟုတ်၊ အစ္စလမ် ဘာသာစွဲ ပြဿနာလည်း မဟုတ် ။ ဖြေရှင်းရမည့် ပြဿနာမှာ လူစုလူဝေးစွဲ ပေတည်း

မကြာသေးမီက ရှမ်းပြည်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများက ညွှန်ပြနေသည်မှာ မြန်မာပြည်တွင် လက်ရှိဖြစ်ပွားနေသော ရုန်းရင်းဆန်ခတ် ဖြစ်မှုများ၏ သဘာဝသည် နှစ်ပရိဒေစ္ဆ များစွာ မတည့်ခဲ့သည့် အသိုင်းအဝိုင်း တစ်ခုနှင့် တစ်ခုကြားမှာသာ ပေါ်ပေါက်သော ရန်ပွဲဆိုသည့် အနားသတ်မျဉ်းကို  ကျော်လွန်နေပြီ ဆိုသည့် သဘောပါတည်း။ အမှန်ကတော့ နှစ်ပေါင်းများစွာ မည်သည့် အထွေအထူး ပြဿနာမှ မရှိဘဲ နေလာခဲ့သည့် ပြည်သူလူထုသည် ရုတ်ချည်းဆိုသလို ရိုင်းစိုင်းကြမ်းကြုတ်သော ဗုဒ္ဓဘာသာဝင်များ သို့မဟုတ် မူဆလင် ဘာသာဝင်များ အဖြစ် ပြောင်းလဲသွားကုန်ကြလေ၏ ။ ထိုအချက်က သက်သေပြုသည်မှာ တကယ်မတော့ ပြဿနာ၏ သဘောသည် တချို့သော သူတို့သည် တခြား သူတို့အပေါ်မှာ သူတို့ မြင်သော အမြင် ပြောင်းလဲလာခြင်းပေါ်မှာ မူတည်နေကြောင်း ဆိုတာ ဖြစ်ပါသည်။ တခြားဝေါဟာရ အားဖြင့် အုပ်သင်းတစ်ခုနှင့် ဆက်နွယ်နေသည်ဟု သူတို့ကိုယ်သူတို့ ပိုင်းခြားထားသော လူတို့သည် (ဗုဒ္ဓဘာသာတို့သည်) သူတို့ကနေပြီး တခြား အုပ်သင်းတစ်ခုနှင့် ဆက်နွယ်နေသည်ဟု ပိုင်းခြားထားသော တခြားသူတို့ အပေါ် (မူဆလင်တို့ အပေါ်) အမြင် ပြောင်းလဲသွားကုန်ခြင်း ပါတည်း။
ပထမဦးစွာ ကျွန်တော် ညွှန်ပြလိုသည်မှာ ကျွန်တော်တို့၏ အခြေခံ အသိအမြင်တွင် လူတစ်ဦးတစ်ယောက်ကို သူကိုးကွယ်ရာ ဘာသာတရားဖြင့် အမျိုးအစား ခွဲခြင်းသည် ချို့ယွင်းချက် ကြီးမားစွာ ရှိသော ကိစ္စ ဆိုတာကို ဖြစ်ပါသည်။ စိတ်ဝင်စားဖို့ ကောင်းသည်မှာ ကျွန်တော်တို့၏ ဗုဒ္ဓဘာသာတွင် ဘာသာချင်းချင်း စစ်ပွဲခင်းသော အဖြစ်အပျက်မျိုး ပေါ်ပေါက်ခြင်းတို့ တခြားဘာသာတရား ကြီးတို့နှင့်  နိုင်းစာကြည့်ပါလျှင် နည်းပါးပါသည် ။  ဥပမာအားဖြင့် ဘုရင်မ အဲလိဇဘက်ခေတ်က ကက်သလစ် နဲ့ ပရိုတက်စတင့်၊ ကရူးဆိတ် စစ်ပွဲတွေမှာတုန်းက ခရစ်ယာန် နှင့် မူဆလင်၊  လွတ်လပ်ပြီးခေတ် အိန္ဒိယ ပါတီနိုင်ငံရေးတွင် မူဆလင်နှင့် ဟိန္ဒူ တို့  အပြင်းအထန် ရန်ပြုသတ်ဖြတ်ကြသလို တခြားဘာသာတရားတို့နှင့် ရန်ဖြစ်လေ့ ရန်ဖြစ်ထ မရှိသော ဗုဒ္ဓဘာသာကို “ငြိမ်းချမ်းပျော့ပြောင်းသော” ဘာသာတရား အဖြစ် ယျေဘုယျအားဖြင့် ဆုံးဖြတ်ရူမြင် ကြပါသည် (သီရိလင်္ကာကတော့ ခြွင်းချက်ပါ) ။ လောလောလတ်လတ် အစွန်းရောက် ရဟန်းတွေက လုပ်နေသော ၉၆၉ လှုံ့ဆော်မှုတို့သည် ဗုဒ္ဓဘာသာကို “ရန်လိုခက်ထန်သော”  ဘာသာတရား အဖြစ် သိက္ခာချနေသည်မှာ သံသယ ရှိဖွယ် မလိုပါ။ သည်မှာ အံသြစရာကောင်းသည့် အချက်တစ်ချက်ကို ကျွန်တော်တို့ တွေ့မြင်နိုင်သည်မှာ ဗုဒ္ဓတရား၏ ပဓာန လက္ခဏာတစ်ရပ် ဖြစ်သော ငြိမ်းချမ်းရေးကို ပျောက်သုဉ်းအောင် လုပ်ဆောင်နေသည့်တိုင်အောင် မည်သည့် ရန်လိုခက်ထန်သော ဘုန်းကြီး နှင့် မည်သည့် ဥပဒေမဲ့ ရမ်းကားနေသော လူအုပ်ဝင် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ကမှ သူတို့၏ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်သည် ဆိုသည့် လက္ခဏာမှာ ပျောက်ဆုံး မသွားနိုင်ခြင်း ဆိုသည့် အချက် ဖြစ်ပါ၏။ ထိုအစား တကယ်ဖြစ်လာသည်မှာ ထိုလူကြမ်း ပုဂ္ဂိုလ်တို့သည် နိုင်ငံ၏ ဘာသာရေးသူရဲကောင်းတို့ အဖြစ်ပင် နေ့ချင်းညချင်း ထင်ရှားကျော်ကြား လာခဲ့ခြင်း ပါတည်း။ ပမာအားဖြင့် ၉၆၉ ၏ ဂုရုကြီးဖြစ်သော ဝီရသူသည် တစ်မနက်တွင် ဗုဒ္ဓတရား၏ မည်သူကိုမှ ခြွင်းချန်ထားခြင်း မရှိသော မေတ္တာသုတ်တော် အကြောင်းကို ဟောပြောပါ၏ ၊ နောက်တစ်နံနက်တွင်မူ သူက အမျိုးသားရေးသည် လောကတွင် အရေးကြီးဆုံး တန်ဖိုးထားရမည့် အရာလို့ ပြောဆိုပြီး ထိုအရေးအတွက် နင်တို့ငါတို့သည် သည် “အကောင်”တွေကို ရွယ်ထားရမည်ဟု ဟောပြောပြန်ပါသည်။ ထိုသို့ “ပြောင်းပြန်ဖြစ်အောင် နှစ်ခါပြော” ခြင်းသည် စိတ်ရူပ်ထွေးဖွယ်ရာ ဖြစ်သလောက် စိတ်မသက်မသာ ဖြစ်ဖွယ် အမှန်တရား တစ်ခုကို ကျွန်တော်တို့အား ညွှန်ပြနေပါသည် - လူတစ်ဦး တစ်ယောက်သည် မိမိကိုယ်မိမိ ဗုဒ္ဓဘာသာဟု ထို ဗုဒ္ဓဘာသာ အမှတ်လက္ခဏာကို ကိုင်စွဲထားသရွေ့ မည်သူကမှ ထိုသူ၏ ဗုဒ္ဓဘာသာ အမှတ်လက္ခဏာကို လာပြီး ရုပ်သိမ်းနိုင်ခြင်းဌာ မတတ်နိုင်ပါ သတည်း။ ဤ စိတ်ဝင်စားစရာ ကောင်းသည့် အချက်သည် ဘာကို ပြနေပါသနည်း ဆိုသော် ကျွန်တော်တို့သည် ပြဿနာကို တလွဲတချော် သိမြင်နေကြောင်း ဆိုသည်ကို ဖြစ်ပါ၏ - ကျွန်တော်တို့က မြင်သော ဗုဒ္ဓဘာသာ နှင့် မူဆလင် ဘာသာတို့၏ ပဋိပက္ခဟူသည် ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာဝင်လို့ ‘ခေါ်ဖို့သာလိုသော’ သူတို့မှ စတင်ခဲ့ခြင်းသာ ဖြစ်ပါသည် (ဟုတ်ပါရဲ့ ၊ အလိုရှိမယ် ဆိုပါရင် ကိုယ့်ကိုကိုယ် မူဆလင်ဘာသာဝင်လို့ ‘ခေါ်ဖို့သာလို့တဲ့’ သူတို့မှ စတင်တယ်လို့လည်း ပြောနိုင်ပါသည်) ။ သူတို့ကိုယ် သူတို့ ကြောင်သူတော်လို့ သူတို့ သိကြသည့် တိုင်အောင် ထိုသူတို့ဟာ ဗုဒ္ဓဘာသာဝင် အဖြစ် ‘အခေါ်ခံရဖို့’ ကိစ္စကတော့ အမြဲ သင့်တော်ကောင်းမွန် နေအုံးမည်သာ ဖြစ်ပါ၏ ။
ထိုကိစ္စသည် ဘာကိုပြောပြနေပါသနည်း ဆိုသော် အတော်ကလေးကို မသဲကွဲသဖြင့် မြင်ဖို့ ခက်ပါသော်ငြား ဤ ဘာသာရေး အဓိကရူဏ်းတို့၏ အခြေခံပြဿနာမှာ လူတို့မှနေ၍ သူတို့ ဘာသာတရား နှင့် သင်းဖွဲ့ဆက်နွယ်မှုကြောင့် (ဖြစ်ခြင်းကြောင့်) ဖြစ်ရတာ မဟုတ်ဘဲ တစ်စုံတစ်ရာသော သင်းဖွဲ့ဆက်နွယ်မှုကို အကြီးအမား ရှေ့တန်းတင်သည့် သူတို့နှင့် သက်ဆိုင်၍သာ (ပြုခြင်းကြောင့်သာ) ဖြစ်ပွားရခြင်း ဆိုတာ ဖြစ်ပါ၏ ။ လက်ရှိ ဘာသာရေး ပဋိပက္ခတို့သည် ဘာသာတရား၏ သဘာဝအစဉ်ကိုက ဆိုသည့် သဘောနှင့် လားလားမှ မဆိုင်၊ လူ၏ အပြုအမူ လုပ်ရပ်နှင့်သာ လုံးလုံး ဆိုင်သည် ဆိုကြောင်း ပါတည်း။ မြန်မာပြည်တွင် ဘာသာဝင်မျိုးစုံတို့သည် နှစ်ပေါင်း နှစ်ပေါင်း များစွာ ငြိမ်းချမ်းစွာ အတူနေလာခဲ့ပါ၏ ။ အဘယ်ကြောင့် သို့နေနိုင်သနည်း ဆိုသော်  ကျွန်တော်တို့၏ အတူတကွ နေထိုင်ရန် နှင့် ကုန်ကူးသန်း ဖလှယ်ရန် ကိစ္စတို့တွင် ဗုဒ္ဓဘာသာ သို့မဟုတ် မူဆလင်ဘာသာ နှင့် သင်းဖွဲ့ဆက်နွယ်နေမှု ဆိုသည်တို့မှာ အရေးပါသည့် အကြောင်းအရာ ဖြစ်သည်ဟု ကျွန်တော်တို့ မြင်မထားသောကြောင့် ပါတည်း။ သည်ကနေ့ ဖြစ်ပွားလာသော ပြဿနာများသည် ကျွန်တော်တို့မှ နေ၍ တစ်စုံတစ်ဦး၏ ဘာသာရေး ဆိုင်ရာ သင်းဖွဲ့ဆက်နွယ်မှုသည် လူတွေ အတူယှဉ်တွဲနေထိုင်ဖို့ ရန် အတွက်ဆို အသဲအသန် ဖြစ်လွန်းသော ကိစ္စအဖြစ် ယူဆလာခြင်းကြောင့် ဖြစ်ပါသည်။ ပြဿနာ၏ မူလရင်းမြစ်သည် ဗမာလူမျိုးတို့၏ ထေရဝါဒကို အယူသန်မှု (သီရိလင်္ကာ ကဲ့သို့) သို့မဟုတ် အစ္စလမ် ဘာသာကိုက အကြမ်းဖက်စေနိုင်သော ဟောပြောဦးတည်ချက်တွေ ရှိနေမှု (ဘော်စတွန် မာရသွန်မှာ ဗုံးခွဲသူတို့ဟာ အစ္စလမ်) ဆိုသော အချက်တွေကြောင့် ဖြစ်သည် ဟု စွဲဆိုပြီး ပြောခြင်းသည် မုချကို မှားပါသည်။ အမှန်မတော့  ဝေဝါးသလောက် အင်မတန်မှကို ယျေဘုယျ ကျသော စကားလုံးတွေ ဖြစ်သည့် “ဗုဒ္ဓဘာသာဝင်”  (သို့) “အစ္စလမ်ဘာသာဝင်” ဆိုသော၊ တစ်ဦးတစ်ယောက် ဝင်ခွင့်ရဖို့ ကိစ္စ အတွက်ဆို အင်မတန် ရက်ရောသော ဘာသာတရား ယဉ်ကျေးမှုကြီးများနှင့် ပေါ်ပေါက်နေသော ပြဿနာတို့သည် လားလားမှ မဆိုင်ပါ ။ ထိုသို့ ဖြစ်စေကာမူ တစ်စုံတစ်ဦးသည် သူ့ ဘာသာတရား ယဉ်ကျေးမှု အသိုင်းအဝိုင်း တစ်ခု နှင့် ဆက်နွယ်နေမှုကို အန္တရယ် ကြီးသော ပြဿနာ အဖြစ် ယူဆလာသော အထင်အမြင်သည် လူ့ဘောင်တို့တွင် ပေါ်ပေါက်လွှမ်းမိုးလာပြီး ထိုအထင်အမြင်သည် မီးခြစ်ဆံခတ် ကူးစက်မည့် အမှတ်တစ်နေရာကို ရောက်ရှိပွားများ သွားခဲ့ပါလျှင် ထိုကဲ့သို့သော အကြမ်းဖက်မှုတို့သည် အတောမသတ် ဖြစ်ပွားလာနိုင် ပါသည်။
            ပိုပြီး စိတ်ဝင်စားစရာ ကောင်းသော အကြောင်း ကိစ္စမှာ ဝီရသူသည် သူ့တွင် လစ်ဘရယ် ပညာရေးဆိုသည်မှာ လုံးလုံး မရှိခြင်းကြောင့် ထိုသူသည် ဤကဲ့သို့ လူတစ်ဦး တစ်ယောက်၏ သင်းဖွဲ့ဆက်နွယ်မှုကို အထင်ကရ လွှမ်းမိုး ခြိမ်းခြောက်သော ပြဿနာ အဖြစ် သဘောထားသည်ကို ကျွန်တော်တို့ ကရုဏာ သက်ကောင်းသက်နိုင်ပါသည်။ ခက်သည်မှာ မြန်မာ အစိုးရအတွက် အလုပ်လုပ်နေသူ အဆင့်မြင့် ပညာရှင် ဆိုသူတို့ကလည်း ထိုသူ၏ တွေးခေါ်မှုမျိုးကိုပင် လိုက်ကြခြင်း ပါတည်း။ ပမာအားဖြင့် ရိုဟင်ဂျာ နှင့် ရခိုင်တို့၏ တင်းမာမှုတို့ အပြင်းထန်ဆုံး အချိန်တစ်ခုတွင် ဂျော့ မေဆင် တက္ကသိုလ်မှ ပါရဂူဘွဲ့ ရှင် ကိုမင်းဇော်ဥိးက အဓိကစီးကြောင်း မီဒိယာတစ်ခုတွင် ဆောင်းပါး ရေးသည်မှာ “ဤ နိုင်ငံတကာ သုတေသန လေ့လာမှု အရ ရိုဟင်ဂျာတို့သည် ကမ္ဘာပေါ်တွင် အကြမ်းဖက်သမားတို့ အဖြစ် ပေါ်ပေါက်လာရန် ဖြစ်တန်ချေ အရှိဆုံး အုပ်စုဖြစ်၏” ။ ထိုဆောင်းပါး တစ်ခုထဲမှာပင် သူကစတင်ထားသည်မှာ “ဆင်ခြင်တုံတရားကို အခြေပြုစဉ်းစားသူတို့သည် နိုင်ငံတကာ လုံခြုံရေး ကိစ္စကို ပထမဆုံး ဦးစားပေး စဉ်းစားအပ်ကြောင်း၊ နိုင်ငံတကာ လုံခြုံရေးကို စဉ်းစားမည်ဆိုလျှင် လူ့အခွင့်အရေး ဆိုသည်မှာ အရေးပါသော ကိစ္စမဖြစ်ထိုက် ပါကြောင်း” ဟူပြီး ဖြစ်ပါ၏။ ထိုသို့ အသိတရား ပိတ်ဖုံးမိုက်မဲခြင်းသည် လွန်လွန်းပြီး ထိုကဲ့သို့ (လူနည်းစု တစ်စုကို ဖြစ်စေ၊ လူတစ်ဦးချင်းကို ဖြစ်ပစေ) နှိပ်ကွပ်သော ကိစ္စတို့ကို နိုင်ငံတော် အရေးသာလျှင် ပဓာန ဟူသော ရူဒေါင့်မှ ကြည့်လျှင် တရားမျှတပါသည်ဟု ပိုင်းဖြတ်ပြခြင်းမျိုး သည် လူနည်းစု ဖြစ်သော မူဆလင်တို့ကို မြန်မာ အသိုင်းအဝိုင်းတို့မှ မတရားသဖြင့် ပြုကျင့်ခြင်းကို တရားဝင် လုပ်ရပ်အမှန် ပါပဲဟု အတည်ပြုပေးနေခြင်း ဖြစ်ပါ၏ ။ နှလုံးညိုးနွမ်း ဖွယ်ရာ အမှန်တရားကို ကျွန်တော်တို့ တွေ့ရသည်မှာ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေသူ ဆိုသူတို့ ကိုယ်၌သည်ပင် လုံခြုံရေးဆိုတာ ဘယ်အရာမဆိုထက် ထိပ်တန်းအကျဆုံး အရေးဟု ယူဆထင်မြင်နေခြင်း ပေတည်း။ အဟုတ်ဧကန်ပင် ထိုသို့ အဆင့်မြင့်ပညာရှင် တစ်ဦးက ပျံ့နှံ့ထင်ပေါ်သော မီဒီယာတွင် တင်ပြသည့် အတွေးအခေါ်မျိုးသည် လက်ရှိ အဓိကရုဏ်းတို့ကို သွယ်ဝိုက်သော နည်းအားဖြင့် ဆွပေးသော သဘော သက်ရောက် နေသည်သာ ဖြစ်ပါ၏။
            မကြာသေးမီ ရက်များက ထိုသူတစ်ဦးတည်းသည်ပင် မီဒီယာတွင် ဤသို့ ရေးပြန်ပါ၏ ။ “ အမျိုးသား လက္ခဏာသည်သာ မြန်မာပြည်တွင် နေသူအားလုံး၏ ပဓာန လက္ခဏာ ဖြစ်ထိုက်ပါကြောင်း ၊ မူဆလင်တို့သည် နိုင်ငံတွင် နေခြင်းကို ခွင့်ပြုနိုင်ပါကြောင်း ၊ သို့သော် သူတို့သည် အမျိုးသားလက္ခဏာကို သစ္စာစောင့်သိရမည် ဖြစ်ပါကြောင်း” ။ ထိုကိစ္စသည် ဘာကို တိုက်ရိုက် သရုပ်ဖော်ပြနေသနည်း ဆိုသော် မြန်မာလူ့ဘောင်သည် (မြန်မာအမျိုးသားဟူသော) တစ်မျိုးတစ်စားတည်းသော သင်းဖွဲ့ဆက်နွယ်မှုသည်သာ အမွန်မြတ်ဆုံးဟု ထင်မြင်စေရမည်၊ တခြားတပါးသော သင်းဖွဲ့ဆက်နွယ်မှုတို့သည် ထို အမြတ်ဆုံး သင်းဖွဲ့မှုတို့လောက် တန်ဖိုးထားစရာ မလိုသော သင်းဖွဲ့ဆက်နွယ်မှုတို့သာ ဖြစ်စေရမည် ဟူသော အတွေးအခေါ်မျိုးကို လွဲမှားစွာ ဆွဲခေါ်ချနေခြင်း ဖြစ်ပါ၏။ လွန်လေပြီးသော ကမ္ဘာ့ စီးပွားရေး နိုဘယ်ဆုရှင် အက်အေ ဟိုင်းရက်က ညွှန်ပြခဲ့သလိုပင် လူထုမှ နေ၍ လွှမ်းမိုးခံလိုက်ရသော အဘယ် လူစုလူဝေးသာ ပဓာန ဝါဒ အမျိုးအစား မဆိုသည် ( ထိုဝါဒ၏ မူကွဲတို့သည် ပုံစံမျိုးစုံဖြင့် လာတတ်ပါ၏ - “အမျိုးသားရေး၊ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ အရေး ၊  ယုတ်စွအဆုံး ရင်းစွဲနေ တိုင်းရင်းသားတို့၏ အခွင့်အရေး” စသဖြင့်) လူတစ်ဦးချင်း၏ သီလပိုင်းဆိုင်ရာ စောင့်ထိန်းတာဝန်ယူမှုတို့ကို ဆိတ်သုဉ်းစေပြီး အဆုံးတွင် တစ်လုံးတစ်စည်းတည်း အုပ်ချုပ်သော နိုင်ငံစနစ် (totalitarianism) သို့ ဦးတည်သွားစေ ပါ၏။ လက်တွေ့တွင်လည်း “လူစုလူဝေးသာ-ပဓာန” ဝေါဟာရ က ပြောသလိုပင် လူတွေစုဝေးလာသော လူစုလူဝေး စုရပ်သဘော သက်သက် နှင့်တော့ ထိပ်တိုက်ရန်ဖြစ်သော ပြဿနာတို့ ဖြစ်သည်မဟုတ်ပါ။ ထိပ်တိုက်နောင်ဂျိန်တို့  ဖြစ်ပွားလာရသည်မှာ လူတွေကနေပြီး စုဝေးပြီး လုပ်ခြင်းသည် သူတို့ ပြုမူဆောင်ရွက်သော နည်းလမ်းတို့ကို တရားမျှတကြောင်း သက်သေခံရန် အမြတ်ဆုံးသော လမ်းဆုံးပန်းတိုင် ဟု ထင်မြင်ယူဆလာသော အခါတွင် ပါတည်း။ လက်တွေ့ မြင်နိုင်သည့် ကျွန်တော်တို့တွင် မကြာခဏ ဆိုသလို ဖြစ်ပွားလာသော ဘာသာရေး ဆိုင်ရာ အဓိကရုဏ်းတို့သည် တချို့မှ စွဲဆိုကြသလို အစိုးရက အစပျိုးဖော်ပေးပုံ မရပါ (သို့မဟုတ်လည်း အစိုးရမှ ပါဝင်ပတ်သက်နေခြင်းမျိုး ရှိတော့ပုံ မပေါ်တော့ပါ) ။  စင်စစ် ၄င်းတို့သည် အသိုင်းအဝိုင်းတွေ ကိုယ်၌ကိုက မဟားတရား ပြုမူခြင်းကို ဤ (လူစုလူဝေးတို့၏ ပဓာနကျသော) အကြောင်းရေးရာ တို့အားဖြင့် တရားဝင်ဖြစ်သော လုပ်ရပ်တို့ဟု ထင်မြင်ယူဆလာခြင်း သည်သာ ပဓာန အကြောင်းတရား ပါတည်း။
            “လူစုလူဝေး အမှတ်လက္ခဏာ” တစ်ခုကို ဦးတည်ရာလွဲမှားစွာဖြင့် ပြည်သူလူထုက သိမှတ်မိခြင်းသည် အကြောင်းရင်းမြစ် ဖြစ်သောကြောင့် မြန်မာသမ္ဗတ၏် အကြံပေး ပုဂ္ဂိုလ် ကိုကျော်ရင်လှိုင်က ဗွီအိုအေ အသံလွင့်ဌာနက ထုတ်လွှင့်သော ရှင်းလင်းပွဲတွင် ပြောသည့် ဘာသာယုံကြည်ချက်များ အကြား ဆွေးနွေးဖလှယ်ရေးတို့ ကျင်းပရေး ဆိုသည်မှာ ချွတ်ချော်မှားယွင်းသော ဖြေရှင်းချက် ဖြစ်ပါသည်။ ထိုကဲ့သို့ အစိုးရက ဂုဏ်တင်ပေးသော ဆွေးနွေးပွဲတို့သည် လူတို့၏ “အသိုင်းအဝို်င်းသာ ပဓာန ခံစားမှု” မျိုးကို ငိုချင်လျက် လက်တို့ သလို ဖြစ်နေလိမ့်မည် ဖြစ်ပြီး သူတို့တတွေမှာ (ဘာသာရေး) အသိုင်းအဝိုင်း တစ်ခုတည်းသာလျှင် လုံးလုံးလျားလျား ပတ်သက်ဆက်နွယ်ရာ ဖြစ်သည် ၊ လူဟူသည်မှာ ဘာသာရေးပေကြိုးတို့နှင့် လုံးဝ တိုင်းပြီး ခြားပြီးသား ဖြစ်သည်ဟူသော ခံစားမှု အသိမျိုးကို တွန်းပို့ပေးပါလိမ့်မည်။ ထို့ထက်တောင် မျက်မှောက် ချက်ချင်း ဆိုးပေနိုင်သည့် အချက်မှာ ဗုဒ္ဓရှင်တော်မြတ်ကြီး သည်ပင် သူ့အား ဗုဒ္ဓဘာသာ အဖြစ်မှ တစ်လက်မပင် နေရာရွှေ့ရန် မတတ်နိုင်သည့် ဝီရသူက ဗုဒ္ဓဘာသာဘက်မှ အာဏာလွဲခံ တရားဝင်ခေါင်းဆောင် အဖြစ် ဆောင်ရွက်ပြီး မူဆလင် တို့ဘက်မှလည်း ရိုဟင်ဂျာတို့ကို ခွဲခြမ်း နှိမ့်ချလိုသော ဗလီဆရာ တစ်ဦးက အစ္စလမ်ဘာသာ ကိုယ်စားလှယ်ခေါင်းဆောင် အဖြစ် ဆောင်ရွက်လာခဲ့ပါသော် ထိုသို့သော လူကြီးလူကောင်း ကိုယ်စားလှယ်တော် နှစ်ဦး အပြန်အလှန် နားလည်ချစ်ကြည်ရန် နှီးနှောဖလှယ်သည့် ပွဲသည် မည်သို့များ နေပါလိမ့် မည်နည်း၊ ဗျာတို့ ။
ပြန်ချုပ်မည် ဆိုပါသော် ကျွန်တော် ငြင်းခုံတင်ပြသည်မှာ လက်ရှိမြန်မာပြည်၏ ဘာသာရေး ပြဿနာတို့သည် တစ်စုံတစ်ခုသော အမှတ်လက္ခဏာကို ဘာမဆိုထက်မဆို ပိုအရေးပါသည်ဟု နေရာပေးလာသော လူစုလူဝေးသာ ပဓာန ဝါဒ ပေါ်ပေါက်လာခြင်းကြောင့်သာ လုံးလုံးလျားလျား မူတည်နေပါသည်။ အဲဒါကို အမှတ်လက္ခဏာ သက်သက်တို့၏ “သဘာဝ” အကြောင်းရင်းခံတို့သည် မလွဲမသွေ ထိပ်တိုက်တွေ့ခြင်းကို ဖြစ်စေသည်ဟု အနုမာန အခြေခံယူစွဲထားပြီး ပြဿနာကို ဖြေရှင်းဖို့  ကြိုးစားခြင်းသည် အဓိပ္ဗာယ် မရှိပါ။ ကိုမင်းဇော်ဦးက ဗုဒ္ဓဘာသာ (သို့) မူဆလင် ဆိုသော အမှတ်လက္ခဏာတို့ကို အထူးအမြတ်ဆုံး ဆိုသည့် အမျိုးသားလက္ခဏာ တစ်ခုတည်းသို့ ပြောင်းမြင်ရန် ကြိုးစားနေပြီး (အဲဒါဟာ အဆိုးဆုံး တလုံးတစည်း ဝါဒ ဖြစ်ပါ၏) ကိုကျော်ရင်လှိုင်ကတော့ အမှတ်လက္ခဏာ မတူသည့် အုပ်စုတို့သည် တစ်အုပ်စုနှင့် တစ်အုပ်စု နားလည်ဖို့ရန် ကြိုးစားသင့်သည် ဟု မြင်ပါ၏ ( ဤသည်မှာလည်း အတော်ကိုဆိုးတဲ့ အသိုင်းအဝိုင်း ပဓာန ဝါဒ ဖြစ်ပါ၏)။ ကိုမင်းဇော်ဦး၏ ယူဆချက်သည် သီအိုရီပိုင်း ဖော်ပြချက်မှာရော၊ လက်တွေ့လုပ်ဆောင်ဖို့ ကိစ္စမှာပါ ကယောက်ကယက် နိုင်သော ကိစ္စဖြစ်ပြီး ကိုကျော်ရင်လှိုင်၏ ယူဆချက်ကတော့ တင်မှန်းပုံအားဖြင့် အကျိုးရှိသည်ဟု ထင်ရသလောက် လက်တွေ့လုပ်ဆောင်လျှင် ချွတ်ချော်လမ်းမှားနေမည့် အကြံအစည် ဖြစ်ပါသည်။
            နောက်ဆုံးသတ်အနေဖြင့် ကျွန်တော် အကြံပြုလိုသည်မှာ အရေးတကြီး ချက်ချင်း လုပ်ဆောင်ရန် ကိစ္စမှာ ရာဇဝတ်ပိုင်းဆိုင်ရာ တရားဥပဒေစိုးမိုးရေး  ဖြစ်ပြီးလျှင် စိတ်ရှည်ရှည်နှင့် ရေရှည်လုပ်ဆောင်ရန် ကိစ္စမှာ ကျင့်ဝတ်နီတိပိုင်းဆိုင်ရာ ပြည်သူ့ ဥာဏ်အလင်း ထွန်းကားရေး ဖြစ်ကြောင်း ဆိုသည်ကို ပါတည်း။ အတော်လေးပင် မသိကြသည့် သဘောတရား တစ်ခုမှာ တရားဥပဒေ စိုးမိုးရေး၏ အခြေခံ နိယာမများသည် အသင်းအပင်း ကို အခြေခံဗဟိုပြုကာ စဉ်းစားခြင်းမျိုးတို့ကို ဆန့်ကျင်ငြင်းပယ် ထားပါသည်။ တရားဥပဒေစိုးမိုးရေးကို လက်တွေ့ဆောင်ရွက်မည် ဆိုပါလျှင် အခြေခံ အကျဆုံး စည်းမျဉ်း နှစ်ချက်ရှိပါ၏။ ရာဇဝတ်မှုခင်းဆိုင်ရာ တရားဥပဒေစိုးမိုးရေးတွင် ပထမဆုံး နှင့် အအိုမင်းဆုံး စည်းမျဉ်းမှာ လက်တင်ဘာသာဖြင့် “nulla poena sine lege” ဟု ခေါ်ဝေါ်ပြီး ၄င်းမှာ မည်သည့် သူတစ်ဦး တစ်ယောက်ကိုမှ ဥပဒေမှ နေ၍ ရှေ့တွင် တင်ကြိုဖော်ပြထားခြင်း မရှိဘဲ အပြစ်မပေးရ ဟူ၍ ဖြစ်ပါသည်။ ယင်း စည်းမျဉ်းက တောင်းဆိုသည်မှာ လူတစ်ဦးချင်း၏ ရာဇဝတ်မှုများကို ၄င်း၏ နောက်ခံဆက်နွယ်မှုများကို ထောက်ပြီး ကျောသားရင်သား ခွဲခြား ဆက်ဆံခြင်းမျိုးကို လုပ်ခွင့်မရှိ၊ ယျေဘုယျ သတ်မှတ်ထားသော စည်းမျဉ်းတစ်ခုနှင့်သာ တန်းတူ ကိုင်တွယ်ရမည့် အကြောင်းကို ပြပါသည်။ ဒုတိယစည်းမျဉ်းကတော့ အရေးကြီးဆုံး သဘောလည်း ဖြစ်ပြီး လက်တင်ဘာသာအားဖြင့် “nullum crimen sire poena ” ဟု ခေါ်ပါသည်။ ၄င်း၏ အဓိပ္ဗာယ်မှာ ဥပဒေမှ အတိအလင်း ဖော်ပြထားသည် ဖြစ်စေ၊ မဖော်ပြထားသည် ဖြစ်စေ မည်သည့်ရာဇဝတ်ကိုမှ အပြစ်မပေးဘဲ ချန်လှပ်ထားခြင်း မရှိရ ဟူ၍ ဖြစ်ပြီး ယင်းသည် ရာဇဝတ်မှုတို့ကို တမင် လွှတ်ပေးခြင်းမျိုး ၊ ကြည့်ကြပ်လုပ်ပေးခြင်းမျိုးတို့ မရှိစေရကြောင်းကို တိတိလင်းလင်း တောင်းဆိုထားပါသည်။ အီးဘီအက်ရှတွန်  က ဖက်ဆစ်သမား၊ သူ့နိုင်ငံနှင့် သူ့စိတ် တွင်  [“နိုင်ငံတော်၏ အခွင့် အာဏာဟူသည် ဥပဒေ ချိုးဖောက်သူများကို အပြစ်ပေးရုံမျှနှင့် မလုံလောက်သေး၊ ထိုသို့သော သဘောဖြင့် တိတိကျကျ မခွဲမခြမ်း မချန်လှပ်ဘဲ အပြစ်ပေးခြင်း မျိုးကို တကယ် အရေးယူဆောင်ရွက်သလား၊ မဆောင်ရွက်သလား ဆိုတာကို ပြည်သူလူထုက လိုအပ်လျှင် လိုအပ်သလို စောင့်ကြည့်ရမည် ဖြစ်၏ ။ ထိုသို့သော သဘောသည် လူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်၍  ဤသဘောသည် အခြေခံကျသလောက် မဖြစ်မနေ လိုအပ်သော နိဿယ နည်းနာများထဲမှ တစ်ခုပေတည်း” ] ဟု ရေးသားပါသည်။  ထိုသဘောကို ထောက်ရူလျှင် မကြာမီက ထွက်ပေါ်လာသော ဘီဘီစီ ရုပ်သံထုတ်လွှင့်မှု ပေတို အခန်းငယ်ကလေးမှ ပြသသော ဥပဒေမဲ့ ရမ်းကားနေသည့် ဗုဒ္ဓဘာသာ လူအုပ်သည် အဘယ်ကြောင့် ရဲတွေရှေ့တွင် ထိုသို့ ယုတ်မာရမ်းကားမှုတို့ကို ကျုးလွန်ဝံ့ကြောင်းကို ကျွန်တော်တို့ ခံစားသိမြင်နိုင်ပါသည်။ ထိုလူရမ်းကား လူအုပ်ကြီးမှ ထင်မြင် ယုံကြည်လိုကြသည်မှာ ၄င်းတို့၏ အရေးပါအရာရောက်ဆုံး သင်းပင်းဆက်နွယ်မှုများ ဖြစ်သည့် ဗုဒ္ဓဘာသာ (သို့မဟုတ်လည်း) အမျိုးသား - နိုင်ငံသား ဆိုသည့် အကြောင်းရင်းခံတို့ကြောင့် ၄င်းတို့၏ ရာဇဝတ်မှုများသည် အပြစ်ပေးခံရခြင်း မရှိဘဲ ချန်လှပ်ထားလိမ့်မည်၊ ရဲတွေနှင့် ရပ်ရွာအစိုးရသည် ကြည့်ကြပ်လုပ်ပေးလိမ့်မည် ဟု ထင်မြင်နေခြင်းပေတည်း။ သည်မှာ အင်မတန် မေးသင့်သည့် မေးခွန်းမှာ ရဲတွေကိုယ်တိုင်ကလည်း ဤသို့ ကြည့်ကြပ် လုပ်ပေးရမည်ဟု ယူဆထားသလား ဆိုတာကို ဖြစ်ပါ၏။သမ္ဗတကြီး ဦးသိန်းစိန်မှ  ဒီမိုကရေစီ ဝါဒကို ကျင့်သုံးလာပြီ ဆိုလျှင် လူထုသည် ကိုယ်ကျင့်တရားပိုင်း ဆိုင်ရာ တာဝန်ယူမှု ရှိရမည် ဟု ပြောသောအခါ ကျွန်တော့်မှာ ဒါ့ထက် သဘောတူနိုင်စရာ မရှိပါ။ သို့ရာတွင် ထို ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ တာဝန်ယူမှု ဟူသည် “လူတစ်ဦးချင်း” ဟူသော သဘောသာလျှင် လုံးလုံးဖြစ်ကြောင်းကို သဘောပေါက်ဖို့ လိုပါသည်။ လူတစ်ဦးချင်း တာဝန်သိစွာ ကျင့်ကြံစောင့်စည်း ရမည့် “ကိုယ်ကျင့်” သည် “လူထု” ကျင့်၊ “နိုင်ငံတော်” အရေး ကျင့် ၊ “ဗုဒ္ဓဘာသာအရေး” ကျင့် ၊ “အကြမ်းဖက်မှု ကာကွယ်တားဆီးရေး” ကျင့် စသော လူစုလူဝေးနှင့် လုပ်တာ ဘာမဆို တရားဝင်ဖြစ်သည်ဟူသော လွဲမှားသလောက် အန္တရယ်များသည့် လူထု အယူအဆတို့နှင့် မရောနှောသွား သင့်ပါ။ ပြည်သူ့ ဥာဏ်အလင်း ထွန်းကားရေး ဖြစ်စဉ်ကို ဦးတည်ဆောင်ရွက်လာသော ပညာပေး လုပ်ငန်းများသည်  ပြည်သူ တစ်ဦးချင်း၏ လွတ်လပ်မှု နှင့် တာဝန်သိမှုတို့ကို ထိုသို့ ရှင်းလင်းပြတ်သားစွာ နားလည်စေရန် ကြိုးပမ်းမြှင့်တင်ပေးရမည် ဖြစ်ပြီး ထိုပညာပေးလုပ်ငန်းများသည် ယနေ့ ပြုပြင်ပြောင်းလဲရေး အသို်င်းအဝိုင်း တို့က ကြော်ငြာ မြှင့်တင်နေသည့် အသင်းအပင်း တစ်ခုနှင့် ဖွဲ့နွယ်စုဝေးခြင်းကို ပဓာန အရေးအရာ အဖြစ် ရူမြင်တိုးမြှင့်လိုသည့် နည်းလမ်းကျင့်စဉ်မျိုး မဟုတ်ရေးချ မဟုတ်သင့်ပါ သတည်း။
ဖြည့်စွက်ချက်။ ။ [နိုင်ငံတော်၏ အခွင့်အာဏာဟူသည်]
“nullum crimen sire poena ” ကို ယခုခေါင်းစဉ်နာမည် ဗမာပြည်ကို ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉  အပိုင်း (၆)  ဖြင့်ပင် နေ့သစ်တွင် ဖော်ပြသော ရှေ့ပိုင်းမူတွင်
“နိုင်ငံတော်၏ အခွင့် အာဏာဟူသည် ဥပဒေ ချိုးဖောက်သူများကို အပြစ်ပေးရုံမျှနှင့် မလုံလောက်သေး၊ ထိုသို့သော သဘောဖြင့် တိတိကျကျ မခွဲမခြမ်း မချန်လှပ်ဘဲ အပြစ်ပေးခြင်း မျိုးကို တကယ် အရေးယူဆောင်ရွက်သလား၊ မဆောင်ရွက်သလား ဆိုတာကို ပြည်သူလူထုက လိုအပ်လျှင် လိုအပ်သလို စောင့်ကြည့်ရမည် ဖြစ်၏”
ဟု ကျွန်တော် ပြန်ဆိုခဲ့ပါသည်။ သည် ပြန်ဆိုထားသည့်အတိုင်းမှာ စာသဘောအားဖြင့်တော့ (literally) မှန်ကန်ပါ၏။ သို့ရာတွင် ယင်းစာကို ကျွန်တော်သည် ဟိုင်းရတ်၏ ကျွန်ဖြစ်ရာလမ်း ၏ ကျမ်းဖြည့် မှတ်စုတိုများ (end notes) မှ ယူပြီးပြန်ရာ ဟိုင်းရက်က ဆိုလိုသော မူရင်းအဓိပ္ဗာယ်မှာ “နိုင်ငံတော်၏ အခွင့်အာဏာ” ဆိုသည်ကို အကောင်းသဘောဖြင့် ထောက်ခံနေတာမျိုးထက် ၊ အထူးသဖြင့် ‘နိုင်ငံတော်” ဆိုတာကို ဘန်းပြကာ ရက်စက်ကြမ်းကြုတ်မှုကို အတိအလင်း လုပ်တတ်သော ဖက်ဆစ်နိုင်ငံတို့ အကြောင်းကို ပြောနေတာ ဖြစ်တဲ့အတွက် ဤ ‘အခွင့်အာဏာ’ ဆိုသော သဘောကို အပြင်းအထန် ရူတ်ချကန့်ကွက်နေတာ ပိုပြီးဖြစ်နိုင်ကြောင်း ကျွန်တော် သံသယရှိခဲ့ပါသည်။ ဒါပေမယ့် ကျမ်းဖြည့် မှတ်စုတိုကလေးသာ ဖြစ်ပြီး ဆက်လက်ဖြေရှင်းချက်ကိုလည်း မတွေ့သည့်အတွက် ထိုစာကြောင်းကို စာသွားသဘော အဓိပ္ဗာယ်အတိုင်းပဲ ထိုစဉ်က ပြန်ထားလိုက်ပြီး မြန်မာပြည်မှာ လက်ရှိဖြစ်ပေါ်နေသော လူမျိုးရေးဘာသာရေး မုန်းတီးမှုနှင့် နွယ်သော ရာဇဝတ်မှုတို့သည်လည်း ဤသို့ နိုင်ငံတော်ဟူသော “စောင့်ကြည့်ကာကွယ်ပေးမည့်သူ” မရှိသည့် သဘောနှင့်လည်း ချပ်ချွတ်အံဝင်နေရကား ယင်း nullum crimen sire poena စာသဘောပြန်ဆိုချက် အတိုင်းပင် ဖွင့်ဆိုတွေးခေါ်မှုတွင် ကျွန်တော် ယူသုံးခဲ့ပါသည်။
            ဒါနဲ့ပဲ သည်ကြားထဲမှာ ကျွန်တော်သည် ဟိုင်းရက်၏ မူရင်းကိုးညွှန်း ၊ အင်မတန်မှပင် ရှားပါးလှသော  ၁၉၃၇ ပုံနှိပ်စာအုပ်ဖြစ်သည့် အက်ရှတွန်၏ ဖက်ဆစ်သမား၊ သူ့နိုင်ငံနှင့် သူ့စိတ် ကို ရှာဖွေခဲ့ရပါသည်။ မူရင်းစာအုပ်ကို ဖတ်ရတော့မှ ဟိုင်းရက်သည် အက်ရှတွန်ပြောသော မူရင်း ရေးသားချက်ကို အကျဉ်းချုပ်ပြီး တစ်ကြောင်းနှစ်ကြောင်းတည်းနှင့် ပြီးအောင် သူ့စကားနှင့်သူ ပြန်ရေးထားတာ ဖြစ်ကြောင်း တွေ့လိုက်ရပြီး သူတို့နှစ်ဦးလုံး၏ ဆိုလိုရင်းမှာ ကျွန်တော် သံသယဝင်ထားခဲ့သလို “နိုင်ငံတော်၏ အခွင့်အာဏာ” ဆိုတာကို ကန့်ကွက်နေတာဖြစ်ကြောင်း ၊ ရာဇဝတ်မှုပိုင်းဆိုင်ရာ တရားဥပဒေစိုးမိုးမှု တွင် မူရင်းပထမ နိယာမဖြစ်သည့် “ရှေ့တွင် တင်ကြို ဖော်ပြထားခြင်း မရှိဘဲ အပြစ်မပေးရ” မှနေ  ခေတ်ပေါ် နိယာမအဖြစ် ပြောင်းလဲသတ်မှတ်လာသည့် “နိုင်ငံတော်၏ အခွင့်အာဏာ (လိုလျှင်လိုသလို ဆော်ပိုင်ခွင့်) ” နှင့် “ပြည်သူလူထုက လိုအပ်လျှင်လိုအပ်သလို စောင့်ကြည့်ရမည်” ဆိုသော သဘောနှစ်ခုလုံးသည် နှစ်ဘက်သွား ဓားသွားလို အန္တရယ်ရှိနေသော ဖက်ဆစ်သဘောတွေ အဖြစ် ဆရာကြီး နှစ်ဦးလုံးက အသိပေးထားတာ ဖြစ်ကြောင်း အဲသည်မှာ သဘောပေါက်လာပါသည်။ အထူးသဖြင့် ဟိုင်းရက်၏ ဆိုလိုရင်းမှာ (၄င်း ပယ်ချလိုသော) ဒုတိယသဘောဖြစ်သည့်
ဥပဒေမှ တင်ကြိုပြီး အတိအကျ ဖော်ပြထားသည် ဖြစ်စေ၊ မဖော်ပြထားသည် ဖြစ်စေ ရာဇဝတ်မှုဆိုလျှင် ဘယ်ရာဇဝတ်မှုကိုမှ အပြစ်မပေးဘဲ အလွတ်မပေးရ
ဆိုသည်မှာ ဖက်ဆစ်သမားတို့၏ အကြိုက်ကပေတည်း။ ဥပဒေမဲ့ ဖြုတ်ထုတ်သတ် လုပ်ရပ်တို့ကို “တရားဥပဒေ စိုးမိုးမှု အတွက်” ဒါမှမဟုတ်လည်း “လူထုအကျိုးစီးပွားအတွက်” ဆိုပြီး အကြောင်းဆင်ခြေပေးကာ ဖက်ဆစ်နိုင်ငံတို့ဟာ လုပ်လာတတ်ကြောင်း ဆိုလိုထားတာ ဖြစ်ပါ၏။ ဆရာကြီး နှစ်ဦးလုံး၏ စကားကို နားလည်လွယ်အောင် ဖြည့်စွက် ပြန်ရေးရမည် ဆိုလျှင်
ဖက်ဆစ်နိုင်ငံတို့တွင်  ‘သူခိုး’၊ ‘ဂျပိုး’ ၊ ‘နိုင်ငံသစ္စာဖောက်’၊ ‘နိုင်ငံလုပ်ကြံသူ’ ဟု သံသယဝင်ခံရသူတို့ကို နိုင်ငံတော်မှရော လူထုမှရော ဝိုင်းပြီး နှိပ်ကွပ်ရမည် ဆိုသော သဘောသည်
“လူထု အကျိုးစီးပွား အတွက် ရည်ရွယ်၍ ဆိုကာ ဖက်ဆစ်သမား တို့က လုပ်တတ်ကြပြီး ဤသဘောသည် အခြေခံကျသလောက် မဖြစ်မနေ လိုအပ်သော ဖက်ဆစ် နိဿယ နည်းနာများထဲမှ တစ်ခုပေတည်း။”
ဤသို့  ဖက်ဆစ်သမားတို့က တွင်တွင်ဆိုပါသော်လည်း
    “ခက်သည်မှာ ဖက်ဆစ်နိုင်ငံတို့တွင် လူထုအကျိုးစီးပွား ဆိုသည်မှာ ဖက်ဆစ်အာဏာပိုင်တို့က ဆုံးဖြတ်သော (ဒါမှမဟုတ် ဆွဲဆောင် ဖိအားပေးသော) ကိစ္စ ဖြစ်နေတတ်ခြင်း ပါတည်း” (ကျွန်ဖြစ်ရာလမ်း တွင်လည်း ရူပါ)
ဟုတ်ကဲ့၊ သဘောအချုပ်ကို ပြောပါဆိုလျှင် ဖက်ဆစ်နိုင်ငံတို့သည် နိုင်ငံတော် အတွက်၊ လူထုအကျိုးစီးပွား အတွက်ဟု ဆိုကာ ပြည်သူလူထု တစ်ရပ်လုံးကို ရာဇဝတ်ကောင်တွေ၊ နိုင်ငံတော်ကို လုပ်ကြံမည့်သူတွေကို စောင့်ကြည့်ရန်ဆိုပြီး တပ်လှန့်ထားခြင်း၊ ဖက်ဆစ်ဝါဒအောက်သို့ ကျရောက်သွားသော လူထုသည် အစဉ်သဖြင့် ဤသို့ တပ်လှန့်ခံရခြင်းသည် ဆရာကြီးတို့ ဆိုလိုရင်းပါတည်း။
            သည်မှာလည်း မြန်မာပြည်တွင် ကျွန်တော်တို့ ပြည်သူလူထုဟာ အစွန်းနှစ်ဘက်ရောက်အောင် နိုင်ငံရေး ကစားခံရနိုင်ကြောင်းလည်း သင်ခန်းစာ ယူနိုင်ပါသည်။ အစိုးရအာဏာပိုင်တို့ ကနေပြီး အစွန်းတစ်ဘက်လုပ်ရပ်ဖြစ်သော လူတစ်ဦးချင်းကို ကာကွယ်စောင့်ရှောက်ပေးရမည့် နိုင်ငံတော် ဆိုတာကို ဟပေးလိုက်ခြင်းကို  တမင်လုပ်ဆောင်လာသော အခါ ခုတင်ပင် ကျွန်တော်တို့ မြင်ခဲ့ပြီး ဖြစ်သည့် လူသတ်မီးရို့  ရာဇဝတ်မှုတို့ဟာ တရားဝင်နီးပါး ဖြစ်လာကြကုန်ပါ၏။ သည်မှာတင် ကျွန်တော်တို့ဟာ နောက် အစွန်းတရား တစ်ခုဖြစ်သည့် “နိုင်ငံတော်၏ အခွင့်အာဏာ” ဆိုတာကို သွားကိုးကွယ်မိခြင်းနှင့် လူထုက လိုအပ်လျှင် လိုအပ်သလို နိုင်ငံတော်နှင့် တကွ စောင့်ကြည့်ရမည် ဆိုတာကို လက်ခံသွားခြင်း ဟူသော သင်းတို့ ဆင်ထားသည့် ထောင်ချောက်ထဲသို့ တန်းတန်းမတ်မတ်ကို ကျရောက်သွားခြင်း ဖြစ်ပါသတတ်(ဥပမာ ယနေ့ ၉၆၉ အဖွဲ့နှင့် တကွု အစိုးရမှ တတ်သိလှပါသည်ဟု မြှောက်ပင့်ပြထားသည့် မြန်မာပညာရှင်ဆိုသူ တို့မှနေ စစ်သွေးကြွအောင် လိုလိုလားလားကို မီးတို့ပေးနေသော မီဒိယာတို့၏ အားကိုယူ၍ ကြွေးကြော်လာသော Islamization ကို အမျိုးသားရေး တာဝန်အဖြစ် စောင့်ကြည့်နှိမ်နင်းရမည် ဆိုတာမျိုး) ။
            ဟုတ်ကဲ့၊ “ခြိမ်းခြောက်မှုသည် အပြီးတိုင် ချေမှုန်းခြင်းထက် ထိရောက်သည်” ဟူသည်မှာ အရေးကြီး သော့ချက်စစ်ဗျုဟာ တစ်ခုပါတည်း။ ဤသဘောကို မလည်ဝယ်နိုင်ခဲ့ပါလျှင် (တစ်ခါက) ဖက်ဆစ် စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သော မြန်မာတော်လှန်ရေးသမားအစုံ ၊အတိုက်အခံသမား ရဂုံတို့နှင့် တကွ မြန်မာပြည်သူ လူထု တစ်ရပ်လုံးသည် သူတို့ကို မချေမှုန်းလိုသည့် အင်အားကြီး အုပ်စုတစ်စုမှ လိုချင်သလိုပင် (ခုအခါမှာ) တစ်နိုင်ငံလုံး ဖက်ဆစ်သမားတွေ ဖြစ်ကုန်ကြမည့် ကိန်း မုချပါတည်း။