Tuesday, November 16, 2010

မြန်မာဆွေ၏ ခုခံချေပခြင်း (၁)



ဆွေ။ ။ ချမ်းမြေ့သာယာ မွေးနေ့ အခါ ဖြစ်ပါစေသား၊ ဘွားဘွားသိကြား ။ နတ်တို့သက်တာ ထောင့်နှစ်ရာ ဘွားဘွား ဘုံသက် ရှည်ကြာ မပျက် တည်နိုင်ပါစေသား။

သုဇာတာ ဒေဝီ
။ ။
ငါ့သွေးမှမွေး ကွေးလေးမြေးငယ်။ မင်းလည်း ထို့အတူ ချမ်းမြေ့ ရှည်ကြာ လူ့ရွာဘုံသက် နှစ်တစ်ရာ့နှစ်ဆယ် ရှည်ကြာမပျက် နေနိုင်စေသား နေစေသား။ မြင်းကောင်းသနင်း သိန္ဓောမြင်းကဲ့သို့ လျင်မြန်ပေါ့ပါးခြင်း သစ်ပင်တို့၏ဘုရင် မဉ္ဓူပင် ကဲ့သို့ ခိုင်မာကြံ့ထွားခြင်း အသူရာတို့၏ စစ်ဗိုလ်ချုပ်မင်း ကဲ့သို့ အားကောင်းမောင်းသန်ခြင်း တို့ ငါ့မြေးငယ်ဝယ် ဖြစ်တည်စေသား တည်စေသား။

ဆွေ။ ။ ဘိုးတော်မင်းကြီး ရူစားစမ်းပါဘိ။ ဤယနေ့နတ်ဘုံ၏ ပြိုးပြက်ထည်ဝါခြင်း ဘွားဘွားသိကြား၏ ဘယ်ပနုးချီ ရေးမမီသော အလှကျက်သရေ၊ ဤသို့သော လှခေါင်မိုး၏ ချစ်ခြင်းမေတ္တာကို ချီးမြှင့် ခံရခြင်းသည် ကံထူးလှစွာသော သတ္တဝါတစ်ကောင် ဖြစ်လို့သာ ဘိုးတော်မင်းကြီး စံစားနေရပါသည် မဟုတ်ပါလား။

ဘိုးတော်သိကြား။ ။ ဟုတ်လေစွ ငါ့သားငယ်။ မျက်နက်ကလေးဒေါင့်ကပ်ပြီး ကြည့်တတ်သော ထို အမျိုးကောင်းသမီးတို့ အတွက်သာ မင်းတို့ငစွာ ယောင်္ကျားတွေ ချွေးသွေးမြေကျ ရှင်ပြိုင် ရုန်းကန် ကြရသည် မဟုတ်ပါလား။ မင်းယောင်္ကျားတွေ ဘယ်ကလောက် စွာစွာ အဆုံးသတ်မတော့ မိန်းမတစ်ယောက် ရှေ့မှောက် ဒူးထောက် အညံ့ခံရပေ မဟုတ်ပါလား။ မင်းလည်း သိမှတ်မိမှာ ပေါ့၊ မင်းဘွားဘွားကို ပြန်လည်ရဖို့ ငါကိုယ်တော်မြတ် ဗောဓိသတ်လည်း သေလုခမန်း ဇာတ်ကြမ်းတိုက်ခဲ့ ရတယ် ဆိုတာကို။

ဆွေ။ ။ ကျွန်တော့်အတွက် ကတော့ ဘိုးတော်ဟာ ဂန္တဝင် အချစ်ကျော်စွာ ။ ဒါပမယ့် ဘိုးတော်ဟာ အချစ်မျက်ကန်း နတ်မစူးစမ်း ၊ ချစ်စိတ်မွှန် နတ်မိုက်ရူးရဲ ၊ ချစ်လှတာမှန်ပေမယ့် ဘွားဘွားကို နတ်ပြန်တော် အသူရာ စစ် သူရဲကောင်း တွေ လက်က သွား ခိုးလုယက်ခဲ့တာ ဆင်ကန်းတောတိုးတဲ့ လုပ်ရပ်။

သုဇာတာ ဒေဝီ
။ ။
သည်ပုံပြင် ငါကစခဲ့တာပါလေ။ အောက်ဆွဲ နတ်အို သည်ခေါင်းဖြူကို ငါပန်းကုံးစွပ်ခဲ့တာကို က ငါကိုယ်၌်ကိုက မိုက်ကန်းတာပါ။ သည်ခေါင်းဖြူ သူ့ဟာသူတော့ သည်လောက် မိုက်အားရှိလိမ့် မထင်။ ငါ မင်းသမီးရဲ့ အချစ်ကို ရဖို့ အသူရာ ကောင်လေး တက်လူလေး တွေမှာ ဟန်ရေးတပြပြ၊ ငါအမိုက်မက နတ်ဘဝဆုံး နတ်ကုန်း နတ်ပြို ခေါင်းဖြူဖွေးဖွေး သည်ငမိုက်ကြီး အသူရာအိုကို ရွေးချယ်လိုက်တော့ သင်းတို့ခမျာ အံ့အားသင့် မဆုံး။ နတ်ပြည်နဲ့ လူ့ရွာရဲ့ နောင်ဖြစ်မယ့် ရာဇဝင် မထင်မှတ်ဘဲ ပြောင်းလဲသွားရတာမှာ ငါ့ သည်ရွေးချယ်မှုက အခရာ။ အဲဒါ ကံဇာတ်ဆရာ စေစားရာလိုက်ခဲ့တဲ့ ငါမင်းသမီး ရဲ့ ချစ်အဂတိတရား။

ဆွေ။ ။ ဘိုးတော်မင်းကြီး။ သင်ဟာ အသူရာ စစ်သားတွေရဲ့ လက်က လွတ်အောင် ပြေးနိုင်ခဲ့တာကိုက သူရဲကောင်း။ ယနေ့ထက်တိုင် တက်ကြွလှုပ်ရှားနေတဲ့ စစ်ရူခင်းတစ်ခု။ ဘွားဒေဝီ ဆင်မြန်းအပ်တဲ့ မွှေးကြိုင်လှစွာသော ပန်းကုံးကို လည်ထက်မှာဆင် ဘိုးချစ်တဲ့ ဘွားကို ရွှေလက်မှာဆွဲလို့ မင်သက်နေတဲ့ အသူရာ ဘုံတော်သားတွေကို ဘိုး ကြိမ်းမောင်းပြလိုက်တဲ့ ဇာတ်ခန်း။ ။ ငါဘယ်ကလာ တာဝတိံ ကလာ တဲ့ နတ်တို့သနင်း သိကြားမင်း။ ပြီး ဘိုးနဲ့ဘွား မောင်နှံနှစ်ဖော် ဝေဇယန္တာ ရထားထဲကို ပြေးလို့ခုန်ဝင်။ အသူရာ ငနတွေ ကြောင်ကြည့်ကြည့်နေတုန်းမှာပဲ ဘိုးဘိုး စစ်မြင်း တွေကို တာဝတိံသာ ဘက်ဆီကိုမောင်းလို့ အသော့နှင်။ ဘိုးတစ်ယောက်ထဲ အသူရာတစ်တိုင်းပြည်လုံးကို ဖောက်ထွက်ခဲ့တာ အဲဒါ သူရဲကောင်းတို့ရဲ့ ရာဇဝင်။

ဘိုးတော်သိကြား။ ။
မင်းတို့ မြန်မာတွေ သိတဲ့ ငါ့ပုံပြင်ဟာ သူရဲကောင်းကိုးကွယ်တဲ့ ဝါဒ။ မင်းတို့ ရိုးရိုးကြီး မြန်မာတွေ ယုံစားတာ သူရဲကောင်းဆိုရင် ဘာမဆို ကျော်လွှား။ လက်တွေ့ ဇာတ်လမ်းဆိုတာ သည်လို မလွယ်။ ငါ တစ်ယောက်တည်း အသူရာတွေရဲ့ ပိုင်နက်ဘုံနန်းကို မိုက်စွာလို့ မသွားခဲ့။ ငါ လွှတ်ထားတဲ့ သူလျှိုတွေ အသူရာ နယ်မြေမှာ နေရာအနှံ့ ထိုးဖောက်လို့ ရှိနှင့်နေပြီးသား။ ငါ့ဖက်သား သူလျှိုစစ်သည်တွေက ချက်ချင်း ငါ့ကို ဖမ်းဖို့ကြိုးစားတဲ့ အသူရာ စစ်သည်တော်တွေကို တန်ပြန်ဟန့်တား နိုင်လို့သာ ငါ ရန်သူလက်က လွတ်ခဲ့။ မင်းဘွားဘွားနဲ့ ငါနဲ့ အတူလွတ်အောင် ပြေးခဲ့ရာမှာ တို့ သုံးခဲ့တာ နတ်ပြည်မှာ အလှပြရာမှာ သုံးတဲ့ ခနော်ခနဲ့ ဝေဇယန္တာ ရထားမဟုတ်။

ဗုဒ္ဓမပွင့်မီ အနှစ်တစ်သိန်းအလို အဲသည်ခေတ်မှာ မင်းဘွားဘွားကို ငါခိုးပြေးခဲ့ရာ သုံးခဲ့တဲ့ရထားဟာ ငါတို့ တာဝတိံတာ မှာ အမြန်ဆုံး ရထား ဖြစ်တဲ့ သူရိယဆိုတဲ့ တစ်စက္ကန့်ကို မိုင်ပေါင်း ၁၃၅ မိုင်ပြေးနိုင်တဲ့ စစ်ရထား။ သည် စစ်ရထားကို ငါတို့ နေစကြာဝဋ္ဌာ တစ်ခုလုံးမှာ အမြန်ဆုံးဆိုပြီး ငါ မသိကန်းကန်း စွာနေခဲ့တာ ပါကလား။ ငါမသိလိုက်မိတာက အသူရာ နိုင်ငံတော်ဟာ ခေတ်ပြောင်းတိုးတက်လာမှု နဲ့အတူ သင်းတို့ဟာ ငါတို့ ဒေဝ နိုင်ငံတော်ကို အပြီးသတ်အနိုင်ယူဖို့ သစ်ဆန်းတဲ့ စစ်ကိရိယာ တွေ တီတွင်လာခဲ့ပြီး ဖြစ်တယ်ဆိုတာ။ သူတို့ရဲ့ နောက်ဆုံးထုတ်လုပ်နိုင်လိုက်တဲ့ ရာဟု စစ်ရထား ဟာ တစ်စက္ကန့် ကို မိုင်ပေါင်း ၆၇၅ မိုင်ပြေးလို့ တို့များ သူရိယ ထက် ငါးဆတောင် မြန်ပေကလား။ နတ်ပြန်တော် အသူရာတွေရဲ့ စစ်သေနာပတိ ပဟာရဒ ဟာ သင်းကိုယ်တိုင် ရာဟုကို စီးလို့ တို့များနောက်ကို လိုက်လာခဲ့တာ။ ပက်ကျိလို ပြေးတဲ့ သူရိယဟာ နတ်မြင်းဖြူ တစ်ကောင်တည်းဆွဲပေမယ့် အသူရာတွေ ဆန်းသစ်လိုက်တဲ့ ရာဟုဟာ နတ်မြင်းနက် ခြောက်ကောင်ဆွဲလို့ သူရိယထက် ငါးဆမြန်ချေကလား။ ငါ့ အသက်ကို ရင်းစားမိပြီလို့ တို့များ နောင်တရလိုက် ချိန်မှာ မြန်ဆန်လှတဲ့ ရန်သူ့စစ်ရထား ရာဟု ဒုန်းစိုင်းလာခဲ့တာဟာ နောက်ဆုံး တို့များရဲ့သူရိယစစ်ရထားကို မိဖို့ သေချာသလောက်ဖြစ်နေပြီ။

ဆွေ။ ။ အဟား.. တယ်လဲစိတ်ဝင်စားဖွယ်။ ဒါဆို ဘိုးဘိုးသိကြားရယ် ရန်သူ့လက်က သင်ဘယ်လို လွတ်လာခဲ့တယ်။

ဘိုးတော်သိကြား။ ။ ငါ့မှာ မျှော်လင့်ချက်တစ်ခုသာကျန်။ အဲဒါက လိုက်လာတဲ့ ရန်သူက သူဘယ်လောက်ဘဲမြန်နေမြန်နေ ငါဟာသူ့ထက် အရင်ဦးစွာ ထွက်လာခဲ့တယ်ဆိုတဲ့ အသိ။ ပဟာရဒဟာ ရှေးဘဝမှာတုန်းက ဥပနိသျှကျမ်းမြတ်တွေကို ကျင်လည်ကျက်စားခဲ့သော ရှေး အိန္ဒိယ ဝေဒခေတ် ရဲ့အထူးချွန်ဆုံး သင်္ချာပညာရှင် တစ်ဦး။ တကယ်လို့ ငါဟာ သည် အချိန်မှာ သင်္ချာပုစ္ဆာ တစ်ပုဒ်ကို သင်းကို မေးခဲ့ရင် သင်းဟာ သင်းရဲ့ သချာင်္ အရည်အသွေးကို ယုံကြည်မှု အပြည့်ရှိတာနဲ့ အညီ အဖြေဘာလဲဆိုတာ မှန်းဆမှာပဲ။

ဆွေ။ ။ ဘိုးတော်သုံးတဲ့ နည်းပရိယာယ်ဟာ ဘီလူး အာဋ္ဌာဝက က ဗုဒ္ဓကို အနိုင်တိုက်ဖို့ ကြိုးပမ်းရာမှာ သုံးတဲ့ စိတ်ဓာတ်ပျက်ပြားအောင်ရည်ရွယ်လုပ်ဆောင်တဲ့ စစ်ဆင်ရေး နည်းဗျူဟာနဲ့ သွားပြီးတူနေ။ တကယ်လို့ ပဟာရဒက သင်မေးတဲ့ ပုစ္ဆာကို မစဉ်းစားနိုင်ခဲ့ရင် သူ့ နှလုံးသားမှာ သိမ်ငယ်မှုဖိစီးပြီး သင်ရဲ့ရထားနောက်ကို ဆက်လိုက်ဖို့ သတ္တိပျက်ပြား ဒါကို အသင်ရည်ရွယ်နေတာကလား။

ဘိုးတော်သိကြား။ ။ မှန်သပ ငါ့သားငယ်။ ဒါပေမယ့် ထုတ်လိုက်တဲ့ ပုစ္ဆာ ဟာ လက်ရှိဖြစ်နေတဲ့ အရေးကိစ္စနဲ့ ပတ်သက်မှသာ ပဟာရဒကို အာရုံလွှဲနိုင်မှာ ဖြစ်။ နို့မဟုတ်ရင် ပါးနပ်တဲ့ ပဟာရဒ ဟာ အဲသည်လို အရေးတကြီး ငါ့ကို ဖမ်းဖို့ကြိုးစားနေတုန်းမှာ လက်တွေ့ အရေးကိစ္စနဲ့ မဆိုင်တဲ့ ပုစ္စာမျိုးကို အချိန်ကုန်ခံပြီး စဉ်းစားမှာမဟုတ်။ မင်းဘွားဘွားကို ပြန်ရဖို့ နှစ်ရာပေါင်းများစွာ ကြိုးပမ်းလာခဲ့တဲ့ ဘိုးဘိုးရဲ့ ခိုင်မြဲတဲ့ ချစ်သစ္စာခွန်အား နဲ့အတူ ပဟာရဒကို လှမ်းအော်လိုက်တာက

"ဟေ့ ပဟာရဒ၊ မင်းကိုမင်း ငါ့ စစ်ရထားကို မိမယ်လို့ ယုံကြည်နေသလား"

"မာဃ၊ ဘာ အကြောင်းကြောင့် မမိရမှာလဲ။ မင်းမမြင်ဘူးလား။ ငါ့ရာဟုက သူရိယဆီကို ဘယ်လောက်မြန်အောင် ချဉ်းကပ်လာနေတယ်ဆိုတာ။ မင်းသိဖို့ ပြောလိုက်အုံးမယ်။ မင်းတို့ တာဝတိံသာ သားတွေ စကြာဝဠာတစ်ခုလုံးမှာ အမြန်ဆုံးဆိုပြီး စွာနေတဲ့ သူရိယကို မြောင်းထဲကို ပို့ဖို့ ရာဟုကို ငါကိုယ်တိုင် ပုံစံချဆန်းသစ်ထားတယ် ဆိုတာ။ ရာဟုဟာ အပြေးပြိုင်ပွဲဝင်နေတဲ့ ယုန်လို။ မင်းရဲ့ သူရိယဟာ လိပ်ကလေးတစ်ကောင် သာသာ။ သူရိယထက်ငါးဆမြန်အောင် ပြေးနိုင်တဲ့ ရာဟုဟာ မကြာခင်မှာ သူရိယကို မိသွားမှာဘဲ။ တစ်စက္ကန့် အတွင်း မာဃမင်းရေ ငိုချင်းချလို့ မင်း နတ်သက်ကြွေဖို့သာ ပြင်ထား။"

"ငါမယုံဘူး ။ ငါယုံကြည်တာက ရာဟုဟာ သူရိယကို ဘယ်တော့မှ မမိနိုင်ဘူး။ မင်း သိပါတယ်။ ဒေဝတို့ရဲ့သနင်း ငါမင်းမာဃ ဘယ်တော့မှ မုသားမပြောဘူးဆိုတာ။"

"ဘာ အကြောင်းကြောင့် ရာဟုဟာ သူရိယကို ဘယ်တော့မှ မမိနိုင်ရသလဲ။ ဘာအကြောင်းကြောင့် ပန်းတိုင်ကို မရပ်တမ်း ပြေးနေတဲ့ယုန်ဟာ နှေးကွေးတဲ့လိပ်ကို မမီရမှာလဲ။ မင်းဟာ ဘယ်တော့မှ မုသားမပြောဘူးဆို သည်လို ယုတ္တိမရှိတာကို ယုံကြည်နေရတာလဲ။"

"အဖြေကတော့ ပဟာရဒရေ၊ လိပ်ဟာယုန်ထက် ဦးပြီး ထွက်ခဲ့လို့ ဟေ့။"

ဆွေ။ ။ တယ်ဟုတ်ပါလား ဘိုးတော်မင်းကြီးရယ်။ သူကိုယ်၌ကိုက သင်္ချာပညာသည်ဖြစ်တဲ့ ပဟာရဒဟာ သည်ယုတ္တိကို လွန်မြောက်နေတဲ့ ပုစ္ဆာကို အံ့သြစွာနဲ့ စဉ်းစားမိမှာဘဲ။ ဘိုးတော်ဟာ သူ့ထက်အရင် ဦးစွာထွက်လာခဲ့ရင် သူဟာ ဘယ်တော့မှ ဘိုးတော်ကို မမိနိုင်ဘူး။ ဘာကြောင့်လဲဆိုတော် ဘိုးတော် ထွက်ခဲ့တဲ့ အမှတ်နေရာကို သူရောက်လာတိုင်း ဘိုးတော်ဟာ သူ့ထက်အရင် အဲသည်အမှတ်နေရာကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်လို့ပါပဲ။ အီစွပ်ပုံပြင်ထဲမှာ လာတဲ့ ယုန်ဟာလိပ်ကို ဘယ်တော့မှမမိခဲ့။ ဘာလို့လဲဆိုတော့ ယုန်ဟာ အမှတ်တစ်ခုကို ဆိုက်ရောက်လာတိုင်းမှာ လိပ်ဟာ အဲသည်အမှတ်ကနေ ကြိုတင်ပြီး ထွက်သွားခဲ့ပြီ မို့လို့ပါဘဲ။




၎င်းတို့၏ စစ်ရထားအပြေးပြိုင်ပွဲတွင် အသူရာစစ်ဗိုလ်ချုပ် ပဟာရဒသည် သိကြားမင်း၏ ပုစ္ဆာလွှမ်းမိုးသွားမှုကို ခံရပြီး ဆက်လက်လိုက်လံမှု မပြုတော့ပဲ လက်လျော့သွားခဲ့သည်။ ပဟာရဒ သိမြင်သွားခဲ့သော သဘောတရားမှာ ရာဟုသည် အသူရာကို မမိနိုင်။ အဘယ်ကြောင့်ဆိုသော် သူရိယသည် အမြဲတမ်း တစ်လှမ်းကြိုတင်ပြီး ထွက်ခွာပြီး နေ၍ဖြစ်ပါသည်။

ရာဟုသည် သူရိယကို အလျင် ပြေးခွင့်ပေးမိရာ မြန်ဆန်လှပေမယ့် ၎င်းသည် သူရိယကို ဘယ်တော့မှ မမိနိုင်။ ဆိုကြပါစို့။ ပဟာရဒမောင်းသော ရာဟုသည် အမှတ် ရာ တွင် ရှိပြီး သိကြားမင်းမောင်းသော သူရိယသည် အမှတ် သူ တွင် တည်ရှိနေသည် ဆိုပါစို့။ ပဟာရဒသည် ရာဟုကို အမှတ် ရာ မှနေပြီး အမှတ် သူ ဆီသို့ သူရိယထက်မြန်သော အမြန်နူန်းဖြင့် ဒုံးစိုင်းမောင်းနှင်လာပါသည်။ သို့သော် ပဟာရဒ အမှတ် သူ သို့ ဆိုက်ရောက်သော အချိန်တွင် သိကြားမင်းသည် ယင်း သူ နေရာတွင် ဆက်လက်ရပ်တည်နေခြင်း မရှိဘဲ အမှတ် သူ' သို့ မဆိုစလောက် ရွှေ့လျားပြီး ဖြစ်နေသည်။

ထိုနည်းအတူ ပဟာရဒသည် မြန်ဆန်လှစွာသော ရာဟုနှင့် အတူ သူ' သို့ ဆိုက်ရောက်လာချိန်တွင် သိကြားမင်းသည် သူ' တွင် ရှိမနေပြန်ပဲ သူ'' သို့ မဆိုစလောက် ထပ်မံရွှေ့လျားပြီး ဖြစ်နေပြန်ပါသည်။ ထို့ကြောင့် သူရိယကို ဖမ်းရန်အတွက် ပဟာရဒသည် ရသူ၊ သူသူ'၊ သူ'သူ''၊ သူ''သူ"' စသဖြင့် မဆုံးနိုင်သော အလျားပြတ်အလုံးစုံကို ရွှေ့လျားအုပ်မိနိုင်ရမည် ဖြစ်သည်။ မဆုံးနိုင်သော ယင်း အလျားပြတ်အလုံးစုံပေါ်တွင် ရွှေ့လျားအုပ်မိရန် ဆိုပါက မဆုံးနိုင်သော အချိန်ကို ယူရမည် ဖြစ်ရာ ပဟာရဒအနေဖြင့် သိကြားမင်းကို ဘယ်တော့မှ မမိနိုင်ပါသတည်း။

အင်္ဂလိပ်မူရင်း။ ။ http://burmakin.blogspot.com/2008/07/apology-of-burmakin-i.html

No comments:

Post a Comment